Showing posts with label 05 အတွေ့အကြုံများ. Show all posts
Showing posts with label 05 အတွေ့အကြုံများ. Show all posts

October 27, 2012

ကျွန်တော်နှင့်တောတွင်းကာလများ (၁၁)


♫♪♯   အရင်ဆို . ♫♪♯ .. ချမ်းချမ်းနဲ့ ♫♪♯ မီးပုံနံဘေးမှာ ဝိုင်းဖွဲ့ကာ ♫♪♯  အဖော်တွေ စုံလင်နေမယ့် အဖြစ် ပြန်မြင်ယောင်မိတယ် ..♫♪♯....♫♪♯...

တစ်ပိုင်းတစ်စ သာရသော ဆရာခမ်းလိတ်၏ သီချင်းကို ရင်ထဲမှသာမက နှုတ်မှလည်း ထုတ်ညည်းမိသည်။
ကျွန်တော် အိမ်ကို လွမ်းနေသည်။ ဒီအချိန်ဆို အိမ်မှာ ဆောင်းငွေ့ဆောင်းသက်ကို ရစပြုပြီဖြစ်သည်။
ဆောင်းနှင်းတို့ တဝေဝေ ဖြစ်နေမည် ဖြစ်သော တောကြိုတောကြားကမြို့ ကလေး၊ တောင်ကြိုတောင်ကြားက မြို့ငယ်လေးကို လွမ်းမိသည်။
ငယ်ငယ်က ဖြတ်သန်းခဲ့ဖူးသော ဘဝပုံရိပ်များက အတွေးတွင် တဝဲဝဲလည် နေသည်။
စိတ်၏ နားထဲတွင် ခေါပုတ်ထောင်းသံ တဖုံးဖုံး ....
ဆောင်းနှင်းငွေ့ အေးအေးတွင် ကပ်ပါလွှင့်မျောလာတတ်သော နှမ်းလှော်နံ့ သင်းသင်းလေးက မွေးရပ်မြေသို့ အရောက် တစ်ခေါက် ပြန်ခဲ့ဖို့ ဖိတ်ခေါ် နေသလို ခံစားမိသည်။
ဟိုးအရင်က အချိန်များ ...

မွေးရပ်မြေကို ကျွန်တော်လွမ်းသည် ...
ခုချိန်ပြန်လျှင် ကျွန်တော့်မေမေ ခေါပုတ်ထောင်းကျွေးမည် ဖြစ်သည်။
"အမေကိုလည်း လွမ်းတယ်၊ ရွာက ခေါပုတ်ထောင်းကိုလည်း လွမ်းတယ် အမေ။"
ငယ်စဉ်က ဆောင်းတွင်းကာလကို ကျွန်တော် အင်းတော်မှာ အချိန်ကုန်ရသည်က များပါသည်။
၆ နှစ် မှ ၁၇ နှစ်သား ထိ အင်းတော် ဆောင်းနံနက်ခင်းများကို ဖြတ်သန်းခဲ့ရသည်ကို သတိရသည်။ ဆောင်းဆိုလျှင်  အများအားဖြင့် အင်းတော် ဆောင်းတွင်းကိုသာမှတ်မိနေသည်။
ဗန်းမောက်ဆောင်းတွင်း အမှတ်တရ ဆိုလျှင် ငယ်ငယ် ၅-၆ နှစ်သား အင်းတော်သို့ ကျောင်းတက်မသွားမီက ပုံရိပ်များကို ဝိုးတိုးဝါးတား မှတ်မိနေသည်။ ဗန်းမောက်မြို့အဝင်နားရှိ ကျွန်တော်ချက်ကြွေ မွေးရပ်မြေ အောင်သာကုန်းဟူသည့် ရွာကလေးတွင် ကြုံခဲ့ရသည့် ဆောင်းနံနက်ခင်းများ ပြန်မြင်ယောင်မိသည်။

၁၉၉၆ မတိုင်မီ အချိန်က ထိုကျေးရွာလေးကို ဗန်းမောက်မြို့၏ ရပ်ကွက်တစ်ခုအဖြစ် မသတ်မှတ်သေးပါ။ မြို့နယ် စည်ပင်သာယာ နယ်နမိတ်ပါ ရပ်ကွက် မဟုတ်သေးပါ။ အိုးအိမ်များလည်း ယခုလောက် မများသေးပါ။ ယခုကားလမ်းဘေးရှိ အိမ်ရာများမှာ လယ်ကွင်းများ ဖြစ်ကြသည်။
ကျွန်တော်တို့ အိမ် တဲကုပ်ကလေးနှင့် ညာဖက် မျက်စောင်းထိုး မလှမ်းမကမ်းတွင် အကြော်ဆိုင် တန်းလေးရှိသည်။ အကြောင်ဆိုင်တန်းလေး အကြောင်း မရေးမီ ထိုအိမ်လေးအကြောင်း ပြောရဦးမည်။ ထို အိမ်လေးသည် ၁၉၈၃-၈၄ လောက်တွင် (မဆလ ခေတ်) ပြည်သူပိုင်မြေ အဖြစ် အသိမ်းခံလိုက်ရပါသည်။ အိမ်နေရာလည်း အစားပြန်မပေးပါ။ ကျွန်တော်တို့ နေစရာမရှိသည့် အတွက် အိမ်ငှားဘဝဖြင့် ၄ နှစ် ခန့် နေခဲ့ရသေသည်။ အိမ်ရာမြေများသိမ်းခြင်းသည် အလွန် အန္တရာယ်များပါသည်။ ပိုက်ဆံချမ်းသာသူများအတွက် သိသာလှသော အပြောင်းအလဲ မဟုတ်သော်လည်း၊ ထိုမြေ ထိုယာကို အသက်မွေးဝမ်းကျောင်း အဖြစ် မိသားတစ်စု လုံး မှီခို နေရသူများ အဖို့မှာ ဘဝ ပျက်ခြင်းပင်ဖြစ်ပါသည်။ အကြောက်တရားခြင်းယှဉ်လျှင် ဝန်ထမ်းတစ်ယောက် အလုပ်ပြုတ်မှာ ကြောက်တာထက်၊ တောင်သူတစ်ယောက် မြေသိမ်းခံရမှာ ကြောက်တာက ပိုမည်ထင်ပါသည်။ ဝန်ထမ်းတစ်ယောက်သည် ပညာတတ်ဖြစ်သည့် အတွက် အခြား အလုပ်တစ်နေရာ ရှာကြံနိုင်ဦးမည်။ လယ်သမား၊ ယာသမားအတွက်မှာမူ သူတို့၏ တစ်ခုတည်းသော အတတ်ပညာသည် လယ်ယာလုပ်ခြင်း၊ သူတို့၏ တစ်ခုတည်းသော အသက်မွေးရာဌာနသည် ဤမြေ ဖြစ်သောကြောင့် မြေမရှိလျှင် ဘဝ ပျက်ခြင်းပင် ဖြစ်ပါသည်။ သူတစ်ပါးဘဝ၊ မိသားစု အသိုက်အမြုံကို ဖျက်မိခြင်းမှ ရှောင်းရှားနိုင်ရန် အတွက် အမှန်တကယ်ထိုက်တန်သော မြေယာ အစားထိုး မပေးနိုင်ပဲ မြေသိမ်း၊ ယာသိမ်းခြင်း အမှုကို မပြုကြလျှင် ကောင်းလေစွ ဟု ထင်မိပါသည်။

အကြော်ဆိုင်တန်းလေး အကြောင်း ဆက်ဦးမည်။ ထိုအကြော်ဆိုင်တန်းတွင် ရောင်းသည့် အကြော်သည် တို့မှာ မနက် ၃ နာရီထိုးလောက်ဆိုလျှင် မီးစမွှေးကြပြီး ကြော်ကြပြီ။ ထို့ကြောင့်လည်း "ဗမာစော၊ ရှမ်းတောပြန်" ဟူသော ဆိုရိုးစကား ရှိခဲ့ဟန်တူသည်။ ရွာမှ မီးရှူးများဖြင့် ဈေးရောင်းတက်လာသူများက နံနက်စောစော အဆာပြေ ဝယ်စားကြတတ်၍ ဖြစ်သည်။ ကျွန်တော်တို့ဖက်တွင် ဝါးပေါသည့်အတွက် ဝါးမီးရှူးများကို နံနက်ခရီးသွားရာတွင် ဓာတ်မီးအစားထိုးအဖြစ် သုံးကြသည်။ ငွေကုန်ကြေးကျခံကာ ဓာတ်မီး၊ ဓာတ်ခဲ ဝယ်ရန်မလို၊ တောထဲတိုး၊ ဝါးခြောက်ရှာကာ ဝါးမီးရှူး အလွယ်တကူ လုပ်နိုင် သုံးနိုင်ကြပေသည်။ ဝါးမီးရှူးသည် ဆောင်းနံနက်ခင်း အေးအေးတွင် အလင်းပေး၍ လမ်းပြရုံသာမက အနွေးဓာတ်ကိုလည်း ရစေပါသည်။ ဝါးမီးရှူး မမြင်ဖူးသူများအတွက် ပုံဆွဲပြဦးမှ သင့်တော်မည်ဟု ထင်ပါသည်။ ဝါးမီးရှူးသည် အိုလံပစ် မီးရှူးတိုင်လို ဆီဖြင့် ထွန်းညှိရသော မီးရှူးလည်း မဟုတ်ပါ။ ရေနံဆီသုတ်အဝတ်ကို တုတ်တွင်ရစ်ပတ်ပြီး ထွန်းညှိရသော မီးတုတ်မျိုးလည်း မဟုတ်ပါ။ ခြောက်သယောင်းနေသော ဝါးများကို ရိုက်ခွဲပြီး ဝါးခြမ်းပြားလေးများ ဖြစ်အောင် အရင်လုပ်ရပါသည်။ ထိုဝါးခြမ်းပြားလေးများကို ထင်းစည်းကဲ့သို့ စု၍ စည်းပြီး နှီးဖြင့် တုပ်ကာ တုတ်အဖြစ် လုပ်ရပါသည်။
အရှည် ၄ ပေခန့်၊ အတုတ် ၂ လက်မခွဲ ၃ လက်မခန့် (လက်တွင်တစ်ဖက်တည်းဖြင့် ကိုင်၍ ကောင်းမည့် အရွယ်) လုပ်ကြပါသည်။ ဝါးမှာ အသားပါးသည့် သင်းဝါးကို သုံးလေ့ရှိပါသည်။ အသားပိတ်သည့် သိုက်ဝါးကို မသုံးပါ။ မီးထွန်းလိုလျှင် အဖျားတစ်ဖက်ကို မီးရှို့ပြီး သုံးယုံတာ ဖြစ်သည်။ မီးလောင်၍ ဝါးအသားအတော်များများ မီးချေးခဲ ဖုံးလာလျှင် အဖျားကို ခါထုတ် ရိုက်ချိုးရပါသည်။ ထို့ကြောင့် ထိုအချိန်ဆောင်းအခါ လမ်းဘေးတစ်လျှောက်တွင် မီးရှူးခါးချ ထားသော ဝါးပြာ အချို့ကို လမ်းတစ်လျှောက် တွေ့နေရတတ်သည်။ မီးအလင်းပိုလိုလျှင် မီးရှူးတုတ်ကို လေတွင် ဘယ်ညာလှုပ်ရမ်းပေးရသည် ထိုအခါ ပြာများကြွေပြီး လေပိုရကာ မီးပိုတောက်လာသည်။ ထို့ကြောင့် မီးရှူးဖြင့် လာလျှင် လက်နှိပ်ဓာတ်မီးကဲ့သို့ မဟုတ်။ မီးက အငြိမ်မနေ။ တစ်ခါတစ်ခါ မီးမှိန်သွားလိုက်၊ မီးတောက်ကောင်းလာစေရန် ဝှေ့ရမ်းလိုက် ပြန်တောက်တိုက် ဖြင့် ဆောင်းနှင်းတောထဲ တရွှေ့ရွှေ့ ခရီးနှင်ရင်း လိုရာရောက်အောင် သွားကြရသည်။

 အိုလံပစ်မီးရှူးတိုင်

ရေနံဆီသုတ် မီးရှူးတုတ် 

ဝါးမီးရှူး

ထိုအကြော်ဆိုင်တန်းလေးသည် ဗန်းမောက် မြို့မဈေး နှင့် ၂ ဖာလုံ ခန့် အကွာတွင် ရှိသည့် အတွက် ၆ နာရီ၊ ၇ နာရီ ဆို ဈေးမှ ပြန်လာသူများလည်း တစ်ထောက်နားပြီး ထိုဆိုင်တန်းလေးတွင် မုန့်ထိုင်စားကြ နားကြသည်။ ထိုနေရာတွင် မနက်ခင်း၌ ကျွန်တော်တို့ ဒေသအခေါ် မုန့်လင်မယား (မန္တလေးဒေသတဝိုက် မုန့်မျက်နှာအပ် ဟု ခေါ်သည်ဟု ထင်ပါသည်) ပူပူလေးကို နံနံပင်မွှေးမွှေးလေးဖြင့် ကြွပ်ကြွပ်ရွရွ စားနိုင်သည်။ လက်ဖြစ် ဆန်ခေါက်ဆွဲသုတ် ကို ငရုတ်သီး စပ်စပ်၊ ဟင်းရည်ပူပူ ဖြင့် နှာရည်ယိုသည် အထိလည်း ဆွဲနိုင်သည်။ ရှမ်းတိုဖူး (ဆန်တိုဖူး) ကို ဆီတိုဖူးရည်စပ်စပ်ဖြင့် ချဉ်ငံစပ်လေး လွှေးနိုင်သည်။  တိုဖူး (ပဲတိုဖူး) အစိမ်းသုတ် ကို ကြာညို့ချိုချို၊ ကြက်သွန်ဖြူ နှင့် မျဉ်သွေ့ခြောက် ချဉ်စပ်လေး စားနိုင်သည်။ ပဲတို့ဖူးကြော်ကြွပ်ကြွပ်လေး ကို ပေါင်းတင်းမီးဖုတ် စေးစေးလေးဖြင့် စားနိုင်သည်။ကုလားပဲခြမ်းကြော်ကို မုန့်တီအရည်ဖျော်နှင့် စားရတာလည်း ကောင်းသည်။ ဗယာကြော် နှင့် မုန့်ကြွေစေ့သုတ်ပြီး စားရသည်မှာ မေ့မရနိုင်သည့် ရှမ်းနီဒေသရှိ အစားအစာ တစ်ခု ဖြစ်သည်။ မုန့်လက်ကောက်ကြော်၊ မုန့်စိမ်းပေါင်း၊ မုန့်ပြာလူး အတွင်း၍ အုန်းသီးနှင့် ထန်းလျက်ကို ဌာပနာထား၍ ပြုတ်ထားသော မုန့်လုံးကို တစ်ခုနှင့် တစ်ခု မကပ်စေရန် ဒေသအခေါ် မုန့်နှစ် (ဆန်မှုန့်) လူးထားသော မုန့် သည်လည်း စား၍ အတော်ကောင်းပါသည်။ နှမ်း နှင့် မြေပဲ ဆီရွှဲရွှဲဖြင့် လုပ်ထားသော ခေါစီ၊ နှမ်းများများဖြင့် အလွန်းမွှေးသော  ခေါပုတ်ကင် ဖောင်းဖောင်းလေး၊ အုန်းသီးထည့်ပေါင်းထားသည့် ပေါင်းတင်း၊ ပဲထည့်ထားသည့် ပဲပေါင်းတင်း၊ ကောက်ညှင်းကို ငှက်ပျောဖက်ဖြင့် ကတော့ထိုး ထုပ်ပြီး ပြုထားသည့် ကောက်ညှင်း စီးလော်လော်၊ ဖြူဖြူတုံတုံ အိအိ ချိုချိုဖြင့် စားရတတ်သည့် မုန့်ဦးနှောက် စသည့် ဒေသထွက် မုန့်ပဲသရေစာများကို ရောင်းချလေ့ ရှိပါသည်။ ထိုခေတ်အခါက မနက် မနက်ဆိုလျှင် ဈေးဆိုင်တန်းလေးတွင် မုန့်ဝယ်စားသူများဖြင့် စည်ကားနေလေ့ ရှိပါသည်။ မုန့်ပဲသရေစာ စားနိုင်လောက်သော ငွေပို ငွေလျှံများလည်း အထိုက် အလျောက်ရှိကြ၍ ဖြစ်မည် ထင်ပါသည်။
မှတ်မှတ်ရရ ပြောရမည်ဆိုလျှင် ၁၉၈၈ မတိုင်မီက ကျွန်တော်တို့ဖက် လူအတော်များများ မုန့်ဝယ်စားနိုင် အလှူအတန်း ပြုနိုင်ကြသေးသည်ကို မှတ်မိသည်။ နွေရာသီတိုင်းလို ရှင်ပြုပွဲကြီးများရှိသည်။ နောက်ပိုင်းတဖြည်းဖြည်း အလှူအတန်းနည်းလာသည် နွေရာသီတိုင်း ရှင်ပြုပွဲကြီးများ မရှိတော့။ ကျွန်တော်ချစ်သော မုန့်ဈေးတန်းလေးသည်လည်း ပြည်တွင်း စီးပွားရေး ချွတ်ခြုံကျမှု၏ ဂယက်ထဲ ပါသွားခဲ့သည်။ ၁၉၉၀ နောက်ပိုင်း နှစ်များ၏ မုန့်ဆိုင်တန်းလေး လုံးပါးပါးပြီး ပျောက်ပျက်သွားခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ထိုစဉ်အချိန်က မြင်တွေ့ခဲ့ရသော မိမိရင်သွေးကို ကိုယ်နှင့်မကွာ "ပိုးတံဘက်" ဖြင့် ကျောပိုးသယ်လေ့ရှိသော ဒေသ ဓလေ့ကို ရှမ်းတို့၏ ရိုးရာဓလေ့ တစ်ခု ဖြစ်မှန် နှောင်များမှ သိလာရသည်။
ယခုတိုင် ရင်သွေးငယ်တို့ကို ရင်နှင့်မကွာ သယ်ပိုးစောင့်ရှောက်လေ့ရှိသော ရိုးရာ "ပိုးတံဘက်" ကျောပိုး ဓလေ့လေး ရေရှည်တည်တံ့ ပါစေဟု ဆန္ဒပြုမိပါသည်။

ဆန်တိုဖူး (ရှမ်းတိုဖူး) ၊ မုန့်ပြာလူး၊ မုန့်ကြွေစေ့၊ ခေါစီ၊ ခေါပုတ်၊ ပေါင်းတင်း စသည်တို့ကို ရှမ်းစကားမတတ်တော့သည့် ရှမ်းများနေထိုင်ရာ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိမြို့နယ် အတော်များများတွင် ရိုးရာမပျက် ကျန်ရှိနေသည် ကတော့ ဝမ်းသာရမည်ပင် ဖြစ်သည်။









ဆရာခမ်းလိတ် ၏ သီချင်းကို နားထောင်ရင်း တကယ်လွမ်းလာတဲ့ မွေးရပ်မြေ။
တောင်ပြာပြာများရဲ့ အောက်၊
နှင်းငွေ့များရဲ့အောက်၊
ဆောင်းနံနက်ခင်းတွင် မြင်ကွင်းမှ ပျောက်ပျောက်နေတတ်သော မြို့ငယ်လေး သို့မဟုတ် ရွာငယ်လေး ..........

ကျွန်တော်တို့ အရပ်မှာ ချယ်ရီ မပွင့်ပါ။ ချယ်ရီပင်လည်း မရှိပါ။
ခေါပုတ်ရှိသည်။ လူလုံးမကွဲအောင် ခပ်သည်းသည်း ကျသော ဆောင်းနှင်းပွင့်များရှိသည်။ အသဲမှာ စွဲနေသော ဆောင်းချစ်သည့် သွေးက ဖျောက်မရတတ်ပါ။ ခေါင်ရည်သောက်သည့် အလေ့သိပ်မရှိသော်လည်း ကစော်ဖောက်ပြီး ထမင်းချိုအဖြစ် စားတာတော့ရှိသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ကချင်ပြည်နယ် ချယ်ရီမပွင့်သောဒေသ မှ ရှမ်းတို့ကိုလည်း ရှမ်းဟု ခေါ်ကြောင်း၊ ရှမ်းစကားမတတ်ကြသော ပျောက်ကွယ်လုလု ရှမ်းများ ရှိကြောင်း အမှတ်တရ တင်ပြလိုက်ရပါသည်။

October 26, 2011

အင်းတော်မြို့မှ အမှတ်တရ နေ့ရက်များ (၁၁)

"စွန်တွေလွှတ်ကြတဲ့ ကလေးဘဝ၊ ကိုယ်လေ ကြိုးပြတ်လို့ ရှုံးတော့၊ ရယ်ရယ် မောမော နဲ့ ပြောဖူးခဲ့တဲ့ စကား မှတ်မိသေးတယ် ...." 
ဆရာစိုင်းခမ်းလိတ်၏ သီချင်းစာသား ... သီချင်းသံကို သေချာ ကျွန်တော် မကြားဖူးခဲ့။ ဒါပေမယ့် ထိုစာသားလေးကို ကျွန်တော် မှတ်မှတ်ရရကြီး ဖြစ်နေသည်။ ပြီးတော့ ထို နေရာစာသားလေးကို ခဏခဏ ဆိုမိသည်။ ငယ်ငယ်စွန်လွှတ်သည့် ဘဝကို အမှတ်ရလို့ ဖြစ်ချေမည်။
အင်းတော်မြို့တွင် ကျွန်တော် စွန်လွှတ်ခဲ့ဖူးသည်။ အင်းတော်မြို့သည် ကျွန်တော့ကို များစွာပျိုးထောင် တည်ဆောက်ပေးခဲ့သော မြို့ဖြစ်သည်။ မွေးရပ်မြေ မဟုတ်သော်လည်း မွေးရပ်မြေလို့ ကျွန်တော်ချစ်သည်။ ကျွန်တော်ချစ်သည့် ငယ်သူငယ်ချင်းများလည်း အင်းတော်မှာ၊ ကျွန်တော့်ကျေးဇူးရှင် ဆရာ၊ ဆရာမ များလည်း အင်းတော်မှာ၊ ကျွန်တော့်ကျေးဇူးရှင် ဘကြီးနှင့်ကြီးကြီးတို့ မိသားစုလည်း အင်းတော်မှာ။ 
အင်းတော်တွင် ကျောင်းနေခွင့်ရသော ကျွန်တော် ကံကောင်းခဲ့သည် ဟုဆိုရမည်။ ကျွန်တော့်ဘကြီးက ကစားတာကို သိပ်မချုပ်ချယ်၊ ကျွန်တော့်အဖေဆိုလျှင် ခွင့်ပြုမည် မဟုတ်သော ကစားခုန်စားများကို လွှတ်လပ်စွာ ကစားခွင့်ပေးသည်။ လောင်းကစားလုပ်ခွင့် လုံးဝမပေး။ စစ်တုရင်၊ ကျား၊ လက်တောက်ခုံ စုံအောင် ကစားခွင့်ပေးသည်။ ငွေကြးနှင့်တော့ လုံးဝ လုပ်ခွင့်မပြု။ ငွေနှင့် ကြေးနှင့် ကစားသည် ကြားလျှင် ဆူသည်။ ကျွန်တော့ဘကြီး ကျွန်တော့ကို ၂ ခါ ဆူဖူးသည်။ အင်းတော်တွင် နေခဲ့သော ၁၀ နှစ်ကျော် ကာလတွင် ကျွန်တော့ဘကြီး ကျွန်တော့ကို ၂ ခါသာ ဆူဖူးသည်။ ကံကောင်းလိုက်သည့် ကျွန်တော်ဟု ဆိုရမည်။ ကျွန်တော့ညီငယ် ကတော့ ဗန်းမောက်တွင် ကျောင်းနေရသည်။ သူသည် အဖေ့ အုပ်ထိန်းမှုအောက် တွင်နေရသည်။ အဖေ့ အုပ်ထိန်းမှုသည် အလွန်တင်းကြပ်သည်ဟု ဆိုရမည် ထင်သည်။ အဖေသည် ဘောလုံးကန်၊ ခြင်းခတ် စသည့် ကစားခုန်စားများကို ကစားခွင့် မပေးတတ်။ တွေ့လျှင် ဆူသည်။ ရိုက်တတ်သည်။ ထို့ကြောင့်ပင် ကျွန်တော့ညီငယ် ထူးချွန်သင့်ပါလျက် မထူးချွန်ခဲ့ခြင်းဖြစ်မည် ထင်ပါသည်။ ကလေးဘဝတွင် ကစားတာကို၊ ဝါသနာ ပါတာကို ကောင်းကောင်းလုပ်ခွင့် ပြုသင့်သည်ဟု ကျွန်တော်ထင်သည်။
အင်းတော်တွင် ကျွန်တော်နှင့် အတူ လာနေသည့် ၂ နှစ်အတွင်း အတန်းတွင် ထိပ်သီး ပြေးလာသော ကျွန်တော့ ညီငယ်ကို ကျွန်တော် အမှတ် ရလာသည်။ စာမေးပွဲဖြေရာတွင် ကျွန်တော်လမ်းညွှန်းသည့်အတိုင်း ကျက်ခဲ့ပြီး သူအမှတ်ကောင်းများရလာတော့။ အားတက်လာပြီး ကျွန်တော့ကို ခဏခဏ ပြောပြောပြသည်ကို ကျွန်တော် အမှတ်ရမိသည်။ ကျွန်တော့ညီငယ်သည် ကျွန်တော့ကို သိပ်ချစ်သူ ဖြစ်သည်။ ကျွန်တော့ထက် ဗလကောင်းပြီး ကြံ့ခိုင်သော ကျွန်တော့ညီသည် ကျွန်တော့ကို နာအောင် ဘယ်တော့မှ ပြန်လုပ်သည် မရှိခဲ့ဖူးပေ။ စာရေးရင်းပင် ကျွန်တော့ ညီလေးကို လွမ်းမိသည်။ သူနှင့် ကျွန်တော်သည် အမွှာလို ကြီးပြင်းလာခဲ့ကြသည့် ညီအစ်ကို ဖြစ်သည်။ သူသည် သူငယ်ချင်း၊ သူသည်ညီငယ်။ လည်ပင်းဖက်ပြီး တူတူကစားကြသည့် ကစားဖော်ဖြစ်သည်။

စွန်အကြောင်းဆက်ဦးမည်။ အင်းတော်တွင် စွန်ကို ကျွန်တော်တို့က လေတံခွန်ဟု အခေါ်များသည်။ စွန်လွှတ်သည် ဟု သိပ်မပြော လေတံခွန် လွှတ်သည်ဟု သာ ပြောကြပါသည်။ ကျွန်တော် လေတံခွန် လွှတ်စက အမြီးရှည်ကြီးပါသော လေတံခွန် မျိုးကိုသာ လွှတ်တတ်သည်။ 

ထိုအမြီးရှည် လေတံခွန်က လွှတ်ရတာ လွယ်သည်။ ကြာရှည် လွှတ်လျှင်တော့ ပျင်းစရာကောင်းလာသည်။ အမြီးရှည်လေတံခွန်က လေအားပြင်းလာလျှင်သော်လည်းကောင်း၊ ဆွဲပြီး ပြေးလျှင်သော်လည်းကောင်း မြင့်မြင့်တက်လာသည်။ လေအားလျော့၊ ပြေးအားပျော့လျှင် အောက်ပြန်
ကျလာသည်။ စိတ်သိပ်ဝင်စားစရာ မကောင်းလှပေ။ ပြီးတော့ အပ်ချည်လုံးကလေးကို တုတ်တွင် တပ်ပြီး လွှတ်တာ များသည်။ နို့ဆီဗူးခွံတွင် ရစ်ပြီးလည်း လွှတ်ခဲ့ဖူးသည်။

အင်းတော်တွင် လေတံခွန် လွှတ်ချိန်မှာ မြောက်ပြန်လေလာသော ဆောင်းတွင်း ဖြစ်သည်။ မိုးကင်းပြီး လေမှန်သောကာလ ဖြစ်သည်။ လေတံခွန် လွှတ်ချိန် ရောက်လျှင်ကျွန်တော် အပ်ချည်လုံးကောင်းကောင်းဝယ်သည်။ လေတံခွန် တစ်စင်းဝယ်၊ အမြီးရှည်ရှည်တပ်ပြီး ညနေ လေပြင်းပြင်းတွင် လွှတ်တော့သည်။ လေအားကလည်းကောင်းကောင်း၊ လေတံခွန်က ကောင်းကင်ထဲ တစ်ရိပ်ရိပ် တက်အလာ၊ လေတံခွန်ကို ဟိုးအမြင့်ကြီးထိ လွှတ်လိုသော စိတ်က အားကြီးလာသောကြောင့် အပိုဆောင်ထားသော အပ်ချည်လုံးကို အသင့်ပြင်ထားသည်။ ပထမ အပ်ချည်လုံး ဆုံးလျှင်၊ ဒုတိယ အပ်ချည်လုံးဖြင့် ဆက်ပြီး လွှတ်ရန် ဖြစ်သည်။ ကျွန်တော် ခဏခဏကြိုးစားခဲ့ဖူးသည်။ အပ်ချည်စ ၂  ပင် အောင်မြင်စွာ ဆက်ပြီး လွှတ်လိုက် နိုင်သည် မရှိခဲ့ဖူးပေ။
လေတံခွန်က မြင့်လေ၊ တက်အားကောင်းလာလေ။ အပ်ချည်လုံးကလေးက မွတ်မွတ်လည်ကာ အပ်ချည်ကြိုးကို ဖြေလျော့ပေးလေ ဖြစ်လာသည်။ အပ်ချည်လုံးလေး တဖြည်းဖြည်း သေးသေးပြီးလာသည်။ ဆုံးကာနီ အပီကိုင်ပြီး နောက်တစ်လုံး နှင့် ဆက်ရန် ကျွန်တော်က အသင့်စောင့်နေသည်။ သို့သော် မဆက်လိုက်က ကြိုးဆုံးကာနီ၊ နည်းနည်းအလိုမှာ အပ်ချည်ကြိုးစကို လုံးဝ မဖမ်းနိုင်တော့၊ စက္ကန့် ပိုင်းအတွင်း ဖြတ်ကနဲ ကြိုးကုန် သွားပြီး လေတံခွန်ဆွဲရာ ကြိုးပါသွားတော့သည်။ အပ်ချည် က လေတံခွန်နှင့် ပါသွားပြီး မြေပြင်တစ်လျောက် တရှောရှောနှင့် လေတံခွန်ဆွဲရာ လိုက်သွားတော့သည်။ ကျွန်တော်ကလည်း ပြန်ရလို ရငြား လိုက်ဖမ်းသည်။ မြေပြင်တွင်  တရိပ်ရိပ်ပြေးနေသော အပ်ချည်ကြိုးကို မြင်အောင်ကြည့်ရင်း အပြေးလိုက်သည်။ ခြေဖြင့် အပ်ချည်ကို ဖိနင်းသည်။ ကုန်ကောက်ဖို့ အချိန်က မလောက်။ အ ပြေးလိုက်ရင်း မီလု မီခင်။ ဆွဲဖမ်းလိုက်၊ လွှတ်သွားလိုက်၊ ပြေးလိုက် လိုက် နှင့် လူလည်း ဖတ်ဖတ်ကို မောသည်။ နောက်ဆုံး လေတံခွန်မှာ သစ်ပင်ကိုင်းဖျားတွင် ညှိလျှင်ညှိ၊ ဓာတ်တိုင်တွင် ညှိလျှင်ညှိ။ တစ်ခုခု နှင့် ညှိမှ အဆုံးသတ်တော့သည်။ သို့သော် လေတံခွန်ကို ပြန်မရနိုင်တော့ သည်က များသည်။ ကျွန်တော် အလှမ်းမမီသော သစ်ပင် ထိပ်ဖျားတွင်သော်လည်းကောင်း၊ ဓာတ်မီးကြိုးပေါ်တွင်းသော် လည်းကောင်း ကျွန်တော့ လေတံခွန်လေးများ နိတ္ထိတံသွားကြသည်က များသည်။ အပ်ချည်ကြိုးလည်း ဟိုဟိုဒီဒီ ညှိပြီး ရှုပ်ထွေးကုန်သည်။ ရသလောက် ပြန်ရစ်ပြီး နောက်လေတံခွန်တစ်ခု အတွက် သိမ်းထားရသည်။ နောက်ဆုံးမှာတော့ လေတံခွန်လွှတ်လျှင် အပ်ချည် ဆက်ထုံးလေးများ များသထက် များလာတော့သည်။ ကြိုးဟောင်းလာလျှင်လည်း သိပ်မခိုင်တော့ လွှတ်နေတုန်း ဖြုန်းကနဲ ပြတ်လျှင်လည်း ပြတ်သည်။ ထို့ကြောင့် သိပ်မကြာမီ အပ်ချည်လုံး အသစ်ကလေး ပြန်ဝယ်ရပြန်သည်က များသည်။ ကျောင်းမုန့်ဖိုးလေးလည်း အပ်ချည်လုံးကလေး ဖြစ်ကုန်သည်က များသည်။ အင်းတောင်ဆောင်းရာသီတွင် လေတံခွန်ကိုက်၍ မုန့်ငတ်ဖူးသော ကလေးငယ်တို့တွင် ကျွန်တော်လည်း ခေတ်မီစွာ ပါခဲ့ ဖူးပေသည်။
အမြီးတိုလေတံခွန်ကိုတော့ ထိုကဲ့သို့ အပ်ချည်လုံးလေး နှင့် လွှတ်၍ မရတော့ပါ။ သူ့ကို လွှတ်ရသည်က နည်းနည်း ပညာသားပါလာသည်။  အ မြီးတိုလေတံခွန် အကြောင်းကို နောက်တစ်ပိုင်းမှ ဆက်ရေးတော့မည်။




August 7, 2011

ကျွန်တော်နှင့်တောတွင်းကာလများ (၁၀)





ဒီတစ်ခေါက် မြန်မာပြည်ပြန်တော့ ကျွန်တော့မွေးရပ်မြေကို မရောက်နိုင်ခဲ့ပါ။ ကျွန်တော်ချစ်သော မြေကိုသာမက ကျွန်တော့ မိဖ ဆီလည်း မရောက်နိုင်ခဲ့။ ကျွန်တော်မကြိုက်သော အချည်အနှောင်ခံ ဝန်းထမ်းဘဝကို နှစ်အတိုင်းအတာ တစ်ခုထိတော့ ကျွန်တော် လုပ်ရဦးမည်။ လွတ်လပ်သော ဘဝကို ကျွန်တော်လည်း ပိုင်ချင်သည်။ လူတိုင်းလူတိုင်း၊ သတ္တဝါတိုင်း ပိုင်စေချင်သည်။ ခွင့်က တစ်ပါတ်သာရသည့် အတွက် ကျွန်တော့ လိုအင်ဆန္ဒက ချည်နှောင်သော ကြိုးတို့ကို ကျွန်တော် မရုန်းနိုင်ခဲ့ပါ။ တစ်ပါတ်သာ ကျွန်တော် နေခဲ့ရသည်။ ကျွန်တော့ သမီးလေးကိုလည်း ဝ အောင် မချီခဲ့ရ။ ကျွန်တော့သမီးလေးကို ဝအောင် ပင် မကြည့်ခဲ့ရ။ သြော် ... မွေးရပ် မြေကိုတော့ ပိုဝေးပေစွ။

နံနက် ပိုင်း ထွက်သော လေယာဉ်ဖြင့် ကျွန်တော်ပြည်တော်ပြန်ခဲ့သည်။ ကျွန်တော်တို့ နိုင်ငံပိုင် လေယာဉ်။ နိုင်ငံခြားပိုင် လေယာဉ်များနှင့်တော့ အတော်လေး ကွာပါသေးသည်။ သို့သော် တစ်နေ့တော့ သူတို့လို ဖြစ်လာမည်ဟု ကျွန်တော် ယုံကြည်ပါသည်။ လေယာဉ်မယ်လေးများလည်း မျက်နှာငယ်သည်။ လူတွေလည်း မျက်နှာငယ်သည်။ ဘေးကင်းစွာ မောင်းနှင်ပို့ဆောင် ပေးသည့် လေယာဉ်မှူးကိုရော၊ လေယာဉ်အို ကြီးကို ပါ  ကျွန်တော်ကျေးဇူးတင်ပါသည်။ လေယာဉ်မောင်မယ်များကို လည်းကျေးဇူးတင်သည်။ အတူခရီးသွားဖော် များကိုလည်း ကျေးဇူးတင်ရမည်။ ကျွန်တော်တို့တစ်တွေ အတူတကွ သွားကြ၊ လာကြလို့သာ သည်လို ဈေးချိုချို နှင့် သွားနိုင်၊ လာနိုင် ပေတာ ကိုး။

မြန်မာမြေဖက် နီးလာတော့ နေ့ခင်းဖက်ဖြစ်သည့် အတွက် မြစ်ဝကျွန်ပေါ် ဒေသကြီးကို အပေါ်စီးမှ ဆီးမြင်ရသည်။ မြေပြင်က ပြန့်ပြန့်၊ ချောင်းလေးများက အသွယ်သွယ်၊ မြစ်ငယ်တွေ အထွေးထွေး။ မြန်မာပြည်၏ ဆန်အိုးကြီး အဓွန့်ရှည် တည်တံပါစေ။ မြန်မာ့ပြည့်ဝမ်းစာကို ထောက်ပံ့မြဲ ထောက်ပံ့ နိုင်ပါစေဟု တခုတ်တရ ဆန္ဒ ပြုမိသည်။ နာဂစ် မုန်တိုင်းကြီးကျ စဉ်က ဤဒေသ ပေါ်လိမ့်တက်ခဲ့မည် ဖြစ်သော ပင်လယ်လှိုင်းလုံးများ၊ ဝါးမြိုသွားခဲ့ပြီးသော အသက်ဝိဉာဉ်များ၊ နားခိုရာ ရကြပါစေ။ အေးချမ်းကြပါစေ။ ကျန်ရှိနေခဲ့သော ခိုကိုးရာမဲ့ ဘဝလေးများ တည်ငြိမ်းအေးချမ်းကြပါစ။ တစ်ဝမ်းတစ်ခါ လွယ်လွယ်ကူကူ အသက်မွေးနိုင်ကြပါရဲ့လား တွေးမိသေးသည်။ သြော် ကျွန်တော်တို့ တက်နိုင် သလောက်တော့ ဖေးကူကြရဦးပေမည်။
တောကြိုတောကြားက ကျွန်တော် ၊ အိပ်မက်ပင် တကယ် မမက်ခဲ့ဘူးသော လေယာဉ်ပေါ်၊ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဘူးသော သူတစ်ပါးတိုင်းပြည်၌ တစ်ဝမ်းတစ်ခါးအတွက် ချစ်သောသူများနှင့် ခွဲလျက်လည်း အလုပ်လုပ်ခဲ့ ဖူးလေပြီ။

ရန်ကုန်မြို့ကြီးကို အနီးကပ်မြင်ရတော့ မွေးရပ်မြေဆီ ရောက်လိုသောစိတ်က ပေါ်ပြန်ပြီ။ လေယာဉ်ကွင်းဆီအနီးကပ် နိမ့်ဆင်းလာတော့ လေယာဉ်ကွင်း ခြံစည်းရိုးတစ်လျောက် နွယ်တက်လျက် မင်းမူနေသော ခြုံနွယ် ပိတ်ပေါင်းများကို သတိထားမိသည်။ အရင့် အရင်က မကြည့်မိ။ ဒါလေးတွေ ရှင်းလျင်တော့ ကောင်းမည်ဟု တွေးမိသေးသည်။ သူတို့ တိုင်းပြည်က လေယာဉ်ကွင်းတွေ က ရှင်းသန့်နေတာကိုး။ ကိုယ့်တိုင်းပြည် သူတို့ လာလျှင်လည်း ရှိတာလေးနှင့်တော့ ကြွားချင်စိတ် ဝင်သည်။ တစ်နေ့တော့ ရှင်းလိမ်မည် ဟု ထင်ပါသည်။
လေဆိပ်သည် အတော်တော့ သပ်ရပ်ပါသည်။ သိပ်ခေတ်အမှီကြီး မဖြစ်သေးတာ နှင့် ဝမ်းရေးအခဲကြောင့် အလုအယက် ပြေးဆွဲနေကြရရှာသော တက္ကစီ သမားများ၊ အထုတ်အပိုး သယ်သူများ နှင့် ကတော့ ရိုးရာမပျက် တွေ့ရသည်ဟု ဆိုရမလားပင် မသိပါ။
သူတို့ ဝမ်းရေးကို ကျွန်တော်တွေးတတ်လာသည်။ ကျွန်တော့မိသားစု ဘဝ တစ်ခု ဖြစ်ခွင့်နှင့် မိဘ၊ သားသမီး ဘဝကို နားလည်ခွင့် ပေးသော ချစ်ဇနီးကို လည်း ကျေးဇူးတင်ပါသည်။ အဖေ၊ အမေ ကိုလည်း သိပ်လွမ်းသည်။ ဒီတစ်ခေါက် ပြန်မရောက်နိုင်တာကို သိတော့ ဝမ်းလည်း နည်းမိသည်။ အဖေ နှင့် အမေ သည် ကျွန်တော့ မျက်နှာကို တွေ့ချင်၊ မြင်ချင်မည်။ ကျွန်တော့ပါးကို ထိချင်၊ ကိုင်ချင်မည်ကို ကျွန်တော် ကောင်းကောင်း ကိုယ်ချင်းစာတတ်ပါပြီ။
တက္ကစီကားခက ကားကြီးဝင်းထိ ၆၀၀၀ိ တောင်းသည်။ ကျွန်တော် စဉ်းစားသည်။ နည်းနည်းများလည်း သူ့မိသားစု အဆင်ပြေသွားမည်။ ငါပေးနိုင်တုန်း ပေးလိုက်မည်ဟု ဆုံးဖြတ်ကာ ဈေးမဆစ် ဖြစ်တော့ပါ။

March 21, 2011

ကျွန်တော်နှင့် ဘိုးလင်း (2)

ရုံးဆင်းသော်လည်း အထက်အရာရှိက မပြန်သေးသည့်အတွက် ပြန်ရ အခက်၊ မပြန်ရအခက်။ ခါတိုင်း ဆိုရင်တော့ ပြန်နေကျ ပါ။  ခုနောက်ပိုင်း သူက ကျွန်တော်သုံးသည့် လက်တော့ပ်လေးကို ကျွန်တော် အိမ်ပြန်သည့်အခါ သူ့ရုံးခန်းထဲ သိမ်းထားခဲ့လို့ တခုပ်တရ မှားထားသည်။ သူများသုံးမှာ၊ ပျောက်မှာ စိုးသည့်အတွက် ဖြစ်သည်။ လက်တော့ပ်က ကျွန်တော့်ကို လွှဲထားပေးပြီးသား ဆိုတော့ ကျွန်တော့် တာဝန် ဖြစ်နေတာကိုး။ ကျွန်တော်ကတာ့ စင်ကာပူတွင် သူခိုးမရှိဟု ထင်သည့် အတွက်လည်းကောင်း၊ ခိုးကြမှာလည်း မဟုတ်ဟု ထင်၍ တကြောင်း၊ ပြီးတော့ စင်ကာပူရဲများသည် အကူအညီ လို၍ ခေါ်လျှင် အချိန် မရွေး မိနစ်ပိုင်းအတွင်း ရောက်လာမည်ကို သိသောကြောင့် လည်းကောင်း သိပ်စိုးရိမ်စိတ်မရှိပါ။ ကိုယ်ပိုင် ပစ္စည်း မဟုတ်၍လည်း ဖြစ်နိုင်ပါသည်။ သိပ်မပူပန်လှ။ ပျောက်လျှင် ပျောက်သည်ဟု ပြောလိုက်ရုံသာ ဟု စိတ်ထဲ နှလုံးသွင်းထား မိသည်ကိုး။

March 10, 2011

ကျွန်တော်နှင့် ဘိုးလင်း


Singapore MRT. 



ဘိုးလင်း ဆိုတဲ့ကောင်နဲ့ ကျွန်တော်နဲ့ လုံးဝ အစေးမကပ်။ သူနှင့် ကျွန်တော်တွေ့တာ ၂ ခါရှိပြီ။ တစ်ခါမှ အဆင်တပြေ ဖြစ်ခဲ့သည်မရှိ။ ဒီကောင့်ကို တွေ့ဖို့ တကူးတက သွားရသည်။ ကျွန်တော်က တွေ့ချင်သည်လည်း မဟုတ်။ ကုမ္ပဏီက သွားခိုင်၍ သွားရခြင်းဖြစ်သည်။ စိတ်မပါ လက်မပါနှင့် ကျွန်တော်သွားရသည်။ မသွား၍လည်း မကောင်း။ ကျွန်တော့်အထက် အရာရှိက ကုမ္ပဏီက လုပ်သည့် အသင်းအဖွဲ့ဆို ကိုယ်စိတ်မပါလည်း သွားရသည် ဟု ဆိုသောကြောင့်တာ ဒီကောင် ဘိုးလင်း နဲ့တွေ့ခြင်းဖြစ်သည်။ ဘယ်လိုမှ ကြည့်မရသည့်ကောင်ကို အလုပ်ဆင်းပြီး တကူးတက သွားတွေ့ရသည်။ 
သူနေတာက ကုလား-မြန်မာ ချစ်ကြည်ရေးဘူးတာနားမှာ ဘူတာနာမည်က ဘူခစ်-ဘတုတ်။  ကုလားလေးဘူခစ် နဲ့ ကိုဘတုတ် ကို အမှတ်တရ ခေါ်ထားတဲ့ နာမည်။ အဲလိုပဲ EX-RIT အစ်ကိုကြီး ကိုဘကျော်တို့ အုပ်စု သင်္ကြန်မှာ ပြောသွားတာ မှတ်လိုက်ရသည်။ ဟုတ်မဟုတ်တော့ အာအိုင်တီ စက်မှုကျောင်းသား ဟောင်းကြီးဖြစ်သော ကိုဘကျော် ကိုသာ မေးကြည့်စေချင်သည်။

May 5, 2010

အင်းတော်မြို့မှ အမှတ်တရ နေ့ရက်များ (၁၀)

 

ရေပေါသော အင်းတော်။ ရေနစ်သော အင်းတော် တွင် ဘဲတို့ပျော်သည်။ မန်ဒါလီများ၊ ဘဲ များကို မြောင်းရိုးတစ်လျှောက် တွေ့ရတတ်သည်။ တဂတ်ဂတ် (ဘဲအော်သံ) ၊ တရှဲရှဲ (မန်ဒါလီအော်သံ) တို့ကို ကြားရတတ်သည်။ အင်းတော်ရောက်စက မြင်ဖူးသည့် ဘဲများကတော့ အဖြူ နှင့် အဖြူအညိုကြား လေးများဖြစ်သည်။ ဘဲက သိပ်မကြီးလှ။ မန်ဒါလီကတော့ကြီးသည်။ အရောင်က နက်ပြာပြာ။ ကိုယ်ထည်အလျားက ရှည်ရှည်။ နှုတ်သီးရှည်ရှည်။ အတောင်ပိုကောင်းသည်။ အတောင်မဖြတ်လျှင် အရွယ်ရောက်လာပါက အပျံသင်ကြ၊ လေ့ကျင့်ကြသည်။ အပျံတတ်လျှင် တောထဲပျံသွားတတ်သည်။ အုပ်စုကောင်းလျှင် ပျံသွားတာများသည်။ အကောင်အနည်းငယ် နှင့်ကတော့ မပျံတတ်ကြပါ။ အကောင်ရေ ၁၅ ၊ ၂၀ လောက်ရှိလာလျှင် မန်ဒါလီများ သင်းခွဲဖို့ ကြံသည်။ ပျံကြ၀ဲကြသည်။ အခါသင့်လျှင် ပြန်မလာတော့။

ဘဲများကတော့ အပျံလေ့ကျင့်တာ မမြင်ဘူး။ သွားလျှင်လည်း နှေးကွေးသည်။ ထို့ကြောင့် ခွေးလိုက်လျှင် ပြေးမလွတ်။ ရေနက်နက်ရှိရာ အမြန်ပြေးကြသည်။ သို့သော်မလွတ်ပါ။ ခွေးက ရေကူးတတ်တော့ ဘဲအုပ်ကို ခွေးလိုက်သောအခါ လူမကူလျှင် ဘဲတစ်ကောင် ကောင်တော့ သေသည်က များသည်။ ထို့ကြောင့်ပင် ကျွန်တော် ဘဲကျောင်းသား ဖြစ်ခဲ့ဖူးခြင်း ဖြစ်သည်။

ကျွန်တော့်ဘကြီးက ဘဲအကောင်ရေ ၂၀၊ ၃၀ လောက်မွေးထားသည်။ ဘဲစာက ဖွဲ နှင့် စကွဲ။ စားကြွင်းစားကျန်များ။ အစာမကျွေးလျှင် "ဂတ်ဂတ်" ...."ဂတ်ဂတ်" ... "ဂတ်ဂတ်" ဖြင့် အုပ်စုဖွဲ့ပြီးအော်ကြသည်။ ဘဲအုပ်က ညီသည်။ တစ်ကောင်တည်း ခွဲပြီးတော့ သွားလေ့မရှိ။ အော်လည်းတူတူ၊ ပြေးလည်တူတူ။ စားလည်တူတူ။ ဘဲအုပ်က တစ်ရာ နှစ်ရာ ဆိုတာ ကြားဖူးမည် ထင်သည်။ ဘဲက အုပ်တာကြီးသည် ပြေးကြ လွှားကြရာတွင် ကြက်တွေလို ဦးတည့်ရာ လျှောက်ပြေးကြခြင်း မဟုတ်။ တစ်ကောင်နောက် တစ်ကောင်လိုက်ကာ ဦးတည်ရာ တစ်ဖက်တည်း စုပြုံကူးကြသည်။ ထို့ကြောင့် ထိန်းရ ကျောင်းရ သိပ်မခက်လှ။ ကြက်ကတော့ လိုက်လျှင် တစ်ကောင် တစ်မျက်နှာ အရပ် ရှစ်မျက်နှာ စုံအောင် ပြေးကြသည်။ ထို့ကြောင့် ကြက်အုပ်ကျောင်းသည် ဆိုတာ မရှိခြင်း ဖြစ်မည်။

ဘဲအစစ်ကို ပြပါဆိုလျှင် ကျွန်တော့ အတွေ့ အကြုံအရ ပြောရမည်ဆိုပါက။ တစ်ကိုယ်လုံး အဖြူရောင်ရှိသော ဘဲနှင့် အညိုနှင့် အဖြူစပ်ထားသော ဘဲကြားကြားလေးများ ကိုသာ ဘဲအစစ်ဟု ထင်ပါသည်။ ပုံကလေးများကို ဖော်ပြလိုက်ပါသည်။



အဖြူရောင် ဘဲသည် ဘဲအစစ်ဖြစ်သည်။ နောက် ဘဲအကြားလေးများ။ များသောအားဖြင့် ဘဲ အမ လေးများဖြစ်ပါသည်။ ဘဲအထီး နှင့် ဘဲ အမ မတူပါ။ ဘဲအထီး (ဝါ) ဘဲအဖိုသည် ကိုယ်ခန္ဓာ ပိုကြီးသည်။ ဘဲသံပီပီ သသကြီး "ဂတ် ဂတ် ... ဂတ်  ဂတ်" ဆိုသည် မှာ ဤအကောင်ကြီး အော်ခြင်းဖြစ်သည်။ ဘဲအမ များမှာ ထိုကဲ့သို့ ကျယ်ကျယ် လောင်လောင်ကြီး မအော်နိုင်ကြပါ။ ဘဲမ လေးများအသံမှာ မိန်းမသား ဆန်စွာ "ပိ ပိ ... ပိ ပိ" ဟု ယောင်ယောင်လေးသာ အော်နိုင်သည်။ ထို့ကြောင့်လည်း အာပြဲမောင်မောင် ဘဲကိုကို များကို အမူပိုပို ဖြင့် မခွဲနိုင် မခွာရက် အားကိုးနေရှာသည်လား မသိ။ :P
ဘဲအဖိုသည် အကောင်းကြီးပြီး အသံကျယ်ရုံမက အရောင်လည်း ပိုတောက်သည်။ အမြီးလေးလည်း ကောက်ကောက်လေးပါသည်။ အပေါ်ဖက်ထောင်တက် နေသည်။ ထို အမြီးကောက်၊ အကောင်ကြီး၊ အသံကျယ် ခပ်စွာစွာ ကောင်များသည် ဘဲအဖိုဖြစ်သည်။



ဘဲအဖိုအမြီးကောက်။

ဘဲ နှင့် မန်ဒါလီ စပ်သွားလျှင် ကပြားဘဲ ဖြစ်လာသည်။ မန်ဒါလီ မထွက်ဘဲ ဘဲလိုပုံ ထွက်လာသည်။ အကောင်ကြီးသည်။ အရောင် အသွေးစုံပြီး ပိုလှသည်။ ဘဲမန်စပ် ဟု ကျွန်တော်တို့ ခေါ်ပလိုက်သည်။ 
ဘဲမန်စပ်၏ ခေါင်းက စိမ်းပြာရောင် ဖြစ်သည်။ အရောင် အလွန်တောက်သည်။ များသောအားဖြင့်တော့ ဘဲအဖိုများဖြစ်လေ့ရှိသည်။ 
အဖြူရောင်ဘဲလေးများကို မြင်ဖူးသည့်အတွက် ဘဲကလေးအကောင်ပေါက်လျှင် ဘယ်လို အရောင်ရှိမည် ဆိုသည်ကို စိတ်ကူးကြည့်စေချင်သည်။ နီကျင်ကျင်လေးလား? ပန်းရောင်လေးလား? 


ဘဲကလေးများပေါက်စ အရောင်သည် အ၀ါရောင်ဖြစ်သည်။ ပေါက်ပြီး သိပ်မကြာခင်ရေကူးတော့သည်။ အ၀ါတွင် အနက်ရောက်လေးများပါလျှင် အကြားလေးများ ဖြစ်လာကြသည်။ ဘဲပေါက်ကလေးများသည် အလွန်ချစ်စရာကောင်းသည်။ ဘဲပေါက်ကလေးများ နှင့် ဘဲမကြီး ရေကူးနေသောမြင်ကွင်းသည် ကြည့်၍ အတော်ကောင်းသည်။ ပြော၍သာ ပြောရသည်။ ဘဲများသည် ဥခင်သော အမျိုးမဟုတ်ပါ။ တွေ့ရာနေရာဥသည်။ သူ့ဥကို ခွေးချီချီ လူစားစား ဂရုစိုက်သူများမဟုတ်။ မနက်စောစောကြီးတွင် ဥ အုကြသည်။ ဥကိုလည်း ဖြစ်သလို အုသည်။ မြေကြီးပေါ်တုံးလုံးပက်လက်။ အီးပေပေ မြေလူးလူးဖြင့် တောင်လှိမ့် မြောက်လှိမ့် ဖြစ်ချင်သလို ဖြစ်နေသည်။ ဘဲကို အကောင်ဖောက်လိုလျှင် မန်ဒါလီ သို့မဟုတ် ကြက်မ ဖြင့် ဖောက်မှ သာ အကောင်တော်တော်များများပေါက်သည်။ ဘဲဥက ၂၈ ရက်လောက် ၀ပ်မှ အကောင် ပေါက်သည့်အတွက် မန်ဒါလီအတွက် ပြဿနာ မဟုတ်သော်လည်း ကြက်မအတွက်တော့ ပြဿနာဖြစ်သည်။ ကြက်မှာ ၂၁ ရက် ၂၂ ရက် လောက်ဆို အကောင်ပေါက်သည်။ ခု ဘဲအုက ထိုသို့မဟုတ် အချိန်ပိုကြာကြာဝပ်ရသည်။ တစ်ပတ်ပိုဝပ်ရသည့် အတွက် ကြက်မမှာ အစာပိုငတ်ပြီး ပိန်သွားတတ်သည်။ 

အကောင်ပေါက်လာလျှင်လည်း ဘဲကလေးတွေကို ထိန်းကျောင်းနေတာ သနားစရာကောင်းသည်။ ဘဲကလေးများကို သူ့ရင်သွေးမှတ်ကာ ထိန်းရှာသည်။ ဘဲကလေးများက ရေဆင်းကူးတော့ ချောင်းကမ်း၊ မြောင်းကမ်းဘေးတစ်လျှောက် လိုက်လံ စောင့်ရှောက်နေတတ်တာ မြင်ရတော့ ကြက်မကြီးနှင့် ဘဲကလေးများ၏ သံယောဇဉ်ကို မျက်ရည်ကျဖွယ် မြင်တွေ့ရသည်။
လူတွေလုပ်ပုံက ဟုတ်တော့မဟုတ်လှပါ။ ကြက်မကြီး မြုံပြင်ကာ ဥအုတော့ ကြက်ဥ တစ်လုံး အု လျှင် တစ်လုံးကောက်ပြီး ထိုနေ့ အုသည့် ဘဲအုဖြင့် အစားထိုးပြီးလဲ ထားလိုက်သည်။ နောက်နေ့ နောက်တစ်လုံး အုတော့ နောက် ဘဲဥ တစ်လုံး ထပ်လဲ ပြန်သည်။ ထိုနည်းအားဖြင့် ကြက်မကြီး ဥဝပ်ချိန်ထိ တစ်လုံးပြီး တစ်လုံး လဲထားလိုက်သည်။ အုသမျှ သူ့ဥ များ ဘဲဥ ဖြစ်သွားရှာသည်ကို ကြက်မကြီးမသိရှာပါ။ အကောင်ပေါက်လာတော့လည်း ဘဲကလေးတွေ။ လိုက်လံစောင့်ရှောက်ပေးသည်မှာ ဘဲလားမြောက်သည် အထိ။
ဘဲစရိုက်ကို ဖော်ပြနေသော ဘဲသားအမိ။ ရှေ့မှ မိခင်ကြီးသွားရာ ထပ်ကြပ်မကွာ။ တညီတညာတည်း လိုက်ကြသည်။
အစာရှာဖွေ ကျွေးမွေးနေရှာသည့် ဘဲမကြီး။


မန်ဒါလီမကြီး နှင့် မန်ဒါလီကလေးများ

ဘဲကျောင်းသည့် အကြောင်းကို နောက်မှ ဆက်ရေးပါမည်။

April 12, 2010

ကျွန်တော်နှင့်တောတွင်းကာလများ (၁၀)

 အင်ကြင်းပန်း


ဗန်းမောက်မြို့သည် တောင်များ ပတ်ခြာဝိုင်းလျက် ရှိသောမြို့ဖြစ်ပါသည်။ အပြာရောင် တောင်တန်းများကို တမြော်တခေါ် ကြီးတွေ့ရသည်။ ကျွန်တော်တို့မြို့တောင်ဖက်တွင် ထီးထီးမားမားရှိနေသော ကျုံးတောင် သို့မဟုတ် ကျွန်းတောင် ရှိသည်။ ဝန်းသိုစော်ဘွားဦးအောင်မြတ်၏ ဖခင် ဦးရွှေသား တည်ခဲ့သော ဘုရားဟု ကြားဖူးသလိုရှိသည်။ အင်ကြင်းပင်များ အလွန်ပေါသောတောင်ဖြစ်သည်။ အင်ကြင်းပွင့်ချိန်တွင် တစ်တောင်လုံး ရွှေဝါရောင်လွှမ်းပြီး၊ တစ်တောလုံး အင်ကြင်းနံ့သင်းနေသည်။ အင်ကြင်းပန်းသည် ပိတောက်ပန်းထက် သစ္စာရှိသည်။ ပိတောက်ပန်းသည် ပွင့်ချင်သည့်အချိန် လျှောက်ပွင့်သည်။ အင်ကြင်းသည် ထိုသို့မဟုတ်။ တစ်တောလုံး တစ်တောင်လုံးရှိ အင်ကြင်း၊ တနယ်လုံးရှိ အင်ကြင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တစ်လတည်း ပွင့်ကြသည်။ ထို့ကြောင့်အင်ကြင်းသည် ပိတောက်ထက် သစ္စာရှိသည်ဟု ကျွန်တော်ဆိုခြင်းဖြစ်သည်။ တန်းခူးလတွင် အင်ကြင်းပန်းတဝေဝေရှိတတ်သည့် ကျွန်တော်တို့ ရှမ်းနီမြေကို တစ်ခါလောက် ရောက်ခဲ့စေချင်ပါသည်။

March 7, 2010

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၉)

ကျွန်တော် အင်းတော်မြေကို ပြန်ခြေချသည့် အချိန်က ဆောင်းရာသီ နံနက်ခင်း။ အင်းတော်နားရထားရောက်လာတော့ မနက် ၄ နာရီ ၅ နာရီလောက် ဖြစ်သည်။ ဝေလီ ဝေလင်းအချိန်။ ကင်မရာထုတ်ပြီး မနက် မိုးသောက်ချိန်အလှကို ကျကျနန မှတ်တမ်းတင်ဖြစ်နေသည်။ ပြည်ပရောက်တော့ သည်လိုမြင်ကွင်းမျိုးတွေကို ဓာတ်ပုံရိုက်ဖို့၊ မှတ်တမ်းတင်ထားဖို့လိုမှန်း သိလာခဲ့သည်။ စင်ကာပူလိုနိုင်ငံတွင် လူဖန်တီးထားသော ရှုခင်းများကသာ ကြီးစိုးနေသည်။ သဘာဝတောတောင်များ ပျောက်နေပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ပေါင် ၄၀ ကျော်က စင်ကာပူသည် အဘယ်သို့နည်း ဓာတ်ပုံများကသာ အမှန်အတိုင်း ပြောပြနေတော့မည်။ ထို့ကြောင့် စကားပြောသော ဓာတ်ပုံများကို ကျွန်တော်တို့ မှတ်တမ်းတင်ထားဖို့လိုသည်။




ခုကျွန်တော့်ဓာတ်ပုံတွင် ၂၀၀၉ ခုနှစ်တွင် မန္တလေးမြစ်ကြီးနား ပြေးဆွဲနေသော မြန်မာ့မီးရထားပါသည်။ အင်းတော်မြို့နားတ၀ိုက်ဆောင်းမနက်ရှုခင်းပါသည်။ ကြည့်ပါ။ ပျိုးခင်း စိမ်းစိမ်းလေးပါသည်။ နွေစပါးစိုက်ပျိုးကြောင်းကို ဖော်ပြနေသည်။ ၀ိုက်ထားသောခြံကို တွေ့ရမည်။ ထိုဒေသသည် နွားကို မထိန်းဘဲ လွှတ်ကျောင်းသော ဓလေ့မပျောက်သေးမှန်းကို သိသာစေသည်။ ရထားလမ်းနံဘေးတစ်လျှောက် လူသွားလမ်းသွယ်လေးကို မြင်နိုင်သည်။ ထိုအနီးအနာဒေသရှိ လူတို့သည် ရထားကို တစ်ရွာနှင့်တစ်ရွာ သွားရာတွင် မသုံးဘဲ နေ့စဉ် ခြေလျင်လျှောက် လယ်ယာလုပ်ငန်းခွင်ဝင်နေဆဲဖြစ်ကြောင်းကို ပြောပြနေသည်။

February 28, 2010

ကျွန်တော်နှင့်တောတွင်းကာလများ (၉)




အဖွားအကြောင်းဆက်ဦးမည်။ အဖွားသည် အသားဖြူသည်။ မျက်စိမှုန်သည်။ ငယ်ငယ်က စက်ချုပ်ပြီး အဖေတို့ မောင်နှမ တစ်တွေကို ရှာကျွေးခဲ့သည်။ အကြော်ရောင်းခဲ့သည်။ သူကြီးသမီးအဖွားသည် ဘိန်းစားအဖိုးကြောင့် အကြော်သည် တဖြစ်လဲခဲ့သည်။ အမှန်တော့ အဖိုးလည်း ဆင်းရဲသူမဟုတ်ပါ။ အဖိုးတို့ ညီအစ်ကို ၂ ယောက်တည်းတာရှိသည်။ထွန်းပွဲ နှင့် ထွန်းရှိန်၊ ညီအစ်ကို ၂ ယောက်။ ရှမ်းတို့ဘာသာအရ သားအကြီးကို အိုက် ထဲ့ခေါ်သောကြောင့် အဖိုးကို သူ့သူငယ်ချင်းများက အိုက်ပွဲ ဟုသာခေါ်သည်။အဖိုးတို့ ညီအစ်ကို ငယ်စဉ်က ကျွန်တော်တို့ အဘိုး ဘိုးငွေပြောင်းက ချစ်သည့်အတွက် ညီအစ်ကို ၂ ယောက် ဝေးဝေးမသွားစေရန် ခြေထောက်တွင် ခြူဆွဲပေးထားသည်ဟု ဆိုသည်။ ခြူသံဝေးသွားလျှင် လိုက်ခေါ်သည်
ဟုဆိုသည်။ အဖိုးတို့ ညီအစ်ကို က ဝေးဝေးသွားကစားလိုသည့် အတွက် ခြူထဲတွင် အ၀တ်များသိပ်ကာ အသံမမြည်အောင်လုပ်ပြီး ပြေးကြ၊ သွားကစားကြသည်ဟု ကြားဖူးသည်။ ဘမျိုးဘိုးတူ ဖြစ်ဟန်တူသည် ကျွန်တော်လည်း ဗန်းမောက်မျောက် အမည်တွင်ခဲ့ဖူးသည်တမုံ့။

February 27, 2010

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၈)

၂၀၀၉ ခုနှစ် ဒီဇင်ဘာအတွင်း အင်းတော်ကို ပြန်ရောက်ဖြစ်ခဲ့သည်။ အင်းတော်မရောက်မီ ကျွန်တော်တို့ ရှမ်းနီဒေသ၊ ဂတူးတို့ဒေသ ၏ ဆောင်းရှုခင်းများကို ကျွန်တော် အမှတ်တရ ဓာတ်ပုံရိုက်လာဖြစ်ခဲ့သည်။ ရထားပေါ်မှ မနက်စောစောမြင်ခဲ့ရသောရှုခင်းများဖြစ်သည်။ လွမ်းမောဖွယ်ကောင်းလေစွ။
နှင်းတောထဲတိုးဝင်နေသောရထားသည် ဆူဆူညံညံ အသံပေးလျက် တဂျုံးဂျူံးပြေးနေသည်။ စီးရသည်ကတော့ အဆင်မပြေလှပါ။ လူတွေက ကြပ်ဆဲ။ ခုံကြိုခုံကြားတိုးဝှေ့ စီးနေကြဆဲဖြစ်ပါသည်။ ရထားလမ်းက ကားလမ်းလို ကဆုန်ပေါက် ပြေးနေသည်ကို စီးဖူးလိုလျှင် မန္တလေး-မြစ်ကြီးနား ရထားကို စီးကြည့်နိုင်သည်။ ထမင်းပင် ကောင်းကောင်းစား၍ မရပါ။ ထမင်ထုပ်မှောက်ကျမည်စိုး၍ ရထားလမ်းနည်းနည်းကောင်းသည့် နေရာ ရောက်မှသာ စားကြရသည်။

October 17, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၈)

ကျွန်တော်တို့မြို့လေး၏ တောင်ဘက်တွင် ပေ ၅၀ ခန့်ကျယ်သော ဗန်းမောက်ချောင်က အနောက်မှ အရှေ့သို့ စီးဆင်းနေပါသည်။ နွေရာသီတွင် ရေအလွန်နည်းပြီး မိုးရာသီ မိုးရွာပြီးချိန်တွင် ရေအတော်ကြီးသည်။ ရေစီးကြမ်းသည်။ တောင်ကျချောင်းလိုဖြစ်နေသည်။ တောင်ကျ ရေနီများက အလိပ်လိုက် အလိပ်လိုက် ချောင်းငယ်ထဲ စီးနေသည်။ ချောင်းရေပြင်ကလည်း ကျယ်လာသည်။ ပေ ၂၀၀ လောက်ဖြစ်လာသည်။ မိုးရွာပြီး ရေတက်စဆိုလျှင် လှိုင်လုံးများကလည်း အလိပ်လိုက် ထလာသည်။ အသံများက တ၀ုန်းဝုန်း။ ရင်ခုန်စရာကောင်းသည်။ ငယ်ငယ်က ထိုလှိုင်းလုံးများကို လိုက်စီးရသည်မှာ ပျော်စရာ။ ချောင်းကြမ်းခင်း တစ်ချို့နေရာများတွင် ကျောက်ဖျာများပေါ်နေသည့် အတွက် လှိုင်းစီးရင်း ကျောနင့်ပွတ်မိ၊ ပေါင်နှင့်ပွတ်မိ ဖြစ်သည်။ ပူခနဲ့။ ထူခနဲ့။ နောက်မှ အရေပြားပွန်းနေတာကို စစ်ကြည့်ရသည်။ နာတာမနာတာ သိပ်သတိမထားမိ။ လှိုင်းစီးကောင်းသည် ကိုသာ သတိထားမိသည်။ ရေကူးတတ်စ ဖြစ်သောကြောင့် တစ်ခါတစ်ခါ ပါးစပ်ထဲ ရေအလုံးလိုက် ၀င်ပြီး မွန်းသွားသည်လည်းရှိသည်။ ရေ၀ဲများအောင် အသက်ရှူမွန်းကြပ်လောက်အောက် ပါသွားသည်လည်းရှိသည်။ ရေချိုးပြီးကြပြီဆိုလျှင် မျက်လုံးများလည်း ရဲရဲနီလျက်။ ကလေးဘ၀၊ တောနေကလေးဘ၀၊ ရုပ်ဝတ္ထုပစ္စည်းများမလို။ ရှိရာပတ်ဝန်းကျင်တွင် ပျော်စရာဖန်တီးပြီး သည်လိုပဲကြီးခဲ့ကြသည်။

June 15, 2009

ဟောင်ကောင်သို့ တစ်ကိုယ်တော်ခရီး (၁၀)

ဆက်မရေး ဖြစ်တော့သော ဟောင်ကောင်ခရီးကို ဆက်ရေးရန် အကြောင်းက ဖန်လာပြန်သည်။ ကိုဇူလိုင်အိပ်မက်(July-Dream) Tag လိုက်သည့် "နိုင်ငံခြားပြန်" က စသည်။ ပြန်ဖူးသည့် နိုင်ငံခြားဆို၍ ဟောင်ကောင်မှ စင်ကာပူ ပြန်ဖူးတာပဲရှိသည်။ မြန်မာပြည်ကလည်း မပြန်ဖူးသေးတော့ ရေး၍မရ။ မရေးလျှင် ငယ်ငယ်က ချေးဖူးသော "သားရေကွင်း ၃ ကွင်း အကြွေးပြန်တောင်မည်။ ငယ်ကျိုးငယ်နာဖော်မည်" ဟု ဆိုသောကြောင့် မရှိ ရှိတဲ့ နိုင်ငံခြားပြန်ကို ကောက်ရေးရတော့သည်။ ဒီကောင်က မလွယ်။ ငယ်ငယ်က ဘောင်းဘီ မပါဘဲ စိန်ပြေးတမ်း ကစားတာလည်း ချန်မည်မဟုတ်။ နှပ်တွဲလောင်းဖြင့် မုန့်လုစားကြတာလည်း ပြောပလိုက်မည်ဟု ဆိုသည်။ သူ့ပါးစပ်ထဲ နှပ် နှစ်ရွတ်ဝင်သွားသည့် အတွက် လည်ချောင်းကြောကြီး တင်းနေအောင် အသက်အောင့်ပြီး မျိုချလိုက် ရသည်ကို တော့ မပြောပဲ ချန်ထားပြီး။ သားရေကွင်း ပစ်တမ်း ကစားကြစဉ် ပုဆိုးမ၀တ်သော ကျွန်တော့က သားရေကွင်း ပစ်မှတ်မှ လွှဲထွက်လာသော သူ့လက်ချက်ကြောင့် ၃ ရက် ခန့် ရောင်ကိုင်း နေခဲ့သော အဖြစ် အပျက် အားလည်း ခရေစေ့ တွင်းကျကျ ပြောပလိုက်မည် ဟုလည်း အကြပ် ကိုင်သည်။ သတ္တိကောင်းသော ကျွန်တော်က ခံငြင်းပါသေးသည်။ နောက်ဆုံး မရေးလို့ကတော့ ငါးပြားစေ့ ၆ စေ့ ချေးထားတာ ဆပ်ကို ဆပ်ရမည်။ ငါးပြားစေ့ ၆ စေ့ မဆပ် နိုင်လျှင်။ တစ်သက်လုံး ခွေးချေးကိုင် ဟု ခေါ်မည်ဟု အကြပ်ကိုင်မှုကို ခံရသောအခါတွင်တော့ ခေါင်းညိမ့် လိုက်ရတော့သည်။ အကြောင်းမှာ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် တူတူ ပုန်းတမ်း ကစားကြစဉ် လေးဘက်ထောင်တွာသွားလာသော ကျွန်တော်က ခွေးချေးပုံ တည့်တည့် လက်ထောက်မိတာ သူတစ်ယောက် သိထားပြီး ထိုစဉ်ကတည်းက ခုထိ မပြောရန်၊ ထိပ်တန်းလျှို့ဝှက် အဆင့်ဖြင့် သတ်မှတ်ပေးပါရန် ထန်းလျက် တစ်ဆုပ်ပေးပြီး တောင်းပန်ခဲ့ရသည်ကို လူသိ မခံလို သောကြောင့်တည်း။ :D




3D ရုပ်ရှင် ကြည့်ပြီးတော့ ကျွန်တော်ကစားကွင်းတွေဖက်ရောက်လာသည်။ ကလေးလည်း မဟုတ် လူကြီးလည်း မဟုတ် ကျွန်တော်က ၀င်ကစားရမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ သို့သော် ရောက်တုန်းရောက်ခိုက် ပိုက်ဆံလည်း ပေးထားမှ တော့ စီးမယ်ကွာ ဆိုပြီး စီးဖြစ်ခဲ့သည်။ ပထမဆုံး မြင်နေရသည့် ကစားရုံများ၏ ဓာတ်ပုံများကို အမှတ်တရ တင်ပြပါသည်။




ခပ်ဝေးဝေးက မြင်နေရသည့် ကစားရန်နေရာ .




သိပ္ပံ ဆန်ဆန် အမိုးများ တည်ဆောက်မှုများဖြင့်





အရုပ်များဖြင့် စီးရသော ချား ။ ဒါတော့ ကျွန်တော် မစီးဖြစ်ခဲ့ပါ။ ကလေးဆန်လွန်းသည်ထင်၍။ အမှန်တော့ အဲလိုမဟုတ်ပါ။ ကျွန်တော်က အရှက်ကြီးပါသည်။ လူတောမတိုးသည့်ကောင်။ နောက်ဘယ်လိုက ဘယ်လိုဖြစ်ပြီး ကျောင်းသားတွေရှေ့ထွက် စာသင်ရဲသည် အထိ သတ္တိကောင်းသွားတာလည်း မသိပါ။ နောက်တော့ရေးဦ်းမည်။



ဒီ ပန်းကန်ကြီးတွေ စီးတာလည်း မစီးဖြစ်ခဲ့ပါ။ ပျော်တော့ ပျော်စရာကြီးဖြစ်သည်။ ခွက်တွေ ပန်းကန်တွေထဲထိုင်ပြီး လိုက်ရသည်။ တ၀ှီဝှီမြည်နေအောင်လည်သည်။



ခေါင်းမူးချင်စရာ အတော်ကောင်းသည်။ သိုသော် လူတွေ ခေါင်းမူးတာ မတွေ့ရပါ။ ဘယ်လို တွက်ချက်မှုမျိုးဖြင့် တည်ဆောက်ထားသည်ကို လေ့လာဖို့လိုမည်။ မြန်တာတော့ တော်တော်လေးမြန်သည်။

လမ်းတွင် ဒီကောင်ကြီးနှင့်ကြုံ၍ အမှတ်တရ ဓာတ်ပုံရိုက်လိုသည် ဆိုသည့် အတွက် တွဲရပ်ပေးလိုက်ရသေးသည်။ င်္ပြီးတော့ လှည့်အထွက် လက်အရမ်းမှာ လက်နှင့် တန်းနေသော ဒီကောင့် BALL ကို အားပါပါ တီးလိုက် သလို ဖြစ်သွားသည့် အတွက် ကုန်းကုန်းကွကွ ဖြင့် အော်နေသောကြောင့် ဟောင်ကောင်တွင် ဥုံဥုံဖွဖွ လုပ်ပေးလိုက်ရသေးသည်ကတော့ တစ်သက်တာမေ့မည် မဟုတ်။ :D

(မပြန်ရသေးသောကြောင့် ဆက်ရန်ရှိသေးသည်)


May 24, 2009

ကျွန်တော်နှင့်တောတွင်းကာလများ (၇)

အဖွား ...........

လူတိုင်းတွင် အဖွားရှိသည်။ အဖေဖက်က အဖွား၊ အမေဖက်က အဖွား။ အဖိုး၊ အဖွားများနှင့် နေဖူးသူများ အဖိုး အဖွားကို မြေးတွေဘယ်လောက် သံယောဇဉ်ကြီးတာ နားလည်ခံစားနိုင်ကြမည်။ အဖေ အမေဆူတော့ ရိုက်တော့ ရှောင်ပုန်းစရာ။ မိမိတို့ တောင်မဟုတ် မြောက်မဟုတ် မေးသည် ပြောသည်ကို စိတ်ရှည် လက်ရှည် ဖြေကြား၊ သင်ကြားပြောပြကြသည်မှာ အဖိုးများ၊ အဖွားများ။ ချစ်လိုက်သည်မှာလည်း တုန်လို့။ သားအချစ် မြေးအနှစ် ဆိုတာ အလကားပေါ်လာသော စကားမဟုတ်။

ကျွန်တော့် အဖေ ဖက်က အဖွားအကြောင်းကို အရင်ပြောပြလိုသည်။ အဖွားနာမည်က ဒေါ်မြမေ။ အဖွားက ရွှေကျောင်းရွာသူကြီးသမီး။ စာတတ်သည်။ နယ်ဆိုတော့ အတန်းကြီး၊ တက္ကသိုလ်ပညာမဟုတ်ပါ။ လေးတန်းထိနေဖူးသည်ဟုဆိုသည်။ ကျွန်တော်တို့မြို့လေးသည်။ တောင်ပေါ်တောကျကျ မြို့လေးဆိုတာကို သိဖို့လိုပါသည်။ တောထဲ တောင်ထဲ ထို ခေတ် ထိုအခါ စစ်ဘေး၊ စစ်ဒဏ်ကြားမှ စာတတ်သူက ခပ်ရှားရှား။ အဖွားက ထိုလို လူထဲမှ တစ်ယောက်။ အသုံးလုံးခေတ်တွင် အဖွားကျောင်းပြန်တက်စရာမလို။ အဖွားစာကောင်းကောင်းတတ်သည်။ အတွက်အချက်နိုင်သည်။ ဘယ်အထိ တတ်မှန်းတော့ ကျွန်တော်လည်း မသိပါ။ အဖွားသက်ရှိထင်ရှားရှိစဉ် ကျွန်တော်က လူမမယ်။ အဖွားရွတ်ဖတ်ပူဇော်လေ့ ရှိသော တရားသံများကို နံနက်စောစော ကြားနေကြ။ ထို တရားသံများကို သာယာနာပျော်စွာကြားနေမြဲ။ အိမ်၏ ကျက်သရေဆောင် အဖြစ် သိနေဆဲ။ အဖွားသည် ကျွန်တော့်အဖို့ အကြင်နာတရား၊ ကိုယ်ကျင့်တရားပြည့်ဝသူနှင့် ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦး။

အဖွား ဥပုသ်ကျောင်းသွားလျှင် အဖွားသူငယ်ချင်းများနှင့် စုစုပြီးသွားသည်။ ထမီအညိုရောင်လေးဝတ်၊ တံဘက်လေး ပုခုံးပေါ်တင်၊ ခေါင်းပေါ်တင်ပြီး ဥပုသ်ကျောင်း အသွားအပြန်မြင်ကွင်းများက ခု ပြန်စဉ်းစာတော့ ကွက်ကွက် ကွင်းကွင်းပေါ်လာသည်။ အဖေ၊ အမေနှင့် အရီး၊ ဦးလေးတို့က အဖွားတို့တစ်တွေ အပြန်ရေချိုးဖို့ ရေခပ်ပြီး ကုသိုလ်ယူကြ။ ဖျော်ရည်တိုက်ကြတာတွေ အမှတ်ရသည်။ ဥပုသ်သည် အားလုံး၏ မျက်နှာသည် အေးချမ်းလျက်။ တောသူတောင်သားတို့၏ ပကတိမျက်နှာကပင် အပြစ်က စင်ပြီးသား။ ဥပုသ်တရားများနာလာသောအခါ လေးနက်တည်ငြိမ်မှုလေးပါ ထပ်ကာနေသည်။ ကျွန်တော် ကြည်ညိုမဆုံးသော ကျေးလက်မြင်ကွင်းများ။ မြင်လိုသေးသော အေးချမ်းသည့်မျက်နှာများ။ မြို့ပြမှ လူများ၏မျက်နှာကို အဓိပ္ပာယ် မဖော်တတ်သောအခါ ကျေးလက်၏ ရိုးသားမှုဆိုတာကို လေးလေးနက်နက်ကြီး သဘောပေါက်လာတတ်ပါသည်။ အရိုင်းတော့ဆန်ပါသည်။ သို့သော် အရိုးခံနေသည်။ ဤသည်က ချစ်စရာ။

အဖွားကို ကျွန်တာ် အမှတ်အရဆုံးက မိုးရွာချိန်။ ကျွန်တော်ချက်မြုပ်ရာ အောင်သာကုန်းကျေးရွာမှာ တောင်ကုန်းပေါ်တွင် အိမ်ဆောက်ပြီးနေကြသည့် ရွာဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ မိုးရွာလျှင် တောင်ကျရေများက စုစည်းလာကြပြီး မြေနိမ့်ရာတောင်ခြေဖက် စီးဆင်းလာကြသည်။ ထို့ကြောင့် မိုးရွာပြီးစတွင် လမ်းမပေါ်တွင် ချောင်းကလေးလို နာရီပိုင်းလောက် စီးနေတတ်သည်။ မြေနီကို ဖြတ်စီးလာသည့် ရေနီများ။ ကျွန်တော်တို့ အိမ်လေးမှာ တောင်ခြေတွင်ရှိသည့်အတွက် မိုးရွားပြီးချိန် စီးဆင်းလာသည့် နာရီပိုင်းသာခံသည့် တောင်ကျချောင်းလေးမှာ ကျွန်တော့် အိမ်ရှေ့ မှဖြတ်စီးသည်။ ထိုဖြတ်စီးသည့် ခဏ၌ အဖွားက ကျွန်တော်တို့ ကစားရန် သတင်းစာစက္ကူကို လှေ အဖြစ်ခေါက်ပေးသည်။ ကျွန်တော်တို့ ညီနောင်နှစ်ဦး တစ်ယောက် လှေတစ်စင်းစီ ကိုင်းပြီး လှေလွှတ်ပြိုင်ကြသည်။ တောင်ကျ ချောင်းလေးထဲ။ လှေကလေးနောက်ပြေးလိုက်ပြီးကြည့်ရသည်။ စက္ကူလှေက ရေစီးနည်းနည်းကြမ်းသည့် တောင်ကျချောင်းလေးထဲ ကြာကြာမခံပါ လှိုင်းတွေပုတ်လိုက်တော့ ဟိုစောင်း သည်စောင်းနှင့် ရေစိုပြီး နစ်တော့သည်။ စက္ကူလှေကလေးနစ်၍ ပျက်သွားလျှင် အဖွားဆီ အပြိုင်းပြေးပြီး စက္ကူလှေ အခေါက်ခိုင်းရပြန်သည်။ လှေ ၃ - ၄ ပွဲလောက်ပြိုင်ပြီးလျှင် တောင်ကျချောင်းလေး ရေအားနည်းသွားပါပြီး ချောင်းကလေးအဖြစ် မစီးတော့။ ရေစီးကြောင်းရာလေးသာရှိတော့သည်။ ထိုတောင်ကျချောင်းလေး မပျောက်မီ စက္ကူလှေ ကလေးနှင့် ကစားရသည်ကို လွမ်းလွမ်းဆွတ်ဆွတ်ရှိသည်။ ထိုအချိန်များသည် အဖွားဆုံးပြီးတော့ ကျွန်တော် အတမ်းတဆုံး။ မိုးသည်းသည်းရွာပြီးတိုင်း အဖွားနားကပ်ပြီး စက္ကူလှေ ခေါက်ခိုင်းကြသည်။ နောက်တော့ အဖွားသင်ပေးသည်။ အဖွားမသေခင် သင်ပေခဲ့သည့် အမှတ်တရ ကစားစရာ။ ကျွန်တော်ထင်ပါသည်။ ကျွန်တော့ သားသမီး၊ မြေးမြစ်များထိ ကျွန်တော်လည်း လက်ဆင့်ကမ်း သင်ပေးဖြစ်မည်ဖြစ်သည်။ စက္ကူလှေကလေးသည့် ကျွန်တော့ အတွက်တော့ သံယောဇဉ်၏ သင်္ကေတ တစ်ခု။ ယခု စာရေးနေရင်း ....... လူမှန်းပင်ကောင်းကောင်း မသိတတ်သေးသည့် အရွယ်က အဖွားလုပ်ပေးခဲ့သည့် စက္ကူလှေငယ်ငယ်လေးတွေကို ကျွန်တော့်စိတ်မျက်စိထဲ ရေနီတောင်ကျ ချောင်းလေးတစ်လျှောက် လှုပ်လှုပ်လဲ့လဲ့ဖြင့် ဝေ့ကာ ၀ိုက်ကာ တရွေ့ရွေ့ မျောပါဆင်းနေသည်ကို မြင်ယောင်နေမိရင်း ..... ဤ ပို့စ်ကို အဖွား အမှတ်တရအဖြစ် ရေးလိုက်ရပါသည်။
စက္ကူလှေလေးတစ်စင်း အဖွားအမှတ်တရအဖြစ် ပြန်ခေါက်ဖြစ်သည် ................. အဖွားသင်ပေးခဲ့သော စက္ကူလှေခေါက်နည်း

April 19, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၇)

ညနေကျောင်းဆင်းချိန်။ ကောင်းကင်တစ်ခုလုံးက တိမ်ညိုများဖုံးလျက်။ နေရောင်လည်းပျောက်နေသည်။ နေ၀င်ချိန် ဆည်းဆာကို မမြင်သာတော့။ တိမ်ကြို တိမ်ကြားမှ ကျလာသော အလင်းတန်းတို့ကပင် ရင်ထိတ်စရာ အသွင်ကို ဖြစ်စေသည်။ ပတ်ဝန်းကျင်ကလည်း အအေးဖက်လုနေသည်။ လေတို့က တ၀ူးဝူးတိုက်လျက် မကြာမီ မိုးသည်းသည်းမည်းမည်း ရွာချလိုက်ရန် တာစူနေပြီ။
ကောင်းကင် တစ်ခွင်လုံးလည်း မှောင်မိုက်နေသည့် အတွက် ကျောင်အပြန် သားသမီးလာကြိုကြသည့် မိဘတို့က မရှား။ သားငယ် သမီးငယ်တို့ကို ထီးကိုယ်စီ မိုးကာ ကိုယ်စီဖြင့် လာကြိုနေကြသည်။ မကြို၍ မဖြစ် အင်းတော်မိုးက မိပြီဆိုလျှင် မရွဲတာမရှိ။ ကြွက်ကလေးရေနစ်သလို တစ်ကိုယ်လုံး ရွဲရွဲစိုသည်။ ထီးလောက် ခမောက်လောက်နှင့် အဆင်မပြေ။ မိုးကာလည်း သိပ်မနိုင်ပါ။ မိုးရွာချိန် အိမ်ထဲ နေသည်ကသာ အကောင်းဆုံး။
မိဘနှင့် ဝေးနေသော ကျွန်တော့်ကိုတော့ လာကြိုသူလည်းမရှိပါ။ သို့သော် မိုးရွာသည် မိုးသည်းသည်ကို ကျွန်တော်ကလည်း ကြောက်စရာဟု မထင်ပါ။ မိဘတွေ လာကြိုကြသည့် သူငယ်ချင်းများကို ပင် ကလေးပိစိကွေးလေးတွေလို ထင်မိသည်။ မိုးစိုစို အ၀တ်ဖြင့် မိုးရေထဲပြေးရသည်ကပင် ကျွန်တော့်အတွက် ပျော်စရာ၊ ကစားရတာတစ်မျိုး။ ကြက်ပေါင်ဖိနပ်လေး နှစ်ဖက်ကို လက်ကောက်ဝတ် တစ်ဖက်တစ်ချက်စီတွင် စွပ်ပြီး အိမ်ရောက်သည် အထိ သူငယ်ချင်းနှင့် အပြိုင်ပြေးရသည်က မမောနိုင် မပန်းနိုင်။ လဲရင်လည်း မိုးရေထဲ။ ခြေချော်မသွားအောင်ထိန်းပြေးရသည်ကလည်း ပညာ။ ခြေချရာ ရေစက်ကလေးများ ဖြာခနဲ ဖြာခနဲ လွင့်စင် သွားကြသည်ကပင် မိမိကိုယ် မိမိကိုယ် ရုပ်ရှင်ထဲကလို စလိုးမိုးရှင်း ပြေးနေရသလို မြောက်ကြွကြွဖြစ်စေသည်။ ဟိုတစ်နေ့ကတင် ညီမလေးတစ်ယောက် ပြောပြတာ ကြောင့် သတိရသည်။ ငယ်စဉ်က မိုးရေထဲ ရေချိုးတာ။ မိုးရေချိုးလျှင် မိတ်ဖု ပျောက်သည် ဟုဆိုကာ ချိုးကြသည်။ တကယ်ပျောက် မပျောက် ကျွန်တော် မသိပါ။ မိတ်ဖုဆိုတာ ငယ်ငယ်က ၅ နှစ် ၆ နှစ် သားလောက်ထိသာ ပေါက်ဖူးပြီး နောက်ပိုင်း ဘယ်တော့မှ မပေါက်တော့သည့် အတွက် မိတ်ဖု ယားတာကို လည်း မေ့ချင် သလိုသလို ဖြစ်နေပြီ။ မိတ်ဖုထွက်လျှင် အတော်ယားတာမှတ်မိသည်။ ချွေးထွက်လျှင် စပ်တာမှတ်မိသည်။ လက်ဖြင့် စမ်းလျှင် အဖု အဖု ဖြင့် အသားမှာ ကြမ်းထော်ကြီး ဖြစ်နေတာ မှတ်မိသည်။ မိဖု ယားလို့လား မသိပါ ကျွန်တော် ငယ်ငယ်က အိပ်ယာထဲ အိပ်လျှင် အဖေက ကျွန်တော် မအိပ် မချင်း ၀ါးယပ်တောင် ဖြင့် ယပ်ခပ်ပေးရသည်။ ကျွန်တော့် တစ်ကိုယ်လုံး အေးစက်နေတော့မှ ကျွန်တော် အိပ်ပျော်သည် ဟု အဖေပြောဖူးသည်။ စာရေးရင်းပင် အဖေ့ကျေးဇူးကို လွန်းစွာ ခံစားမိလာသည်။ တွေးမိတော့ မျက်ရည်ပင်ကျလုလု အဖေ့ကို လွမ်းလာသည်။ စကား မပီကလာ ပီကလား ပိစိကွေး ကျွန်တော်။ အသက် ၂၈-၂၉ နှစ် အရွယ် ကျွန်တော့်ဖေဖေ။ ကျွန်တော့်ကို အပူအပင်ကင်းကင်း နှစ်ခြိုက်စွာအိပ်စက်စေလိုသည့် သူ့စေတနာ။ စိတ်မျက်စိထဲ အကွင်းလိုက်ပေါ်လာသည်။ အဖေ့ရင်ထဲမှ မေတ္တာကို ထုနှင့်ထည်နှင့် မြင်မိသည်။ ဖုန်းဆက်ရခက်သော ကျွန်တော့်မွေးရပ်မြေကို မရ အရခေါ်ကာ အဖေနှင့် စကားပြောရဦးမည်။ အဖေကျွန်တော့ကို လွမ်းတော့မည်။ ကျွန်တော် အဖေ့ကို လွမ်းနေပြီ။
အင်းတော်အ.ထ.က ကျောင်းမှ ကျောင်းဝင်းအလယ် မြက်ခင်းပြင်ကြီးသည်။ လွတ်လပ်စွာပြေးရာ လွားရာ ကစားရာ။ မြက်ခင်းပြင်ကြီးကို ဖြတ်အပြီး လမ်းမပေါ်ရောက်သည်။ ကျွန်တော် အင်းတော်ရောက်စက ထိုလမ်းက ကတ္တရာ မခင်းသေး။ ကျောက်ခင်းလမ်း။ ထိုအချိန်ကတော့ ခြေဖ၀ါးများကလည်း အကြမ်းခံသည်။ တော်ရုံကျောက်ခဲမစူး။ သဲရှပ်ရှပ် ကျောက်တုံးတရကြမ်းမြေပြင်တွင်ပင် ပြေးသည်၊ လွှားသည်၊ ကစားသည်။ ဖိနပ်ပျောက်မှာစိုးသည့်အတွက် ဖိနပ်ကလေးနှစ်ဖက်ကိုတော့ ဘယ်ညာလက်ကောက်ဝတ်တွင် လက်ကောက်စွပ်သလိုစွပ်ထားရသည်။ ကျွန်တော် ငယ်ငယ်က ဖိနပ်မေ့ကျန်ပြီး အိပ်ပြန်ပြန်လာတာများသည်။ လှေကားရင်းရောက်မှ ကစားရာနေရာအရောက် ပြန်ပြေကား ဖိနပ်ပြန်ရှာရသည်က စိတ်ညစ်စရာကောင်းသည်။
အိမ်ပြန်ရောက်လျှင် မိုးရွာမည်ဖြစ်သည့်အတွက် အိမ်အပြင် မထွက်တော့။ မိုးရေစင်သွားအောင် ရေချိုးပြီး ရေအမြန်သုတ်ကာ စောင်ခြုံနှင့်ကွေးတော့သည်။ ဘကြီးတို့ ထမင်းစားမယ် ခေါ်မှ ညနေစာထမင်းစားကာ ဧည့်ခန်းတွင် ဘကြီးတို့တွေ ပြောသမျှ ဟောသမျှ အလာပသလာပ အကုန်နားထောင်သည်။ လူကြီးတို့၏ စကားတို့သည် ကျွန်တော်တို့ကို တစ်မျိုးရင့်ကျက်စေသည်။ သူတို့၏ အတွေအကြုံများ၊ သူတို့၏ လူမှုသူမှု ဒုက္ခများ၊ ကြားလာခဲ့သမျှ အတင်းအဖျင်းများကအစ အကုန်မှတ်သားရသည်။ ဘကြီး၏ အိမ်နီးချင်း ရှေးရိုးစွဲအဖိုးကြီးများ၏ ခေတ်မမှီသော အစွဲအလွဲအများကိုလည်း မှတ်သားရသည်။ သူတို့၏ ဘ၀နှင့်ရင်းကာ သိလာမှတ်လာကြသည့် ဆင်ခြင်ဖွယ်များကိုလည်း ပုံပြင်သဖွယ် နားထောင်ခဲ့ရသည်။
အင်းတော်မိုးက မိုးချုပ်စလောက်ကစရွာတတ်သည်။ တောင်လုံးညိုဟု သူတို့ခေါ်သည့် အရှေ့တောင်ထောင့်ဖက်မှ မိုးသားထုသာ ပြိုဆင်းလာလျှင် မိုးသည်းသည်း မည်းမည်းချတော့သည်။ တစ်ညလုံး၊ မိုးကြိုးတွေ တဒုန်းဒုန်း၊ လေသံတွေ တဖုန်းဖုန်း။ မိုးနှင့်လေအရော တဝေါဝေါညံနေသည်။ ကျွန်တော်ကတော့ မိုးရွာရွာ စောင်ကလေးနှင့် ခပ်ကွေးကွေးအိပ်ရတာကို နှစ်ခြိုက်သည်။ ကလေးဘ၀ ပူစရာက နတ္ထိကိုး။ အလုပ်ပျက်တာ ဘာညာမရှိ။ မိုးကြီးလွန်း၍ ကျောင်းပတ်လျှင် သာ၍ပင် ပျော်စရာကောင်းသေးသည်။ မိုးကြီး၊ ရေကြီးလျှင် အင်းတော် အ.ထ.က က ကျောင်းပိတ်နေကြ။ အိပ်ကောင်းကောင်းနှင့် အိပ်ပလိုက်သည်။ မနက်နှိုးလာလျှင်တော့ အသံကြားရပြီ။ အိမ်အောက်ရေ၀င်နေသည့် အသံများ။ လမ်းလျှောက်လျှင် ပလုံ ပလုံ ဗွမ်းဗွမ်း သံတွေညံနေသည်။ အများအားဖြင့် ရေဒူးဆစ်လောက်ရောက်နေတတ်သည်။ မိုးသည်းလွန်းလျှင် ခါးလောက်ထိရောက်နေသည်။ အင်းတော် အောင်မေတ္တာ တစ်ရပ်ကွက်လုံးနီးနီး ရေမြုပ်သည်။ အိမ်အောက်မှာ ရေတွေချည်း။ လှေလှော်သွား၍ပင်ရသည်။ သို့သော် မရှိပါ။ ရေက တစ်ရက်လောက်ဆို ကျသွားသည်။
ရေကြီးနေချိန်တွင် လမ်းလျှောက်ရန်ခင်းထားသော တစ်တုံးတံတားများ ရေထဲ ပါမသွားအောင် ကြိုးနှင့်ချည်ထားရသည်။ ရေကျချိန်တွင် နေရာတစ်ကျဖြစ်အောင်လည်း ပြန်စီရသည်။ ရေကျချိန် သတိထားပြီး မစီပါက။ လူအားများများနှင့် သူ့နေရာ သူရောက်အောင် တုံးကို ကုတ်နှင့်ကော်ကာ ရွေ့ရတော့သည်။
ရေကြီးပြီဆိုလျှင် ရေနီများ၊ ရေပုပ်တော့မဟုတ်ပါ။ အရောင်မကောင်း၊ အနံ့တော့ မနံပါ။ အိမ်ကြိုအိမ်ကြားမှ ဖြတ်စီးလာသည့် အတွက် ညစ်ပတ်သည်။ သောက်ရေ၊ သုံးရေ ပြဿနာဖြစ်သည်. ထို့ကြောင့် အင်းတော် မိုးဦးကျ မိုးတအားရွာတော့မည်ထင်လျှင် သောက်ရေ အသင့်၊ ချက်ရေ အသင့် စဥ့်အိုးနှင့် လှောင်ထားဖို့လိုသည်။ မနက်စောစောအထ၊ ရေတွင်းသာ ရေအောက်မြုပ်နေလျှင် သောက်ရေရော၊ သုံးရေရောပါ မရှိတော့။

April 1, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၆)

ငယ်ကမှတ်မိတာတစ်ခု။ မိုးတွင်း စပါးခင်းစိမ်းစိမ်းထဲ။ ဖားမျှားကြတာ။ ဖားမျှားတာက ငါးမျှားတာ ထက်မြန်သည်။ ဖားတွေက အတော်အစားပုတ်သည်။ စားစရာလေးတစ်ခုခုကို ငါးမျှားချိတ်တွင် ချိတ်ပြီး လယ်ကွက်ထဲ ချလိုက်လျှင် "တဖြောင်းဖြောင်း" မြည်အောင် ခုန်ပြီးပြေးလာကြသည်။ တွေ့ရာ အစာကို အမိဟပ်ပြီး အသားကုန်လွှေးသည်။ ထိုကြောင့် ဖားမျှားရတာ ငါးမျှားရတာထက်လွယ်သည်။ မြင်လည်းမြင်နေရသည်။ မိလာသည့်ဖားကို သတ်ရသည်ကတော့ မလွယ်ပါ။ မြေပြင်ပေါ်တွင် ပေါက်သတ်ရသည်။ လျှာထွက်လာကာ ဆန့်ငင် ဆန့်ငင်ဖြစ်ပြီး "ဂန့်" သွားသည်။ စိတ်မခိုင်လျှင် ဖားမမျှားပါနှင့် ။ ငါးထက် ရုပ်ပျက်ဆင်းပျက်ဖြင့်သေသည်။ လျှာအရှည်ကြီးက တန်းလန်းထွက်နေသည်။ ပြီးတော့ လူလို ခြေနှင့်လက်နှင့်။ ထို့ကြောင့်လည်း ဆရာဝန်တွေ ဖားကို ခွဲရခြင်းဖြစ်မည်။
ပြောနေရင်း အမေပြောဖူးတာသွားသတိရသည်။ ကျွန်တော့်အဖိုး ဦးအိုက်ရွှေ။ အမေတို့ ငယ်ငယ်က။ မျောက်တစ်ကောင် မုဆိုးများ ရလာသည့်အတွက် ချက်စားရန် မီးမြိုက်ကာ အမွေးနှုတ်ကြသည်ဟုဆိုသည်။ မျောက်မျက်နှာမှာ အမွေးများ နှုတ်ပြီးတော့ တကယ့် အဖိုးကြီးရုပ်ဟု ဆိုပါသည်။ ထိုကတည်းက အဖိုးမျောက်သား မစားတော့။ ထိုကြောင့်လည်း "မျောက်သားစားချင် မျောက်မျက်နှာ" မကြည့်နဲ့ ဟုဆိုတာဖြစ်ပါမည်။
အောက်တွင် ပြထားသည့် ဖားဥဘ၀မှ အရွယ်ရောက် ဖားဖြစ်လာသည် အထိ တစ်ဆင့်စီကို သေချာမြင်ရသည်။ လယ်ကွက်ထဲ မြင်မြင်နေရသည်။ မိုးဦးဖားကျအပြီး သိပ်မကြာခင် လယ်ကွက်ထဲတွင် ဖားဥတွဲများ။ ကျောက်ကျောလို တုန်တုန်။ ပျော့စိစိ ပျစ်တွဲတွဲ အရည်များ။ ကောက်ပင်များကြား။ သမန်းမြက်များကြားကပ်လျက်၊ တွယ်လျက်။ နောက်ရက်အတော်ကြာလာတော့ လှုပ်စိစိ အကောင်လေးများဖြစ်လာသည်။ သေးသေးလေးတွေ။ နောက် ငါးကလေးတွေလို အသင်းလိုက် ဟိုးဖက်ကူးလိုက် သည်ဖက်ကူးလိုက်ဖြင့်။ အုံနှင့် ကျင်းနှင့်။ နည်းနည်းနောနော ဖားလောင်းတွေ မဟုတ်။ မည်းမည်းလေးတွေ။ အုပ်လိုက် ရွေ့နေသည်။ နောက် နည်းနည်း ၀တုတ်လေးတွေဖြစ်လာပြီး။ ခြေထောက်လေးတွေ ထွက်လာသည်။ ကိုးယို ကားယားကောင်တွေ။ ငါးလိုလို ဖားလိုလို။ ငါးတစ်ပိုင်း ဖားတစ်ပိုင်း။ လက်တွေထွက်၊ ခြေထောက်တွေရှည်လာပြီး အမြီးတိုလာသည်။ ကုန်ပေါ်တက်လာတော့ အမြီးက တန်းလန်း။ "ဖားတွေ အမြီးတန်းလန်း တန်းလန်း" နှင့် အတော်ရယ်စရာကောင်းသည်။ ခုန်တော့လည်း သိပ်ဝေးဝေး မရောက်သေး။ အမြီးပျောက်တော့မှ။ ဆောင့်ကြွားကြွား ဖားကြီးဖြစ်တော့သည်။

ဖားအကြောင်းပြောရင်။ ကာတွန်းဆရာ အော်ပီကျယ်ရေးထားသည့် ကာတွန်းလေးသွားသတိရသည်။ သူ့ကာတွန်းလေးပြလိုသည်။ (ခွင့်ပြုပါ ဆရာအော်ပီကျယ်ခင်ဗျာ)။ အတော်ထိမိသည့် ကာတွန်းဖြစ်သည်။



ကြက်ပေါက်ကလေး လောကကြီးကိုရင်မဆိုင်ရဲသည့်အတွက် ပြန်ပြေးလာပြီး ဖားအသွင်ပြောင်းပြီးမှ ပျော်ရွှင်စွာ ခုန်ထွက်သွားပုံ ...။ ဘာကို ဆိုလိုမှန်းတော့ ကျွန်တော်မသိပါ။ အတော် အသက်ဝင်တာကို သဘောကျသည်။ (:P)



အကောင်ကြီးသည့်အတွက် ကြောက်ကာပြေးနေရသည်။ အရေခွံကွာ သွားတော့မှ "ဖား" ဖြစ်နေသည်။ ဆရာအော်ပီကျယ်က ဘာကိုဆိုလိုသလဲ ကျွန်တော်နားလည်နိုင်စွမ်းမရှိပါ။ "ဖား" က လူရုပ်ကြီးဖြစ်နေစဉ် မြင်ရတော့ ဆေးရုံးထဲမှ ပတ်တီးအဖွေးသားနှင့် အလောင်းကောင်ကြီးကို မြင်မိကာ "ဖားကလေး" ကို ကျွန်တော်လည်း အမှန်ပင် ကြောက်မိပါသည်။
လယ်ကွက်ထဲမှ ဆူညံလွန်းလှသော ဖားသံကို သတိရသည်။ အသံကျယ်သလောက် အကောင်ကသေးသည်။ ဆင်ဆိုသည့် သတ္တ၀ါ ကမ္ဘာဦးအစက ဒီလောက်မျက်စိမကျဉ်းဟုဆိုပါသည်။ ဖားကြောင့်ကျဉ်း သွားသည်ဟု ရွှေသွေး စာစောင်ထဲ ဖတ်ဖူးသလိုရှိသည်။ အသံက ကျယ်လွန်းလှသည့် အတွက် ဖားသံကြားစက ဆင်က သူ့ထက် အကောင်ကြီးမည်ထင်ပြီး ကြောင်ကာပြေးသည်။ နေ့စဉ်ကြားနေရတော့ စူးစမ်းလိုလာသည်။ တစ်တောင်ပြီး တစ်တောင်ဖြတ်ကာလိုက်ရှာသည်။ မတွေ့။ နောက် တွေ့မှ တွေ့တော့။ သစ်ရွက်အောက်မှာ။ ဆူဆူညံညံ အသံကြီးကြောင့် ရဲရဲပင် မလှန်ရဲ။ မရဲတရဲဖြင့် သစ်ရွက်ကလေးကို နှာမောင်းဖြင့် အရဲစွန့်ကာ မ လိုက်တော့မှာ အောက်က ဖားဖြစ်နေသည်။ ဆင်မှာ ထိုမျှလောက်ဖားပိစိလေးမှ သူ့ထက်ကျယ်သော အသက်ထွက်နေသည့် အတွက် အူတက်မတတ် ဟားတိုက်ရယ်။ မျက်လုံးကို စိစိပိတ်ပြီး အားရ ပါးရ ရယ်မောရာမှ မျက်လုံးများ သေးငယ်သွားပြီး။ ယခုလို ဆိုဒ် (size) ဖြစ်နေသည်ဟုဆိုသည်။
ထို့ကြောင့် သတိပေးလိုသည်။ ကျွန်တော့် ဘလော့ဖတ်ကာ သိပ်မရယ်ကြပါနှင့်။ မျက်လုံးပေါက်များ ကျဉ်းပါက ကျွန်တော်နှင့် မဆိုင်ကြောင်း။ မိမိ အပေါက် ကျဉ်းသည်မှာ မိမိ တာဝန်သာဖြစ်ကြောင်း၊ ပြောကြားရင်း ဒီပို့စ်ကို ဒီမှာနားပါရစေဦးဟု.....
.
.
မေတ္တာဖြင့်
စိုင်းခမ်းထွန်း
Saing Khan Tun

March 28, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၆)

ကျွန်တော့်သူငယ်ချင်းစိုးပိုင်။ အင်းတော်တွင် ပထမဆုံးခင်သည့် သူငယ်ချင်း။ သူအဖေက ဦးတင်ရွှေ၊ သူ့အစ်ကိုက စိုးနိုင်။ စိုးနိုင် နာမည်အလွန်ပေါသည်။ စက်ကုန်းတွင်ပင် စိုးနိုင် ၂ ယောက်ရှိသည်။ နောက်စိုးနိုင် တစ်ယောက်က ကျွန်တော့်ယောက်ဖ ကိုတင်မောင်အေး၏ညီ ကျွန်တော့ကို နာမည်ပျက်ပေးသည့်လူ။
ဖြစ်ပုံက ဒီလို တောသားကျွန်တော်က အင်းတော် စက်ကုန်းတွင် အလွန်ဆော့သည်။ ထို ကိုစိုးနိုင်နှင့်လည်း ကစားလိုက်၊ နောက်လိုက်။ ကျွန်တော် သူ့ကိုခင်သလို၊ သူကလည်း ကျွန်တော့်ကို ခင်ပါသည်။ သူ့တူမ မီးမီးနှင့် ကျွန်တော့်ကို စသည်။ အတော်လေးလှသည့် ကလေးမ ဖြစ်ပါသည်။ ခုချိန်တွင် ဆိုလျှင်တော့ ကျွန်တော်မိန့်မိန့်ကြီးပြုံးကာ အတော်ကျေနပ်နေမည်ထင်ပါသည်။ (:P) ထိုအချိန်ကတော့ အရှက်ကြီးသော ကျွန်တော်က မိန်းကလေးများနှင့် စသည်ကို လုံးဝမကြိုက်ပါ။ ဟေး ... ယောက်ျားလေးနှင့် စလျှင်တော့ကြိုက်သည် ဆိုသည့် အဓိပ္ပာယ်မဟုတ်ပါ။ လူနောက်များကို ကြိုတင်ရှင်းထားရမည်။ (:D)
ထိုကိုစိုးနိုင်၏ရှေ့တွင် ကျွန်တော် ငယ်ငယ်က အီး ခိုးပေါက်မိသည်။ အနံ့ကအတော်ပြင်းသည်။ သိတယ်မဟုတ်လား။ (ဟား ဟား ..... (:D) ....) သူက အီးပေါက်တဲ့ကောင်ဖင်ထဲ ဆင် -ီးကောက်ကောက် ၀င်တွေ ဘာတွေပြောသည်။ လူအ၊ ကျွန်တော်က ငြိမ်၍ မနေဘဲ။ ကျွန်တော်ပေါက်တာ ... ဘာညာ သွားလုပ်သည်။ "အီးထွန်း" ဆိုပြီး နာမည်စွတ်ပေးတော့သည်။ အင်းတော် စက်ကုန်း တစ်ကုန်းလုံး ကျွန်တော်ကို ထို အချိန်က စပြီး အီးထွန်း ခေါ်ကြတော့သည်။ လူစုတ် ... ကိုစိုးနိုင် ... သူပေးလိုက်သည့် နာမည် အတော်တွင်သည်။ နောက်ပိုင်း ကျွန်တော် ၄ တန်းလောက် အရောက်တွင် သူဘယ်ပြောင်းသွားသည် မသိ။ ခရီးထွက်သွားတာဖြစ်မည်ထင်ပါသည်။ သူတူမ မီးမီးလေးပါ ပျောက်သွားသည်။ သူတို့ ညီအစ်မ တစ်တွေ အတော်လှကြပါသည်။ နောက်ပိုင်း ၁၀ အောင်ပြီး သူတို့လေးတွေ ပြန်ရောက်လာသည်။ တကယ့် မဟာဆန်ဆန် လှသူတွေ။ ကိုယ်ဟန်သွယ်သွယ်၊ ဖြူဖြူလေးများဖြင့် အတော်ချစ်စရာ ကောင်းသည့် မိန်းမပျိုလေးများ။ ကျွန်တော်နှင့်တော့ မရင်းနှီးပါ။ ခပ်တန်တန်တာ။ သူတို့လေးတွေက ကျွန်တော့် ယောက်ဖ၏ တူမများ။
"အီးထွန်း" ဆိုသော ထိုနာမည် အတော်တွင်သည်။ လူတိုင်းက အီးထွန်းခေါ်သည်။ ခေါ်စက ကျွန်တော် မထူးပါ။ ထို ကိုစိုးနိုင်ကို ခဲနှင့် လိုက်ပေါက်သည် ထင်ပါသည်။ ကျွန်တော်က ခံပြင်းလေ။ သူက စလေ။ ထွက်ပြေးလိုက် ခေါ်လိုက်ဖြင့် စက်ကုန်းတစ်ကုန်းလုံးသိကာ နာမည် ပိုကြီးသွားတာလည်း ဖြစ်ပါမည်။ ထို အချိန် သမယက ကျွန်တော့်နာမည်သည်။ အင်းတော် စက်ကုန်းတွင် အီးထွန်းတည်း။ ကျောင်းတွင် မပေါက် မရောက်လာ၍ တော်သေးသည်။ နောက်ပိုင်တော့ပျောက်သွားပါသည်။ ကျွန်တော်ကပဲ ထိုနာမည်နှင့် မထိုက်တန်တော့တာလား မပြောတတ်ပါ။ စက်ကုန်းဘက် ကျွန်တော် အရောက်နည်းသွားတာလည်းပါမည်။ ခု ကျွန်တော် ပြန်လျှင်တော့ ကျွန်တော့်ကို စိုင်းခမ်းထွန်းဟုပင် ကောင်းကောင်းမွန်မွန် အရေးတယူခေါ်ကြပါသည်။ ကျွန်တော်လည်း တွေ့သမျှ ငယ်ငယ်က အဒေါ်ကြီးများ၊ ဦးကြီးများ၊ အစ်မကြီးများ၊ ဦးလေးများကို ခေါ်မြဲ နှုတ်ဆက်မြဲပင်။
စိုးပိုင် အကြောင်းဆက်ဦးမည်။ သူတို့ အိမ်နောက်ဖေးတွင် ဆီးသီးပင်ခပ်ကြီးကြီး တစ်ပင်ရှိသည်။ အလွန်သီးသည်။ အချိန်တော်တော်ကြာကြာလည်းသီးသည်။ ကျောင်းဆင်းလျှင် စိုးပိုင်တို့အိမ် ကျွန်တော်ပြေးသည်။ သူနှင့်ဆော့သည်။ ဗိုက်ဆာလျှင် ဆီးပင်ပေါ်တက်ကာ ဆီးသီးများခူးပြီး အပင်ပေါ်တွင်ပင် ထိုင်ကာ စားကြသည်။ စကားတပြောပြော။ သူနှင့် ကျွန်တော် စိတ်တိုဖူးသည်ပင်မရှိပါ။ စိုးပိုင်ကို ခုပင် သတိရသည်။ သူသည် ဇနီးနှင်၊့ ကလေးများနှင့်။ စီးပွားရေးရော အဆင်မှ ပြေပါလေစ။ အင်းတော်တွင်လည်း သစ်စက်လုပ်ငန်းက ဖြစ်တော့သည် မဟုတ်။ ထိုစက်ကုန်းရှိ သစ်စက်ကြီးမှာ ၁၉၈၈ ကတည်းက သေချာ လည်ဖြစ်သည် မရှိတော့ပါ။ စက်ရုံ အလုပ်သမားများလည် ဒုက္ခရောက်ကုန်သည်။ နေစရာတန်းလျာရှိ၍တော်တော့သည်။ စက်ရုံမလည်ပတ်နိုင်တော့သော်လည်း စက်ရုံသူဌေး တရုတ်ကြီး ဦးဖိုးကွမ်းက သူ့အလုပ်သမားများကို အလုပ်သမားတန်းလျားမှမနှင်။ အလကားနေစေသည်။ အတော်အကြင်နာတရားကြီးသည့် တရုတ်ကြီး။ သူနှင့် ကျွန်တော် ဗန်းမောက် လည်ဦး ရွှေမော်ပေါ်တော့ တစ်လလောက် တစ်တဲတည်း အတူနေဖူးသည်။ မှတ်သားစရာစကားများ သူပြောသည်။ စည်းစနစ် အချို့ကို သင်ပေးသည်။
သူပြောသည့် အထဲမှ ကျွန်တော် ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သောစကား ၂ ခွန်းရှိသည်။ တစ်ခွန်းက သူ့အလုပ်သမားဖြစ်သည့် ကျွန်တော့်ဘကြီးနှင့် ပတ်သက်၍ ပြောခြင်းဖြစ်သည်။ သူက ကျွန်တော့် ဘကြီးသာမှိုင်း (ကျွန်တော့်ကြီးကြီးဒေါ်တင်အေး၏ ယောက်ျား)နှင့် ရွှေလုပ်ငန်းစပ်တူ လုပ်ကြည့်သည်။ တစ်ချို့ကိစ္စများတွင် ကျွန်တော့်ဘကြီးသာမှိုင်း၏ ရွှေလုပ်ငန်းအတွင်း ငွေရပေါက်ဖန်ကွက်များကို သူသိသည့်အကြောင်း။ သူပြောသည့်စကားမှာ .....
"ငါက တစ်ချို့ကိစ္စတွေကို သိရဲ့သားနဲ့ မသိဟန်ဆောင်နေတာ။ အ ဟန်ဆောင်နေတာ။"
ဆိုသောစကား။
အတော်ကြီး မှတ်သားစရာကောင်းသည် ဟု ကျွန်တော်ထင်ပါသည်။ ခုထိလည်း မှတ်မိနေဆဲဖြစ်သည်။ ဘ၀ အတွက် အရေးကြီးသော မှတ်သားဖွယ် စကားတစ်ခွန်းဟုလည်း ကျွန်တော် ထင်ပါသည်။ နောက်တစ်ခွန်းကတော့ တရုတ်စကားပုံတစ်ခုဟု ဆိုပါသည်။
"လူမသိတဲ့အလုပ်ဆိုတာ ကိုယ်မလုပ်တဲ့ အလုပ်ပဲရှိတယ်"
ထိုစကားက ကျွန်တော့်ကို အမြဲသတိပေးတတ်သည်။ မကောင်းတာမလုပ်မိစေဖို့။

March 23, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၅)

တောကျကျ မြို့လေးက ကျွန်တော်။ ပြောပြချင်သေးသော တောထဲက အကြောင်းများ။ ငယ်ငယ်က ကြုံခဲ့သမျှ၊ တွေ့ခဲ့သမျှ။ ချောင်းထဲမှ ကောက်ရတတ်သော ကျောက်ပုတီးစေ့များ အကြောင်း။ ထိုပုတီးစေ့များကို သတင်းစာထဲတွင် ခဏ ခဏတွေ့ရတတ်သည်။ ရှေးဟောင်းပစ္စည်းများအဖြစ်။ ထိုပုံများကို မြင်ရသောအခါ ကျွန်တော် စဉ်းစားမိသည်မှာ ကျွန်တော်တို့မြို့ နေရာတစ်ဝိုက် တစ်ချိန်က ယဉ်ကျေးမှုထွန်းကားခဲ့ပုံရသည်။ ကျောက်လက်နက်ပုံစံများကိုလည်းတွေ့ရသည်။ မိုးကြိုးသွားဟု ပြောပြောနေကြသည့် ကြေးလက်နက်ကို လည်း မကြာခဏဆိုသလို တွေ့ရတတ်ပါသည်။ ကျွန်တော် တက္ကသိုလ် ၄ တန်း (စက်မှုတက္ကသိုလ်က စတုတ္ထနှစ်ကို ၄ တန်းဟု ပြောကြသည်။ ပထမနှစ်ကို ၁ တန်း၊ ဒုတိယနှစ်ကို ၂ တန်း၊ အဲဒီလို)တွင် အိမ်က ရွှေတွင်းလုပ်တော့ ရွှေလုပ်ကွက်ထဲတွင် ဗြုန်းစုပ်တင်ရင်း မိုးကြိုးသွားဟု ခေါ်သည့် ထိုကြေးလက်နက်ကို တွေ့သည်။ ကျွန်တော့်ညီမျာက စတွေ့တော့ ၀င်းလက်တောက်ပြောင်နေသည့် အ၀ါရောင်တောက်တောက် ဖြစ်နေသည့်အတွက် ရွှေဟုထင်ကာ ၀မ်းအသာကြီးသာခဲ့သည်။ နောက် ကုန်းပေါ်ရောက်လာပြီး နာရီအတော်ကြာ ရေခြောက်သွားတော့မှ ကြေးဖြစ်မှန်းသိရတော့ အပျော်တွေပျောက်ကုန်သည်။ မိုးကြိုးသွားသည် ရေဒီယိုနားထားလျှင် ရေဒီယိုပိတ်သွားသည် ဆို၍ စမ်းကြည့်သည် မပိတ်။ စက်ပေါ်တင်လိုက်လျှင် စက်ရပ်သည် ဆို၍ တင်ကြည့်သည် မရပ်။ ထို့ကြောင့် အစွမ်းထက်သော မိုးကြိုးသွား အဖြစ်ရောင်းရန်မှာလည်း မဟုတ်။ နောက်ဆုံး ထိုကြေးမိုးကြိုးသွားထဲမှာ အနောက်ဖက် အရိုးတတ်ရာဖတ်တွင် အပေါက်ရှိရာ ထိုအပေါက်ထဲမှ တစ်ခုခု များထွက် လာမလားဟု ထင်ကာ တုတ်ဖြင့် ကလှော်ကြည့်သည်။ အထဲမှ ပြာလိုလို အမှုန်များ ထွက်လာသည်ဟု ဆိုပါသည်။ အဖေက ထိုပြာများမှာ ဆရာများ စီရင်ထားသော ပြဒါးသေဟု ဆိုသေးသည်။ ထိုပြာကို ကျိုထားသည့်ခဲထဲ ထည့်ခတ်လိုက်လျှင် ခဲများ ရွှေဖြစ်သည်ဟု ဆိုတုန်း။

ကျောက်ပုတီးစေ့လေးများကိုလည်း ချောင်းထဲမှာ ပင် အတွေ့ရများပါသည်။ ငယ်ငယ်က ကျွန်တော် တစ်လုံးကောက်ရဘူးသည်။ တစ်ချို့အိမ်များတွင် မကောင်းဆိုးဝါးများကို တားနိုင်သည်ဟု ယုံကြည်ကာ တံခါးအ၀င်ဝ၌ ကြိုးကလေးဖြင့် ဆွဲထားတတ်ကြသည်။ ထိုပုတီစေ့ကလေးများက ဆီးဖြူသီး ခပ်ကြီးကြီး အလုံးလောက်ရှိသည်။ အလယ်တည့်တည့်တွင် ဟိုဖက် သည်ဖက် တိုးလျိုပေါက် အပေါက်ကလေးတစ်ပေါက်ပါသည်။ အရောင်က ညိုပြာပြာဟုထင်ပါသည်။ သမိုင်းသုတေသီများ သွားရောက် သုတေသနလုပ်သင့်သည်။ ယခုတိုင် ရှာလျှင် တွေ့ဦးမည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်တို့ အိမ်တွင်ပင် ကြေးလက်နက် ရှိနေပါဦးမည်။ ကျောက်ပုတီးစေ့လေးများကိုတော့ လိုက်မေးလျှင် တစ်အိမ် အိမ်တွင် ရှိနေနိုင်သေးသည်။ ကွင်းဆင်းပြီး ရှာလျှင်လည်း တွေ့ဦးမည်မှာ မလွှဲ။

ကျွန်တော် ငယ်ငယ်က အဖေ ကျောက်ငါးရုပ်လေး တစ်ခု ဖလားခွက်လေးထဲထည့်ထားတာမြင်ဖူးသည်။ ဘယ်သူပိုင်သည့် ကျောက်ငါးရုပ်လေးမှန်း မသိပါ။ ရေထည့်ပေးထားသည်။ တကယ့်ငါးလေးလို။ မျက်လုံးနေရာ။ ပါးဟက်နေရာ။ ဆူးတောင်နေရာလေးများပါသည်။ ရေတော့မကူးပါ။

ပြောနေရင်း ချိုးငှက်ကလေးများ၏ သဘာဝကို သွားအမှတ်ရသည်။ ချိုးကလေးများသည် ဥ အုလျှင် ၂ လုံးသာ အုသည် ဟုဆိုပါသည်။ ၃ လုံးဆိုလျှင် တစ်လုံးမှာ အမြုတေ ဖြစ်သည်ဟု ဆိုသည်။ ချိုးအမြုတေက မီးကွင်းသည်။ မီးဖြင့်ပေါက်ရသော သေနတ်ပြီးသည်ဟု ယုံကြည်ကြသည်။ စာဖတ်တတ်လာတော့ မောင်ဆွေမင်း ရေးသည့် တွတ်ပီ ကာတွန်းများကို ဖတ်ဖြစ်သည်။ ဇာတ်လမ်း တစ်ခုထဲတွင် ချိုးအမြုတေအကြောင်းဖတ်ရတော့ ကျွန်တော်တို့ဖတ်က ယူဆတာနှင့် သွားတူတာကို အမှတ်ရဖူးသည်။ ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးပါ။
အမြူတေများအကြောင်းပြောရင်းအစွမ်းထက်တာတွေအကြောင်းပြောသည့် ဆရာတစ်ဦးစကားကို အမှတ်တရ ဖောက်သည်ချလိုသည်။ ဆရာပြောပြသည်က ဘိုးတော်အကြောင်း။ လူတွေက ဘိုးတော်ဆီ အဆောင်တောင်းတော့ ဘိုးတော်က ပေးစရာရှာပေးသည်ဟုဆိုပါသည်။ ရေမချိုးတာလည်း ကြာပြီဖြစ်သည့်အတွက် အင်္ကျီထဲ လိုက်နှိုက်လိုက်သည်။ ချိုင်းကြားကို စမ်းသည်။ လက်နှင့် ပွတ်ကြည့်သည် ထွက်လာသည့် ချေးကို လက်နှင့်လုံးကာ အလုံးလေးပြုလိုက်သည်။ ပြီးတော့ အဆောင်တောင်းသူကို တစ်လုံးကြစီ ပေးသည်။ အဆောင် တောင်းသူတို့က တရိုတသေယူကြရှာသည်။ ပုလင်းသေးသေးလေးတွေနှင့်။ နောက်မှ ဘိုးတော်က ပြောသည် ...


"ကဲ ကဲ ဆောင်ထားရင် လေးတယ်"

"ရှူ ရင် နံတယ်"

"ရေစိမ်ပြီးသောက်ရင် သေးပေါက်တယ်"


တောကြား တောင်ကြား ဗဟုဟုတဝေးသေးသော ကျွန်တော်တို့ နယ်သူနယ်သားထံတွင် ယခုထိ ယုံကြည်ကာ စုန်းစာချ၊ တစ္ဆေပစ် ဆိုသည့် ရိုးရာများရှိဆဲ။ စုန်း၊ ကဝေ ၊ တစ္တေ ၊ မှင်စာ ဇာတ်လမ်းများအကြောင်း ... ပြန်ပြောင်း၍ လည်းပြောပါဦးမည် ..
.
.
.
.
မေခွန်း (၁) မိုးကြိုးသွားမြင်ဖူးပါသလား။
မေခွန်း (၂) ချိုးအမြူတေအကြောင်းဘာတွေများ သိထားပါသေးလဲ။
မေးခွန်း (၃) စုန်းအကြောင်း စိတ်ဝင်စားပါသလား။
မေးခွန်း (၄) တစ္ဆေအခြောက်ခံရဖူးပါသလား။ ကြောက်သလား။
.
.
.
.

March 22, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၅)

အင်းတော်ဆိုသည့် နာမည်နှင့်လိုက်အောင် အင်း၊ အိုင် အတော်ပေါပါသည်။ ကျွန်တော့်ဘကြီး အိမ်ရှေ့တွင် မြောင်းရှိသည်။ ၆ ပေလောက်ကျယ်သည်။ ရထားလမ်းကို ပေ ၂၀ ခန့်ရှည်သော တံတားအောက်မှ ဖြတ်စီးသည်။ ထိုတံတားမှာ တံတာတိုလေးသာ။ အင်း၊ အိုင် ပေါသည့် အလျောက် ငါးလည်း အလွန်ပေါသည်။ ငါးကြီးများတော့ မဟုတ်ပါ။ ငါးခူ၊ ငါးရံ့၊ ငါးပြေမ၊ ငါးကျည်း၊ ငါးသလက်ခေါက်၊ ငါးစင်ရိုင်း စသည့်ငါးများ။ ငါးဖယ်လည်းရှိသည်။ နည်းနည်းရှားသည်။
ကျွန်တော် အင်းတော်ရောက်စ ပထမဆုံး ငါးမျှားသည်ကို ခုထိမှတ်မိဆဲ။ ငယ်စဉ်က ကျွန်တော် ငါးမျှားတာ ၀ါသနာ ပါဖူးသည်။ ကျွန်တော့် အစ်ကိုထံမှ ငါးမျှားချိတ်နှင့် ငါးမျှားတံ ရလာသည်ဟု ထင်ပါသည်။ ငါးဘယ်လိုမျှားရမှန်း ကျွန်တော်မသိပါ။ တီကောင်ကို ငါးမျှားချိတ်တွင် တပ်ပြီး ငါးများမြင်နေရသည့်နေရာတွင် ချကြည့်သည်။ ငါးလာမဟပ် သေးပါ။ ကျွန်တော်က စိတ်မရှည်။ လူကြီး သူကြီးပြောသည့် စကားကို အမှတ်ရသည်။ ငါးပွက်ရာ ငါးစားချ ဆိုသည့် စကား။ တကယ်ပင် ကျွန်တော်က ငါးပွက်ရာ ငါးစာလိုက်ချသည်။ အခါ ၂၀ - ၃၀ လောက် လိုက်ချရင်း တစ်နေရာတွင်တော့ ငါးတစ်ကောင် ဆွဲပြေးတော့သည်။ ကျွန်တော်လည်း ငါးမျှားတံကို သုတ် (ဆွဲတင်သည်) တော့သည်။ ငါးတစ်ကောင် ဖပ်လပ် ဖပ်လပ်ဖြင့် ပါလာသည်။ ကျွန်တော့် စိတ်ထင် အတော်ကြီးသည်။ ငါးက စိမ်းပြာပြာ။ ကျွန်တော် ဗန်းမောက်တွင် တစ်ခါမှ မမြင်ဖူး။ ဗန်းမောက်တွင် ကျွန်တော် မြင်ဖူးခဲ့သည်က။ ဖြူဖြူဖွေးဖွေး ငါးခုံးမ၊ ငါးလူး၊ ငါးရံ့၊ ငါးကျည်း၊ ငါးစင်ရိုင်း စသည့် ငါးများ၊ မိုးတွင် အမေ၀ယ်လာတတ်သည့် ငါးပတ် များ။ ခုငါးက စိမ်းပြာပြာ၊ အကောင်က ဆူးတွေနှင့် ကျွန်တော် မကိုင်ရဲ။ ငါးစင်ရိုင်းလို ကိုင်လျှင် အဆိပ်တက်မည်လည်းကြောက်သည်။ ငါးကျည်းတွတ်မိလျှင် မလွယ်။ အီစိမ့်နေအောင် ခံရသည်။ ကျွန်တော်ငါးမျှားတံကြီးအလိုက်မပြေးသည်။ ထိုငါးပြေမသည် ကျွန်တော့် ဘ၀တွင် ပထမဆုံး မျှား၍ ရသော ငါးဖြစ်သည်။ ထို အချိန်က ကျွန်တော်ပျော်ခဲ့ပါသည်။ ငါးကြီးဖမ်းမိ၍။ ခုတော့ ထိုငါးလေး ဘယ်ဘ၀ရောက်နေပြီ မသိပါ။ တိရိစ္ဆာန်ဘ၀မှ လွတ်ပါ ကျွတ်ပါစေဟုသာ ဆုတောင်းလိုက်ပါသည်။ ပြုသမျှကုသိုလ် ကိုလည်း သူ့အား အမျှဝေပါသည်။


ငါးပြေမ



ငါးကျည်း
ငါးစင်ရိုင်း

ငါးခုံးမ



ငါးခူ

ငါးပတ်


ငါးလူး


ငါးဖယ်

ထိုမြောင်းကလေးမှာ မိုးအခါ ရေကြီးသည်။ ရေများက တဟုန်ထိုး။ မိုးတစ်ည ရွာသည်နှင့် အင်းတော်မြို့က ရေနစ်နိုင်သည်။ မိုးတွင်း ရေကြီးသည် ကို နှစ်စဉ်ကြုံသည်။ အင်းတော်သို့ ကျွန်တော်ရောက်စနှစ်များကတော့ နည်းနည်း သက်သာသည်။ ရေစီးရေလာကောင်းသည်ကိုး။ နောက်ပိုင်းနှစ်များတွင် ပိုပိုဆိုးလာသည်။မြောင်းများ ပိတ်ကုန်သည်။ ရှင်းသူမရှိ။ မြောင်းများပိတ်သောကြောင့် ရေများထွက်ပေါက်ပိတ်ကာ အိုင်ဖွဲ့လာပြီး ရေကြီးသည်။ ၁၀ တန်းနှစ်တွင်မူ ရေကြီးလွန်သည့်အတွက် စာသင်ခန်းများအတွင်း ၀င်သောကြောင့် စာမေးပွဲဖြေရက် ကိုပါ ကျောင်းပိတ်လိုက်ရသည်။ ထိုစဉ်က ပထမ အစမ်းစားမေးပွဲ။ သီတင်းကျွတ် ပလ္လင်ဆေးမိုး။

ကျွန်တော့်ဘကြီး အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်။ ရေစကြီးပြီဆို အိမ်ဝင်းထဲ မြောင်းထဲမှ ရေများလျှံဝင်လာသည်။ ရေကြီးပြီဆိုလျှင် သောက်ရေ နှင့် ထမင်းချက်စရာ သုံးရေက ဒုက္ခရောက်သည်။ ရေတွင်း ဘောင်နိမ့်လျှင် ရေတွင်းမှာ ရေနစ်ပြီး ရေက သုံးမရတော့။ ရေကျလျှင် ရေတွင်း ပက်ဖို့သာပြင်။ အင်းတော်ရေတွင်း များက ရေတွင်းတိုင်းမကောင်း။ ရေဆီများတက်သည်။ ရေစေးတွေ။ ဆပ်ပြာအမြုပ်ကောင်းကောင်းမထွက်။ ရေခပ်ပြီး ပုံးထဲထည့်ထားလျှင် မနက်ဆို အနည်များက ပုံးတွင် အရစ်လိုက်။ ထို့ကြောင့် ရေစစ်ရသည်။ သဲနှင့် ဖွဲပြာ၊ ကျောက်ချဉ် စသည်တို့ဖြင့်။ အင်းတော်တွင် ရေတွင်းနှင့် ရေစစ်ကန်လေးများ တွဲလျက်ရှိတတ်ကြသည်။ ရေကတော့ ပေါပါသည်။ ၈ ပေ ၉ ပေ လောက်ရေတွင်းဆို သုံးမကုန်။

အင်းတော် ရေကြီးသောရက်များက ကျွန်တော်တို့ ကလေးများအဖို့ကတော့ ပျော်စရာကောင်းပါသည်။ ရေထဲဆင်း ရေကူး။ ရေ၀ါဝါ၊ ရေနီနီတွေထဲ။ အမှန်တော့ အိမ်ကြိုအိမ်ကြားမှ စီးလာသည့် အတွက် အီးတုံးများလည်းပါပါသည်။ မြောင်းထဲ ရေကူးနေစဉ် အနီးကပ်လာမှ မြင်မိလျှင်ရှောင်မလွတ်တော့။ လက်နှင့်ကလည်း မကိုင်ချင်။ ဝေးဝေးလည်းသွားလို့မရတော့။ ရှိရာနည်းသုံးရတော့သည်။ ရေငုပ်ကာ ရှောင်လိုက်ရသည်။ အီးတုံးက အပေါ် ကိုယ်ကအောက်။ ပါးစပ်ကို တင်းအောင် စေ့ထားရသည်။ (:P)

ရေကြီးသည့် ရက်များအကြောင်းက စိတ်ဝင်စားစရာကောင်းသည် .. ..... ခုတော့ နားဦးမည် (:D)
.
.

March 16, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၄)

မန်ကျည်းပင်အကြောင်း ဆက်ဦးမည်။ မန်ကျည်းတစ်ညှိုလူတစ်ခို ဟူသော စကားကို ကြားဖူးကြမည်ထင်သည်။ ဆိုလိုသည်မှာ မန်ကျည်းကိုင်းကလေး လက်တစ်ညှိုးစာရှိလျှင် လူတစ်ယောက် တွဲလွဲခိုစီးနိုင်သည်။ ထိုမန်ကျည်းကိုင်း မကျိုးကျဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစကား အားကိုးဖြင့် ကျွန်တော်တို့ သူငယ်ချင်း မျောက်လောင်းတစ်သိုက် မန်ကျည်းပင်ပေါ်တွင် စိတ်ထင်သလို ပြေးလိုက်၊ လွှားလိုက် လက်လှမ်းမီရာ မန်ကျည်းကိုင်း ဆွဲလိုက်၊ လွှဲလိုက်၊ ခိုလိုက် ကစားချင်သလို ကစားကြခြင်း ဖြစ်သည်။

မန်ကျည်းသီး သီးစအချိန်မှစ၍ မန်ကျည်းသီးမှည့်ချိန်ထိ တစ်ချိန်လုံး မန်ကျည်းပင်ပေါ် စားစရာမရှား။ စားလို့မကုန်အောင်ပင် မန်ကျည်းသီးကလည်း များသည်။ မန်ကျည်းသီး သီးစတွင် ဆား၊ ငါးပိဖုတ်၊ ငရုတ်သီး တို့ကို ဖက်တွင် ထည့်၍ ထုတ်ကာ မန်ကျည်းပင်ပေါ်တက်။ လက်လှမ်းမှီရာ မန်ကျည်းသီးကိုခူး၊ ဆားငါးပိငရုတ်ရောရာ တို့စရာနှင့် လွေးတော့သည်။ ချဉ်ခနဲ၊ ပူခနဲ၊ စပ်ခနဲ တရှူးရှူး တရှဲရှဲ ပါးတွေ နားရွက်တွေလည်းရဲ၊ နှာရည်တွေလည်း ရွဲကုန်သည်။ ဆွေတွေ မျိုးတွေလည်း မေ့ကုန်သည်။ ခေါင်းထဲရှိသည်မှာ စားကောင်းတာနှင့် နောက် မန်ကျည်းသီး တစ်တောင့် အမြန်ရရေး။

မန်ကျည်းသီး မှည့်ခါနီး အချိန် ကြက်ဆူ လား ကြက်ချူ လား ကျွန်တော် သေချာမကွဲပါ။ ထိုအချိန် မန်ကျည်းသီးကို ခေါ်သည်။ မန်ကျည်းသီး အသားက ချိုလာသည်။ မန်ကျည်းသီး အခွံက အသားနှင့် သိပ်မကပ်တော့။ လက်နှင့် ခွာလို့ရသည်။ မန်ကျည်းသီးတောင့်လေးများကို လက်သည်းခွံလေးဖြင့် လိုက်ခြစ်ကာ ကြက်ဆူ ဖြစ်မဖြစ်ရွေးရသည်။ ကြက်ဆူ မဟုတ်သေးလျှင် လက်သည်းဖြင့် မန်ကျည်းသီး ခွံကို ခြစ်လိုက်လျှင် စိမ်းနေပြီး၊ ကြက်ဆူဖြစ်ပြီးဆိုလျှင် သိပ်မစိမ်းတော့။ မန်ကျည်းသီး အပြင် အခွံအရောင် နီးပါ အရောင်ရင့်လာသည်။ ၀ါညိုရောင်ဖက်လုလာသည်။ ထို အချိန် မန်ကျည်းသီးက စားလို့ အလွန်ကောင်းသည်။ ဆား၊ငရုတ်သီးတို့ မလိုတော့။ ချဉ်ချိုလေးဖြစ်သည်။ မန်ကျည်းစေ့မှာလည်း အတော်ရင့်နေပြီ ဖြစ်သည်။ နီညိုရောင်သို့ ပြောင်းစပြုနေပြီ။ ရင့်စ မန်ကျည်းစေ့လေးများကို သွားဖြင့်ကိုက်ကာ အခွံခွာပြီး အတွင်းမှ မန်ကျည်းစေ့သားလေးကို စားရသည်ကလည်း အတော်ဆိမ့်သည်။ အခွံခွာစဉ်တော့ အတော်ဖန်သည်။

မန်ကျည်းသီး မှည့်ချိန်ရောက်လျှင် အခြား ရှဥ့်တို့ ဘာတို့ကလည်း အနည်းငယ်လာစားကြပြီ။ ချိုလာပြီးကိုး။

ကျွန်တော်တို့ဖက်တွင်တော့ မန်ကျည်းသီးကို မုန်ညှင်း အချဉ်ရေကျိုရာတွင် အသုံးများသည်။ အလွန်လိုက်ဖက်သည့် အတွဲ။ မိုးရာသီ ဖြစ်သည့် အတွက် တောင်သူတို့ သဘာဝ လယ်တောထဲက ရသည့် ပုစွန်လုံးကလည်းပေါသည်။ မုန့်ညှင် အချဉ်ရေကျိုတွင် ပုစွန်လုံးခတ်ပြီးစားလျှင် မလွန်ချိုသည်။ သင်္ဘောသီး အချဉ်ရေကျို ဆို ပိုတောင် ကောင်းသေးသည်။ ပုစွန်လုံးများများနှင့်။ မန်ကျည်းသီးများများ။ ပုစွန်ဆီများက သင်္ဘောသီး အချဉ်ရည် ဟင်ရည်ပေါ်တွင် ဝေ့နေသည်။ မန်ကျည်စေ့ ရင့်စတို့က ပြုတ်ထားသောကြောင့် အခွံတို့ ကွာလျက် အတွင်းသား မန်ကျည်းစေ့ကို စားရုံ။ ထမင်းစားပြီးလျှင်။ ဟင်းအိုးထဲ၍ ကျန်နေသော မန်ကျည်းစေ့ များကို အကုန်စုကာ သွားရည်စာ အဖြစ်စားနိုင်သည်။ ဆား၊ ငါးပိ အရည်တို့ကလည်း စိမ့်ဝင်လျက် အလွန် ဆိမ့်သက်သည့် သွားရည်စာ။

မန်ကျည်းသီး အစိမ်းဘ၀တွင် လုပ်စားသည့် မန်ကျည်းသီး အပိန်ချက်။ မန်ကျည်းသီးထောင်း များမှာ အလွန်ကောင်းသည်။ မန်ကျည်းသီးထောင်းနှင့် ပုစွန်ဆီချက်ကတော့ ထမင်းစားလျှင် ထောင်းသိပ်သလို ၀င်သည်။

မန်ကျည်းသီးထောင်းပုံကတော့လွယ်ပါသည်။ မန်ကျည်းသီးကို ရေဆေး၊ အစေ့ထည့်ပြီးဆိုလျှင် အစေ့ကို ထွင်ရသည်။ အစေ့ပါက အလွန်ဖန်သည်။ ငရုတ်သီးထည့်သည်။ ဆားကိုတော့ နောက်ဆုံးမှ ထည့်သည်ထင်သည်။ စောစောထည့်လျှင် မန်ကျည်းသီးထောင်းမှာ ရဲပဒေါင်းထနေပြီး ဘယ်လိုမှ ကြည့်မကောင်းတော့။ အချိုမှုန့်ထည့်လား မထည့်လား မမှတ်မိတော့ပါ။ ထောင်ပြီးလျှင် အသင့်စားရုံပင်။ ကြော်ပြီးမှ စားလိုလျှင်လည်း ကြော်လိုက်ရုံပင်။ ချက်၍ စားလိုသည်ဆိုပါကလည်း ချက်ရုံပင်။

ပုစွန်ဆီဖြင့် ချက်ရန်ကတော့ ပုစွန်ဆီရရန် ပုစွန်လုံး အတော်များများကိုအစိမ်းရမှ ဖြစ်မည်။ ပုစွန် အခွံကို ခွာလိုက်လျှင် ပုစွန်အဆီ ၀ါဝါလေးများကို တွေ့ရမည်။ ထို ပုစွန်ဆီများကို ပုစွန်လက်မလေးဖြင့် ခြစ်ချရသည်။ တော်တော်များများ စုမိတော့မှာ မန်ကျည်းသီးထောင်းဖြင့်ရောပြီးချက်သည်။

ပုစွန်းလုံးနှင့် ရောပြီး ညက်အောင်ထောင်းကာ ပုစွန် မန်ကျည်းထောင်းကလည်း အတော်ကြီးကို စားကောင်းသည်။ ဤဟင်းလျာများကား တောင်သူများ၏ နတ်သုဒ္ဓါများတည်။


March 15, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၄)

ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင့် မီတာ ၁၅၀ လောက်သာ ဝေးပြီး၊ ကျောင်းတံခါးပေါက်ဝ နှင့်တော့ မီတာ ၃၅၀-၄၀၀ လောက် ဝေးမည်ထင်ပါသည်။ ကျွန်တော်ရောက်စ ကျောင်းစနေချိန်တွင် မြ၀တီဆောင်၊ န၀ဒေးဆောင်၊ ဓာတုကလျာဆောင်၊ နတ်သျှင်နောင်အဆောင် စသည်တို့ရှိသည်။ အုတ်နံကပ် သွပ်မိုး ၂ ထပ်ဆောင်များ။ ကျောင်းဆောင်များ၏ အလယ်တွင် ဘောလုံးကွင်းကြီးရှိသည်။ မြက်ခင်းပြင်စိမ်းစိမ်း၊ ညနေ နေအေးချိန်တွင် ကစားလို့အလွန်ကောင်းသည်။
ကျောင်းဝင်းတောင်ဖက် (မျက်နှာစာဖက်)ရှိ လမ်းဘက်အခြမ်းဖက်စည်းရိုး အလယ်တွင် ကျွန်တော်တို့ အခေါ် ရေပြွတ်ပင်ရှိသည်။ ထိုအပင် ပွင့်ခါနီး ဖူးလျှင် အဖူးတွင် ရေများစုနေသော အသီးလို ဖောင်းဖောင်းဖုဖု လေးတစ်ခုရှိသည်။ အပွင့်တစ်ခိုင် တစ်ခိုင်တွင် ထိုအဖုလေးများ ၆ ခု ၇ ခု လောက်ပါသည်။ ထိပ်ပိုင်းလေးကို လက်သည်းဖြင့် ဆိတ်ဖြတ်ပြီး နောက်လိုသည့် သူငယ်ချင်း မျက်နှာရှေ့တည့်တည့် လက်ညှိုးနှင့်လက်မ အားသုံးကာ ဆတ်ခနဲ ညှစ်ချလိုက်ရုံပင်။ မျက်နှာတွင် ရေအေးအေးထိကာ လန့်သွားတတ်ကြသည်။ အနောက်သန်သော သူငယ်ချင်းတစ်ယောက်ကတော့ ရေပြွတ်သီး ခပ်ကြီးကြီးလေးရွေးကာ ထိပ်ပိုင်းဆိတ်ဖြတ် အသေအချာပြင်ပြီး၊ ရှိုးအခန့်သာဖြင့် ပဲများလာသည့် အစ်ကိုကြီး တစ်ယောက်ကို နောက်မှ တိတ်တိတ်လိုက်ကာ ရေပြွတ်သီးဖြင့် တိတ်တိတ် သွားပန်းထားလိုက်သည်။ ထိုအစ်ကြီးက ကျောင်းသူတွေရှေ့ ဖြတ်အလျှောက်၊ သေးစိုနေသော ပုဆိုးကို ကြည့်ကာ ကျောင်းသူ အစ်မများက ပြုံစိစိ။ ကျွန်တော်တို့ အဖွဲက ဘုမသိ၊ ဘမသိ။ ယခုထိ ဖင်စိုအစ်ကို ကြီးကို သူတို့ အမှတ်ရနေကြပေဦးမည်။
ကျွန်တော် အင်းတော်ရောက်စတွင် သူငယ်တန်း၌ စနေရသည်ကိုပြောဖူးသည်။ ထို ကျောင်းဆောင်မှာ သစ်သားဆောင်။ သစ်သားကြမ်းခင်း။ ကြမ်းများက ကျဲသည်။ ထို့ကြောင့် ခဲတံ၊ ကျောက်တံ၊ ခဲဖျက်၊ ပေတံ များ ကြမ်းအောက်တွင် အလွန်ပေါသည်။ ၆ နှစ် ရ နှစ်သားကလေးများ လေးဖက်ထောက် ၀င်ရသည် ဆိုတော့ ကြမ်းခင်းက အလွန်နိမ့်ပါသည်။ ကျွန်တော် တစ်ခေါက် ထို အောက်ထဲဝင်ဖူးသည်။ အမှိုက်များကလည်း ပွနေသည်။ လေးဖက်ထောက် ၀င်ရတော့ ကြာလျှင် ညောင်းလာပါသည်။ ခါးဆန့်ချင်လို့လည်း ဆန့်လို့မရ။ နည်းနည်းလေ ခေါင်းမော့လိုက်လျှင် ကြမ်းနှင့် "ဒုန်း" ခနဲ နေအောင် ဆောင့်မိတော့သည်။ စိတ်က သိပ်မရှည်နိုင်။ လေးဖက်ကုန်းလည်း ကြာကြာ မလျှောက်နိုင်ပါ။ စိတ်ကျဉ်းကြပ်လာသည်။ ထိုကျောင်းဆောင် အောက်ထဲ တစ်နေကုန်သာ လေးဖက်ထောက်နေရလျှင် စိတ်ညစ်တာ၊ ညောင်းတာနဲ့တင် သေနိုင်သည်။