October 21, 2009

တို့တောင်ပေါ်ကို ဖိတ်ခေါ်ပါတယ် .................


တောင်ပေါ်လေနံ့ မရတော့သည်မှာလည်းကြာပြီ။ တောင်ပေါ်လေငွေ့ မထိတွေ့ရသည်လည်းကြာပြီ။ တောင်ကြောတစ်လျှောက် ရစ်သိုင်းဖွဲ့တည်နေတတ်သော တိမ်စိုင်တို့ကို တမေ့တမော မကြည့်ရသည်လည်းကြာပြီ။ တောထူထူ တောင်မြင့်မြင့်ကို တွေ့တိုင်း လွမ်းမော တသသော စိတ်ပေါ်သည်မှာ ကျွန်တော်တို့သည် တချိန်ချိန်က တောင်ပေါ်မှာနေ တောင်ပေါ်မှာကြီးသည့် မျောက်ကြီးများမှ များ ဆင်းသက် ခဲ့လေသလား။ ဘာကို လွမ်းမှန်းမသိပဲ လွမ်းလွမ်းတတ်သည်ကတော့ သေချာသည် ............


"နောင် ဗေ ... နောင်.. နောင် ဗေ... နောင်" ကိုလည်း စိတ်ထဲပဲ ရွတ်ရွတ်ပြီး လက်ကလေးတစ်ကြွကြွ နှင့် သံစဉ်မှာ မြောပြီး စိတ်ခေါ်ရာ တစ်ခါ တစ်ခါ လိုက်သွားမိသည်လည်းရှိသည်။ တနယ် တမြေမှာ သျှမ်းအိုး စည်သံကို ကြားရဦးမည်။


စင်ကာပူ နိုင်ငံမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နေ့၊ သျှမ်းလူငယ်များ မိမိတို့၏ ကာယအား၊ ဉာဏအားဖြင့် အမိမြေကို တစ်ဖက် တစ်လမ်းမှ အလုပ်အကျွေးပြုမည့်ပွဲ။

စုဝေးကြ၊ တိုင်ပင်ကြရင်း၊ တစ်ယောက်အားဖြင့် မစွမ်းသည်ကို စုပေါင်းသော အင်းအားဖြင့် ကူညီဖေးမ ပေးကြမည့် အစီအစဉ်။

ယခု သျှမ်းနှစ်သစ်ကူးပွဲတော်မှ ရသည့် ရံပုံငွေသည် ....
(၁) တောင်ပေါ်မြေမှ ဆင်းရဲကြရှာသော တိုင်းရင်းသား ကလေးသူငယ်များအတွက် စာအုပ်ဖိုး၊ ခဲတံဖိုး၊

(၂) တောင်ပေါ်နေ အမယ်အို၊ အဖိုးအိုတို့အတွက် အနွေးထည်များ၊

ဖြစ်လာကြမည်။

(၃) တောင်ပေါ်မြေမှ သာသနိက အဆောက်အဦး ပြုပြင် မွမ်းမံရေးလုပ်ငန်းများ၊
(၄) မြန်မာ တိုင်းရင်သားတို့၏ မြတ်နိုးဖွယ် ရိုးရာအမွေအနှစ် ထိမ်းသိမ်းရေးလုပ်ငန်းများ
တွင် ပါဝင်လှူဒါန်မည်ဖြစ်သည်။


ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား သျှမ်းလူငယ်၊ လုံမငယ်များ၏ ထက်သန်သောစေတနာ၊ ခက်ခဲသော အချိန်ကို ဖဲ့ပေးကာ ပေးဆပ်တတ်သော သူတို့၏ အနစ်နာခံမှုလေးများကို ဖေးကူသောလက်ဖြင့် ကမ်းပါ၊ ကူပါ။ အားပေးကြပါဟု ....
သင်ဝယ်ယူသော လက်မှတ်ဖိုးငွေ၏ အစိတ်အပိုင်းအတော်များများသည် ....
သျှမ်းနှစ်သစ် ၂၁၀၄ အတွင်း ...
သျှမ်းတောင်ပေါ်ကျေးရွာလေးတစ်ရွာမှ ၅ နှစ်သားအရွယ် စိုင်းလုံ အတွက် ရေးစရာ ခဲတံတစ်ချောင်း ဖြစ်လာပါမည်။ သူပျော်ရွှင်စွာ ၀လုံး အရေးကျင့်ပေမည် .............

အနွေးထည် ခပ်နွမ်းနွမ်းကို အားကိုးပြီး နှင်းထုထဲ တိုးကာ ပညာရှာနေရှာသည့် နန်းနွဲ့ အမည်ရှိ ၈ နှစ်အရွယ် ကလေးမလေးတစ်ဦးအတွက် သင်ရိုးစားအုပ် တစ်အုပ်ဖြစ်လာပါမည်။ သူ့အသံဝဲ၀ဲလေးဖြင့် မသဲမကွဲ စာရွတ်သံကို နှင်းတောထဲမှ တိုးတိုးဖွဖွ ကြားရချေဦးမည် ........

အအေးမိ၍ နှာရည်အယို လွှတ်သွားလာသော သျှမ်းအဖွားကြီး ပခမ်း၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်သည့် "သာဓု သာဓု သာဓု" ကို ကြားရဦးမည် ....

ချောင်းဆိုးသံ တဟွတ်ဟွတ်ကို အနွေးထည်ထူထူဖြင့် ကာကွယ်လိုက်ရင်း ရင်တွင်းမှ ကျလာသည့် ကျေးဇူးတင်စကားကို စိတ်နားဖြင့်ပင်နားထောင်ကြည့်ပါ ..........................



ချစ်သော စာရှုသူခင်ဗျာ ... "သင့်လက်သည်လည်း ပန်းများကို ဖူးပွင့်စေနိုင်ပါသည်" .................. စင်ကာပူမှာ နိုဝင်ဘာ ၁၄ မှာ ကျင်းပမည့် သျှမ်း နှစ်သစ်ကူး ပွဲတော်အတွက် လက်မှတ်ဝယ်ပါလို့ တိုက်တွန်းလိုက်ပါသည်။


(၁) နာမည်ကျော် အဆိုတော် စိုင်းဆိုင်မောဝ် ၏ လွမ်းမောဖွယ် သျှမ်းသဲဝဲ၀ဲ သျှမ်းသီချင်းများ

(၂) နာမည်ကြီး အဆိုတော် ကချင်မလေး Lဆိုင်းဇီ ၏ ပညာပါပါ ဆိုပုံလေးများ

(၃) သျှမ်းပျိုဖြူများ၏ ရိုးရာအကများ၊ သျှမ်းလူငယ်များ၏ အဆို ဖြင့်

(၄) သျှမ်း အစားအသောက်များကို တစ်ဝကြီး စားသုံးရင်း


လက်မှတ်မှာလိုပါက ကျွန်တော့်ကို ဆက်သွယ်နိုင်ပါသည်။ ၉၄၅၆၅၃၈၁ ........ ချစ်ချင်းအားဖြင့် မနောက်ရ :D


ထပ်ပြောလိုပါသည် "သင့်လက်မှတ်ဖိုးထဲမှ ရာခိုင်နှုန်းအတော်များများသည် ကူညီမှုများ၊ လှူဒါန်းမှုများအတွက် ဖြစ်ပါသည်" ..... "သင့်လက်ဖြင့်လည်း ပန်းများကို ဖူးပွင့်ပါစေ"