October 27, 2012

ကျွန်တော်နှင့်တောတွင်းကာလများ (၁၁)


♫♪♯   အရင်ဆို . ♫♪♯ .. ချမ်းချမ်းနဲ့ ♫♪♯ မီးပုံနံဘေးမှာ ဝိုင်းဖွဲ့ကာ ♫♪♯  အဖော်တွေ စုံလင်နေမယ့် အဖြစ် ပြန်မြင်ယောင်မိတယ် ..♫♪♯....♫♪♯...

တစ်ပိုင်းတစ်စ သာရသော ဆရာခမ်းလိတ်၏ သီချင်းကို ရင်ထဲမှသာမက နှုတ်မှလည်း ထုတ်ညည်းမိသည်။
ကျွန်တော် အိမ်ကို လွမ်းနေသည်။ ဒီအချိန်ဆို အိမ်မှာ ဆောင်းငွေ့ဆောင်းသက်ကို ရစပြုပြီဖြစ်သည်။
ဆောင်းနှင်းတို့ တဝေဝေ ဖြစ်နေမည် ဖြစ်သော တောကြိုတောကြားကမြို့ ကလေး၊ တောင်ကြိုတောင်ကြားက မြို့ငယ်လေးကို လွမ်းမိသည်။
ငယ်ငယ်က ဖြတ်သန်းခဲ့ဖူးသော ဘဝပုံရိပ်များက အတွေးတွင် တဝဲဝဲလည် နေသည်။
စိတ်၏ နားထဲတွင် ခေါပုတ်ထောင်းသံ တဖုံးဖုံး ....
ဆောင်းနှင်းငွေ့ အေးအေးတွင် ကပ်ပါလွှင့်မျောလာတတ်သော နှမ်းလှော်နံ့ သင်းသင်းလေးက မွေးရပ်မြေသို့ အရောက် တစ်ခေါက် ပြန်ခဲ့ဖို့ ဖိတ်ခေါ် နေသလို ခံစားမိသည်။
ဟိုးအရင်က အချိန်များ ...

မွေးရပ်မြေကို ကျွန်တော်လွမ်းသည် ...
ခုချိန်ပြန်လျှင် ကျွန်တော့်မေမေ ခေါပုတ်ထောင်းကျွေးမည် ဖြစ်သည်။
"အမေကိုလည်း လွမ်းတယ်၊ ရွာက ခေါပုတ်ထောင်းကိုလည်း လွမ်းတယ် အမေ။"
ငယ်စဉ်က ဆောင်းတွင်းကာလကို ကျွန်တော် အင်းတော်မှာ အချိန်ကုန်ရသည်က များပါသည်။
၆ နှစ် မှ ၁၇ နှစ်သား ထိ အင်းတော် ဆောင်းနံနက်ခင်းများကို ဖြတ်သန်းခဲ့ရသည်ကို သတိရသည်။ ဆောင်းဆိုလျှင်  အများအားဖြင့် အင်းတော် ဆောင်းတွင်းကိုသာမှတ်မိနေသည်။
ဗန်းမောက်ဆောင်းတွင်း အမှတ်တရ ဆိုလျှင် ငယ်ငယ် ၅-၆ နှစ်သား အင်းတော်သို့ ကျောင်းတက်မသွားမီက ပုံရိပ်များကို ဝိုးတိုးဝါးတား မှတ်မိနေသည်။ ဗန်းမောက်မြို့အဝင်နားရှိ ကျွန်တော်ချက်ကြွေ မွေးရပ်မြေ အောင်သာကုန်းဟူသည့် ရွာကလေးတွင် ကြုံခဲ့ရသည့် ဆောင်းနံနက်ခင်းများ ပြန်မြင်ယောင်မိသည်။

၁၉၉၆ မတိုင်မီ အချိန်က ထိုကျေးရွာလေးကို ဗန်းမောက်မြို့၏ ရပ်ကွက်တစ်ခုအဖြစ် မသတ်မှတ်သေးပါ။ မြို့နယ် စည်ပင်သာယာ နယ်နမိတ်ပါ ရပ်ကွက် မဟုတ်သေးပါ။ အိုးအိမ်များလည်း ယခုလောက် မများသေးပါ။ ယခုကားလမ်းဘေးရှိ အိမ်ရာများမှာ လယ်ကွင်းများ ဖြစ်ကြသည်။
ကျွန်တော်တို့ အိမ် တဲကုပ်ကလေးနှင့် ညာဖက် မျက်စောင်းထိုး မလှမ်းမကမ်းတွင် အကြော်ဆိုင် တန်းလေးရှိသည်။ အကြောင်ဆိုင်တန်းလေး အကြောင်း မရေးမီ ထိုအိမ်လေးအကြောင်း ပြောရဦးမည်။ ထို အိမ်လေးသည် ၁၉၈၃-၈၄ လောက်တွင် (မဆလ ခေတ်) ပြည်သူပိုင်မြေ အဖြစ် အသိမ်းခံလိုက်ရပါသည်။ အိမ်နေရာလည်း အစားပြန်မပေးပါ။ ကျွန်တော်တို့ နေစရာမရှိသည့် အတွက် အိမ်ငှားဘဝဖြင့် ၄ နှစ် ခန့် နေခဲ့ရသေသည်။ အိမ်ရာမြေများသိမ်းခြင်းသည် အလွန် အန္တရာယ်များပါသည်။ ပိုက်ဆံချမ်းသာသူများအတွက် သိသာလှသော အပြောင်းအလဲ မဟုတ်သော်လည်း၊ ထိုမြေ ထိုယာကို အသက်မွေးဝမ်းကျောင်း အဖြစ် မိသားတစ်စု လုံး မှီခို နေရသူများ အဖို့မှာ ဘဝ ပျက်ခြင်းပင်ဖြစ်ပါသည်။ အကြောက်တရားခြင်းယှဉ်လျှင် ဝန်ထမ်းတစ်ယောက် အလုပ်ပြုတ်မှာ ကြောက်တာထက်၊ တောင်သူတစ်ယောက် မြေသိမ်းခံရမှာ ကြောက်တာက ပိုမည်ထင်ပါသည်။ ဝန်ထမ်းတစ်ယောက်သည် ပညာတတ်ဖြစ်သည့် အတွက် အခြား အလုပ်တစ်နေရာ ရှာကြံနိုင်ဦးမည်။ လယ်သမား၊ ယာသမားအတွက်မှာမူ သူတို့၏ တစ်ခုတည်းသော အတတ်ပညာသည် လယ်ယာလုပ်ခြင်း၊ သူတို့၏ တစ်ခုတည်းသော အသက်မွေးရာဌာနသည် ဤမြေ ဖြစ်သောကြောင့် မြေမရှိလျှင် ဘဝ ပျက်ခြင်းပင် ဖြစ်ပါသည်။ သူတစ်ပါးဘဝ၊ မိသားစု အသိုက်အမြုံကို ဖျက်မိခြင်းမှ ရှောင်းရှားနိုင်ရန် အတွက် အမှန်တကယ်ထိုက်တန်သော မြေယာ အစားထိုး မပေးနိုင်ပဲ မြေသိမ်း၊ ယာသိမ်းခြင်း အမှုကို မပြုကြလျှင် ကောင်းလေစွ ဟု ထင်မိပါသည်။

အကြော်ဆိုင်တန်းလေး အကြောင်း ဆက်ဦးမည်။ ထိုအကြော်ဆိုင်တန်းတွင် ရောင်းသည့် အကြော်သည် တို့မှာ မနက် ၃ နာရီထိုးလောက်ဆိုလျှင် မီးစမွှေးကြပြီး ကြော်ကြပြီ။ ထို့ကြောင့်လည်း "ဗမာစော၊ ရှမ်းတောပြန်" ဟူသော ဆိုရိုးစကား ရှိခဲ့ဟန်တူသည်။ ရွာမှ မီးရှူးများဖြင့် ဈေးရောင်းတက်လာသူများက နံနက်စောစော အဆာပြေ ဝယ်စားကြတတ်၍ ဖြစ်သည်။ ကျွန်တော်တို့ဖက်တွင် ဝါးပေါသည့်အတွက် ဝါးမီးရှူးများကို နံနက်ခရီးသွားရာတွင် ဓာတ်မီးအစားထိုးအဖြစ် သုံးကြသည်။ ငွေကုန်ကြေးကျခံကာ ဓာတ်မီး၊ ဓာတ်ခဲ ဝယ်ရန်မလို၊ တောထဲတိုး၊ ဝါးခြောက်ရှာကာ ဝါးမီးရှူး အလွယ်တကူ လုပ်နိုင် သုံးနိုင်ကြပေသည်။ ဝါးမီးရှူးသည် ဆောင်းနံနက်ခင်း အေးအေးတွင် အလင်းပေး၍ လမ်းပြရုံသာမက အနွေးဓာတ်ကိုလည်း ရစေပါသည်။ ဝါးမီးရှူး မမြင်ဖူးသူများအတွက် ပုံဆွဲပြဦးမှ သင့်တော်မည်ဟု ထင်ပါသည်။ ဝါးမီးရှူးသည် အိုလံပစ် မီးရှူးတိုင်လို ဆီဖြင့် ထွန်းညှိရသော မီးရှူးလည်း မဟုတ်ပါ။ ရေနံဆီသုတ်အဝတ်ကို တုတ်တွင်ရစ်ပတ်ပြီး ထွန်းညှိရသော မီးတုတ်မျိုးလည်း မဟုတ်ပါ။ ခြောက်သယောင်းနေသော ဝါးများကို ရိုက်ခွဲပြီး ဝါးခြမ်းပြားလေးများ ဖြစ်အောင် အရင်လုပ်ရပါသည်။ ထိုဝါးခြမ်းပြားလေးများကို ထင်းစည်းကဲ့သို့ စု၍ စည်းပြီး နှီးဖြင့် တုပ်ကာ တုတ်အဖြစ် လုပ်ရပါသည်။
အရှည် ၄ ပေခန့်၊ အတုတ် ၂ လက်မခွဲ ၃ လက်မခန့် (လက်တွင်တစ်ဖက်တည်းဖြင့် ကိုင်၍ ကောင်းမည့် အရွယ်) လုပ်ကြပါသည်။ ဝါးမှာ အသားပါးသည့် သင်းဝါးကို သုံးလေ့ရှိပါသည်။ အသားပိတ်သည့် သိုက်ဝါးကို မသုံးပါ။ မီးထွန်းလိုလျှင် အဖျားတစ်ဖက်ကို မီးရှို့ပြီး သုံးယုံတာ ဖြစ်သည်။ မီးလောင်၍ ဝါးအသားအတော်များများ မီးချေးခဲ ဖုံးလာလျှင် အဖျားကို ခါထုတ် ရိုက်ချိုးရပါသည်။ ထို့ကြောင့် ထိုအချိန်ဆောင်းအခါ လမ်းဘေးတစ်လျှောက်တွင် မီးရှူးခါးချ ထားသော ဝါးပြာ အချို့ကို လမ်းတစ်လျှောက် တွေ့နေရတတ်သည်။ မီးအလင်းပိုလိုလျှင် မီးရှူးတုတ်ကို လေတွင် ဘယ်ညာလှုပ်ရမ်းပေးရသည် ထိုအခါ ပြာများကြွေပြီး လေပိုရကာ မီးပိုတောက်လာသည်။ ထို့ကြောင့် မီးရှူးဖြင့် လာလျှင် လက်နှိပ်ဓာတ်မီးကဲ့သို့ မဟုတ်။ မီးက အငြိမ်မနေ။ တစ်ခါတစ်ခါ မီးမှိန်သွားလိုက်၊ မီးတောက်ကောင်းလာစေရန် ဝှေ့ရမ်းလိုက် ပြန်တောက်တိုက် ဖြင့် ဆောင်းနှင်းတောထဲ တရွှေ့ရွှေ့ ခရီးနှင်ရင်း လိုရာရောက်အောင် သွားကြရသည်။

 အိုလံပစ်မီးရှူးတိုင်

ရေနံဆီသုတ် မီးရှူးတုတ် 

ဝါးမီးရှူး

ထိုအကြော်ဆိုင်တန်းလေးသည် ဗန်းမောက် မြို့မဈေး နှင့် ၂ ဖာလုံ ခန့် အကွာတွင် ရှိသည့် အတွက် ၆ နာရီ၊ ၇ နာရီ ဆို ဈေးမှ ပြန်လာသူများလည်း တစ်ထောက်နားပြီး ထိုဆိုင်တန်းလေးတွင် မုန့်ထိုင်စားကြ နားကြသည်။ ထိုနေရာတွင် မနက်ခင်း၌ ကျွန်တော်တို့ ဒေသအခေါ် မုန့်လင်မယား (မန္တလေးဒေသတဝိုက် မုန့်မျက်နှာအပ် ဟု ခေါ်သည်ဟု ထင်ပါသည်) ပူပူလေးကို နံနံပင်မွှေးမွှေးလေးဖြင့် ကြွပ်ကြွပ်ရွရွ စားနိုင်သည်။ လက်ဖြစ် ဆန်ခေါက်ဆွဲသုတ် ကို ငရုတ်သီး စပ်စပ်၊ ဟင်းရည်ပူပူ ဖြင့် နှာရည်ယိုသည် အထိလည်း ဆွဲနိုင်သည်။ ရှမ်းတိုဖူး (ဆန်တိုဖူး) ကို ဆီတိုဖူးရည်စပ်စပ်ဖြင့် ချဉ်ငံစပ်လေး လွှေးနိုင်သည်။  တိုဖူး (ပဲတိုဖူး) အစိမ်းသုတ် ကို ကြာညို့ချိုချို၊ ကြက်သွန်ဖြူ နှင့် မျဉ်သွေ့ခြောက် ချဉ်စပ်လေး စားနိုင်သည်။ ပဲတို့ဖူးကြော်ကြွပ်ကြွပ်လေး ကို ပေါင်းတင်းမီးဖုတ် စေးစေးလေးဖြင့် စားနိုင်သည်။ကုလားပဲခြမ်းကြော်ကို မုန့်တီအရည်ဖျော်နှင့် စားရတာလည်း ကောင်းသည်။ ဗယာကြော် နှင့် မုန့်ကြွေစေ့သုတ်ပြီး စားရသည်မှာ မေ့မရနိုင်သည့် ရှမ်းနီဒေသရှိ အစားအစာ တစ်ခု ဖြစ်သည်။ မုန့်လက်ကောက်ကြော်၊ မုန့်စိမ်းပေါင်း၊ မုန့်ပြာလူး အတွင်း၍ အုန်းသီးနှင့် ထန်းလျက်ကို ဌာပနာထား၍ ပြုတ်ထားသော မုန့်လုံးကို တစ်ခုနှင့် တစ်ခု မကပ်စေရန် ဒေသအခေါ် မုန့်နှစ် (ဆန်မှုန့်) လူးထားသော မုန့် သည်လည်း စား၍ အတော်ကောင်းပါသည်။ နှမ်း နှင့် မြေပဲ ဆီရွှဲရွှဲဖြင့် လုပ်ထားသော ခေါစီ၊ နှမ်းများများဖြင့် အလွန်းမွှေးသော  ခေါပုတ်ကင် ဖောင်းဖောင်းလေး၊ အုန်းသီးထည့်ပေါင်းထားသည့် ပေါင်းတင်း၊ ပဲထည့်ထားသည့် ပဲပေါင်းတင်း၊ ကောက်ညှင်းကို ငှက်ပျောဖက်ဖြင့် ကတော့ထိုး ထုပ်ပြီး ပြုထားသည့် ကောက်ညှင်း စီးလော်လော်၊ ဖြူဖြူတုံတုံ အိအိ ချိုချိုဖြင့် စားရတတ်သည့် မုန့်ဦးနှောက် စသည့် ဒေသထွက် မုန့်ပဲသရေစာများကို ရောင်းချလေ့ ရှိပါသည်။ ထိုခေတ်အခါက မနက် မနက်ဆိုလျှင် ဈေးဆိုင်တန်းလေးတွင် မုန့်ဝယ်စားသူများဖြင့် စည်ကားနေလေ့ ရှိပါသည်။ မုန့်ပဲသရေစာ စားနိုင်လောက်သော ငွေပို ငွေလျှံများလည်း အထိုက် အလျောက်ရှိကြ၍ ဖြစ်မည် ထင်ပါသည်။
မှတ်မှတ်ရရ ပြောရမည်ဆိုလျှင် ၁၉၈၈ မတိုင်မီက ကျွန်တော်တို့ဖက် လူအတော်များများ မုန့်ဝယ်စားနိုင် အလှူအတန်း ပြုနိုင်ကြသေးသည်ကို မှတ်မိသည်။ နွေရာသီတိုင်းလို ရှင်ပြုပွဲကြီးများရှိသည်။ နောက်ပိုင်းတဖြည်းဖြည်း အလှူအတန်းနည်းလာသည် နွေရာသီတိုင်း ရှင်ပြုပွဲကြီးများ မရှိတော့။ ကျွန်တော်ချစ်သော မုန့်ဈေးတန်းလေးသည်လည်း ပြည်တွင်း စီးပွားရေး ချွတ်ခြုံကျမှု၏ ဂယက်ထဲ ပါသွားခဲ့သည်။ ၁၉၉၀ နောက်ပိုင်း နှစ်များ၏ မုန့်ဆိုင်တန်းလေး လုံးပါးပါးပြီး ပျောက်ပျက်သွားခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ထိုစဉ်အချိန်က မြင်တွေ့ခဲ့ရသော မိမိရင်သွေးကို ကိုယ်နှင့်မကွာ "ပိုးတံဘက်" ဖြင့် ကျောပိုးသယ်လေ့ရှိသော ဒေသ ဓလေ့ကို ရှမ်းတို့၏ ရိုးရာဓလေ့ တစ်ခု ဖြစ်မှန် နှောင်များမှ သိလာရသည်။
ယခုတိုင် ရင်သွေးငယ်တို့ကို ရင်နှင့်မကွာ သယ်ပိုးစောင့်ရှောက်လေ့ရှိသော ရိုးရာ "ပိုးတံဘက်" ကျောပိုး ဓလေ့လေး ရေရှည်တည်တံ့ ပါစေဟု ဆန္ဒပြုမိပါသည်။

ဆန်တိုဖူး (ရှမ်းတိုဖူး) ၊ မုန့်ပြာလူး၊ မုန့်ကြွေစေ့၊ ခေါစီ၊ ခေါပုတ်၊ ပေါင်းတင်း စသည်တို့ကို ရှမ်းစကားမတတ်တော့သည့် ရှမ်းများနေထိုင်ရာ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိမြို့နယ် အတော်များများတွင် ရိုးရာမပျက် ကျန်ရှိနေသည် ကတော့ ဝမ်းသာရမည်ပင် ဖြစ်သည်။









ဆရာခမ်းလိတ် ၏ သီချင်းကို နားထောင်ရင်း တကယ်လွမ်းလာတဲ့ မွေးရပ်မြေ။
တောင်ပြာပြာများရဲ့ အောက်၊
နှင်းငွေ့များရဲ့အောက်၊
ဆောင်းနံနက်ခင်းတွင် မြင်ကွင်းမှ ပျောက်ပျောက်နေတတ်သော မြို့ငယ်လေး သို့မဟုတ် ရွာငယ်လေး ..........

ကျွန်တော်တို့ အရပ်မှာ ချယ်ရီ မပွင့်ပါ။ ချယ်ရီပင်လည်း မရှိပါ။
ခေါပုတ်ရှိသည်။ လူလုံးမကွဲအောင် ခပ်သည်းသည်း ကျသော ဆောင်းနှင်းပွင့်များရှိသည်။ အသဲမှာ စွဲနေသော ဆောင်းချစ်သည့် သွေးက ဖျောက်မရတတ်ပါ။ ခေါင်ရည်သောက်သည့် အလေ့သိပ်မရှိသော်လည်း ကစော်ဖောက်ပြီး ထမင်းချိုအဖြစ် စားတာတော့ရှိသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ကချင်ပြည်နယ် ချယ်ရီမပွင့်သောဒေသ မှ ရှမ်းတို့ကိုလည်း ရှမ်းဟု ခေါ်ကြောင်း၊ ရှမ်းစကားမတတ်ကြသော ပျောက်ကွယ်လုလု ရှမ်းများ ရှိကြောင်း အမှတ်တရ တင်ပြလိုက်ရပါသည်။

October 22, 2012

ချစ်ဇနီ၊ ချစ်သမီး နှင့် ကချင်မြေ


နေပြည်တော်ရှိ National Landmark တွင် ဓာတ်ပုံရိုက်ယူခဲ့ကြသော သမီး နှင့် ဇနီး ပုံကို အမှတ်တရ ပို့စ်အဖြစ် တင်လိုက်ပါသည်။


ကျက်သရေရှိသော ကချင်ရိုးရာ ဝတ်စုံကြောင့် ကျွန်တော့် ဇနီး နှင့် သမီးလည်း ပိုလှ လာသလို :D



ကျွန်တော့် မိသားစုလေး ငြိမ်းချမ်းသလို ကချင်ပြည်မှာ ရှိတဲ့ ကချင်မိသားစုတွေလည်း ငြိမ်းချမ်းကြပါစေလို့



ရှမ်းမလေးဖြစ်တဲ့ သမီးလေး ကချင်ရိုးရာ ကိုလည်း လေးစားနားလည် တတ်သူ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



ကချင်ရိုးရာ ဝတ်စုံဖြင့် မြူးကြွနေသော ကျွန်တော့်တူမ ဗမာမလေးများနှင့် သမီးလေး 


October 20, 2012

ကမ္ဘာမှာ လိုအပ်နေသော ဥပဒေ


ခု ကမ္ဘာမှာ ဘာသာရေး၊ လူမျိုးရေး ပုတ်ခတ်စော်ကားမှုတွေကနေ လူတစ်ဦးနဲ့တစ်ဦး၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး နဲ့ တစ်မျိုး မုန်းတီးမှုတွေ ပိုမိုပြင်းထန်းလာကြတယ်။ ဒါတွေဟာ လျင်မြန်တိုးတက်လာတဲ့ သုံးစွဲရလွယ်ကူတဲ့ မီဒီယာကွန်ယက်တွေရဲ့ ဆိုးကျိုးတွေ ဖြစ်တယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို မေတ္တာတရားတွေပဲ လက်ဆင့်ကမ်းသယ်ဆောင်စေသင့်တယ်။ မျိုးဆက်သစ်တွေရဲ့ ရင်ထဲကို အမုန်းမျိုးစေ့တွေ ပျိုးထောင်မပေးသင့်ဘူး။ အဓမ္မသာသနာပြုခြင်းတွေကိုလည်း တားဆီးသင့်တယ်။ သာသနာပြုသူတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ပဲ ဖြစ်သင့်တယ်။
မီဒီယာကို အသုံးချပြီး ဘာသာရေးစော်ကားမှု၊ လူမျိုးရေးစော်ကားမှု ဖန်တီးတဲ့ သူတွေကို တားဆီးနိုင်မယ့် ဥပဒေတစ်ခု ကမ္ဘာမှာ ပြဌာန်းသင့်တယ်။