January 28, 2009

တစ်သက်လုံးပဲ သတိရနေမယ်

အခန်း (၁)

စိတ်ထဲမှာ မနေ့ကပဲ ဖြစ်ခဲ့သလို။ ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့နေ့။ အရှိန်လျော့လိုက်ဖို့ တောင်းပန်နေတဲ့သူ့အသံတွေကို သေဆုံးသည်အထိ ကျွန်တော် ကြားယောင်နေဦးမယ်။ ဒါတွေပြန်တွေးတိုင်း မချိအောင်ခံစားရတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွတ်နိုင်တော့ဘူး ….. ဘယ်တော့မှ ခွင့်လွတ်နိုင်တော့မှာ မဟုတ်ပါဘူး ….

အခန်း (၂)

“ဂျက်စီရေ … အရှိန်လျော့ပါဦး။ သိပ်မြန်လွန်းနေပြီ။”
“ရပါတယ် အမ်ဘာရယ်။ ငါထိန်းနိုင်ပါတယ်။ ငါဘယ်တုန်းကများ မင့်ကို အနာတရဖြစ်အောင် လုပ်ဖူးလို့လဲကွာ”
“ဂျက်စီ၊ ရပ်ပါတော့၊ ငါကြောက်လာပြီ။ အီး … ဟီး ….” သူမငိုပါလေပြီ။
“ဟာ မင်းဘာမှ မဖြစ်စေရပါဘူးကွ”

အခန်း (၃)


ဒါပေမယ့် ကျွန်တော် သူ့ကို အနာတရဖြစ်စေခဲ့ပြီ။ ကျွန်တော် ဘယ်လောက်မြန်မြန်မောင်းမိတယ်ဆိုတာ မသိအောင် ကျွန်တော်အလွန်အကျွံသောက်ခဲ့မိတယ်။ ကျွန်တော် အရွယ်က ကလေးပဲရှိသေးတယ်လေ။ ဘယ်အရာမဆို လုပ်နိုင်ဘာတယ်လို့ ထင်နေမိခဲ့တဲ့ ၁၆ နှစ်အရွယ် ချာတိတ်လေးပေါ့။ လိုတရဖြစ်ခဲ့တဲ့ကျွန်တော့်ဘ၀။ ခုတော့ ကျွန်တော်သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်၊ ကျွန်တော် ချစ်နေဦးမယ့် တစ်ဦးတည်းသော ချစ်သူကောင်မလေးတစ်ယောက်ကို ကျွန်တော်ကိုယ်တိုင်ပဲ နာကျင်ထိခိုက် စေခဲ့တဲ့အကြောင်း တွေးရင်း ဆွေးရင် မဆုံးသော တမ်းချင်းတွေနဲ့ ငိုနေရဦးမယ်လေ ….




အခန်း (၄)
“လာစမ်းပါ အမ်ဘာရာ၊ နင်ဘယ်လိုဝတ်ထားတယ်ဆိုတာ ဂရုစိုက်မယ့်လူ ဘယ်သူမှ မရှိပါဘူး။”
“မင်းသာအဲလိုနေ .. ဂျက်စီ ကဲကြည့်ပါဦး… ဒီရှပ်အင်္ကျီလေးနဲ့ဆို ဘယ်လိုလဲ”
“လှပါတယ်ဟာ။ ကဲ ဒို့တွေသွားလို့ရပြီလား။”
“ခဏ၊ ၁ မိနစ်လောက်”
“ကျွတ် … မိန်းမတွေများ ….”
“ဟေး …. ငါကြားတယ်နော်” … ရေချိုးခန်းမှ အမ်ဘာ့ အော်သံစူးစူးလေးထွက်လာသည်။
သူ့အတွက်တော့ ကျွန်တော်က အစ်ကိုတစ်ယောက်လိုပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထိပေါ့လေ။ နောက်ဘယ်လို ဖြစ်တယ်မသိဘူး။ ကျွန်တော့်စိတ်ထဲမှာ အမ်ဘာဟာ ခုညီမလေးဖြစ်လိုက်၊ တော်နေ ချစ်သူဖြစ်လိုက်နဲ့။ အမ်ဘာက လွဲလို့ ကျွန်တော်အမ်ဘာ့ကို ဘယ်လောက်ချစ်တယ် ဆိုတာ လူတိုင်းသိတယ်။ ကျွန်တော်ဖွင့်မပြောခဲ့ပေမယ့် သူဟာ ကျွန်တော့်ရဲ့ တစ်သက်သာ ချစ်သူပါပဲ။ တစ်ယောက်တည်းသော ချစ်သူပါပဲ။ ခုမဟုတ်ပေမယ့် နောင် ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ၊ သူနားလည်လက်ခံနိုင်လောက်မယ့်အခါ ကျွန်တော် ချစ်တဲ့အကြောင်း သူကို ပြောဖြစ်မှာပါ။



သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲကိုအလာ … ခါတိုင်းလိုပဲ ကားပေါ်မှာ အမ်ဘာရယ် ကျွန်တော်ရယ် .. သီချင်းတွေအော်ဆို၊ စကားတပြောပြောနဲ့ ရယ်လိုက် မောလိုက်၊ စလိုက်နောက်လိုက်နဲ့ပေါ့။ သူ့မိဘတွေက ကျွန်တော်နဲ့ဆိုယုံတယ်လေ ဘယ်သွားသွား ဘယ်လာလာ မတားဘူး။ သူ့ကို ဂရုစိုက်ပါမယ်လို့လည်း ကျွန်တော်က ကတိပေးထားတာကိုး။ အမ်ဘာအတွက်ဆို ကျွန်တော်က အသက်တောင်ပေးရဲတယ်ဆိုတာ။ အမ်ဘာကလည်း ကျွန်တော့်အပေါ် ထပ်တူပဲဆိုတာ သူတို့တွေသိတယ်လေ။ တစ်နေ့တည်း၊ ဆေးရုံ တစ်ရုံတည်းမှာ ၂ နာရီပဲ ခြားပြီး မွေးလာခဲ့ကြတာ။ ကျွန်တော်က သူ့ထက်ကြီးတယ်။ ကျွန်တော်တို့ မိဘတွေကလည်း သူတို့ငယ်ဘ၀ကျောင်းကတည်းက ခင်လာကြသူတွေ။ နှစ်ဖက်မိဘတေါကလည်း ကျွန်တော်တို့ကို ခွဲနိုင်မှာမဟုတ်။ ခွဲမှာလည်းမဟုတ်။ သူငယ်ချင်းမွေးနေ့ပွဲလေးနဲ့ မလှမ်းမကမ်းမှာ ကျွန်တော့်ကားလေးကို ရပ်ထားလိုက်တယ်။ အမ်ဘာကတော့ ခပ်ရွံ့ရွံ့ပဲ။ သူက ဒီလိုပွဲမျိုး ဘယ်တုန်းကမှ တက်ဖူးတာမဟုတ်ဘူးလေ။ သူလက်ကို ညင်ညင်သာသာဆွဲပြီး ကျွန်တော် မွေးနေ့ပွဲရှိရာ ခေါ်သွားခဲ့တယ်။
အထဲရောက်တော့ ကျွန်တော်တို့ကျောင်းက သူငယ်ချင်းတွေနဲ့တွေ့တော့ ကဖို့ ဆုံးဖြတ်ပြီး ကကြပါလေရော။ တယ်ရီက ကျွန်တော့်ကို ဘီယာတိုက်တယ်။ အမ်ဘာက မသောက်ဖို့ပြောတယ်။ တစ်ခွက်တည်းသောက်မှာပါလို့ပြောပြီး ခွင့်တောင်းတော့။ အမ်ဘာ ခွင့်ပေးတယ်။ ဒါပေမယ့် ပြဿနာက တစ်ခွက်ကနေ နှစ်ခွက်။ နှစ်ခွက်ကနေ သုံးခွက်ဖြစ်လာတယ်။ ကျွန်တော်တို့ ကကြ ခုန်ကြပေါ့။ ကျွန်တော်မူုးလာပြီ။ အမ်ဘာက ဒါကို သတိပြုမိခဲ့တယ်။
“ဂျက်စီ .. လာ ခဏလောက်ထိုင်ဦး။ နင်သောက်တာတော်လောက်ပြီ” သူပြောပြီး ကျွန်တော့လက်ထဲက ဘီယာခွက်ကို ဖယ်ပစ်ပြီး။ ရေတစ်ခွက်ပေးတယ်။ ကျွန်တော် ဘယ်လောက်သောက်ရင်မူးတယ်ဆိုတာ ကျွန်တော် မသိဘူး။ အန်ချင်သလိုလိုတြော့ဖစ်မိတယ်။ အမ်ဘာ့ပခုံးပေါ် ခေါင်းမှီထားရတယ်။ သူကလည်း ကျွန်တော့်နားကပ်ထိုင်ပြီး တွဲပေးထားတယ်။ ခဏလောက် ကျွန်တော် အိပ်ပျော်သွားတယ်။ နာရီဝက်လောက်အကြာ ကျွန်တော်နိုးလာတော့ ကျွန်တော့်ခေါင်းက အမ်ဘာ့ ပခုံးပေါ်ရှိတုန်းပဲ။ ကပွဲကို ပြန်သွားဖို့ ကျွန်တော် ထလိုက်တော့ ခေါင်းကို တစ်ခုခုနဲ့ ရိုက်ထဲ့ လိုက်သလို မိုက်ခနဲဖြစ်သွားပြီး မူးသွားတယ်။ အမ်ဘာ့ကိုတော့ စိုးရိမ်မှာ စိုးတာနဲ့ ဘာမျှ မဖြစ်ပါဘူးလို့ ကျွန်တော် ညာပြောခဲ့တယ်။
အမ်ဘာလက်သွားဆေးတော့ ကျွန်တော်နောက် ဘီယာတစ်ခွက် ထပ်သောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ ကျွန်တော့် မဟာ အမှားပါပဲ။ သူပြန်ရောက်လာပြီး၊ ကိုယ်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တော့တဲ့ ကျွန်တော့ကို မြင်တော့ သူ့အလစ်မှာ ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာ အသေအချာကြီးကို သိတော့တာပေါ့။
ဆက်လက်တင်ပြပါမည် ...
.
.

No comments: