Showing posts with label 04 ကဗျာ. Show all posts
Showing posts with label 04 ကဗျာ. Show all posts

December 10, 2012

ခဲယဉ်းသော သတ္တိ

ကောင်းတာတွေအတွက်
အသေရဲတဲ့ သတ္တိက လွယ်
သူရဲကောင်းတွေ ပေါတယ်။
မကောင်းတာကိုသိ
မှားမိတာကို ဝန်ခံ
ရိုးသားစွာ အယူခံဖို့အရေး
တွေးတောင် မတွေးရဲကြ။
နန်းတော်တိုင် ထုံးသုတ်တဲ့
"လက်ညှိုးဖြတ်"မင်းရဲ့ အရှက်ရှိသတ္တိ
ငါအကြိမ်ကြိမ် ဦးညွှတ်မိ။

December 4, 2012

အရိုး


တောင်ပြာပြာအောက်က အရိုး
တောင်ကတုံးတွေအောက်က အရိုး
ကျောက်ဖြုံးမြေအောက်က အရိုး
နုန်းတင်မြေတွေအောက်က အရိုး
ဂဝံမြေအောက်က အရိုး
ရွံ့မြေအောက်က အရိုး
ကျောက်စရစ်မြေအောက်က အရိုး
သဲမြေတွေအောက်က အရိုး
စနယ်မြေတွေအောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ကျွန်းပင်တွေကြားက အရိုး
ထန်းပင်တွေကြားက အရိုး
တမာပင်ကြားက အရိုး
ရာဘာပင်ကြားက အရိုး
ဝါးပင်တွေကြားက အရိုး
ချယ်ရီပင်အောက်က အရိုး
တောင်ဇလပ်ပင်အောက်က အရိုး
ထင်းရူးပင်အောက်က အရိုး
စိန်ပန်းပင်အောက်က အရိုး
စွယ်တော်ပင်အောက်က အရိုး
သစ်ပုပ်ပင်အောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ပင်လယ်ကမ်းခြေက အရိုး
မြစ်အောက်ကြမ်းမြေက အရိုး
အင်းရေတွေထဲက အရိုး
ကန်မြေပြင်အောက်က အရိုး
ချောင်းရေအပြင်အောက်က အရိုး
မြောင်းရေအလျဉ်အောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ....


ကျောက်ကြမ်းလမ်းဘေးက အရိုး
မြေနီလမ်းဘေးက အရိုး
လမ်းသွယ်လေးက အရိုး
ပေတရာလမ်းအောက်က အရိုး
ဗျူဟာလမ်းတစ်လျောက်က အရိုး
ဇလီဖားတုံးတွေအောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

စပါးခင်းထဲက အရိုး
ပြောင်းခင်းထဲက အရိုး
ငရုတ်ခင်းထဲက အရိုး
ပဲခင်းထဲက အရိုး
နှမ်းခင်းထဲက အရိုး
ဝါခင်ထဲက အရိုး
မြက်ခင်းထဲက အရိုး
ကန်စွန်းခင်းထဲက အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ခေါင်းလောင်းသံဝေတဲ့ကျောင်းက အရိုး
ကြေးစည်သံဝေတဲ့ ကျောင်းက အရိုး
ဂီတာသံတွေနဲ့ကျောင်းက အရိုး
အာဇန်သံဝေတဲ့ကျောင်းက အရိုး
ဗုံတိုသံတွေနဲ့ကျောင်းက အရိုး
ရွှေစက္ကူတွေနဲ့ကျောင်းက အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ကျောက်းစိမ်းတုံးတွေအောက်က အရိုး
ပတ္တမြားတုံးတွေအောက်က အရိုး
ရွှေမြေတွေအောက်က အရိုး
ရေနံမြေအောက်က အရိုး
ထုံးကျောက်တွေအောက်က အရိုး
ကြေးနီတွေအောက်က အရိုး
ဂေါ်ဒန်ကျောက်အောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

တန်းလျားတွေထဲက အရိုး
ရွက်ဖျင်တွေထဲက အရိုး
ဘန်ကာတွေထဲက အရိုး
ပုန်းခိုကျင်းထဲက အရိုး
မိုင်းကွင်းတွေထဲက အရိုး
မိုးကာစအောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ....

သံတိုင်တွေကြားထဲက အရိုး
ခြံတိုင်တွေကြားထဲက အရိုး
ငါတို့သိတဲ့ အရိုး .....
ငါတို့ မသိလိုက်တဲ့အရိုး ...
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ငါတို့ရဲ့ လူမမယ်
ဥမမယ် စာမမြောက်သေးသူတွေ အတွက်
ငါတို့ရဲ့ လူမမယ်
ရင်သွေးငယ်တွေအတွက်
ငါတို့ရဲ့ လူမမယ်
ဖြူစင်သူလေးတွေအတွက်
ငါတို့ရဲ့ လူမမယ်
အသိဉာဏ်နုနယ်သေးသူတွေ အတွက်
အဲဒီအရိုးတွေ အားလုံး ကောက်ခဲ့ပါ
"အရိုး" တွေ နဲ့တည် "လူရိုး" တွေရှိတဲ့ပြည်
ငါတို့ချစ်တဲ့ ရင်သွေးတွေနေရစ်ဖို့
ငါတို့ချစ်တဲ့ ဒီကမ္ဘာကြီးမှာ
ဒီအရိုးတွေနဲ့ ထုဆစ်
"လူရိုး"တွေ နဲ့ ပြည်သစ်တည်ပေးခဲ့ကြမယ်။

November 29, 2012

မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ

မီလျံနာတွေက ဘီလျံနာဖြစ်ဖို့အရေး
လမ်းဘေးက ခွေးကို သတ်ရင်တောင် အပြစ်ရှိတယ်။
မီလျံနာတွေက ဘီလျံနာ အလံထူဖို့
ကျောမွဲတွေအရိုးစုကို ခုံခုပြီး တက်လှမ်းတာဟာ ယဉ်ကျေးတဲ့ ကမ္ဘာမှာ မရှိသင့်ဘူး။
မီလျံနာတွေက ဘီလျံနာ အောင်ပွဲ ရှမ်ပိန် သောက်ဖို့
လူတစ်ချို့ရဲ့ အသွေးကို ယစ်ပူဇော်တာ ဗုဒ္ဓရဲ့ တရားကို သရော် နေတာနဲ့ အတူတူပဲ။
မီလျံနာတွေ ဘီလျံနာ ပိုး အထ
ကျောမွဲတွေ ဘဝ တစ်ခုလုံး ပေးကြရမလား။
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးကြ
သင့်ညီ၊ သင့်နှမ ခိုကိုးကြတဲ့အိမ် မီးလောင်ပြီ
အိမ်ယာကိုရောင်းပြီး ကားကောင်းစီးမည့် သင့်အကြံ
သင့်နှမ လမ်းဘေးမှာ  ...... စေဖို့လား ?
သင့်ညီ လမ်းဘေးမှာ ..... နေဖို့ လား ?
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ
သင့်ညီ၊ သင့်နှမ ကို  ဒီအိမ်မရောင်းရလို့
သင်ကိုယ်တိုင် ပါးချမိ နေပြီ။
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ
သင့်ညီ၊ သင်နှမ ငိုယိုနေကြပြီ။
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ
နောက်မကျပါစေနဲ့ ... နောက်မကျပါစေနဲ့ ...
သင့်အနှိုးမှာ ..
သင့်ညီလည်းသေ ..
ပန်းလည်းကြွေပြီ ..
ဘယ်လိုပြန်ပြင်ဦးမည်နည်း။

September 24, 2012

အမှန်တရား နဲ့ အနိုင်



ဗုဒ္ဓအဟော

ဆန္ဒဇောမှာ
အဓိပတိဖြစ်သူက အနိုင်။
အမှန် နဲ့ အမှား
တရား နဲ့ မတရား
အား နဲ့ ဓား ထက်သူက အနိုင်။
သမိုင်း နဲ့ ရာဇဝင်
နိုင်သူကသာလျှင်  ကမ္ပည်းတင်တယ်။
ဖတ်သမျှ မှတ်သမျှ စာပေ
အမှန်တွေ နိုင်ပေမပေါ့
နိုင်သူက မှန်ချင်တော့
သူ"မှန်" သူ"တရား" ဖို့ အရေး
လူ့သည်းခြေကြိုက်
"အမှန်တရား" ကို "အနိုင်" ပေးခဲ့လိုက်တယ်။

September 18, 2012

ချစ်ဇနီးသို့

ချစ်သူသည် လရောင်အောက်၌ လမ်းလျှောက်လို၏။
သို့သော် လမိုက်ညတည်း။
ကျွန်ုပ် မစွမ်းဟု အားမလျော့ပါ။
ချစ်သူကို အမောပြေအောင် အိပ်စေပြီး။
တစ်ကိုယ်တည်း ပိုးစုန်းကြူးငယ်တို့ကို စုကာ "ညမီးအိမ်" လုပ်နေပါသည်။
ချစ်သူတစ်ရေးနိုးချိန်၌ ပျော်စေနိုင်လိမ့်မည် 
ဟူသော ယုံကြည်ချက်ဖြင့် အိပ်စက်ခြင်းကို မေ့၏။
ဤသည်မှာ ချစ်သူပျော်ဖို့တည်း။

September 8, 2012

လူလိမ္မာအတ္တ

လူ ...
လူ မှာမှ လူလိမ္မာ ...

လူ ..
လူ ရာဝင်တဲ့လူ ...

လူ ..
အသံအကျယ်ကြီး နဲ့လူ ...

လူ ..
မျက်နှာကြီးတဲ့လူ ...

လူ ..
သူလို ငါလို အတ္တတွေကို မြေမြုပ်

လူ ..
ပိပိရိရိ ဘယ်သူမှ မသိ

လူ ...
လိမ္မာတဲ့လူ ..

လူ
အတ္တနဲ့ လူ ....


March 5, 2010

ငါ

ငါက ငါ့ကိုယ်ငါ
ငါစွဲမကြီးတဲ့ငါလို့ ထင်နေတဲ့ငါ။
ငါက ငါ့ကိုယ်ငါ
ငါ့အတွက်မဟုတ်ပါလို့ပြောပြောပြီး
သူ့အကြောင်း မင့်အကြောင်း
သူတို့အကြောင်း မင်းတို့အကြောင်း

February 23, 2009

အက်ကြောင်း


ဟဲဟဲ အသည်းကွဲလို့ ရေးတာဟုတ်ဘူးဗျို့ ဒါက ကဗျာဗျ .... လျှောက် မပြောကြနဲ့။

January 17, 2009

သန်လျင် GTC နံရံမှ ကဗျာတစ်ပုဒ်

တင်မိုး၏
အိမ်ပြန်ချိန်
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါတော့။

ဟူသော ဂန္ထ၀င်ကဗျာလိုလို ....


Gtalk ထဲမှ ခင်သူ တစ်ယောက်၏ Custom Message တွင် တင်ထားသည်ကို သဘောကျသည့်အတွက် မျှဝေခံစားလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် သူကိုယ်တိုင်ရေးတာလားဟု မေးသည့်အတွက် သူကဖြေပါသည်။ ဤကဗျာကို သူရေးခြင်းမဟုတ်။ GTC နံရံမှ ရသည်ဟု ဆိုပါသည်။ မည်သူရေးခဲ့မှန်းလည်း မသိပါ။ ကဗျာပိုင်ရှင်၏ လျှပ်တပြက်ဉာဏ်ရည်ကို ချီးကျူးပါသည်။ ခံစားကြည့်ပါ ...

January 16, 2009

ဒီလမ်းမှာ

အဆုံးကို ကြိုသိခွင့်ရမယ်ဆို ဘယ်သူမဆို အသင့်တော်ဆုံးလမ်းကိုပဲ ရွေးလျှောက်ကြမှာပေါ့။ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းဟာ ကြမ်းချင်ကြမ်းမယ်၊ ချောမွေ့ရင် ချောမွေ့မယ်။ ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာ အကောင်းဆုံးကို သာလိုချင်ကြတာပေါ့။ ကြိုသိခွင့်မရှိတဲ့ လမ်းကို လျှောက်ကြရတဲ့အခါ လက်ကိုင်ထားနိုင်တာတစ်ခုက ကိုယ်ကျင့်တရားလေးပါပဲ။ ဘယ်တော့မှ နောင်တမရချင်ရင် ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ကိုယ်ကျရာလမ်းကြောင်းပေါ် ဇွဲကောင်းကောင်းနဲ့လျှောက်ရုံပါပဲ။ လွဲခဲ့ရင်လည်း ....... နောက်တစ်လမ်း ထပ်ရွေးပြီးထပ်လှမ်းတာပေါ့ ....

အဲလိုပဲ လျှောက်ကြရသလားဗျာ ... နည်းလမ်းလေးများရှိရင်၊ မတူတဲ့အမြင်များရှိရင်၊ ဘာဆိုဆိုပြောဖို့ တစ်ခုခုရှိတယ်ဆိုရင် ...

January 15, 2009

အိပ်မက်သူ


စာဖတ်သူ ခင်ဗျာ ... ဘာအိပ်မက်တွေများရှိပါသလဲ ...

January 4, 2009

အကြွင်းများ


အကြွင်းများ ကျန်ပါသေးရဲ့လား .....

December 26, 2008

ခွင့်လွတ်နိုင်သူရဲ့အေးချမ်းမှု




ကဗျာဖတ်သူ အနေနဲ့ "ခွင့်လွတ်နိုင်သူ" ဟာ တကယ်အေးချမ်းတယ် မအေးချမ်းဘူးဆိုတာ

ကျွန်တော်သိပါရစေ။

"ခွင့်လွတ်နိုင်သူဟာ တကယ်အေးချမ်းပါရဲ့လား?"