May 24, 2009

ကျွန်တော်နှင့်တောတွင်းကာလများ (၇)

အဖွား ...........

လူတိုင်းတွင် အဖွားရှိသည်။ အဖေဖက်က အဖွား၊ အမေဖက်က အဖွား။ အဖိုး၊ အဖွားများနှင့် နေဖူးသူများ အဖိုး အဖွားကို မြေးတွေဘယ်လောက် သံယောဇဉ်ကြီးတာ နားလည်ခံစားနိုင်ကြမည်။ အဖေ အမေဆူတော့ ရိုက်တော့ ရှောင်ပုန်းစရာ။ မိမိတို့ တောင်မဟုတ် မြောက်မဟုတ် မေးသည် ပြောသည်ကို စိတ်ရှည် လက်ရှည် ဖြေကြား၊ သင်ကြားပြောပြကြသည်မှာ အဖိုးများ၊ အဖွားများ။ ချစ်လိုက်သည်မှာလည်း တုန်လို့။ သားအချစ် မြေးအနှစ် ဆိုတာ အလကားပေါ်လာသော စကားမဟုတ်။

ကျွန်တော့် အဖေ ဖက်က အဖွားအကြောင်းကို အရင်ပြောပြလိုသည်။ အဖွားနာမည်က ဒေါ်မြမေ။ အဖွားက ရွှေကျောင်းရွာသူကြီးသမီး။ စာတတ်သည်။ နယ်ဆိုတော့ အတန်းကြီး၊ တက္ကသိုလ်ပညာမဟုတ်ပါ။ လေးတန်းထိနေဖူးသည်ဟုဆိုသည်။ ကျွန်တော်တို့မြို့လေးသည်။ တောင်ပေါ်တောကျကျ မြို့လေးဆိုတာကို သိဖို့လိုပါသည်။ တောထဲ တောင်ထဲ ထို ခေတ် ထိုအခါ စစ်ဘေး၊ စစ်ဒဏ်ကြားမှ စာတတ်သူက ခပ်ရှားရှား။ အဖွားက ထိုလို လူထဲမှ တစ်ယောက်။ အသုံးလုံးခေတ်တွင် အဖွားကျောင်းပြန်တက်စရာမလို။ အဖွားစာကောင်းကောင်းတတ်သည်။ အတွက်အချက်နိုင်သည်။ ဘယ်အထိ တတ်မှန်းတော့ ကျွန်တော်လည်း မသိပါ။ အဖွားသက်ရှိထင်ရှားရှိစဉ် ကျွန်တော်က လူမမယ်။ အဖွားရွတ်ဖတ်ပူဇော်လေ့ ရှိသော တရားသံများကို နံနက်စောစော ကြားနေကြ။ ထို တရားသံများကို သာယာနာပျော်စွာကြားနေမြဲ။ အိမ်၏ ကျက်သရေဆောင် အဖြစ် သိနေဆဲ။ အဖွားသည် ကျွန်တော့်အဖို့ အကြင်နာတရား၊ ကိုယ်ကျင့်တရားပြည့်ဝသူနှင့် ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦး။

အဖွား ဥပုသ်ကျောင်းသွားလျှင် အဖွားသူငယ်ချင်းများနှင့် စုစုပြီးသွားသည်။ ထမီအညိုရောင်လေးဝတ်၊ တံဘက်လေး ပုခုံးပေါ်တင်၊ ခေါင်းပေါ်တင်ပြီး ဥပုသ်ကျောင်း အသွားအပြန်မြင်ကွင်းများက ခု ပြန်စဉ်းစာတော့ ကွက်ကွက် ကွင်းကွင်းပေါ်လာသည်။ အဖေ၊ အမေနှင့် အရီး၊ ဦးလေးတို့က အဖွားတို့တစ်တွေ အပြန်ရေချိုးဖို့ ရေခပ်ပြီး ကုသိုလ်ယူကြ။ ဖျော်ရည်တိုက်ကြတာတွေ အမှတ်ရသည်။ ဥပုသ်သည် အားလုံး၏ မျက်နှာသည် အေးချမ်းလျက်။ တောသူတောင်သားတို့၏ ပကတိမျက်နှာကပင် အပြစ်က စင်ပြီးသား။ ဥပုသ်တရားများနာလာသောအခါ လေးနက်တည်ငြိမ်မှုလေးပါ ထပ်ကာနေသည်။ ကျွန်တော် ကြည်ညိုမဆုံးသော ကျေးလက်မြင်ကွင်းများ။ မြင်လိုသေးသော အေးချမ်းသည့်မျက်နှာများ။ မြို့ပြမှ လူများ၏မျက်နှာကို အဓိပ္ပာယ် မဖော်တတ်သောအခါ ကျေးလက်၏ ရိုးသားမှုဆိုတာကို လေးလေးနက်နက်ကြီး သဘောပေါက်လာတတ်ပါသည်။ အရိုင်းတော့ဆန်ပါသည်။ သို့သော် အရိုးခံနေသည်။ ဤသည်က ချစ်စရာ။

အဖွားကို ကျွန်တာ် အမှတ်အရဆုံးက မိုးရွာချိန်။ ကျွန်တော်ချက်မြုပ်ရာ အောင်သာကုန်းကျေးရွာမှာ တောင်ကုန်းပေါ်တွင် အိမ်ဆောက်ပြီးနေကြသည့် ရွာဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ မိုးရွာလျှင် တောင်ကျရေများက စုစည်းလာကြပြီး မြေနိမ့်ရာတောင်ခြေဖက် စီးဆင်းလာကြသည်။ ထို့ကြောင့် မိုးရွာပြီးစတွင် လမ်းမပေါ်တွင် ချောင်းကလေးလို နာရီပိုင်းလောက် စီးနေတတ်သည်။ မြေနီကို ဖြတ်စီးလာသည့် ရေနီများ။ ကျွန်တော်တို့ အိမ်လေးမှာ တောင်ခြေတွင်ရှိသည့်အတွက် မိုးရွားပြီးချိန် စီးဆင်းလာသည့် နာရီပိုင်းသာခံသည့် တောင်ကျချောင်းလေးမှာ ကျွန်တော့် အိမ်ရှေ့ မှဖြတ်စီးသည်။ ထိုဖြတ်စီးသည့် ခဏ၌ အဖွားက ကျွန်တော်တို့ ကစားရန် သတင်းစာစက္ကူကို လှေ အဖြစ်ခေါက်ပေးသည်။ ကျွန်တော်တို့ ညီနောင်နှစ်ဦး တစ်ယောက် လှေတစ်စင်းစီ ကိုင်းပြီး လှေလွှတ်ပြိုင်ကြသည်။ တောင်ကျ ချောင်းလေးထဲ။ လှေကလေးနောက်ပြေးလိုက်ပြီးကြည့်ရသည်။ စက္ကူလှေက ရေစီးနည်းနည်းကြမ်းသည့် တောင်ကျချောင်းလေးထဲ ကြာကြာမခံပါ လှိုင်းတွေပုတ်လိုက်တော့ ဟိုစောင်း သည်စောင်းနှင့် ရေစိုပြီး နစ်တော့သည်။ စက္ကူလှေကလေးနစ်၍ ပျက်သွားလျှင် အဖွားဆီ အပြိုင်းပြေးပြီး စက္ကူလှေ အခေါက်ခိုင်းရပြန်သည်။ လှေ ၃ - ၄ ပွဲလောက်ပြိုင်ပြီးလျှင် တောင်ကျချောင်းလေး ရေအားနည်းသွားပါပြီး ချောင်းကလေးအဖြစ် မစီးတော့။ ရေစီးကြောင်းရာလေးသာရှိတော့သည်။ ထိုတောင်ကျချောင်းလေး မပျောက်မီ စက္ကူလှေ ကလေးနှင့် ကစားရသည်ကို လွမ်းလွမ်းဆွတ်ဆွတ်ရှိသည်။ ထိုအချိန်များသည် အဖွားဆုံးပြီးတော့ ကျွန်တော် အတမ်းတဆုံး။ မိုးသည်းသည်းရွာပြီးတိုင်း အဖွားနားကပ်ပြီး စက္ကူလှေ ခေါက်ခိုင်းကြသည်။ နောက်တော့ အဖွားသင်ပေးသည်။ အဖွားမသေခင် သင်ပေခဲ့သည့် အမှတ်တရ ကစားစရာ။ ကျွန်တော်ထင်ပါသည်။ ကျွန်တော့ သားသမီး၊ မြေးမြစ်များထိ ကျွန်တော်လည်း လက်ဆင့်ကမ်း သင်ပေးဖြစ်မည်ဖြစ်သည်။ စက္ကူလှေကလေးသည့် ကျွန်တော့ အတွက်တော့ သံယောဇဉ်၏ သင်္ကေတ တစ်ခု။ ယခု စာရေးနေရင်း ....... လူမှန်းပင်ကောင်းကောင်း မသိတတ်သေးသည့် အရွယ်က အဖွားလုပ်ပေးခဲ့သည့် စက္ကူလှေငယ်ငယ်လေးတွေကို ကျွန်တော့်စိတ်မျက်စိထဲ ရေနီတောင်ကျ ချောင်းလေးတစ်လျှောက် လှုပ်လှုပ်လဲ့လဲ့ဖြင့် ဝေ့ကာ ၀ိုက်ကာ တရွေ့ရွေ့ မျောပါဆင်းနေသည်ကို မြင်ယောင်နေမိရင်း ..... ဤ ပို့စ်ကို အဖွား အမှတ်တရအဖြစ် ရေးလိုက်ရပါသည်။
စက္ကူလှေလေးတစ်စင်း အဖွားအမှတ်တရအဖြစ် ပြန်ခေါက်ဖြစ်သည် ................. အဖွားသင်ပေးခဲ့သော စက္ကူလှေခေါက်နည်း

2 comments:

ရွှန်းမီ said...

ကိုခမ်းထွန်း အဖွားအကြောင်းဖတ်ရတာ အတော်အေးချမ်းပါတယ်။ ရှိသေးတဲ့အဖွားရော မရှိတော့တဲ့အဖွားရော သတိရမိပါတယ်။

Anonymous said...

ကိုစိုင်းရေ အဘွားအမှတ်တရစာလေးတွေ ဖတ်သွားတယ်ဗျာ။