Showing posts with label 00 ဓမ္မ. Show all posts
Showing posts with label 00 ဓမ္မ. Show all posts
November 28, 2012
မလုပ်သင့် မလုပ်အပ်သော အရာကို မလုပ်စေချင်ပါ ...
သံဃာတော်များက စစ်သား နှင့် ရဲ ကို ရှိခိုး ဦးချ နေသည့်ပုံ ကို တွေ့ရသည်မှာ - 
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်က (၁) ခါ၊ ယခု လက်ပံတောင်းတောင် အရေး ဖြစ်နေစဉ် (၁) ခါ။ (၂) ခါ ရှိပြီ။ 
ထိုသို့ ရှိခိုးခြင်းသည် သင့်မသင့် ဆင်ခြင်သတိရှိစေလို၍ ဤပို့စ်ကို ရေးရခြင်းဖြစ်ပါသည်။
ပိဋကတ်တော်၊ ဝိနည်းပိဋကတ်၊ စူဠဝဂ်ပါဠိတော်တွင် "ရှိမခိုးထိုက်သော ပုဂ္ဂိုလ် စသည်" အကြောင်း အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်။
ရဟန်းတို့သည် လူကို ရှိမခိုးအပ်ဟု ဆိုပါသည်။
ဘုရားတားမြစ်သော အလုပ်ကို မလုပ်သင့် သတိထားသင့်ကြသည်။
အထက်ပါပုံကဲ့သို့ ရှိခိုးခြင်းသည် "လူတို့ကို အကြည်ညို တိုးစေနိုင်မည်လား၊ ယုတ်လျော့စေမည်လား" ဆိုသည်ကို  ဆင်ခြင်သင့်ကြသည်။
"ကျွန်ုပ်တို့ ကိုးကွယ်ရာအဖြစ် ထားသော သံဃာတော်အချို့သည် အထက်ပါပုံကဲ့သို့ ရှိခိုးဦးချ ခြင်းကို လုပ်သင့်သည် ဟူသော အတွေးအခေါ်၊ အယုအဆများ ဝင်နေကြပြီ" ဆိုသည်ကို ဓာတ်ပုံက သက်သေပြနေသည်။ ထို အယူအဆ အမှားအယွင်းများကို အဘယ်သူတို့က တာဝန်ယူ ပဲ့ပြင်ပေးသင့်ကြပါသနည်း။
ဤဓာတ်ပုံတို့သည် အင်တာနက်ပေါ်မှ တဆင့် ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့သွားမည် ဖြစ်သည်။ "ဗုဒ္ဓဘာသာရဟန်းတွေ ဘာ့ကြောင့် စစ်သား သို့မဟုတ် ရဲ ကို ရှိခိုးတာလဲ" ဟု မေးလျှင် ကျွန်တော်တို့ ဘယ်လို ဖြေကြမည်နည်း။
April 20, 2010
ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း အန္တရာယ် (၁၀) ပါး
တရားအားထုတ်ကြသော ပုဂ္ဂိုလ်အပေါင်းတို့အား သတိမူနိုင်ကြစေရန်အတွက် -
မိုးညှင်းဆရာတော်ဘုရားကြီး ဆုံးမတော်မူသော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း အန္တရာယ် ၁၀ ပါးကို ဖော်ပြလိုက်ပါသည်။
  • (၁) အရောင်အလင်းများ ပေါ်ပေါက်ခြင်း၊
  • (၂) ခန္ဓာကိုယ်ပေါ့ပါးနေသဖြင့် နှစ်သက်နေခြင်း၊
  • (၃) ကိုယ်စိတ် ငြိမ်အေးနေခြင်း၊
  • (၄) ယုံကြည်သော သဒ္ဓါတရားများ တိုးပွားနေခြင်း၊
  • (၅) အလွန့်အလွန် ၀ီရိယစိုက်၍ အားထုတ်ခြင်း၊
  • (၆) ကိုယ်ရောစိတ်ပါ ချမ်းသာနေခြင်း၊
  • (ရ) သဘာဝတရားတို့ ဉာဏ်၌ အလွန်ထင်ရှားနေခြင်း၊
  • (၈) အလွန်ထင်သော သတိရှိနေခြင်း၊
  • (၉) ရုပ်တရားအပေါ်မှာ ၀တ်ကျေဝတ်ကုန်မျှသာ ရှုခြင်း ဟူသော လျစ်လျူရှုခြင်း၊
ဟူသော ၎င်း ၉-ပါး တို့သည် ၀ိဿနာညစ်ညူးကြောင်း၏ တည်ရာ ၀တ္ထုမည်၏။
  • (၁၀) ၎င်း ၉ - ပါးတို့တွင် တစ်ပါးပါးကို သာယာနေခြင်း သည်သာလျှင် နိကန္တိ-၀ိဿနာ၏ ညစ်ညူးကြောင်း အစစ်မည်၏။
တရားအားထုတ်သူအပေါင်း သတိပြုဖွယ်ဖြစ်သည်ဟု ထင်မြင်မိပါသည်။
    March 28, 2010
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ
    တရားအားထုတ်ခြင်းအကြောင်း
    ပုဗ္ဗကိစ္စငါးပါး ပြုရခြင်းအကြောင်း နှင့် အကျိုး
    (၁) မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းရခြင်း၏ အကြောင်း နှင့် အကျိုး
    • တရားအားထုတ်သောအခါတွင် မကောင်းသော အာရုံနိမိတ်များ ထင်၍ ကြောက်လန့်စိတ်များ ဖြစ်ပေါ်တတ်သည်။ ထိုကဲ့သို့ တွေ့ကြုံခဲ့လျှင် ငါ၏ ခန္ဓာကိုယ်အား မြတ်စွာဘုရားအားလှူဒါန်းထားသည် ယခုလို ကြုံတွေ့နေရသော်လည်း ငါမကြောက်ဟု ကြောက်လန့်စိတ်ကို ပယ်ဖျောက်ကာ တရားကို စူးစူးစိုက်စိုက် အားထုတ်နိုင်သည့် အကျိုးရှိသည်။ ထိုအကျိုးအတွက် လှူဒါန်းခြင်းအကြောင်းကို ပြုသည်။
    (၂) တောင်းပန်ဝန်ချခြင်း၏ အကြောင်း နှင့် အကျိုး
    March 22, 2010
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ
    တရားအားထုတ်ခြင်းအကြောင်း
    တရားအားမထုတ်မီ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော ကိစ္စများ
    (၁) ကမ္မဋ္ဌာန်းတောင်းရန်
    • အရှင်ဘုရား တပည့်တော်အား အို၊နာ၊သေရေး ဒုက္ခဘေးဟူသော သံသရာဝဋ်ဆင်းရဲ အပေါင်းမှ လွှတ်မြောက်ပါရခြင်းအကျိုးငှာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော ကမ္မဋ္ဌာန်းတရား တစ်ပါးပါးကို ပေးသနားတော်မူပါ အရှင်ဘုရား။
    (၂) ပုဗ္ဗကိစ္စငါးပါး
    • မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားအားလှူဒါန်းရန်
    ငါသည် ကမ္မဋ္ဌာန်းခွင် လုပ်ငန်းစဉ် ၀င်ဆဲအတွင်း၌ ငါ၏ ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏။
    February 7, 2010
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ
    (၁၁) ဂေါတမဗုဒ္ဓ၏ ဟောကြားချက်များသည် သိပ္ပံနှင့် ကိုက်ညီမှုမရှိ ဆိုသည်မှာ မှန်ပါသလား?
    ဓာတုဝိဘင်္ဂကျမ်းနှင့် ပတ်သက်၍ သိသင့်သည်များကို တင်ပြလိုပါသေးသည်။ ဓာတုဝိဘင်္ဂ ကျမ်းကို ချက်ချင်းချပြလိုက်သော အခါ ဇဝေဇ၀ါ ဖြစ်သွားကောင်း ဖြစ်သွားကြပါမည်။ အဘယ့်ကြောင့် ဆိုသော် ဆက်စပ်၍ ရှင်းလင်းချက်များကို နိဒါန်းမပျိုးခဲ့သောကြောင့် ဖြစ်ပါသည်။
    January 27, 2010
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ
    (၁၁) ဂေါတမဗုဒ္ဓ၏ ဟောကြားချက်များသည် သိပ္ပံနှင့် ကိုက်ညီမှုမရှိ ဆိုသည်မှာ မှန်ပါသလား?
    ဗုဒ္ဓဘာသာတွင် ဤလောကရှိအရာဝတ္ထု မှန်သမျှကို အခြေခံအားဖြင့်
    ပထဝီ (Pathavī = the element of extension, hardness, roughness, heaviness, softness, smoothness and lightness)
    အာပေါ (Āpo = the elements of cohesion, cohesiveness, fluidity)
    တေဇော (Tejo = the elements of heat, hot and cold)
    ဟူသော ဓာတ်ကြီး ၄ ပါးဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုခဲ့သည်။
    January 24, 2010
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ
    ၁၀) ပိဋိကတ် ၃ ပုံသည် အခြေအမြစ် မရှိသော ကျမ်းလော?
    ဗုဒ္ဓ၏ ဟောကြား သင်ပြခဲ့မှုများ၊ ဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ် ဖြစ်ပျက်ခဲ့သည်များ၊ ဗုဒ္ဓဘာသာအတွက် အကျိုးရှိမည့် သမိုင်းမှတ်တမ်းများ စုစည်းထားသည့် ကျမ်းဂန်များကို ပိဋိကတ် (၃) ပုံ ဟု ခေါ်ဆိုကြသည်။ ပိဋိကတ်တော်လာ အားလုံးသည် ဘုရားဟောချည်း မဟုတ်ကြပါ။ နှောင်းလူတို့၏ မှတ်တမ်းမှတ်ရာ များလည်း ပါဝင်ကြသည်။
    ပိဋိကတ် (၃) ပုံကို
    (၁) သုတ္တန်
    (၂) ဝိနည်း
    (၃) အဘိဓမ္မာ
    ဟူ၍ တူရာ စုပြီး အပိုင်းလိုက် ခွဲထားခဲ့ကြသည်။
    September 8, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၉) ဘာ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဘုရားပရ၀ုဏ်အတွင်းမှာ ထူးဆန်းတဲ့အရာတွေ လုပ်နေကြတာလဲ?
    နားလည်း သဘောပေါက်မှုလွှဲမှားခြင်းမှ စတင်သည်ဟု ဆိုရပါမည်။ လူတို့သည် မိမိတို့ နားလည်သဘောမပေါက်နိုင်သောအရာများအား ထူးဆန်းသည်ဟု ထင်မြင်မှတ်ယူကြသည်။ ဤကဲ့သို့သော ထင်မြင်နေမှုကို သည်အတိုင်းထားလိုက်ခြင်းထက် ထိုအရာတို့၏ အနက်အဓိပ္ပာယ်ကို ရှာဖွေစူးစမ်းသင့်ပေသည်။ ဗုဒ္ဓသင်ကြားဆုံးမခဲ့သည်များကို နားလည်မှုလွှဲမှားခြင်း၊ အယူသည်းလွန်းခြင်းတို့မှ အစပြုကာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ်တိုင်ပင် ထိုကဲ့သို့သော ထူဆန်းမှုများကို လုပ်လာခဲ့ကြပေသည်။ ထို့ကြောင့် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုအမှန်နောက် မလိုက်ဘဲ လမ်းလွှဲလာကြသည်များရှိပေမည်။ ထိုကဲ့သို့သော နားလည်မှုလွှဲမှားခြင်းကို ဗုဒ္ဓဘာသာ၌သာ တွေ့ရသည် မဟုတ်။ ဘာသာတိုင်း၌ပင် အချိန်ကြာလ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အယူအဆများ နားလည်မှုများ လွှဲမှားလာခဲ့ကြသည်ကို တွေ့ရပေသည်။ သွန်သင်ဆုံးမခဲ့မှုများအား လုံးဝဥဿုံ နားလည်းသဘောပေါက်ခြင်း မရှိနိုင်သူတို့ကိုလည်း အပြစ်တင်နေ၍ မဖြစ်ပေ။ ရင့်ကျက်ချိန်တန်မှ ရင့်ကျက်သည်မှာ သဘာဝဖြစ်သည်။ ဗုဒ္ဓ၏ သင်ကြားပို့ချမှုများတွင် တိကျသော၊ ရှင်းလင်းသော၊ အသေးစိတ်နိုင်သော သွန်သင်ပြောပြမှုများ ပါဝင်ကြောင်းကို အသေအချာ လေ့လာလိုက်စားသူတိုင်း သိကြသည်။
    "လူတစ်ဦးသည် ရောဂါဝေဒနာ ခံစားနေရချိန်၌ သမားတော်ရှိပါလျက် ဆေးကုသရန် အားထုတ်မှု မပြုဘဲသေဆုံးခဲ့သည်ရှိသော် ဤသည်မှာ သမားတော်၏ ညံ့ဖျင်းမှု မဟုတ်။ ထိုနည်းတူစွာပင် လောဘ၊ ဒေါသ၊ မောဟ တို့၏ ဖိစီးနှိပ်စက်မှုကို ခံနေရသော သတ္တ၀ါတို့သည်လည်း ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများရှိပါလျက် မနာယူ မကျင့်ကြံခြင်း၍ နိဗ္ဗာန်သို့ မရောက်နိုင်ခြင်းမှာ ဗုဒ္ဓ၏ ညံ့ဖျင်းမှု မဟုတ်ပေ။"
    ဗုဒ္ဓဘာသာဝင်များသာ မဟုတ်ပေ အခြားဘာသာဝင်များသည်လည်း ဆိုင်ရာအကိုးကွယ်ခံ ပုဂ္ဂိုလ်တို့၏ သွန်သင် ဆုံးမမှုများကို ပြည့်ဝစွာ နားလည် သဘောပေါက်အောင် အလေ့အကျင့်လုပ်သူ အားထုတ်သူ နည်းပေသည်။ ဗုဒ္ဓ၏ သင်ကြားပြသမှု အစစ်အမှန်များကို နားလည် သဘောပေါက်လိုပါက ဗုဒ္ဓ၏ ဟောကြားချက်များကို ဖတ်ပါ၊ တိတိပပ နားလည်သူတို့ထံ ချဉ်းကပ်မေးမြန်း ဆွေးနွေးပါ၊ ကျင့်ကြံ အားထုတ်ကြည့်ပါ ဟု တိုက်တွန်းလိုပါသည်။
    ဗုဒ္ဓသည် သင့်အား နိဗ္ဗာန်သို့ ရောက်စေဟု တန်ခိုးတော်ဖြင့် ဖန်တီးပေးမည့် တန်ခိုးရှင်မဟုတ်။ သိစရာဟူသမျှကို သင်ကြားပြသသူမရှိဘဲ ကိုယ်တိုင် ကျင့်ကြံပြီး သိခဲ့သူဖြစ်သည်။ သူသိသည့် အမှန်တရားများကို သတ္တ၀ါများ ချမ်းသာမှုရစေရန်ရည်ရွယ်၍ သွန်သင်ဆုံးမ ပြောပြခဲ့သူသာဖြစ်သည်။
    August 29, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၈) ရုပ်တုကို ကိုးကွယ်နေကြတာလား?
    ဤကဲ့သို့သော စွပ်စွဲမှုပေါ်ပေါက်လာခြင်းမှာ စွပ်စွဲသူတို့၏ နားလည်မှု လွှဲမှားခြင်းကြောင့် ဖြစ်သည်။ ဆင်းတုတော်ကို နတ်ရုပ်တုများကဲ့သို့ အရိုအသေပေးစရာရုပ်တု အဖြစ် အမှတ်မှား၊ အမြင်မှားဖြစ်နေကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓကို နတ်ဘုရား အဖြစ် ယုံကြည်ကိုးကွယ်ကြခြင်း မဟုတ်ပါ။ သတ္ထု၊ သစ်သား၊ ကျောက်တုံး တို့ကို ကိုးကွယ်နေခြင်း မဟုတ်ပါ။ ဘာသာတိုင်းတွင် မိမိတို့ယုံကြည်ရာ ဘာသာရေး၏ အမှတ်လက္ခဏာရှိကြစမြဲ ဖြစ်သည်။ တာအိုဘာသာဝင်များ (Taoism) သည် ယင်နှင့်ယန် ကားချပ် (Ying-Yang Diagram) ကို ဆန်ကျင်ဖက် ၂ ခုကြားရှိ မျှတနေမှုသဘောအဖြစ် မှတ်ယူကြသည်။ ဆခ်ဘာသာဝင် (Sikhism) များသည် ဓားမြှောင်ကို ရုန်းကန်လှုပ်ရှားခြင်း ဟု မှတ်ယူထားကြသည်။ ခရစ်ယာန်ဘာသာဝင် (Christian) များကမူ ငါး (Fish) ပုံကို ခရစ်တော်၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။ လက်ဝါးကားတိုင်း (Cross) ကို စွန့်လွှတ်အနစ်နာခံခြင်း၏ သင်္ကေတ အဖြစ် မှတ်ယူထားကြသည်။ ဗုဒ္ဓဘာသာဝင်များတွင်မူ ဗုဒ္ဓ၏ ဆင်းတုတော်များသည် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို အမှတ်ရနေရန် ကိုယ်စားပြုကြသည်။ အမှတ်လက္ခဏာရှိနေခြင်းက၊ ရှိခြဲ့ခင်းကို သက်သေအဖြစ် တည်စေမှန်း လူတိုင်း အသိပင်ဖြစ်သည်။ အမှန်စင်စစ်တွင် ဗုဒ္ဓဘာသာသည် နတ်ဘုရားကို ဗဟိုပြုသည့်ဝါဒ မဟုတ်ဘဲ၊ လူဗဟိုပြုအယူဝါဒ ဖြစ်သည်။ အရာရာပြီးပြည့်စုံခြင်း၊ သဘောပေါက်နားလည်ခြင်းကို ရရှိရန် မိမိကိုယ်တိုင်၌သာ ရှာရမည်ဖြစ်ကြောင်း၊ ပြင်ပ၌ ရှာဖွေ မတွေ့ရှိနိုင်ကြောင်း သင်ကြားဆုံးမသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ ဆင်းတုတော်၊ စေတီပုထိုး စသည်တို့ကို ကိုးကွယ်ကြခြင်းကို အပြစ်တင်ပြောဆိုနေမည်ဆိုပါက၊ ယင်-ယန်သင်္ကေတကို ကိုးကွယ်ခြင်း၊ ဓားမြှောင်ကို ကိုးကွယ်ခြင်း၊ ငါးရုပ်သင်္ကေတနှင့် ကားစင်တိုင် တို့ကို ကိုးကွယ်ခြင်းတို့ကိုလည်း အဆင်အခြင်မရှိ ဦးနှောက်မဲ့ ကိုးကွယ်နေကြခြင်းဟု ပြောသလို ရှိပေတော့မည်။
    June 18, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၇) ဗုဒ္ဓကို အဘယ်ကြောင့် အရိုအသေပေးဝတ်ပြုကြတာလဲ?
    အရိုအသေပေးဝတ်ပြုရာတွင် ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးရှိသည်။ လူအများ နတ်ဘုရားတို့အား အရိုအသေပေးဝတ်ပြုသောအခါ ထိုနတ်ဘုရားကို ချီးမွမ်းကြသည်။ ပေးကမ်းလှူဒါန်းကြသည်။ ပြီးလျှင် မိမိ လိုချင်သော အခွင့်အရေးများ တောင်းကြသည်။ နတ်ဘုရားများက သူတို့ ချီးမွမ်းသံကို ကြားမည်၊ သူတို့ပေးတာကို လက်ခံရရှိမည် သူတို့တောင်းသည့် အခွင့်အရေးများကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင် အစစ်အမှန်တို့တွင် ထိုကဲ့သို့သော ၀တ်ပြုဆုတောင်းမှုမျိုးမရှိ။ ၀တ်ပြုမှုနောက်တစ်မျိုးမှာ မိမိလေးစားသူတစ်ဦးကို တွေ့ရမြင်ရသောအခါ အရိုအသေ ပေးမှုမျိုးဖြစ်သည်။ ဆရာတစ်ဦး စာသင်ခန်းထဲဝင်လာသောအခါ ကျောင်းသားများ မတ်တပ်ရပ် အရိုအသေပေးကြသည်။ ဉာဏ်ပညာအရာ၊ ကိုယ်ကျင့်တရား တို့တွင် မိမိထက် ကြီးမြတ်သူလာသောအခါ အရိုအသေပေးကြသည်။ ရိုသေမှု၊ ကြည်ညိုမှု၊ လေးစားမှု တို့အတွက် အရိုအသေပေးကြသည့် ဟန်ပန်အမျိုးမျိုးရှိသည်။ ဗုဒ္ဓကို အရိုအသေပေးဝတ်ပြုကြခြင်းမှာ ဤအမျိုးအစား ဖြစ်သည်။ ချမ်းသာကြွယ်ဝစေရန် ပစ္စည်းများပေးခြင်း၊ အခွင့်အရေးများ ပေးခြင်းအတွက် မဟုတ်။ ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်း အတွက်မဟုတ်။ ကျွန်ုပ်တို့လိုအပ်ရာ နေထိုင်ရာမြေကမ္ဘာ၊ စားသောက်စရာများ၊ အဖော်များကို ဖန်တီးပေး၍ မဟုတ်။ ဗုဒ္ဓကို အရိုအသေပေး ၀တ်ပြုခြင်းမှာ ဆင်းရဲဒုက္ခမှ လွှတ်မြောက်ရန်အတွက် တိကျသေချာသော၊ စံပြုထိုက်သော သူ့ကိုယ်တွေ့များအား သင်ကြားလမ်းညွှန်ခဲ့ခြင်းအတွက် ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓကို ကျွန်ုပ်တို့ အရိုအသေပေးဝတ်ပြုရခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။
    June 9, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၅) ဗုဒ္ဓသေဆုံးပြီးနောက် သူသည် ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုကူညီနေသလဲ?
    လျှပ်စစ်ကို ရှာဖွေတွေ့ရှိခဲ့သော ဖာရာဒေး (Farady) သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် လျှပ်စစ်ဓာတ်က ကျွန်ုပ်တို့ကို အကျိုးပြူနေဆဲ။ ရောဂါပေါင်းများစွာကို ကုသသည့်ဆေးပညာကို ရှာဖွေတွေ့ရှိခဲ့သူ လူ့စ်ပါ့စ်ချား (Luis Pasteur) သည် သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် ဆေးပညာသည် လူအသက်ပေါင်းများစွာကို ကယ်တင်နေဆဲ။ ဂန္ထ၀င်မြောက်ပန်ချီကား ၂ ချပ်ကို ဖန်တီးရေးဆွဲခဲ့သူ လီယိုနာ ဒိုဒါဗင်ချီ (Leoardo Da Vinci) သေဆုံးခဲ့ပြီ၊ သို့သော် သူ့အနုပညာလက်ရာကား လူများကို ဖမ်းစားဆဲ။ ရာစုနှစ်ပေါင်းများစွာက သေဆုံးခဲ့ကြပြီဖြစ်သော သူရဲကောင်းအပေါင်းတို့၏ လုပ်ရပ်တို့သည်လည်း ယခုပြန်လည်ဖတ်ရှုသိရှိရသောအခါ ပြန်လည်ဆန်းသစ်ကာ ယခုတိုင် ကျွန်ုပ်တို့၏ သတ္တိများကို မွေးဖွားစေမြဲ။ ဗုဒ္ဓသေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီဖြစ်သော်လည်း သူ၏ သွန်သင်ဆုံးမမှုများကား ယနေ့တိုင် ကျွန်ုပ်တို့ကို အကျိုးရှိစေမြဲ။ သူပြုခဲ့သော နမူနာတို့သည် လူတို့ကို လှုံ့ဆော်နေနိုင်ဆဲ၊ ဘ၀များကို ပြောင်းလဲစေနိုင်ဆဲပင်။ သေဆုံးပြီးနောက် ထိုကဲ့သို့ စွမ်းနိုင်သူမှာ ဗုဒ္ဓတစ်ဦးတည်းသာလျှင် ရှိပေသည်။
    (၆) ဗုဒ္ဓသည် ထာဝရဘုရားသခင်လော?
    မဟုတ်ပါ။ သူသည် ထာဝရဘုရားသခင် ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်၏ သားတော်ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်က စေလွှတ်လိုက်သော တမန်တော် အဖြစ်လည်းကောင်း မည်သည့် အခါမျှ မပြောဆိုခဲ့ပါ။ သူသည် သူ့ကိုယ်သူ အလုံးစုံပြီးပြည့်စုံအောင် ကျင့်ကြံနေထိုင်နိုင်ခဲ့သူ ဖြစ်သည်။ သူ၏ နမူနာအတိုင်း ကျွန်ုပ်တို့ လိုက်နာလုပ်ဆောင်လျှင် ကျွန်ုပ်တို့ ကိုယ်တိုင်ပင် သူကဲ့သို့ အလုံးစုံပြီးပြည့်စုံသူဖြစ်နိုင်သည် ဟု သင်ကြားပြောဆိုခဲ့သည်။
    June 7, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၃) ဗုဒ္ဓ ဆိုတာ ဘယ်သူလဲ ?
    ယေရှုခရစ်တော် မပေါ်မီ နှစ်ပေါင်း ၅၆၃ ခုတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘုရင်မိသားစုမှ ကလေးတစ်ဦး ဖွားမြင်ခဲ့သည်။ သူသည် စည်းစိမ်ဥစ္စာအပြည့်ဖြင့် ကျန်းမာချမ်းသာစွာ လူလားမြောက်ကြီးပြင်းခဲ့သည်။ နောက်ပိုင်းတွင် ဥစ္စာပစ္စည်းများ နှင့် အဆောင်အယောင်တို့သည် ပျော်ရွှင်မှုကို အမှန်တကယ် ပေးနိုင်သည့် အရာများ မဟုတ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်းရှိ လူများ၏ ဆင်းရဲ ဒုက္ခများကို မြင်တွေ့ခဲ့သည်။ ထိုအချက်တို့က သူ့အား လူတို့ကို အမှန်တကယ်ပျော်ရွှင်စေနိုင်သည့် သော့ချက် ကို ရှာဖွေရန် ဆန္ဒပြင်းပြစေခဲ့သည်။ အသက် ၂၉ နှစ်အရွယ်တွင် သူ့ဇနီးနှင့်သားတစ်ဦးကို ထားခဲ့ပြီး ထိုသော့ချက်ကို ရှာဖွေရန် ထွက်သွားခဲ့သည်။ သူသည် ထိုခေတ်အခါက ထိပ်သီးဘာသာရေးဆရာကြီးများထံတွင် တပည့်အဖြစ်ခံယူကာ သူတို့၏ နည်းနာများကို လေ့လာသင်ယူခဲ့သည်။ ထိုဆရာကြီးများက သူ့ကို နည်းလမ်းများစွာ သင်ပေးခဲ့ကြသည်။ သို့သော် မည်သည့်ဆရာကမျှ လူများ အဘယ့်ကြောင့် ဆင်းရဲဒုက္ခဖြစ်ရသည့် အကြောင်းရင်းကို မသိရှိနိုင်သည့်ပြင်၊ မည်သည့်နည်းလမ်းအားဖြင့် ထိုဆင်းရဲဒုက္ခတို့မှ လွှတ်မြောက်အောင် လုပ်ဆောင်နိုင်သည်ကို သင်ကြားပြသနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ဆင်းရဲပင်ပန်းကြီးစွာဖြင့် ၆ နှစ်ကြာ ဒုက္ခခံကာကြိုးစား လေ့ကျင့်သော်လည်း မအောင်မြင်သည့် အတွက် နည်းလမ်းအားလုံးကို စွန့်လွှတ်ကာ တရားထိုင်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုတရားထိုင်သည့် နည်းလမ်းဖြင့် အမှန်ကို သဘောပေါက်ကာ အရာရာကို အမှန်အတိုင်း သိမြင်နိုင်သောဉာဏ်ကို ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ သူအား "ဗုဒ္ဓ" (Buddha) သို့မဟုတ် "အရာအားလုံးကို အမှန်အတိုင်းသိမြင်"သူ ဟု သတ်မှတ်ခေါ်တွင်ခဲ့သည်။ သူသည် နောက်ထပ် ၄၅ နှစ် အသက်ရှင်နေထိုင်ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယမြောက်ပိုင်း တစ်ခုလုံး အနှံ့ လှည့်လည်သွားလာပြီး သူတွေ့ရှိခဲ့သည့် သဘောတရားများ နည်းလမ်းများအား လူအများကို သင်ကြားပို့ချပေးခဲ့သည်။ သူ၏ မေတ္တာကရုဏာ နှင့် သည်းခံစိတ်ရှည်မှုတို့သည် အလွန်ထင်ရှားပြီး လူထောင်ပေါင်းများစွာ သူ့နောက်လိုက်ဖြစ်လာခဲ့ကြသည်။ အသက် ၈၀ ပြည့်သောအခါတွင် အိုမင်းလာပြီး နေမကောင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင်ပင် ကြည်ညိုဖွယ် အသွင်အပြင်ရှိပြီး၊ ကြည်လင်အေးချမ်းဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးသွားသည်။
    (၄) သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)၏ ဇနီးနှင့် သားကို စွန့်ထားခဲ့ခြင်းသည် တာဝန်မဲ့ခြင်းလော?
    သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)အတွက် သူ့မိသားစုကို စွန့်ခွာထားခဲ့ရန် ကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ခဲ့ပါ။ သူသည် သူစွန့်ခွာမသွားမီ အချိန်ထိ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်ခဲ့မည်။ သူ့တွင် ရွေးစရာနှစ်ခုရှိခဲ့သည် တစ်ခုက မိသားစုအတွက်၊ တစ်ခုက လောက အတွက်။ နောက်ဆုံးတွင် သူ၏ကြီးမားသောမေတ္တာတရားက လောကကြီးအတွက် သူ့ဘ၀ကို နစ်မြုပ်ပေးဆပ်ရန် ဖြစ်ခဲ့သည်။ ယနေ့တိုင် လောကကြီးတစ်ခုလုံး သူ့တွေ့ရှိချက်များ၏ အကျိုးကျေးဇူးကို ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် ဇနီးနှင့်သားကို စွန့်လွတ်ခဲ့ခြင်းသည် တာဝန်မဲ့ခြင်း မဟုတ်။ ထိုစွန့်လွတ်ခြင်းသည်ပင် သူ၏ အသိသာ၊ အထင်ရှားဆုံး တရားသဘောတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
    June 6, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၂) ဗုဒ္ဓ၀ါဒ သည် သာမာန်အတွေးအခေါ်တစ်ခု မျှသာလား
    အတွေးအခေါ် (Philosophy) ဟူသော စကားလုံးသည် ဖီလို (Philo) "မေတ္တာတရား" နှင့် ဆိုဖီယာ (Sophia) "ဉာဏ်ပညာ" ဟူသော စကား ၂ လုံးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ် (Philosophy)ဆိုသည်မှာ "မေတ္တာတရား နှင့် ဉာဏ်ပညာ" ကို ကိုယ်စားပြုသောကြောင့် ဗုဒ္ဓ၀ါဒ ကို ပြည့်ပြည့်စုံစုံ ဖော်ညွှန်းနိုင် သလိုရှိပါသည်။ ဗုဒ္ဓ၀ါဒသည် ကျွန်ုပ်တို့အား အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်စေရန်အတွက် အသိဉာဏ်ပိုင်း တိုးတက်ပြည့်စုံလာအောင် ကြိုးစားကြရန် တိကျသောနည်းလမ်းများဖြင့် သင်ကြားလမ်းညွှန်သည်။ ထို့ပြင် ရှိရှိသမျှ သတ္တ၀ါအားလုံးအား မိမိ၏ သွေးသားရင်ချာကဲ့သို့ အကြင်နာ မေတ္တာတရားထားကြရန်လည်း သွန်သင်သည်။ သို့သော် ဗုဒ္ဓ၀ါဒသည် သာမာန်အတွေးအခေါ်သက်သက်မျှမဟုတ်၊ သာမာန်တွေးခေါ်ရှင်တို့၏ အတွေးအခေါ်ထက် အဆင့်လွန်သည့် အတွေးအခေါ် (Supreme Philosophy) (၀ါ) အမြဲတမ်းမှန်နေသည့်အတွေးအခေါ်များဖြစ်သည်။
    (စကားချပ်။ ။ ဗုဒ္ဓသည် သစ္စာ လေးပါးကို သိရှိခြင်းမှာ တွေးခေါ်၍ မဟုတ်ပါ။ လေ့ကျင့်၍ ရလာခြင်းဖြစ်သည်။ ထိုသစ္စာလေးပါးကို သိရန် လေ့ကျင့်ရမည့်နည်းလမ်းလည်း အတိအကျရှိသည်။ ထိုကဲ့သို့သော နည်းလမ်းမှအစ အရာအားလုံး၊ သိစရာမှန်သမျှအားလုံးကို သူကိုယ်တိုင် လေ့ကျင့်မှုကြောင့် တပ်အပ်သိမြင်လာခြင်းဖြစ်သည်။ တွေးတောယူဆခြင်းကြောင့် သိလာခြင်းမဟုတ် ဟုဆိုပါသည်။)
    June 4, 2009
    ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ
    (၁) ဗုဒ္ဓ၀ါဒ ဆိုတာဘာလဲ
    "ဗုဒ္ဓ၀ါဒ" (Buddhism) ဆိုသည်မှာ "ဗောဓိ" (bodhi) ဟူသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဗောဓိဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ "အမှန်ကိုအတပ်သိခြင်း" (Enlightenment) ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒ ဆိုသည်မှာ "အမှန်တရားကို သိသည့် ၀ါဒ" ဟုပြောနိုင်ပေသည်။ ထိုဝါဒသည် ၃၅ နှစ်အရွယ်တွင် သူကိုယ်တိုင်ဆင်ခြင်သိမြင်နိုင်ခဲ့သော ဗုဒ္ဓ (Buddha) ဟု သိကြသည့် သိဒ္ဓတ္တဂေါတမ (Siddhattha Gotama) ၏ အတွေ့အကြုံများမှ စတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓ၀ါဒသည် နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း ၃၈၀ ကျော်က လိုက်နာနေသော ၀ါဒဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကာလထိ ဗုဒ္ဓ၀ါဒသည် အဓိကအားဖြင့် အရှေ့တိုင်းတွင်သာ လိုက်နာကျင့်သုံးသောဝါဒအဖြစ်သာ တည်ရှိနေခဲ့သည်။ နောင်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာပြီး ဥရောပ၊ သြစတြေးလျ နှင့် အမေရိက တို့တွင်ပါ လိုက်နာကျင့်သုံးလာကြသည်။