Showing posts with label 03 ၀တ္ထု. Show all posts
Showing posts with label 03 ၀တ္ထု. Show all posts

September 13, 2011

မြင်း ၂ ကောင်

ကျွန်တော့်အိမ်အပြင်လမ်းမဖက် ထွက်လိုက်တာနဲ့ ကွင်းအကျယ်ကြီး တစ်ခုရှိတယ်။ အဲဒီကွင်းထဲမှာ မြက်စားနေတဲ့ မြင်း ၂ ကောင်ရှိတယ်။ အဝေးက ကြည့်လိုက်မယ် ဆိုရင်တော့ ဒီမြင်း ၂ ကောင်းဟာ သိပ်မထူးခြားပါဘူး။ တခြားမြင်းတွေလိုပါပဲ။       
              
အနားကပ်ကြည့်မယ်ဆိုရင်တော့ ဒီမြင်း ၂ ကောင်မှာ အတော်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ရှိနေတာကို တွေ့ရမယ်။
မြင်းတစ်ကောင်က အကန်းဗျ။ မျက်စိလုံးဝ မမြင်ဘူး။
သူ့သခင်က သူ့ကို အလုပ်မှာ မသုံးတော့ပါဘူး။ ဘေးမဲ့ပေးထားတဲ့ မြင်းတစ်ကောင်ပါ။ သက်တောင့်သက်သာ နေရုံပါပဲ။ သနားစရာလေးပါဗျာ။

 ဒီ ၂ ကောင် အနီးနား ကပ်ပြီး နားစွင့်ကြည့်စမ်းပါ။ ခြူသံကြားရမယ်ဗျ။ အဲဒီခြူသံက ဟိုမြင်းငယ်လေးဆီက ထွက်လာတဲ့ ခြူသံပါ။ လည်ပတ်မှာ ဆွဲပေးထားတဲ့ ခြူသေးသေးလေးက ထွက်လာတဲ့ အသံပေါ့။ ဒီခြူသံလေးက သူ့အဖော် မျက်စိမမြင်တဲ့မြင်းကို သူဘယ်မှာ ရှိတယ်ဆိုတာ ပြောပြောပြနေတဲ့အရာပေါ့။ မျက်မမြင်းလေးက ဒါကို နားထောင်ပြီး သူ့နောက်လိုက်လာနိုင်တယ်လေ။


ဒီမြင်း ၂ ကောင်ကို သေချာရပ်ပြီးကြည့်မယ်ဆို ...
ခြူဆွဲထားတဲ့ မြင်းဟာ မျက်မမြင်မြင်းလေးကို အမြဲတမ်း စောင့်စောင့်ကြည့်တတ်တာကို တွေ့ရမယ်။ ပြီးတော့ မျက်မမြင်မြင်းက ခြူသံလေးကို နားထောင်ပြီး သူ့အဖော်မြင်းရှိရာကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး လိုက်နေတာပဲ။ သူ့အဖော်က သူ့ကို ဘယ်တော့မှ ဒုက္ခတွေ့မယ့် လမ်းမှားကို ခေါ်သွားမှာ မဟုတ်ဘူး ဆိုတဲ့ ယုံကြည်ချက် အပြည့် ရှိပုံပါပဲ။
ညနေစောင်းပြီဆို ... 
ခြူဆွဲထားတဲ့ မြင်းလေး မြင်းစောင်းကို ပြန်တော့ သူ့အဖော် မျက်မမြင်မြင်းလေးကို အမြဲ စောင့်ခေါ်တယ်။ ဘယ်တော့မှ သိပ်အဝေးကြီး ကျန်မနေခဲ့စေဘူး။ ချန်မထားခဲ့ဘူး။ ခြူသံကြားရနိုင်မယ့် နေရာလေးမှာ သူအမြဲရှိတယ်။

တခါတရံမှာ ငါတို့တွေဟာ တခြားသူကပေးတဲ့ ခြူသံလေးရဲ့ လမ်းညွှန်ရာအတိုင်း လိုက်ရတဲ့ မျက်မမြင်မြင်းပါ။ တခါတလေတော့ ငါတို့ဟာ မမြင်နိုင်သေးတဲ့ သူအတွက် ရှေ့ကလမ်းပြရတဲ့ မြင်းပေါ့။

May 20, 2009

အိုက်ပီး နှင့် မိုက်ကြီး (၂)

မန္တလေးမြို့ တစ်နေရာ။
၇၃ လမ်းပေါ်။ မန္တလေး တက္ကသိုလ် အ၀င်ဝ။ သစ်ပင်ရိပ်တွေကြားက လက်ဖက်ရည်ဆိုင်။ ယူနီစန် (Unison)။
စားပွဲထိုးကောင်လေးများက ထောင့်မကျိုး။ ခေါ်လျှင် လာချင် သလို မလာချင်သလို။ ကောင်မလေးထိုင်သည့် ၀ိုင်း ဆိုလျှင်တော့ စားပွဲထိုး ၅ ယောက်ခန့် စုနေသည်။ ဘာခိုင်းမလဲ အသင့်။ အပြေးအလွှား အမြန်အဆန်။ နှုတ်မှ ဟလိုက် သည့်နှင့် ရွတ်ခနဲ ရောက်လာသည်။ အိုက်ပီး သဘောပေါက်လိုက်ပြီ ...
"သြော် ... သူတို့လည်း ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ပဲ"
ဆရားစိုင်းခမ်းလိတ်ရေးသည့် "သူတောင်းစားတောင်မှ နိမ့်ကျပေမယ့်လည်း အချစ်ရှိတယ်" ဆိုတဲ့ စာသားလေး ပြေးသတိရမိသည်။ သူတို့လေးတွေ နိမ့်ကျတာကို သူတို့ သိပါသည်။ အချစ်ကြီး မဟုတ်တောင် တဒင်္ဂတော့ သူတို့သာယာသည်။ တစ်ချိန်က စိုင်းထီးဆိုင် ဆိုခဲ့ဖူးသည့် သီချင်းထဲကလို "မြင်းလှည်းသမားလည်း အချစ်နဲ့ပါ" ဆိုတာ အလကားမဟုတ်။ သူပြန်ချစ်တာ မချစ်တာက တစ်ပိုင်။ ကိုယ်နိမ့်ကျတာ မနိမ့်ကျတာက တစ်ပိုင်း။ အချစ်သည် အပိုင်းအခြား အကန့်အသတ်တို့ကို တခါတခါကျော်လွန်သွားသည်။ အမှန်ကတော့ မှီမလားလို့ လှမ်းကြည့်တာဖြစ်သည်။
မိုက်ကြီးကို စောင့်နေတာကြာပြီ။ ပလိန်းတစ်ခွက်ပင် အေးနေပြီ။ စူပါကော်ဖီမစ်ကို ဘယ်ကဘယ်လို ပလိန်းခေါ်မှန်း အိုက်ပီး မသိပါ။ သူများမှာတာကြည့်ပြီး မှာလိုက်သည်။ ရေနွေးပူပူတစ်ခွက်နှင့် စူပါကော်ဖီမစ်တစ်ထုတ် ဇွန်းကလေး တစ်ချောင်းတပ်ပြီး လာချသည်။ ခပ်ပြင်းပြင်းကြိုက်လျှင် ရေနွေးနည်းနည်း ငဲ့ပစ်ရသေးသည်။
ထိုစဉ် ကလေးလေး ၂ ယောက်ဝင်လာသည်။ အတော်ငယ်သေးသည့် ကလေးများ။ အကြီးမလေးက ၈ နှစ်လောက် အငယ်က ၆ နှစ်လောက်ရှိမည်။ အနားလာပြီး ထိုင်ကန်တော့သည်။ ဟာ .... ဘာများလဲ ဆိုပြီး အိုက်ပီး ကြောင်တောင်တောင်ဖြစ်သွားသည်။ ထိုင်ကန်တော့ပြီးတော့ ကလေးမလေးနှုတ်မှ ဆုတောင်းသံထွက်လာသည်။
"အစ်ကိုကြီးချစ်တဲ့ မမနဲ့ အစ်ကိုကြီး ညားပါစေ ... ကျွန်မတို့မောင်နှမကို မုန့်ဖိုးလေး သနားပါ အစ်ကိုကြီးရယ်"
"ဟာ ....မင့်ဆုတောင်းက ကောင်းလှချည်လား။"
အိုက်ပီး ပြုံးမိသည်။ ပြီးတော့ အိတ်ကပ်ထဲက အနီရောင်ဖျော့ဖျော့ ခြင်္သေ့ တစ်ကောင်ခုန်ထွက် သွားတာ မြင်လိုက်ရသည်။ ကလေး ၂ ယောက်သည် ခြင်္သေ့အနီရောင်စီးပြီး လိုရာခရီး ဆက်နိုင်ရန်လည်း စိတ်ထဲကြိတ်ဆုတောင်းမိသည်။
နှုတ်ချိုသျှိုးတစ်ပါးဆိုတစ်ပါးဆိုတာကို အိုက်ပီးနားလည်သည်။ မိုက်ကြီး စူပါကပ်ဆိုက်ကယ်ကို ဒေါက်ထောက်၊ ဇက်သော့ခတ်ပြီး ၀င်လာတာမြင်လိုက်သည်။
"ဟေ့ကောင် မျက်နှာမကောင်းပါလား"
"အေးကွာ ... ဘာရယ်မဟုတ်ပါဘူး။"
ကြုံရာနှုတ်ထွက်စကားကို ဖြေရင်း။ ရင်တွင်းမှ ခုန်းဆင်းသွားသော မျက်ရည်တစ်ပွင့်ကို ပလိန်း တစ်ငုံနှင့် ရောချလိုက်သည်။ ခါးသက်သက်ဖြင့် ဆောင့်အောင့် ဆင်းသွားသည်။ အင်္ကျီအနွမ်းလေး ၀တ်ထားသည့် ကလေးငယ် ၂ ယောက်က ဂုတ်ပေါ်မှာ ထိုင်နေသလိုရှိသည်။ ရီဝေေ၀ ဖြစ်လာသလိုလို။ ထိုစဉ် မလှမ်း မကမ်းရှိ မူလတန်းကျောင်းလေးမှ ကျောင်းဆင်းခေါင်းလောင်းသံကို ကြားလိုက်ရသည်။
"ပလိန်း တစ်ခွက်ပေးပါ ညီလေးရေ" ....

April 27, 2009

အိုက်ပီး နှင့် မိုက်ကြီး (၁)

အိုက်ပီး ။ ။ မိုက်ကြီးရေ မင်း ဟိုကောင်မလေးကို ဘာလို့ ချစ်တာလဲကွ။
မိုက်ကြီး ။ ။ လှလို့ပေါ့ကွာ။ စိတ်သဘောလေးလည်း ကောင်းတယ်ကွ။
အိုက်ပီး ။ ။ ဟုတ်လို့လား သေချာလည်း စဉ်းစားပါဦး။
မိုက်ကြီး ။ ။ ဟုတ်တယ်။ သူမျက်နှာလေးက အတော်မိုက်တာ။ ကိုယ်လုံးကိုယ်ပေါက် ကလည်းပြောစရာမရှိဘူး။ အသားအရေ ကလည်း ညက်နေတာပဲ။ ငါတော့ သူ့ဆို အသေရရ အရှင်ရရပဲ။
အိုက်ပီး ။ ။ မင်းပြောတာ လွန်ပြီကွာ။ အဲဒီကောင်မလေး အသေကောင်ကြီး ကို မင်းဖက်ပြီး ၁ ပတ်တူတူ အိပ်ပြီး မနေနိုင်ပါဘူး။ မဖြစ်နိုင်တာ မပြောပါနဲ့။
မိုက်ကြီး ။ ။ မင်းကလည်းကွာ။ ဒါကတော့။ အဖြစ်ပြောတာပါ။ အသေကောင်ကြီးတော့ မင်းလည်း လိုချင်မလားကွ။ ဂန်းမသား။
အိုက်ပီး ။ ။ ဟာ သေနေတုန်းလည်း လှတုန်းပဲလေ။ မပုပ်အောင်လုပ်ပြီးထားပေးမယ်ကွာ။
မိုက်ကြီး ။ ။ တော်ပါကွာ။ ငါ့ကို မသာမကြီးနဲ့ ညားနေတယ် ပြောမှာပေါ့။ မင်းကတော့ လုပ်ပြီ။
အိုက်ပီး ။ ။ အင်း...ထားပါ။ မင်းပြောတဲ့ စိတ်သဘောကောင်းတယ်ဆိုတာလေး ပြောပါဦး။ ဘာတွေကောင်းတာလဲ။
မိုက်ကြီး ။ ။ ငါ့ဆို အတော်ချစ်တာကွ သူက။ လိုလေသေးမရှိပဲ။
အိုက်ပီး ။ ။ ဟာ ဒါကလည်း အဆင်ပြေတုန်းမို့ပါကွာ။ မပြေတော့ မင်းထင်သလို ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကောင်မလေးက မင့်ကို အသုံးမကျတဲ့ ယောက်ျား ဆန်ကုန်မြေးလေး။ ဆိုပြီး ပြောရင်ရော။
မိုက်ကြီး ။ ။ ဟာကွာ မင်းကလည်း။ ပြောရော့မယ်။ သူကပြောမလားကွ။
အိုက်ပီး ။ ။ အင်း လက်စသတ်တော့ မပြောလို့ ချစ်တာကိုး။ တကယ်လို့ ပြောရင်ရောကွာ။
မိုက်ကြီး ။ ။ ဟဲဟဲ သည်းခံမှာပေါ့ကွာ မင်းကလည်း။
အိုက်ပီး ။ ။ ဟုတ်လို့လားကွာ။ မင့်ကို ချိန်းတိုင် လာမတွေ့ပဲနေရင်ရော။
မိုက်ကြီး ။ ။ ဟာ အဲတာတော့ အကန်ခံရမှာပေါ့။ အဲ ... သူစိတ်ဆိုးနေသလား အရင် စုံစမ်းကြည့်ရမှာပေါ့ကွာ။ ဟီး ဟီး။
အိုက်ပီး ။ ။ အင်း အချစ်ဆိုတာ သူပေးနိုင်တာနဲ့ ကိုယ်လိုချင်တာ အဆင်ပြေနေရင် အိုကေတာပေါ့။ ပြီးတော့ ကိုယ်ပေးနိုင်တာနဲ့ သူလိုချင်တာ အံကိုက်နေတဲ့ အခါပေါ့။
မိုက်ကြီး ။ ။ အင်းပေါ့ကွာ။
အိုက်ပီး ။ ။ သေချာတာ တစ်ခုက မင်းသူ့ကို မိန်းမ ဖြစ်နေလို့လည်း ချစ်တာပါကွာ။ ပြီးတော့ မိန်းမပစ္စည်းပါနေလို့ပါ။ မဟုတ်ရင် မင်းမချစ်နိုင်ပါဘူး။
မိုက်ကြီး ။ ။ မင်းကတော့ လုပ်ပြီ။
အိုက်ပီး ။ ။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဟိုလူမှာ သူလိုချင်တာတွေရှိလို့ပါပဲ။ သူ့မျှော်လင့်ချက်တွေ စိတ်ခံစားမှုတွေကို တနည်းနည်းနဲ့ ဖြည့်ဆည်းပေးနေသူကို ချစ်ကြတာပါပဲ။ မင်းမှာသာ ယောက်ျားပစ္စည်း မပါဘူးလို့ သေချာတဲ့ သတင်းရပ်ကွက်ကနေ ထွက်လာပါလား။ မင့်ကောင်မလေး မင့်ကို ချစ်ပါလိမ့်မယ် အားကြီးကြီး။
မိုက်ကြီး ။ ။ အေး ဟုတ်တော့ ဟုတ်သကွ။ သူဘယ်လောက်လှတဲ့မိန်မပုံစံပေါက်နေပါစေ မိန်းမ မဟုတ်ဘူးလို့သာ ငါသိရရင် ငါလည်း ချစ်နိုင်မှာ မဟုတ်ဘူး။ သူလည်း အဲလို ဖြစ်မှာပေါ့။
အိုက်ပီး ။ ။ အင်းလေ စကားလှရုံပြောနေကြတာပါ လူတွေက အမှန်တော့ ကိုယ်လိုချင်တာ တစ်ခုခု သူ့မှာရှိလို့၊ ရှိမှာမို့၊ ရှိနိုင်လို့ ချစ်တယ်၊ ခင်တယ် ဖြစ်နေကြတာပါပဲ။ အဲဒီလူဟာ ကိုယ်မခံစားနိုင်တာကို ပြောနေ ဆိုနေ ခံစားရအောင်လုပ်နေရင် အဲဒီလူကို ခွာကြမှာပါပဲ။ မခွာသေးဘူးဆိုတာကလည်း မျှော်လင့်ချက်ရှိသေးလို့ ဖြစ်မှာပါပဲ။

February 22, 2009

သိုးပျောက်ခြင်း


တစ်ခါက ဇန်ဆန်း ဆိုတဲ့ သိုးကျောင်းသားလေး တစ်ယောက် ရှိတယ်။ သူဟာ အိမ်မှာ သိုးတွေမွေးထားတယ်။ တစ်မနက်ခင်းမှာ သိုးတွေကို မကျောင်းခင် ရေကြည့်တယ်။ ထပ်ကာ ထပ်ကာရေတယ်။ တစ်ကောင်ပျောက်နေတယ်။

“ဟာ … သိုးတစ်ကောင်လျော့နေတယ်။ ဘာလို့လဲ မသိဘူး”

သူဘာလို့လဲဆိုတာ သိချင်လို့ အဖြေရှာကြည့်တော့။ ခြံစည်းရိုး မှာ အပေါက်တစ်ပေါက် ပေါက်နေတာ တွေ့တယ်။ ဒါကြောင့်ဖြစ်မယ်လို့ သူတွေးတယ်။ အိမ်နီးနားချင်းတစ်ယောက်ကလည်းတွေ့တော့ နောက် ထပ် သိုးတွေ မရှုံးရအောင် အပေါက်ကို ချက်ချင်းပိတ်ဖို့ တိုက်တွန်း တယ်။ ဒါပေမယ့် ဇန်ဆန်းက ဂရုမစိုက်ဘူး။

“ကျွန်တော် သိုးတစ်ကောင် ရှုံးပြီးပြီပဲ ခြံအပေါက်ကို ပိတ် မယ်ဆိုရင်လည်း နောက်ကျသွားပါပြီဗျာ နေပါစေတော့။ ရှိပါစေတော့။”

နောက်တစ်နေ့မနက်မှာ သူ့သိုးတွေကို ရေတွက်ကြည့်ပြန် တယ်။ နောက်ထပ်သိုးတစ်ကောင် ထပ်ပျောက်နေပြန်တယ်။ ဒီအချိန်မှာ သူနောင်တ အကြီးအကျယ်ရနေပြီ။ သူသာ ခြံအပေါက်ကို ချက်ချင်း ပိတ်ပစ်လိုက်တယ်။ နောက်ထပ်သိုးတွေမပျောက်တော့ဘူး။


အမှားသေးသေးလေးကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်ပါ တယ်။ ပြဿနာပိုကြီးလာအောင် စောင့်ကြည့်မနေသင့်ပါဘူး။ ပြဿနာ ကြီးလာရင် ဖြေရှင်းရပိုခက်တယ်။ ကုန်ကျစရိတ်လည်း ပိုများလာတယ်။ အမှားတိုင်းကို သေချာလေ့လာဆန်းစစ်ပြီးတော့ ဘာ့ကြောင့် ဒီလိုဖြစ်ရ တယ်ဆိုတဲ့ အကြောင်းရင်းကို ရှာရမယ်။ နောက်အလုပ်တွေအတွက် သင်ခန်းစာယူရမယ်။ နောင် ဒီလိုအမှားမျိုးထပ်မမှားတော့ဘူးပေါ့။


တင်ပြခဲ့တဲ့ ပုံပြင်လေးမှာ ဇန်ဆန်းဟာ သူ့အိမ်နီချင်းရဲ့ အကြံ ပေးတိုက်တွန်းချက်ကို အလေးထား လက်ခံဆောင်ရွက်ခဲ့မယ်ဆိုရင် သိုး နှစ်ကောင် ဆုံးရှုံးမှာ မဟုတ်ဘူးပေါ့။

February 15, 2009

အစွဲ

လီဂေါင်းတွင် အလွန်ခင်သော သူငယ်ချင်းတစ်ဦးရှိသည်။ သူ အိမ်ကို အလည်မလာတာကြာပြီ။ လီဂေါင်း သူ့အိမ်အလည်သွားရင်း အကျိုးအကြောင်းသွားမေးသည်။
“မင့်အိမ်ကို နောက်ဆုံးတစ်ခေါက်လာတော့ မင်းငါ့ကို ၀ိုင်ကောင်း ကောင်း တစ်ခွက်တိုက်တယ်လေ မှတ်မိသေးလား။ ငါဖန်ခွက်ထဲ ကြည့်တော့ ဖန်ခွက်ထဲမှာ မြွေသေးသေးလေးတစ်ကောင် တွေ့တယ်။ ငါသိပ်ကြောက်တာပေါ့။ ဒါပေမယ့် ငါမင့်ကို ခင်တော့ ဘာဖြစ်ဖြစ်ဆိုပြီး သောက်ပလိုက်တယ်။ သောက်ပြီးတဲ့နောက် ငါနေမကောင်းဖြစ်တော့ တာပဲ။ ထကို မထနိုင်တော့ဘူးကွာ။ ခုမင်းမြင်တဲ့ အတိုင်းပဲ သေတော့မယ်ထင်ပါတယ်”



လီဂေါင်း ပြန်စဉ်းစားသည်။ သူ့ကို နောက်ဆုံးဝိုင်တိုက်ခဲ့တဲ့ အဲဒီအခန်းရဲ့ နံရံမှာ မြွေတစ်ကောင်ကို ပန်းပုထုပြီး အလှဆင်ထားတာ ကို အမှတ်ရတယ်။ ပြီးတော့ ၀ိုင်ခွက်ဟာ အရောင် ခပ်တောက်တောက် ဆိုတာကိုလည်း သူသိတယ်။ သူ့သူငယ်ချင်းမြင်ခဲ့တဲ့မြွေသေးသေး လေးဟာ နံရံကမြွေကြီးရဲ့ လာထင်နေတဲ့ အရိပ်ဆိုတာကို သဘော ပေါက်လိုက်တယ်။ ဒါကြောင့် နေမကောင်းဖြစ်နေတဲ့ သူ့သူငယ်ချင်းကို ခေါ်ပြီး ဟိုတစ်ခေါက်ကလို ၀ိုင်တစ်ခွက်နဲ့ အဲဒီအခန်းထဲမှာပဲ ဧည့်ခံ တယ်။
“ဒီဝိုင်ခွက်ထဲမှာ မင်းဘာတွေလဲ”
“ဟိုတုန်းကလိုပဲ မြွေသေးသေးလေးတစ်ကောင် မြင်နေရတယ်”
လီဂေါင်း ဘာကြောင့်ခုလိုမြင်ရတယ်ဆိုတာကို လက်တွေ့ သေချာရှင်း ပြလိုက်တယ်။ သိပ်မကြာခင်ပဲ သူ့သူငယ်ချင်းဟာ လုံးဝ နေကောင်းလာ တော့တယ်။

ခေါင်းထဲမှာ လွဲမှားတဲ့ အစွဲ တစ်ခုရှိနေပြီဆို။ အဲဒီအစွဲက မရှိ တာကို အရှိလုပ်ပြီး လူကို ခြောက်ခြားစေတော့တာပဲ။ အဲဒီအစွဲကြောင့် ရောဂါ ဖြစ်ကြရတော့တာပဲ။

February 2, 2009

သားပျောက်

ဟိုးတစ်ခါတုန်းက မြို့တစ်မြို့မှာ ကုန်သည်လူငယ်တစ်ဦး နဲ့ သားလေးတစ်ယောက်ရှိခဲ့တယ်။ ကုန်သည်လူငယ်ဟာ သူ့ဇနီးဆုံးပြီးတဲ့ နောက် မိတဆိုးလေးဖြစ်နေရှာတဲ့ သူ့သားကို သိပ်ချစ်တယ်။ တစ်နေ့မှာ ကုန်သည်လူငယ် အိမ်မှာမရှိတုန်း ကလေးကို လူဆိုးတွေက ဖမ်းဆီးခေါ် ဆောင်သွားကြတယ်။ အိမ်က ထွက်မသွားမီ ဘေးအိမ်တွေကို မီးရှို့ ထားခဲ့ကြတယ်။ ကုန်သည်လူငယ် အိမ်ကို ပြန်ရောက်လာတော့ သူ့အိမ်ဘေးမှာ မီးလောင်ထားတဲ့ ကလေးအလောင်းတစ်လောင်းကို တွေ့တယ်။ သူဟာ သူသားကို သိပ်ချစ်တော့ ဖြေမဆည်နိုင်အောင် ဖြစ်ပြီး သူ့သားရဲ့ အရိုးပြာကို သူဘယ်သွားသွား သယ်သွားတယ်။


လပေါင်းများစွာကြာပြီးတဲ့အခါ သူ့သားငယ်လေးဟာ သူခိုး တွေလက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့အဖေရှိရာအိမ်ကို အပြေးပြန်လာခဲ့တယ်။ သူဟာ သူ့ဖေဖေအိမ်ကို ညသန်းခေါင် လောက် မှာ ရောက်တယ်။ မောလွန်နေလို့ အသံမပြုနိုင်ရှာဘူး တံခါးဖွင့်ပေးဖို့ တံခါးကိုခေါက်တယ်။ ဒါပေမယ့် သူ့အဖေက အိမ်နားပတ်ဝန်းကျင်က ခပ်နောက်နောက်ကလေးတွေ စတာနောက်တာထင်ပြီး တံခါးဖွင့်မပေး ဘဲ လျစ်လျူရှုပြစ်ထားလိုက်တယ်။ အဲဒီအခါ သားငယ်ဟာ တံခါလာ မဖွင့်ပေးတဲ့ ဖခင်ကို စိတ်နာပြီး အပြီးတိုင် ထွက်သွားခဲ့တော့တယ်။ ဒီ တစ်ခါတော့ သူ့ဖခင်ဟာ သားကို အမှန်တကယ် ထာဝရဆုံးရှုံးလိုက်ရ တော့တယ်။

အတိတ်ကနာကျင်မှုတွေ၊ စိတ်ပျက်နာကျည်းစရာတွေကြောင့် ငါ့တို့ရဲ့ နှလုံးသားတံခါးကို ဖွင့်မပေးဘဲ ပိတ်ထားလိုက်တော့မယ်ဆိုရင် နောက်ထပ် တံခါးခေါက် ပြီးဝင်လာမယ့် ငါတို့အတွက် ကောင်းခြင်း မင်္ဂလာတွေကို ပိတ်ပင်တား ဆီးရာရောက်ပါတယ်။

January 29, 2009

တစ်သက်လုံးပဲ သတိရနေမယ် (၂)

“ဂျက်စီ … နင်နောက်ထပ်သောက်တယ်ပေါ့။”

သူကျွန်တော့်အပေါ်ဒေါသထွက်တာ တစ်ခါမှမမြင်ဖူးခဲ့ဘူး။

“အိုကေ … နောက် မသောက်တော့ပါဘူးကွာ ….အေ့ …”

“နင်ငါပြောတာ နားမထောင်ဘူးလားဂျက်စီ”

“ဟာ …. နင်လေသံက ..အေ့ … ငါ့အမေလေသံအတိုင်းပဲ … အေ့ …”

“ငါ ဘရက်ဒီကို လာကြိုဖို့ ခေါ်လိုက်တော့မယ်”

“ဟာ .. နင်အစ်ကိုကို ဒုက္ခသွားမပေးပါနဲ့။ ငါဘာမှ မဖြစ်ပါဘူးဟ။ မောင်းနိုင်ပါတယ် … အေ့ …”

ကျွန်တော် ကားထဲဝင်ပြီး ကားစတီယာရင်ခွေပေါ် ခေါင်းချပြီး ကားမောင်းဖို့ကြိုးစားတော့ အမ်ဘာက အပြင်ကနေ ကားတံခါးကို တဘုန်းဘုန်းထုရင်း ..

“နင်ဘာလုပ်နေတာလဲ”

“ဂျက်စီ ခုချက်ချင်းတံခါးဖွင့်စမ်း။ နင်ဒီပုံနဲ့ ကားမောင်းလို့ မဖြစ်ဘူးဆိုတာ မသိဘူးလား”

“ဖြစ်ပါတယ် အမ်ဘာရယ် … အေ့ …”

“နေဦးငါနင်နဲ့လိုက်မှဖြစ်မယ်။ နင်တစ်ယောက်တည်းသွားလို့ မဖြစ်ဘူး။ သူပြောပြီးကားထဲဝင်လာတယ်။ ကားသော့ကို ဆွဲလုဖို့ကြိုးစားတယ်။ ဒါပေမယ့် သူကားတံခါးပိတ်ပြီးတာနဲ့ ကျွန်တော်က မောင်းထွက်လာခဲ့ပြီ။ စမောင်းတော့ ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်း။ ချက်ချင်းပဲ ကီလို ၁၆၀ ထိ တက်လာတယ်။

“ဂျက်စီ… နင်မောင်းလို့မဖြစ်ဘူး။ တို့ အစ်ကိုကို ခေါ်ရအောင်။ မနက်ဖြန်မှ နင့်ကာ ပြန်လာယူရအောင်နော်”

“အာ … ရပါတယ် … ငါမောင်းနိုင်ပါတယ်ဆို .. အေ့”

“ဂျက်စီရေ … အရှိန်လျော့ပါဦး။ သိပ်မြန်လွန်းနေပြီ။”

“မြန်ပါဘူးဟ”

“ဘာပြောတယ် ခု ကီလို ၁၆၀ ရှိနေပြီ”

“ရပါတယ် အမ်ဘာရယ်။ ငါထိန်းနိုင်ပါတယ်။ ငါဘယ်တုန်းကများ နင့်ကို အနာတရဖြစ်အောင် လုပ်ဖူးလို့လဲကွာ”

“ဂျက်စီ၊ ရပ်ပါတော့၊ ငါကြောက်လာပြီ။ အီး … ဟီး ….” သူမငိုပါလေပြီ။

“ဟာ နင်ဘာမှ မဖြစ်စေရပါဘူးကွ”

“ငါကတိပေးပါတယ်ဟာ .. နင်ဘာမျှ မဖြစ်စေရပါဘူး”

“ဂျက်စီ .. ဟိုမှာ …….”

ကျွန်တော်အာရုံတွေကို လမ်းပေါ်ပြန်စိုက်လိုက်တယ်။ ကားတစ်စီးက ကျွန်တော့ဆီတည့်တည့်ကြီး ၀င်ချလာပြီ။ ကျွန်တော် အမ်ဘာကိုယ်ပေါ်ကို ကျွန်တော့်ကိုယ်နဲ့ကာလိုက်တယ်။ ဒါပေမယ့် သူ့ခေါင်းက ကားတံခါးကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားအောင် တိုက်မိသွားပြီ။


အခန်း (၅)


နာရီအတော်ကြာသတိမေ့နေပြီး။ ကျွန်တော်သတိရလာတော့ ဆေးရုံပေါ်မှာ ထိခိုက် ရှနာ နည်းနည်းရထားသည်။

“အမ္ဘာ ….. အမ္ဘာ…” ကျွန်တော် အော်ခေါ်မိသည်။

နပ်စ်မတစ်ယောက်ပြေးဝင်လာသည်။

“အမ်ဘာ ဘယ်မှာလဲဗျာ … ပြောပါ …အမ်ဘာ ဘယ်မှာလဲဟင် …” ကျွန်တော် တရစပ်မေးနေမိတယ်။

“နေသာရဲ့လား ကောင်လေး”

နပ်စ်မ ကျွန်တော့် သွေးခုန်နှုန်းကိုစမ်းရင်းမေးတယ်။

“ဟာဗျာ … ကျွန်တော်သူ့ကိုတွေ့ချင်တယ်” ပြော ပြီး ကျွန်တော်အိပ်ရာပေါ်က လူးလဲထတယ်။

နပ်စ်မက ကျွန်တော့်ကို ဖမ်းထိန်းပြီး အိပ်ရာထဲပြန်လှဲနေဖို့ ကြိုးစားပေမယ့် ကျွန်တော်က ပိုအားရှိတော့ သူလက်လျော့လိုက်ရတယ်။ အမ်ဘာရှိတဲ့အခန်းကိုပြောပြတယ်။ အခန်းထဲရောက်တော့ ဆေးပိုက်တွေ၊ ချိတ်ဆက်ထားတဲ့စက်တွေနဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ အမ်ဘာ့ကိုတွေ့တယ်။ ကျွန်တော့နှလုံးသားထဲ ဓားနဲ့ထိုးလိုက်သလိုပါပဲ။ သူ့ဖေဖေနဲ့မေမေကို သူ့ဘေးမှာတွေ့ရတယ်။ သူတို့တွေ ကျွန်တော့်ကို မော်ကြည့်လာတယ်။

“ကျွန်တော် … ကျွန်တော် ….” ဘာမှ ထပ်မပြောနိုင်တော့ဘူး။

သူ့မေမေကျွန်တော့်ဆီပြေးလာပြီး ကျွန်တော့်ကို ရိုက်မယ့်အစား၊ ဆဲမယ့်အစား ကျွန်တော့ကို သေချာကြည့်၊ ဖက်ပြီးတော့ ငိုတော့တာပဲ။ သူ့ဖေဖေလည်း အဲလိုပါပဲ။ သူတို့တွေ ကျွန်တော့်ကို ခွင့်လွတ်တယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော် ခွင့်မလွတ်နိုင်တော့ဘူး။ ကျွန်တော် သူ့ခုတင်ဘေးမှာ ထိုင်ချပြီး၊ သူလက်ကလေးကို ညင်ညင်သာသာဆွဲယူ ကျွန်တော့ ရင်ခွင်ထဲသွင်းပြီး၊ သူကျွန်တော့်ဆီ ပြန်လာမယ့် အချိန်ထိ ကျောက်ရုပ်ကြီးလို ငူငူကြီး ထိုင်နေမိခဲ့တယ်။ လူတွေက ကျွန်တော့ကို အနားယူဖို့ပြောကြတယ်။ ကျွန်တော်ဘာကိုမျှကို ဂရုမစိုက်တော့တဲ့အတွက် သူ့ဘေးမှာ ကျွန်တော့်ကို ထားပြီး ထွက်သွားကြတယ်။

ကျွန်တော်ဘယ်မှ မသွားဘူး။ ဘာမျှမစားဘူး။ ၂ ရက်လောက်ကြာပြီးတဲ့နောက် အမ်ဘာနိုးလာတယ်။ ဆရာဝန်ကို ခေါ်ဖို့ ကျွန်တော်လုပ်တော့။ သူကတားတယ်။

“မင်းနိုးလာပြီနော်…” မျက်ရည်တွေကျရင်း ကျွန်တော်ပြောနေမိတယ် ။

“နင်နေကောင်းရဲ့လား” သူပြုံးပြီး တိုးတိုးလေးပြောတယ်။

“အင်းကောင်းတယ် .. ငါ့ရင်ထဲဘယ်လောက်ဗြောင်းဆန်နေတယ်ဆိုတာ နင်သိလား။ ခု နင်ပြန်နိုးလာတာ ငါဘယ်လောက်ဝမ်းသာတယ်မှတ်လဲ ..”

“ဂျက်စီရယ် ….”

“အင်း ..ဘာလဲ …အမ်ဘာပြောလေ ”

“ငါ နင့်ကို ချစ်တယ်”

“ငါလည်း နင့်ကို ချစ်တာပဲ .. ဒါပေမယ် …”

“ဖေဖေ၊ မေမေ နဲ့ ဘရက်ဒီကို ပြောပေးပါ။ သူတို့ကိုငါချစ်ပါတယ်လို့။ ပြီးတော့ နင့်ငါ့ကို ကတိပေးပါ … နင့်ငါ့ကို ဘယ်တော့မှ မေ့မပစ်ပါဘူးလို့”

ပြောရင်း သူငိုသည်။

“ဘာ … မပြောနဲ့ … နင်ငါ့ကို ထားပြီး ထွက်မသွားရဘူး” ငိုရင်း ကျွန်တော်ပြောသည်။

“ငါနင့်ကို ချစ်တယ် ဂျက်စီရယ် …”

သူမျက်ရည်တွေ တတွေတွေကျရင်း မျက်လုံးတဖြည်းဖြည်းပိတ်သွားတယ်။

“မသွားနဲ့ … ငါ့ကို ထားပြီး မသွားပါနဲ့ ..”

ပေါက်ကွဲထွက်မတတ် အော်ပစ်လိုက်သည်။

အမ်ဘာ့ဖေဖေပြေးဝင်လာသည်။ နှလုံးခုံနှုန်းပြစက်က နှလုံးရပ်သွားကြောင်းပြနေပြီ။ ဆရာဝန်နှင့် နပ်စ်မများ ရောက်လာသောအခါ သူ့ဖေဖေလက်ထဲ အမ်ဘာ့ကို ထည့်ပေးပြီး ကျွန်တော် လမ်းပေါ်ပြေးထွက်သွားမိသည်။


အခန်း (၆)


ဆရာဝန်တွေ တတ်နိုင်သမျှ ကြိုးစားကုသခဲ့ကြပေမယ့် အမ်ဘာတစ်ယောက် ဆုံးပါးသွားခဲ့သည်။ ကျွန်တော်တို့ သူ့ကို ထာဝရ ဆုံးရှုံးလိုက်ရပြီ။ ဘယ်တော့မှ ပြန်မလာမယ့်လမ်းကို ထွက်သွားခဲ့ပြီ။ ဒီနေ့ထိအောင်ပဲ လူတွေက အမ်ဘာ့အကြောင်းပြောရင် ကျွန်တော့နာမည်ပါစမြဲပါပဲ။ သူတို့တွေ ဘာပြောပြော ကျွန်တော် စိတ်မဆိုးမိပါဘူး။ ဒီနေ့ ဒီလိုအချိန်မှာ …အမ်ဘာ ကျွန်တော့်ကို စွန့်ခွာသွားခဲ့တာပါ။ ခု ကျွန်တော် … အိပ်ယာပေါ် တစ်ယောက်တည်းလဲရင်း …. ပါးပြင်ပေါ် မျက်ရည် တလှိမ့်လှိမ့်စီးကျရင်း …. အမ်ဘာ့ဓာတ်ပုံလေးကို လက်ထဲမှာကိုင်ထားရင်းနဲ့ ….. ဆွေးဆွေးမြေ့မြေ့လွင့်ပျံ့လာတဲ့ ရေဒီယို သီချင်းလေးကို … နာကျင်စွာ ခံစားနေမိပါတယ် …


မင်းက မိုင်ပေါင်းများစွာ အဝေးမှာေ၇ာက်နေပေမယ့်

ငါမင့်ကို ဘယ်တော့မှ မမေ့ဘူးဆိုတာလေးတစ်ခုတော့ မင်းသိစေချင်တယ်

ငါ့အခန်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း

ရေဒီယိုသီချင်းလေးနားဆင်ရင်းနဲ့

ငါတို့နားထောင်နေကြ သီချင်းလေးပါပဲ

ငါ့အိပ်ယာဘေးမှာ ထားတဲ့ မင့်ဓာတ်ပုံလေးကို

မြဲမြဲဆုပ်ကိုင်ရင်း

မင်းပြောခဲ့တာတွေ ကြားယောင်နေမိတယ်

“ငါမင့်ကို ချစ်တယ်။ ငါဘယ်ရောက်ရောက် မင့်အကြောင်းတွေးနေမယ်”

မင်းငါ့ဆီပြန်လာတဲ့နေ့ထိအောင်ပါပဲ အချစ်ရယ်။

ငါ့ရင်ထဲက အချစ်တွေ မင့်ဆီပို့လိုက်ပါ့မယ်

ငါမင့်ကိုလွမ်းတယ် ငါလွမ်းတယ်အချစ်ရယ်

မျက်ရည်တွေလည်း မိုးလိုသည်းနေပြီကွယ်

ငါတို့နှုတ်ဆက်ခဲ့ကြရတုန်းကတည်းက

ငါ့အသည်းတွေ ကွဲခဲ့ပါပြီအချစ်ရယ်

နောက်ကျန်တဲ့ ငါ့အသက်ကတော့ ၀ိညာဉ်မဲ့နေပါပြီကွယ် ...
...

အမ်ဘာ့ကို ကျွန်တော် ကတိပေးခဲ့ဖူးတယ်။

သူဘာမှမဖြစ်စေရပါဘူးလို့။ အဲဒီကတိ ကျွန်တော်ပျက်ခဲ့တယ်။ ဒါပေမယ့် သူတောင်းခဲ့တဲ့ နောက်ကတိတစ်ခုကိုတော့ ကျွန်တော် ဘယ်သောအခါမှ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။

သူ့ကို ဘယ်တော့မှ မေ့မပစ်ပါနဲ့ဆိုတာလေ။

ကျွန်တော်ဘယ်မေ့နိုင်ပါ့မလဲ သူက ကျွန်တော့် အချစ်ဆုံးလေ။ ဘယ်သောအခါမှ မမေ့နိုင်တော့မယ့် ကျွန်တော့ ချစ်သူလေ ….

ပြီးပါပြီ။
.
.
NEVER FORGET
by Sarah Duval
ကို ခံစားတင်ပြသည်။
.
.

January 28, 2009

တစ်သက်လုံးပဲ သတိရနေမယ်

အခန်း (၁)

စိတ်ထဲမှာ မနေ့ကပဲ ဖြစ်ခဲ့သလို။ ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့နေ့။ အရှိန်လျော့လိုက်ဖို့ တောင်းပန်နေတဲ့သူ့အသံတွေကို သေဆုံးသည်အထိ ကျွန်တော် ကြားယောင်နေဦးမယ်။ ဒါတွေပြန်တွေးတိုင်း မချိအောင်ခံစားရတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွတ်နိုင်တော့ဘူး ….. ဘယ်တော့မှ ခွင့်လွတ်နိုင်တော့မှာ မဟုတ်ပါဘူး ….

အခန်း (၂)

“ဂျက်စီရေ … အရှိန်လျော့ပါဦး။ သိပ်မြန်လွန်းနေပြီ။”
“ရပါတယ် အမ်ဘာရယ်။ ငါထိန်းနိုင်ပါတယ်။ ငါဘယ်တုန်းကများ မင့်ကို အနာတရဖြစ်အောင် လုပ်ဖူးလို့လဲကွာ”
“ဂျက်စီ၊ ရပ်ပါတော့၊ ငါကြောက်လာပြီ။ အီး … ဟီး ….” သူမငိုပါလေပြီ။
“ဟာ မင်းဘာမှ မဖြစ်စေရပါဘူးကွ”

အခန်း (၃)


ဒါပေမယ့် ကျွန်တော် သူ့ကို အနာတရဖြစ်စေခဲ့ပြီ။ ကျွန်တော် ဘယ်လောက်မြန်မြန်မောင်းမိတယ်ဆိုတာ မသိအောင် ကျွန်တော်အလွန်အကျွံသောက်ခဲ့မိတယ်။ ကျွန်တော် အရွယ်က ကလေးပဲရှိသေးတယ်လေ။ ဘယ်အရာမဆို လုပ်နိုင်ဘာတယ်လို့ ထင်နေမိခဲ့တဲ့ ၁၆ နှစ်အရွယ် ချာတိတ်လေးပေါ့။ လိုတရဖြစ်ခဲ့တဲ့ကျွန်တော့်ဘ၀။ ခုတော့ ကျွန်တော်သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်၊ ကျွန်တော် ချစ်နေဦးမယ့် တစ်ဦးတည်းသော ချစ်သူကောင်မလေးတစ်ယောက်ကို ကျွန်တော်ကိုယ်တိုင်ပဲ နာကျင်ထိခိုက် စေခဲ့တဲ့အကြောင်း တွေးရင်း ဆွေးရင် မဆုံးသော တမ်းချင်းတွေနဲ့ ငိုနေရဦးမယ်လေ ….




အခန်း (၄)
“လာစမ်းပါ အမ်ဘာရာ၊ နင်ဘယ်လိုဝတ်ထားတယ်ဆိုတာ ဂရုစိုက်မယ့်လူ ဘယ်သူမှ မရှိပါဘူး။”
“မင်းသာအဲလိုနေ .. ဂျက်စီ ကဲကြည့်ပါဦး… ဒီရှပ်အင်္ကျီလေးနဲ့ဆို ဘယ်လိုလဲ”
“လှပါတယ်ဟာ။ ကဲ ဒို့တွေသွားလို့ရပြီလား။”
“ခဏ၊ ၁ မိနစ်လောက်”
“ကျွတ် … မိန်းမတွေများ ….”
“ဟေး …. ငါကြားတယ်နော်” … ရေချိုးခန်းမှ အမ်ဘာ့ အော်သံစူးစူးလေးထွက်လာသည်။
သူ့အတွက်တော့ ကျွန်တော်က အစ်ကိုတစ်ယောက်လိုပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထိပေါ့လေ။ နောက်ဘယ်လို ဖြစ်တယ်မသိဘူး။ ကျွန်တော့်စိတ်ထဲမှာ အမ်ဘာဟာ ခုညီမလေးဖြစ်လိုက်၊ တော်နေ ချစ်သူဖြစ်လိုက်နဲ့။ အမ်ဘာက လွဲလို့ ကျွန်တော်အမ်ဘာ့ကို ဘယ်လောက်ချစ်တယ် ဆိုတာ လူတိုင်းသိတယ်။ ကျွန်တော်ဖွင့်မပြောခဲ့ပေမယ့် သူဟာ ကျွန်တော့်ရဲ့ တစ်သက်သာ ချစ်သူပါပဲ။ တစ်ယောက်တည်းသော ချစ်သူပါပဲ။ ခုမဟုတ်ပေမယ့် နောင် ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ၊ သူနားလည်လက်ခံနိုင်လောက်မယ့်အခါ ကျွန်တော် ချစ်တဲ့အကြောင်း သူကို ပြောဖြစ်မှာပါ။



သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲကိုအလာ … ခါတိုင်းလိုပဲ ကားပေါ်မှာ အမ်ဘာရယ် ကျွန်တော်ရယ် .. သီချင်းတွေအော်ဆို၊ စကားတပြောပြောနဲ့ ရယ်လိုက် မောလိုက်၊ စလိုက်နောက်လိုက်နဲ့ပေါ့။ သူ့မိဘတွေက ကျွန်တော်နဲ့ဆိုယုံတယ်လေ ဘယ်သွားသွား ဘယ်လာလာ မတားဘူး။ သူ့ကို ဂရုစိုက်ပါမယ်လို့လည်း ကျွန်တော်က ကတိပေးထားတာကိုး။ အမ်ဘာအတွက်ဆို ကျွန်တော်က အသက်တောင်ပေးရဲတယ်ဆိုတာ။ အမ်ဘာကလည်း ကျွန်တော့်အပေါ် ထပ်တူပဲဆိုတာ သူတို့တွေသိတယ်လေ။ တစ်နေ့တည်း၊ ဆေးရုံ တစ်ရုံတည်းမှာ ၂ နာရီပဲ ခြားပြီး မွေးလာခဲ့ကြတာ။ ကျွန်တော်က သူ့ထက်ကြီးတယ်။ ကျွန်တော်တို့ မိဘတွေကလည်း သူတို့ငယ်ဘ၀ကျောင်းကတည်းက ခင်လာကြသူတွေ။ နှစ်ဖက်မိဘတေါကလည်း ကျွန်တော်တို့ကို ခွဲနိုင်မှာမဟုတ်။ ခွဲမှာလည်းမဟုတ်။ သူငယ်ချင်းမွေးနေ့ပွဲလေးနဲ့ မလှမ်းမကမ်းမှာ ကျွန်တော့်ကားလေးကို ရပ်ထားလိုက်တယ်။ အမ်ဘာကတော့ ခပ်ရွံ့ရွံ့ပဲ။ သူက ဒီလိုပွဲမျိုး ဘယ်တုန်းကမှ တက်ဖူးတာမဟုတ်ဘူးလေ။ သူလက်ကို ညင်ညင်သာသာဆွဲပြီး ကျွန်တော် မွေးနေ့ပွဲရှိရာ ခေါ်သွားခဲ့တယ်။
အထဲရောက်တော့ ကျွန်တော်တို့ကျောင်းက သူငယ်ချင်းတွေနဲ့တွေ့တော့ ကဖို့ ဆုံးဖြတ်ပြီး ကကြပါလေရော။ တယ်ရီက ကျွန်တော့်ကို ဘီယာတိုက်တယ်။ အမ်ဘာက မသောက်ဖို့ပြောတယ်။ တစ်ခွက်တည်းသောက်မှာပါလို့ပြောပြီး ခွင့်တောင်းတော့။ အမ်ဘာ ခွင့်ပေးတယ်။ ဒါပေမယ့် ပြဿနာက တစ်ခွက်ကနေ နှစ်ခွက်။ နှစ်ခွက်ကနေ သုံးခွက်ဖြစ်လာတယ်။ ကျွန်တော်တို့ ကကြ ခုန်ကြပေါ့။ ကျွန်တော်မူုးလာပြီ။ အမ်ဘာက ဒါကို သတိပြုမိခဲ့တယ်။
“ဂျက်စီ .. လာ ခဏလောက်ထိုင်ဦး။ နင်သောက်တာတော်လောက်ပြီ” သူပြောပြီး ကျွန်တော့လက်ထဲက ဘီယာခွက်ကို ဖယ်ပစ်ပြီး။ ရေတစ်ခွက်ပေးတယ်။ ကျွန်တော် ဘယ်လောက်သောက်ရင်မူးတယ်ဆိုတာ ကျွန်တော် မသိဘူး။ အန်ချင်သလိုလိုတြော့ဖစ်မိတယ်။ အမ်ဘာ့ပခုံးပေါ် ခေါင်းမှီထားရတယ်။ သူကလည်း ကျွန်တော့်နားကပ်ထိုင်ပြီး တွဲပေးထားတယ်။ ခဏလောက် ကျွန်တော် အိပ်ပျော်သွားတယ်။ နာရီဝက်လောက်အကြာ ကျွန်တော်နိုးလာတော့ ကျွန်တော့်ခေါင်းက အမ်ဘာ့ ပခုံးပေါ်ရှိတုန်းပဲ။ ကပွဲကို ပြန်သွားဖို့ ကျွန်တော် ထလိုက်တော့ ခေါင်းကို တစ်ခုခုနဲ့ ရိုက်ထဲ့ လိုက်သလို မိုက်ခနဲဖြစ်သွားပြီး မူးသွားတယ်။ အမ်ဘာ့ကိုတော့ စိုးရိမ်မှာ စိုးတာနဲ့ ဘာမျှ မဖြစ်ပါဘူးလို့ ကျွန်တော် ညာပြောခဲ့တယ်။
အမ်ဘာလက်သွားဆေးတော့ ကျွန်တော်နောက် ဘီယာတစ်ခွက် ထပ်သောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ ကျွန်တော့် မဟာ အမှားပါပဲ။ သူပြန်ရောက်လာပြီး၊ ကိုယ်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တော့တဲ့ ကျွန်တော့ကို မြင်တော့ သူ့အလစ်မှာ ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာ အသေအချာကြီးကို သိတော့တာပေါ့။
ဆက်လက်တင်ပြပါမည် ...
.
.

May 26, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၃)







အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၃)




အမေသားကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သားလည်း အမေ့ကို လုပ်ဖြစ်အောင်တော့ ဖိအားမပေးနဲ့ပေါ့။ အမေရိကန်တွေ လပေါ်ခြေချတဲ့ နှစ်မှာ သားကိုမွေးတာ။ လပေါ်ကအပြန် မှာ လူတွေအတွက် အပိုလိုလို့ခေါ်တဲ့ ထူးဆန်းတဲ့ မျက်စိနာ ရောဂါ ပါလာခဲ့တယ်။ လပေါ်က လူတွေပြန်လာပြီးလို့ သိပ်မကြာခင်မှာဘဲ လူတိုင်းလူတိုင်း မျက်စိတွေ အနီရောင်ပြောင်းလာပြီး မျက်ရည်တွေ ရေပိုက်ခေါင်းက ကျသလို ကျကျနေကြတာ အမေမှတ်မိသေးတယ် သား။ အဲဒါ ကမ္ဘာပေါ်ကလူတွေ လရဲ့ မျက်နှာပြင်ပေါ်မှာ ခြေရာချန်ခဲ့တဲ့အတွက် လူတွေ မထေမဲ့မြင် မပြုရဲအောင် ဘုရားသခင်က ဒဏ်ခတ်တာတဲ့။ အဲလိုထူးထူးခြားခြားနှစ်မှာမွေးတဲ့ သားက အမေရိကန်ကို ပညာသင်သွားမယ်ပြောတဲ့အခါ အမေ မအံ့သြတာပေါ့။ အမေတို့ တွေလေ အဖြူအမည်း တီဗွီ အဟောင်းလေး မှာ အထူးအစီအစဉ်တွေကြည့်တဲ့အခါ သားကတော့ တစ်ပါတ်ကို နာမည်တစ်မျိုးပဲ။ ပထမတစ်ပတ်မှာ ဒန်ဘလော့ကာ၊ ဒုတိယပတ်မှာ ပါနယ်ရောဘတ်၊ နောက် မိုက်ကယ်လန်ဒန်၊ လော်နီဂရင်း အို..... စုံလို့ပါပဲ သားရယ်။ ကောင်းဘွိုင်ဦးထုပ်လေး ဆောင်း၊ သစ်သားဆေးတံလေးကိုက်ပြီး၊ ဆေးလိပ်သမားကြီးလို ဟန်ဆောင်၊ အမ်မယ် ခပ်ထေ့ထေ့နှုတ်ခမ်းနဲ့ တီဗွီထဲက မင်းသားကြီးလို နှာခေါင်းသံကြီးနဲ့ ပြောပြောနေတတ်သေး။ တကယ်ပါ သားလေး အမေရိက ကို ပညာသင် သွာမယ်ပြောတော့ အမေ့အတွက် အံ့သြစရာ မဟုတ်တော့ပါဘူး။ သားက အမေရိကန်တွေလပေါ် မှာ အလံစိုက်နိုင်တဲ့နှစ်မှာ မွေးခဲ့တာပဲ။ လပြည့်ည သားတို့ တစ်တွေ ကစားကြပြီဆိုရင် တခြားကလေးတွေ လပေါ်က လူကိုမြင်ကြတဲ့အခါ သားကတော့ အမေ့ဆီ ပြေးပြေးလာပြီး လပေါ်ကလူက သားကို အမေရိကန် အလံကြီး ယမ်းပြနေတယ်လို့ လာလာပြောတတ်တာပဲ။

အမေတို့မိသားစုရဲ့  အတွင်းရေးကိစ္စတွေ သားကို ပြောပြချင်တယ်။ ၁၉၄၀ ပြည့်နှစ်ဦးပိုင်းတုန်းက သားဖေဖေ ဟိုဝပ်တက္ကသိုလ်မှာ လုပ်သေးတယ်။ အမေတို့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်တုန်းက ကြီးကျယ်မြင့်မြတ်တဲ့၊ ဖြောင့်မှတ်မှန်ကန်တဲ့ နမ်ဒီအဇီကီဝှီးတို့လို အာဖရိကန် ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်မှာပေါ့။ သားဖေဖေလေ အဲဒါးလ် ဒမ်းစတာ နယ်စပ်ကို လှေနဲ့ဖြတ်ဖို့ အတွက် ငွေလိုတာနဲ့ သားရဲ့  အဖိုးကတော့ သူ့ရာဘာခြံကြီး တစ်ခုလုံးကို ယူနိုက်တက်အာဖရိကန် ကုမ္ပဏီ ကို ရောင်းပစ်ခဲ့တယ်သားရဲ့ ။ သားရဲ့ ဖွားဖွားလည်း သူ့လက်ဝတ်လက်စားတွေ ရောင်းပြီးပေးလိုက်တာပဲ။ သားဖေဖေ လားဂို့(စ်) ဆိပ်ကမ်းကိုရောက်တော့ လူလိမ်တွေနဲ့ တွေ့တော့တာပဲ။ လူလိမ်တွေက သားဖေဖေရဲ့  ငွေကို နှစ်ဆဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ပြောသတဲ့။ လူလိမ်တွေက စစ်ပြန်တွေတဲ့။ အနောက်အာဖရိကမှာ အခြေချနေကြတဲ့ သူတွေပေါ့။ သူတို့တွေက သားအဖေလို တောသားလူအလေးတွေကို အဲဒီ ဆိပ်ကမ်းနားတစ်လျှောက် အမဲလိုက်ဖမ်း နေသူတွေပေါ့။ သားဖေဖေ အကြောင်းပြတာကတော့ သူတို့တွေ ပိုက်ဆံ နှစ်ဆဖြစ်အောင်လုပ်ပေးရင် တစ်ဝက်ကို အိမ်ပြန်ပို့မယ်၊ ကျန်တဲ့ တစ်ဝက်နဲ့ အမေရိကဆက် သွားမယ်ပေါ့။ လူလိမ်တွေက သားဖေဖေရဲ့  ပိုက်ဆံတွေကို ယူပြီး သစ်သားသေတ္တာနက် တစ်လုံးကို လက်ထဲ ထိုးထဲ့ ပေးသတဲ့။ နောက်နေ့ မရောက်မချင်း ဖွင့်မကြည့်ရဘူးလို့ ပြောတယ်တဲ့ သားရယ်။ သားဖေဖေလည်း နောက်တစ်နေ့ရောက်လို့ ဖွင့်ကြည့်ရော ပိုက်ဆံ အရွယ် သတင်းစာဖြတ်စတွေချည်း တွေ့ရတယ်ဆိုပဲ သားရယ်။ သားဖေဖေလည်း စိတ်ကယောင်ခြောက်ခြားဖြစ် ပြီး အတ္တလန္တိတ် သမုဒ္ဒသရာထဲ ဆင်းပြီး သေဖို့ ကြံမိသေးသတဲ့။ ဆိပ်ကမ်းမှာ ပဲကိတ်လာရောင်းတဲ့ မိန်းမကြီး တစ်ယောက်ကတွေ့ပြီး တားလို့ မသေတာတဲ့။ ပြီးတော့ သူက သားဖေဖေ ကို သူ့အိမ်ကို ခေါ်သွာတယ်ဆိုပဲ။ သားဖေဖေက အဲဒီက ကိုယ်ပိုင်ကျောင်းလေး တစ်ခုမှာ စာသင်တဲ့ အလုပ်ရတယ်။ နောက်တော့ ပိုကောင်းတဲ့ အခွင့်အရေးရနိုင်မယ့် ဆိုင်ရာလီဝမ်ကို သွားဖို့ ငွေစုပြီးသွာခဲ့တယ်။ အိမ်ကတော့ သားဖေဖေ ကို အမေရိကမှာ ပညာသင်နေတယ်လို့ ယူဆထားတာပေါ့။ သားအဖိုး နေမကောင်းဖြစ်တော့ သားဖေဖေက ဆိုင်ရာလီဝမ် မှာလေ။ သားဖေဖေက သားအကြီိးဆုံးဖြစ်လေတော့ သားအဖိုးရဲ့  နောက်ဆုံးထွက်သက်ကို သားဖေဖေ ရဲ့  ရင်ခွင်ထဲ၊ သားဖေဖေရဲ့  လက်ထဲမှာပဲ အဆုံးသတ်ချင်တာပေါ့။ ဒါကြောင့်မို့ လူကြီးတွေက ဆေးဆရာနဲ့ တိုင်ပင်ပြီး မန္တန်အတတ်နဲ့ သားဖေဖေကို ပြန်လာဖို့ခေါ်ကြတော့တာပေါ့။ မန္တန်က သားဖေဖေကို ဆိုင်ရာလီဝမ်ကနေ အိမ်ပြန်ရောက် လာအောင် တကယ်ပဲခေါ်နိုင်ခဲ့တယ်။ ဒါပေမယ့်ကွယ် မင့်အဖိုးကတော့ သူ့အသဲကို ခွဲခဲ့တဲ့ သူ့သားအပေါ် ဆူပူဆဲဆိုတာလေးတောင် မလုပ်နိုင်ရှာတော့ပါဘူး။ သားဖေဖေ ရောက်လာတော့ သားဖိုးဖိုး ဆုံးနှင့် ရှာပြီလေ။ သားအဖိုး ကတော့ ပြောတယ် သားဖေဖေ က သူ့ကို စိတ်ပျက်အောင်လုပ်တယ်လို့ပေါ့။ သားဖေဖေကိုယ်တိုင်လည်း သားအလှည့် ကျတော့ ၀ဋ်ပြန်လည်တာပါပဲ။

သားမှတ်မိသေးလား။ သြစတြေးလျကနေ အမေတို့ရွာကို ပျံပျံလာပြီး လယ်တောထဲမှာ အသိုက်လာလုပ်ပြီး နေတဲ့ ငှက်ကြီးတွေကိုလေ။ မဲလ်ဘုန်း တိရိစ္ဆာန်ဥယျာဉ် ဆိုတဲ့ ရွှေရောင်တောက်တောက်ခြေပတ်လေး သူတို့ခြေချင်းဝတ်မှာပါတယ်လေ။ သားမှတ်မိဦးမှာပါ စပါးကွင်းတွေထဲမှာ ရေကန်လေးထဲရေကူလိုက်၊ စပါးစေ့လေးတွေ စားလိုက်၊ ကစားလိုက်၊ သီချင်းဆိုလိုက်နဲ့ ငှက်တွေပျော်မြူးနေကြပုံကို။ သူတို့ အတောင်တွေကလည်း အရောင်အသွေးစုံလိုက်တာ။ လက်နဲ့ရေးထားတဲ့ အတိုင်းပဲနော် ။ လယ်သမားတွေကလည်း သူတို့တွေကို ဒုက္ခမပေးကြဘူးလေ။ ဒေသခံ ကွေလာငှက်တွေနဲ့ မတူဘူး။ သူတို့တွေက မြေပေါ်ကျနေတဲ့ စပါးစေ့တွေလောက်ပဲစားတာ။ သီးနှံတွေကိုလည်း ဖျက်လိုဖျက်ဆီး မရှိတော့ အလည်လာတဲ့တော်ဝင် ငှက်ကြီတွေလို့မှတ်ကြတာ။ သီးနှံသိမ်းချိန်ရောက်ပြီဆို ငှက်ကြီးတွေက စုစုစည်းစည်းနဲ့ အချိန်အတော်ကြာ ဆွေးနွေးတိုင်ပင်ကြပြီး ခရီးရှည်ကြီးကို ဦးတည်ပျံကြတော့တာပဲ။

ဒါပေမယ့်သားရေ တစ်နှစ်မှာတော့ အလည်လာတဲ့ ငှက်ကြီးတွေထဲက တစ်ကောင်ဟာ ပြန်လိုက်မသွားဘဲ နေရစ်ခဲ့ပါရော။ တစ်ခြားအဖော်ငှက်ကြီးတွေ ပြန်ဖို့ စုဝေးကြတော့ သူမပါဘူး။ ပျံသန်းကြဖို့ လှုပ်လှုပ်ရှားရှား ဖြစ်တော့လည်း သူကတော့ တုံဏှိဘာဝေပဲ။ ခွဲခွာတော့မယ့်ငှက်တွေက တကြော်ကြော်လာဖို့ ငှက်တို့ဘာဝ အော်ကြခေါ်ကြတော့လည်း ဂရုမစိုက်တော့ဘူး။ ဒါနဲ့ တစ်ခြားငှက်အဖော်တွေလည်း သူကို ချန်ထားခဲ့ပြီးပြန် ကြတော့တာပေါ့။ နောက်တစ်နေ့ လယ်သမားတွေလာတော့ သူ့ဌာနေကို ပြန်သွားဖို့ ခြောက်လှန့်မောင်း လွတ်ကြတာပေါ့။ ငှက်ကြီးကတော့ စပါးစေ့လေးတွေ ကောက်စားမြဲပါပဲ။ တခါတလေ ဒေသခံ ကွေလာငှက်တွေဆီ ဖြေးဖြေးလေးလေး ပျံပျံသွားပြီး အတူတူ ပေါင်းပေါင်းနေတာပေါ့။ နောက်တော့ မရိတ်ရသေးတဲ့ သီးနှံတွေကို လည်း ဖျက်လို ဖျက်ဆီး လုပ်လာတယ်။ ငှက်ကြီးဟာ အလည်လာတဲ့ ငှက်တွေလို မဖျက်မဆီး ရေရှည် မနေနိုင်ဘူး လို့ လယ်သမားတွေ အချင်းချင်းပြောလာကြတယ်။ ဒါကြောင့် ဒေသခံငှက်တွေကို လုပ်သလိုပဲ လုပ်လိုက်ကြဖို့ ဆုံးဖြတ်လိုက်တော့တယ်။ နောက်ဆုံးမြှားနဲ့ပစ်ပြီး ဟင်းလုပ်လိုက်တော့တာပေါ့။ သားလေးရေ အမေကတော့ အမေ့ သားလေးဟာ ကိုယ့်မွေးရပ်မြေလေးကို မေ့သွားတဲ့ ထူးဆန်းတဲ့ သြစတြီးလျ ငှက်ကြီးလို ဖြစ်လာလိမ့်မယ်မဟုတ်ဘူးလို့ ထင်တာပဲ သားရယ်။


ပြီးပါပြီ။
သူငယ်ချင်းရောင်းရင်းတွေရော ဘာတွေများပြောချင်ပါသလဲ။ အမေရေးလိုက်တဲ့ စာတစ်စောင် ဖတ်ပြီးတော့ပေါ့ .......

စကားတစ်ခွန်းလောက်တော့ ကျွန်တော်မျှော်လင့်မိပါတယ် ..... အချိန်ရမယ်ဆို ပြောပေးခဲ့ကြပါနော် ...


အမေရေးတဲ့ စာတစ်စောင် အပိုင်း (၂)


အမေရေးတဲ့ စာတစ်စောင်

အပိုင်း (၂)



ငိုဇီးလေးရဲ့ မင်္ဂလာအိပ်ခန်းအတွက် အမေ့ပိုက်ဆံတော်တော်များများကို အမေသုံးလိုက်တယ်သား။ အမေ့ ကိုယ်ပိုင်ငွေလေးနဲ့ သူ့ကို အဲဒီကိုပို့လိုက်တာ။ အဲဒီက အမျိုးသမီးတွေက သူ့ကို ခင်ပွန်းသည်ကို ဘယ်လို ဂရုစိုက်ရတယ် ဆိုတာ သင်ပေးပါလိမ့်မယ်။ ပြီးတော့ လှလှပပ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်ရာမိန်းကလေး ဖြစ်လာအောင် ကျွေးကြမွေးကြပါလိမ့်မယ်။ မျိုးကောင်းရိုးကောင်းလေးက ပေါက်ဖွားလာတဲ့ ငိုဇီးလို လိမ္မာတဲ့ မိန်းကလေးကို လက်ထပ်တဲ့ နေ့ကျရင် အစွမ်းကုန်လှနေအောင် ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်ကွယ်။ သတို့သမီးကို မင်္ဂလာအိပ်ခန်းကို ပို့တဲ့အခါ ပိုက်ဆံတွေသိပ်ကုန်တယ် မဟုတ်လား။ သူတို့ကိုသင်ပေးတဲ့ အမျိုးသမီးတွေက သေလောက်အောင် ကြိုးစားသင်ရတာလေ။ ကုန်တာမဆန်းပါဘူး။ နောက်ပေါက် ကောင်မလေးတွေကတော့ ပုံတုံးတုံး အမှိုက်ထုပ်ကြီးတွေလို့ ပြောမှာပေါ့။ သူတို့တစ်တွေက ပိန်ခြောက်ခြောက် တံမြက်စည်းရိုးတံလို ကိုယ်လုံးမျိုးကို ပိုကြိုက်မပေါ့။ ယောက်ျားတွေက ညရောက်ရင် ပြည့်ပြည့်ဖြိုးဖြိုးလေးကို ဖက်အိပ်ရတာကို ပိုကြိုက်တယ်ဆိုတာ သိဟန်မတူကြရှာဘူး။

သားရေ အမေ့ကို လူရယ်စရာဖြစ်အောင်တော့ မလုပ်နဲ့နော်။ သွားဖွေးဖွေးလေးဖြစ်လာဖို့ အသက်ကလေး ဖြောင့်ဖြောင့် ရှူနိုင်ဖို့ အမေ့ဆီကနေ သွားတိုက်ဆေးတွေ ငှားငှားနေရတဲ့ ရှူနာရှိုက်ကုန်း မျိုးတော့ ယူမလာပါနဲ့ သားရယ်၊ အမေခွင့်မပြုနိုင်ဘူး။ သားရဲ့  မူလတန်းတုန်းက ကျောင်းနေဖက် အိုးဒလိရဲ့  သားလေးကိုတော့ သားအမှတ်ရဦးမယ်ဆိုတာ အမေသေချာပေါက် ပြောရဲတယ်သား။ သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးခြောက်ရှူ မိန်းကလေးတွေကို ထိကပါးရိကပါးနဲ့ လူရှုပ်ကလေးပါသားရယ်။ လူပျင်းလေးလေ။ တစ်နေ့တော့ စိတ်ကူးပေါက်ပြီး ဥရောပကို ကားစီးပြီးထွက်သွားပါလေရော။ နောက်ဆုံး ဆေးခြောက်ကပဲ သူ့ကို ဖျက်ဆီးပြစ်လိုက်မယ်ထင်ထားတာ။ အမေတို့ထင်တာ မှားတယ်သားရေ။ သူက မြောက်ပိုင်ဘက် ခရမ်းချဉ်သီးသယ်တဲ့ ထရပ်ကားတွေနဲ့ လိုက်သွား၊ ပြီးတော့ မလိကိုသွားတဲ့ ဘတ်(စ်)ကားနဲ့ ဆက်လိုက်သွားသတဲ့။ နောက် ကုလားအုတ်ကုန်သည်တွေနဲ့ ဆက်မိပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကြသတဲ့ကွယ်။ သူတို့ထဲက တစ်ချို့ တွေက ကန္တာရထဲမှာ ရေငတ်ပြီးသေကြသတဲ့။ သူကတော့ သေကံမရောက် သက်မပျောက်ပဲ သဲကန္တာရကြီးထဲကနေ လွတ်မြောက်သွားတယ်ဆိုပဲ။ မော်ရိုကို ကို ရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ရသတဲ့။ စပိန်ကို လှေနဲ့ဖြတ်တော့ သူ့ကို ကူညီခဲ့တဲ့ ဘာဘာလူမျိုးတွေကိုတောင် ပိုက်ဆံ ပို့ပေးလိုက်သေးသတဲ့တော့။ သူက အလုပ်လုပ်ခွင့် ပါမစ်ရအောင် စပိန်အာဏာပိုင်တွေကို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံကပါလို့ ပြောသတဲ့။ ၆ နှစ်ပြည့်ပြီးသူပြန်လာတော့ သားကို မြင်စေချင်စမ်းတယ်။ သူမှာ တယ်လီဗေရှင်းတွေ၊ ရွှေတွေ၊ လက်ဝတ်လက်စားတွေ၊ အ၀တ်အစားတွေ ပါလာတာ အများကြီးပဲ။ ငွေဆို ရေလိုသုံးရလောက်အောင်ကို ပါလာတာသားရေ။ သူနေတဲ့ သူ့အဖေ အိမ်နေရာလေးမှာ ရက်တော်တော်ကြာ လူတွေ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြနဲ့ တရုံးရုံးပါပဲ သားရယ်။ အမေစိတ်ထဲမှာတော့ အဲဒီနေရာကို ကျိတ်ကျိတ်တိုးမသွားချင်ပါဘူး။ အဲဒီကောင်လေးကိုလည်း အပြစ်မြင်ဝေဖန် မနေချင်ဘူး။ ဒါကြောင့် သူများတွေလိုပဲ စားလိုက်၊ သောက်လိုက်၊ ရင်းရင်းနှီးနှီး ပဲပေါ့သားရယ်။ အဲဒီအိမ် အလည်လာကြတဲ့ လူတွေရဲ့  မျက်လုံးကတော့ အမေ့အပေါ်မှာ ပဲပေါ့သားရယ်။ ပြီးတော့ မေးကြ၊ ပြောကြတယ်။ “မင့်သားရော ဘယ်လိုလဲ။ ဘယ်တော့များ လက်ဆောင်ကောင်းကောင်းတွေနဲ့ ပြန်လာမလဲပေါ့။ အိုးဒလိရဲ့  သားလေးလို စားဖို့သောက်ဖို့ ဘယ်တော့ ဖိတ်မလဲ။ ခြေကျင်ထွက်သွားတဲ့ အိုးဒလိရဲ့  သားလေးတော့ လက်ဆောင်ကောင်းတွေနဲ့ အောင်အောင်မြင်မြင် ပြန်လာပြီ။ လေယာဉ်နဲ့သွားတဲ့ မင့်သားကဘယ်လိုလဲ။ ဘာညာပေါ့။” အဲဒီလိုတော့ မပြောကြရှာပါဘူး။ ဒါပေမယ့် သူတို့ မျက်လုံးတွေက ဘာကိုပြောချင်တယ် ဆိုတာအမေ သိတာပေါ့သားရယ်။ သူတို့ မျက်လုံးတွေက အမေ ကိုကာကိုလာ သောက်တဲ့အခါ၊ ဂျိုးလော့(ဖ်) ထမင်း စားတဲ့အခါ၊ အမဲသားကြော်ကိုက်တဲ့အခါ၊ လည်ပင်းဖြတ်ခံလိုက်ရတဲ့ ကြက်ကလေးလို ကမူးရှူးထိုးကတဲ့အခါတောင် အလွတ်ပေးကြတာမဟုတ်ဘူး။ အဲဒီကောင်လေးလည်း လေယာဉ်နဲ့ပြန်သွားပြီ၊ နောက်တစ်ခါ သူပြန်လာရင် သူ့ အဖေရဲ့  အိမ်အိုကြီးကို ဖျက်ပြီး အိမ်ကြီးရခိုင်ဆောက်ပေးမယ်လို့ ကတိပေးသွားလေရဲ့ ။

တစ်ခါက အမေ့တွက် အမေ့ဒူးတွေမတုန်ခင်လေး မြေးလေးတစ်ယောက်ရအောင်လို သားရဲ့  ဇနီးလောင်းလေး ငိုဇီးကို သားရဲ့ ညီဝမ်းကွဲ အဇူကာနဲ့ စပ်မိပါတယ်။ ငိုဇီးလေရဲ့  အမေက မခံမရပ်နိုင်ဖြစ်လိုက်ပုံများ မြွေတစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့။ သူ့သမီးကို အမဲသားရောင်းသလို ဟိုလူ့ပစ်ပေးလိုက် သည်လူ့ပစ်ပေးလိုက် လုပ်လို့တဲ့လေ။ အမေ့ကိုတောင် တံထွေးနဲ့ ထွေးသွားသေးတယ်သားရဲ့ ။ သူ့သမီးလေးသာ နောက်တစ် ယောက်ကို လက်ထပ်ရဦးမယ်ဆိုရင် အမေတို့ထက်သာတဲ့ အသိုင်းအ၀ိုင်းကောင်းကောင်းကိုပဲ ရှာတော့ မပေါ့တဲ့။ အဲဒီလို ကတောက်ကဆ ဖြစ်ပြီးကတည်းက သူလည်း ဘုရားကျောင်းကို မလာတော့ဘူး။ လမ်းမှာ အမေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှူးရှူးရှဲရှဲနဲ့ မျက်နှာလွဲပြီး လမ်းတစ်ဖက်ကို ကူးကူးသွားတာ။

သားပိုက်ဆံမပို့တဲ့ အတွက်တော့ ဆင်ခြေပေးနေစရာမလိုပါဘူး။ ခုဆို အနောက်နိုင်ငံများအသင်းက အမေတို့လမ်းပေါ်မှာ ရုံးလာစိုက်တယ်။ ခန့်ညားထည်ဝါတဲ့ သူတို့ရုံးကြီးထဲကို ကလေးတွေကို ခေါ်ခေါ်သွားကြတာ နေ့စဉ်တွေ့နေရတာပဲ။ ပြီးရင် စက္ကူထုပ်ကြီးငယ်တွေဆွဲလို့ ကားကား ကားကားနဲ့ ထွက်လာကြတော့ တာပဲ။ သူတို့တစ်တွေ အားတဲ့လက်တစ်ဖက်နဲ့တော့ အမေ့ကို လက်ပြနှုတ်ဆက်ကြပါတယ်။ အမေချေးမှာ စိုးလို့ထင်ပါရဲ့  လက်တစ်ဖက်ကတော့ သူတို့ပိုက်ဆံထုပ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့သားရေ။

လူတွေပေးပေးနေတဲ့ အကြံတွေနဲ့ အမေ့နားမပြည့်လောက်ဘူး မထင်နဲ့။ နောက်ဆုံးတော့ လူတွေပြောပြော နေသလိုပဲ အချိန်က စကားပြောပါလိမ့်မယ်။ တစ်ခါကတော့ အမေတို့တိုင်းရင်းဆေးဆရာကြီးက ပြောတယ် အမေရိကမှာ ရောက်နေတဲ့ အမေ့သားကို သားလေးအမေရိကမှာ ဘာပဲဖြစ်နေနေ ပြန်လာစေရမယ်။ သူ့မန္တန်နဲ့ လုပ်လိုက်ရင် နောက်တစ်ပါတ်လေယာဉ်နဲ့ သားရောက်လာမှာပဲတဲ့။ ဒါပေမယ့် သားက အမေ့ရင်သွေးလေ၊ အမေ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာ။ သားအပေါ်ဘယ်လို အန္တရာယ်မျိုးမှ မကျရောက်စေချင်ဘူး။ အိုကိုလိုစီရဲ့  သားလေးတော့ မန္တန် အစွမ်းနဲ့ အမေရိက ကနေ အတင်းပြန်လာရတာပဲ။ သူအခု အိမ်ပြန် ရောက်နေပြီ။ ဂျာကင်အစုတ်ကြီးဝတ်လို့သားရယ်။ ကြောက်စရာကောင်းတဲ့ ဟိုင်လီနားငှက်ဆိုးသံကြီး နဲ့ရယ်ရယ်ပြီး လမ်းပေါ်မှာ ဟိုလျှောက် ဒီလျှောက်လုပ်နေတော့ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့ ကလေးတွေခမျာ သူ့ကို ကြောက်ကြရှာတာပေါ့။ သူနာမည်ကိုလည်း အမေရိကန်က မြို့ကြီးတွေရဲ့  နာမည်တွေ အကျယ်ကြီး ရွတ်ရွတ်နေလေရဲ့ ကွယ်။

ဆက်ရန် .......

May 22, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၁)

အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၁)
သားရေ

အမေရိကမှာ အလုပ်လုပ်နေကြတဲ့ တခြားနိုင်ဂျီးရီးယားလူငယ်တွေလို အနောက်နိုင်ငံများအသင်းကနေတဆင့် အိမ်ကိုပိုက်ဆံ မပို့တာ ဘာ့ကြောင့်လဲ။ အိမ်ကိုလည်းပြန်မလာဘူး။ လူဖြူမလေး တစ်ယောက်နဲ့များ လက်ထပ်လိုက်တာလား။ သားအတွက်မေမေ အမျိုးကောင်းသမီးလေး တစ်ယောက်ကို တွေ့ထားပြီ ဆိုတာ မမေ့ပါနဲ့။ သူ့နာမည်က ငိုဇီး။ သူ့မိဘတွေကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေပါ။ သူ့မေမေဟာ အမေ့လိုပဲ။ ငိုဇီးတို့မိသားစုနဲ့ အမေတို့ကြားမှာရှိတဲ့ ခင်မင်ရင်းနှီးမှုတွေ ပျက်အောင် မလုပ်နဲ့နော်သား။

ကာကာရဲ့ သားလိုတော့ မလုပ်ပါနဲ့ လို့ အမေပြောပါရစေ။ သူ့ကို တို့နိုင်ဂျီးရီးယားလူမျိုးစု တိုးတက်ရေး ရံပုံငွေနဲ့ ပို့လိုက်တာ။ သူကတော့ လူဖြူမလေး တစ်ယောက်နဲ့ လက်ထပ်ပြီးပြန်လာတယ်။ လူဖြူတွေချည်း သီးသန့်နေတဲ့ ရပ်ကွက်ထဲ သွားနေတော့။ သူ့မိဘတွေကိုတောင် လာလည်ခွင့် မပေးဘူး။ သူ့မှာ ခွေးကြီးတစ်ကောင် ရှိတယ်။ သူမိန်းမကဆို အဲဒီခွေးကြီးကို သူ့သွေးသားတစ်ယောက်လို ပြုစုကျွေးမွေးတာ။ သူမိဘတွေဆီ တစ်ခေါက်တော့ လာလည်ပါတယ်။ သူက သူအဖေရဲ့  အိမ်အိုအိမ်ဟောင်းကြီးမှာ ညမအိပ်ဘူးတဲ့။ ညစ်ပတ်ရှုပ်ပွနေလို့တဲ့လေ။ သူ့မိန်းမကို ခေါ်ပြီး ဟိုတယ်မှာ သွားတည်းကြတယ်ဆိုပဲ။ တို့နိုင်ဂျီးရီးယားလူမျိုးစု သက်ကြီးဝါကြီးတွေနဲ့ တွေ့  တော့ သူငယ်ငယ်ကလို မြေပေါ် ၀ပ်တွားပြီး ဂါရ၀မပြုဘဲ လက်ကြီးဆန့်ပေးသတဲ့။

အမေသားဆီပို့ပေးလိုက်တဲ့ဓာတ်ပုံထဲက ခေါင်ရမ်းပန်းလေးကိုင်ထားတဲ့ ဂါဝန်ရှည်လေးနဲ့ ငိုဇီးလေးဟာ လှရဲ့  မဟုတ်လား။ သူအခု ခရစ်ယာန်အမျိုးသမီးများအသင်းရဲ့  ဆရာများကောလိပ်မှာ ကျောင်းတက်နေတယ်။ သူကလေးက သားကောင်းတွေ မွေးဖွာပေးနိုင်တဲ့ မျိုးကောင်းရိုးကောင်းလေးသားရဲ့ ။

ဂျာမနီကို သွားတဲ့ အိုဂါဂါရဲ့  သားကတော့ ဟိုတစ်နှစ်က ဗောက်ဝက်ဂွန်းလို့ခေါ်တဲ့ ကားအကောင်းစားကြီး တစ်စီး ပို့လိုက်တယ်။ အိပ်ခန်းပေါင်း ၂၀ ပါတဲ့ စံအိမ်ကြီးလည်းဆောက်ပြီး သွားပြီတဲ့။ ခု ဟိုတယ်ကြီး တစ်ခုဆောက်ဖို့တောင် အုတ်မြစ်ချပြီးသွားပြီ။ အမေလည်း အသက်ကြီးလာပြီဆိုတော့ အမေမသေခင်လေး အမေ့မြေးတွေနဲ့ ပျော်ပျော်ကြီးနေချင်သေးတယ်။ အမေလည်းရွာမှာ လူရယ်စရာအဘွားကြီးဖြစ်နေပြီ။ ဘာလို့လည်းဆိုတော့ အိုရင်ဘိုဈေးမှာရှိတဲ့ အမေ့ရဲ့  စည်းစိမ်ကုန် ဈေးဆိုင်လေးကို ရောင်းလိုက်လို့လေ။ ဒါကလည်း အမေရိကကိုသွားတဲ့ အမေ့ရဲ့  တစ်ဦးတည်းသော သားလေး မင့် အတွက် ပိုက်ဆံပိုပို့ပေးဖို့ အတွက်ပါကွယ်။ ခု အမေ့မှာ ဈေးဆိုင်လေး မရှိတော့ဘူးသားရဲ့ ။ အဲဒါကြောင့် ခု အမေလေ မလုပ်ချင်ပေမယ့် ခေါင်းရွက်ဗျတ်ထိုးဈေးသည် လုပ်နေရပြီသားရေ။
သားသတိရသေးလား အမေ့အတွက် ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက်ထားပေးမယ်ဆိုတာလေ။ အမေကတော့ ငါ့သားပို့လိုက်တဲ့ ကားကြီးရဲ့  နောက်ခန်းမှာ ၀န်ကြီးချုပ်ကတော်ကြီးလို ထိုင်ပြီးတော့ ဒရိုင်ဘာကို နောက်ကနေ အမိန့်တွေပေးမယ်။ အမေ့ မိတ်ဆွေတွေဆီသွားလည်မယ်။ သူတို့တွေ အားကျနေကြမှာ မြင်ယောင်သေးတယ် သားရယ်။ အမေကတော့ အမေသားလေးဟာ ဘုရားသခင်ဟောခဲ့တဲ့ ၀ိုင်နဲ့မိန်းမအတွက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖွာဖွာနဲ့ အရမ်းသုံးဖြုန်းပစ်တဲ့သူ ဖြစ်မလာပါစေနဲ့လိုပဲ ဆုတောင်း နေမိတယ်။

သားလေး အိုဘီရဲ့  သမီးလေးကိုတော့ မှတ်မိဦးမယ်ဆိုတာ အမေ အတပ်ပြောရဲတယ်။ သား အမေရိကကို ထွက်သွားပြီးလို့ သိပ်မကြာခင်ပဲ သူလည်း အီတလီကို ပြည့်တန်ဆာလုပ်ဖို့ထွက်သွားတယ်။ မနှစ်ကမှ သူလည်း သူ့မိဘတွေဆီ လက်ဆောင်တွေ အများကြီးနဲ့ ပြန်လာတာ။ သင့်တော်တဲ့ ကောင်လေးတစ်ယောက်နဲ့တောင် လက်ထပ်သွားပြီးသွားပြီ။ သူတို့လက်ထပ်ပွဲကို ဘုရားကျောင်းမှာ လုပ်တာ။ ဘုရားကျောင်းပြင်ဖို့ အလှူကြီးပေးပြီးတဲ့နောက် သူဟာ ရှက်ဖွယ်ကောင်းတဲ့ ပြစ်မှုတွေ လုပ်ခဲ့ပေမယ့်။ ယေရှုခရစ်တော်ရဲ့ သွေးနဲ့ သန့်ရှင်းစေခဲ့ပြီလို့ ဘုန်းတော်ကြီးကပြောတယ်။ ခုဆို သားလေးတစ်ယောက်တောင်မွေးပြီးပြီတဲ့။ လူတွေလည်း သူအီတလီမှာ တစ်ခါတုန်းက ပြည့်တန်ဆာလုပ်ခဲ့တာကို သတိမရကြတော့ပါဘူး။

သားလေး တခြား လူမည်းတွေနဲ့ရော ပေါင်းသင်းဖြစ်လား။ သားရဲ့ မျိုးရိုးဇစ်မြစ်ကိုရော သတိရတုန်းပဲလား။ လူမည်းတွေရဲ့  ရိုးရာအစားအသောက်တွေကို ရှာရှာဖွေဖွေ စားတုန်းပဲလား။ ဘာလို့လဲဆိုတော့ လူဖြူတွေရဲ့  အစားအသောက်က သားကို လူဖြူတွေရဲ့  လမ်းကိုလိုက်ဖို့ ခေါ်သွားမှာ အမေစိုးရိမ်တယ် သား။ သားရေ … သားလျှောက်မယ့်လမ်းကို သားစဉ်းစားပါ။ လက်ဖွာဖွာနဲ့သုံးဖြစ်နေသလားဆိုတာ ကိုယ်ဟာကို ဆင်ခြင်ပါ။ အမေ မသေခင်တော့ သားအတွက် နေ့စဉ် ဆုတောင်းပေးပါတယ်သားရယ်။
ဆက်ရန် ....

May 4, 2008

သတိပေးပါရစေဗျာ ...


မမေ့ပါနဲ့

ဤ၀တ္ထုလေးကို ပေးပို့လိုက်သူအား အထူးကျေးဇူးတင်ပါသည်။ သူငယ်ချင်းတို့ရေ … တို့တစ်တွေကို သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေကို လက်လွတ်စပယ် ပစ်မထားကြပါနဲ့။ သူတို့အတွက်အချိန်ပေးပါ။ မင့်ဘ၀ရဲ့  အချိန်တွေအားလုံးကို အလုပ်မှာပဲ မကုန်ဆုံးလိုက်ပါစေနဲ့။
သည်ဝတ္ထုလေးကို ပြီးအောင်ဖတ်ကြည့်ပါ။



လူတစ်ယောက် အလုပ်မှ နောက်ကျစွာပြန်လာသည်။ အလွန်ပင်ပမ်းလာသည့်အတွက် စိတ်လည်းတိုနေသည်။ ထိုစဉ် အိမ်တံခါးဝ၌ သူ့အားစောင့်နေသော ၅ နှစ်သားအရွယ် သူ့သားငယ်လေးကို တွေ့ သည်။
“ဖေဖေ မေးခွန်းတစ်ခုလောက်မေးချင်လို့”
“ဟာ ဟုတ်လှချည်လား။ ဘာများလဲသားရဲ့ ”
“ဟိုလေ … ဖေဖေ အလုပ်လုပ်တာ ၁ နာရီကို ဘယ်လောက်ရလဲဟင်”
“ဒါ မင်းကိစ္စမဟုတ်ပါဘူး။ ဘာကိစ္စ ဒါကိုမေးရတာလဲ”
“သား သိချင်လို့ပါဖေဖေရယ်။ ၁ နာရီကို ဖေဖေ ဘယ်လောက်ရလဲဟင်၊ ပြောပေးပါနော် ဖေဖေ နော်.. ”
“ဟာကွာ ဒီကောင်… ကဲ ဒေါ်လာ ၂၀ ရတယ်ဟေ့ ဒေါ်လာ ၂၀”
“အော်”
ကလေးငယ် စိတ်ဓာတ်ကျသွားရှာသည်။ သူ့ ဖခင်ကို မရဲတရဲမော့ကြည့်ပြီး
“သားကို ၁၀ ဒေါ်လာလောက် ချေးပေးပါလားဖေဖေရယ်”

“ဟေ့ကောင် မင်း ဘာမဟုတ်တဲ့ ကစားစရာဝယ်ဖို့အတွက်နဲ့များ ဒီလိုမေးရသလား။ မင့်အခန်းထဲတန်းတန်းမတ်မတ်ဝင်ပြီ သွားအိပ်နေစမ်းကွာ။ ပြီးတော့ မင်းဘယ်လောက် အလိုက်မသိ၊ တစ်ကိုယ်ကောင်းဆန်သလဲဆိုတာ နဖူးပေါ် လက်တင်ပြီးစဉ်းစား။ ငါ့မှာတော့ မင့်ရဲ့  ဒီလိုကလေးကလားလုပ်ရပ်တွေ အတွက် လုပ်လိုက်ရတာ သေတော့မယ်”
ကလေးငယ်သည် ဘာမျှ မပြောနိုင်ရှာတော့ဘဲ အိပ်ခန်းထဲ အမြန်ပြေးဝင်ကာ တံခါးပိတ်လိုက်လေတော့သည်။
စိတ်ဆိုးနေသော ဖခင်ဖြစ်သူမှာ ခဏထိုင်ကာ အမောဖြေပြီးသောအခါ သူ့သားလေး၏ မေးခွန်းကို ပြန်သုံးသပ်နေမိသည်။
“ဘာကြောင့်များ ဒီလိုမေးရဲပါလိမ့်”
တစ်နာရီခန့် အမောဖြေ စဉ်းစားပြီးနောက် သူ့သားငယ် ၁၀ ဒေါ်လာတန် ပစ္စည်း တစ်ခုကို အမှန်တကယ်လိုအပ်နှေနိုင်သည် ဟု စဉ်းစားမိလေသည်။ သူ့သားငယ်သည် ပိုက်ဆံ တောင်းလေ့ရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူ့သားငယ်၏ အခန်းထဲသို လိုက်ဝင်သွားပြီး
“သားရေ .. အိပ်နေပြီလားဟေ့”
“အော် ဖေဖေလား၊ သားမအိပ်သေးပါဘူး ဖေဖေ”
“ဖေဖေ ပြန်စဉ်းစားပြီးပြီ စောစောက သားကို မာမာထန်ထန်ပြောမိတာ။ တစ်နေ့လုံး အလုပ်လုပ်ခဲ့ရတော့ကွာ တအားပင်ပန်းနေတာကိုး။ သားအပေါ် စိတ်မရှည်နိုင်ဘူးဖြစ်သွားတယ်။ ဒီမှာ လာယူ သားလိုတဲ့ ၁၀ ဒေါ်လာ ”

သားငယ်က အပြုံးနဲ့ ထယူတယ်။
“ဖေဖေ ကျေးဇူးပဲ ဖေဖေရယ်”

ပြီးတော့ သူက သူ့ခေါင်းအုံးလေးကို မပြီး။ သူဝှက်ထားသည့် ပိုက်ဆံများအားထုတ်ယူနေလေသည်။ ပိုက်ဆံများကို ဖြည်းဖြည်းချင်းရေတွက်နေသော ကလေးအားကြည့်ရင်း ဒေါသ ထပ်ထွက်လာပြန်လေသည်။
“မင်းကွာ …. ပိုက်ဆံတွေရှိပြီးသားများ ဘာလို့ထပ်လိုချင်ရတာလဲကွ”
“သားပိုက်ဆံ မလောက်လို့ ပါဖေဖေရယ်။ ခုတော့ ပြည့်သွားပြီ။ ဖေဖေ သားမှာ ဒေါ်လာ ၂၀ ရှိတယ်။ ဖေဖေ့ အချိန် ၁ နာရီကို သားဝယ်နိုင်ပြီ။ မနက်ဖြန်စောစော ပြန်ခဲ့နော် ဖေဖေ။ သားဖေဖေနဲ့ တူတူ ညနေစာစားချင်တယ်”

မှတ်သားစရာ


ဒီဝတ္ထု လေးကို သူငယ်ချင်းတို့ရဲ့  ချစ်သူ ခင်သူတွေကို မျှဝေပါ။ ပိုကောင်းတာကတော့ ဒေါ်လာ ၂၀ တန်တဲ့ သင့်အချိန်ကို သင်သိပ်ချစ်တဲ့လူနဲ့ မျှဝေ ခံစားပါ။

ဘ၀ရဲ့  အချိန်တွေကို အလုပ်မှာပဲ နစ်မြုပ်နေတဲ့ သင့်အတွက် သတိပေးရုံလေးသက်သက်ပါ။ အလုပ်အတွက်ကြောင့် တို့တစ်တွေရဲ့  နှလုံးသားအတွက် ဘ၀ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို လက်မလွတ်လိုက်ရဖို့ပါပဲ။ တို့တစ်တွေ မနက်ဖြန် မှာ သေသွားမယ်ဆိုရင် …. တို့ကုမ္ပဏီက လစ်လပ်သွားတဲ့ တို့နေရာမှာ တစ်ယောက်ယောက်ကို အမြန်အစားထိုးလိုက်မှာပါ။ ဒါပေမယ့် တို့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကတော့ တို့တစ်တွေ သေးဆုံးသွားပြီးတဲ့နောက် သူတို့ရဲ့  ကျန်နေသေးတဲ့ဘ၀ တစ်လျှောက်လုံး တို့တစ်တွေအတွက် ခံစားသတိရနေကြမှာလေ။ ပြီးတော့ တို့တစ်တွေဟာ တို့ရဲ့  အချိန်တွေကို အမှန်တကယ် ရင်နှီးမြုပ်နှံပေးဆပ်ရမယ့် မိသားစုအရေးထက် အလုပ်မှာပဲ ပေးဆပ်ပစ်ကြတာကို ဆင်ခြင်ကြည့်ဖို့လိုပါတယ်။

ဘ၀က သိပ်ကို တိုတောင်းပါတယ်။ ဒီနေ့ဟာ မင့်အတွက် အကောင်းဆုံး အချိန်ပါပဲ။ ကဲ မင်း အထူးဂရုစိုက် ချစ်ခင်ရမယ့် လူ တစ်ဦးကို ပြောပြပါဦး ဘယ်သူဆိုတာ။

May 1, 2008

မျက်မမြင်လေး



တစ်ခါက မျက်မမြင်ဘ၀ကို သိပ်ကို နာကျည်း ရွံမုန်းမိနေတဲ့ မျက်မမြင်မလေးတစ်ယောက်ရှိတယ်။
သူချစ်တဲ့ ကောင်လေးမှတစ်ပါး လူတွေအားလုံးကို သူမုန်းတယ်။ သူ့ကောင်လေးကတော့ အမြဲ သူ့အတွက်၊ သူ့အနားပါပဲ။
မျက်မမြင်မလေးကပြောတယ် သူသာ ကမ္ဘာလောကကြီးကို မြင်ခွင့်ရှိမယ်ဆို သူ့ချစ်သူကောင်လေးကို လက်ထပ်မယ်ပေါ့။
တစ်နေ့မှာ တစ်စုံတစ်ယောက်က မျက်လုံးပေးလှူတာရတော့ သူကမ္ဘာလောကကြီးကို မြင်ခွင့်ရတယ်။ သူ့ချစ်သူကောင်လေး အပါအ၀င်ပေါ့။
သူချစ်တဲ့ကောင်လေးကမေးတယ်။
"အချစ်ရေ ခုလောကကြီး တစ်ခုလုံးကို မြင်ခွင့်ရှိပြီ၊ ကိုယ့်ကို လက်ထပ်တော့မလားဟင်"။
ကောင်မလေးက သူ့ချစ်သူကောင်လေးဟာလည်း မျက်မမြင်တစ်ဦးပဲဆိုတာ သိလိုက်ရတော့ ထိတ်လန့်တကြားဖြစ်သွားတယ်။ လက်ထပ်ဖို့ ကိုလည်း အကြောက်အကန် ငြင်းဆိုခဲ့တယ်။
ချစ်သူကောင်လေးဟာ မျက်ရည်တွေနဲ့အတူ အဝေးကို ထွက်သွားရှာတယ်။ ပြီးတော့ သူချစ်တဲ့ ကောင်မလေးကို စာတစ်စောင်ရေးထားခဲ့တယ်။
"အချစ်ရေ ကိုယ့် မျက်လုံးလေးတွေကို ဂရုစိုက်ပါနော်"


မှတ်သားစရာလေးကတော့
အခြေအနေပြောင်းတဲ့အခါ လူတွေ ပြောင်းလဲတတ်ကြပါတယ်။ နာကျည်းကြေကွဲစက်ဆုပ်ဖွယ် အခြေအနေမှာ ကိုယ်နဲ့ အတူတူရှိနေပေးတဲ့လူကို အမှတ်ရရ ရှိတဲ့ လူကတော့ အတော်ကို နည်းတာ မဟုတ်လား။