October 21, 2009

တို့တောင်ပေါ်ကို ဖိတ်ခေါ်ပါတယ် .................


တောင်ပေါ်လေနံ့ မရတော့သည်မှာလည်းကြာပြီ။ တောင်ပေါ်လေငွေ့ မထိတွေ့ရသည်လည်းကြာပြီ။ တောင်ကြောတစ်လျှောက် ရစ်သိုင်းဖွဲ့တည်နေတတ်သော တိမ်စိုင်တို့ကို တမေ့တမော မကြည့်ရသည်လည်းကြာပြီ။ တောထူထူ တောင်မြင့်မြင့်ကို တွေ့တိုင်း လွမ်းမော တသသော စိတ်ပေါ်သည်မှာ ကျွန်တော်တို့သည် တချိန်ချိန်က တောင်ပေါ်မှာနေ တောင်ပေါ်မှာကြီးသည့် မျောက်ကြီးများမှ များ ဆင်းသက် ခဲ့လေသလား။ ဘာကို လွမ်းမှန်းမသိပဲ လွမ်းလွမ်းတတ်သည်ကတော့ သေချာသည် ............


"နောင် ဗေ ... နောင်.. နောင် ဗေ... နောင်" ကိုလည်း စိတ်ထဲပဲ ရွတ်ရွတ်ပြီး လက်ကလေးတစ်ကြွကြွ နှင့် သံစဉ်မှာ မြောပြီး စိတ်ခေါ်ရာ တစ်ခါ တစ်ခါ လိုက်သွားမိသည်လည်းရှိသည်။ တနယ် တမြေမှာ သျှမ်းအိုး စည်သံကို ကြားရဦးမည်။


စင်ကာပူ နိုင်ငံမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နေ့၊ သျှမ်းလူငယ်များ မိမိတို့၏ ကာယအား၊ ဉာဏအားဖြင့် အမိမြေကို တစ်ဖက် တစ်လမ်းမှ အလုပ်အကျွေးပြုမည့်ပွဲ။

October 17, 2009

၂၁၀၄ သျှမ်းနှစ်သစ်ကူးပွဲတော်




ကျွန်တော်နှင့် တောတွင်းကာလများ (၈)

ကျွန်တော်တို့မြို့လေး၏ တောင်ဘက်တွင် ပေ ၅၀ ခန့်ကျယ်သော ဗန်းမောက်ချောင်က အနောက်မှ အရှေ့သို့ စီးဆင်းနေပါသည်။ နွေရာသီတွင် ရေအလွန်နည်းပြီး မိုးရာသီ မိုးရွာပြီးချိန်တွင် ရေအတော်ကြီးသည်။ ရေစီးကြမ်းသည်။ တောင်ကျချောင်းလိုဖြစ်နေသည်။ တောင်ကျ ရေနီများက အလိပ်လိုက် အလိပ်လိုက် ချောင်းငယ်ထဲ စီးနေသည်။ ချောင်းရေပြင်ကလည်း ကျယ်လာသည်။ ပေ ၂၀၀ လောက်ဖြစ်လာသည်။ မိုးရွာပြီး ရေတက်စဆိုလျှင် လှိုင်လုံးများကလည်း အလိပ်လိုက် ထလာသည်။ အသံများက တ၀ုန်းဝုန်း။ ရင်ခုန်စရာကောင်းသည်။ ငယ်ငယ်က ထိုလှိုင်းလုံးများကို လိုက်စီးရသည်မှာ ပျော်စရာ။ ချောင်းကြမ်းခင်း တစ်ချို့နေရာများတွင် ကျောက်ဖျာများပေါ်နေသည့် အတွက် လှိုင်းစီးရင်း ကျောနင့်ပွတ်မိ၊ ပေါင်နှင့်ပွတ်မိ ဖြစ်သည်။ ပူခနဲ့။ ထူခနဲ့။ နောက်မှ အရေပြားပွန်းနေတာကို စစ်ကြည့်ရသည်။ နာတာမနာတာ သိပ်သတိမထားမိ။ လှိုင်းစီးကောင်းသည် ကိုသာ သတိထားမိသည်။ ရေကူးတတ်စ ဖြစ်သောကြောင့် တစ်ခါတစ်ခါ ပါးစပ်ထဲ ရေအလုံးလိုက် ၀င်ပြီး မွန်းသွားသည်လည်းရှိသည်။ ရေ၀ဲများအောင် အသက်ရှူမွန်းကြပ်လောက်အောက် ပါသွားသည်လည်းရှိသည်။ ရေချိုးပြီးကြပြီဆိုလျှင် မျက်လုံးများလည်း ရဲရဲနီလျက်။ ကလေးဘ၀၊ တောနေကလေးဘ၀၊ ရုပ်ဝတ္ထုပစ္စည်းများမလို။ ရှိရာပတ်ဝန်းကျင်တွင် ပျော်စရာဖန်တီးပြီး သည်လိုပဲကြီးခဲ့ကြသည်။