March 10, 2011

ကျွန်တော်နှင့် ဘိုးလင်း


Singapore MRT. 



ဘိုးလင်း ဆိုတဲ့ကောင်နဲ့ ကျွန်တော်နဲ့ လုံးဝ အစေးမကပ်။ သူနှင့် ကျွန်တော်တွေ့တာ ၂ ခါရှိပြီ။ တစ်ခါမှ အဆင်တပြေ ဖြစ်ခဲ့သည်မရှိ။ ဒီကောင့်ကို တွေ့ဖို့ တကူးတက သွားရသည်။ ကျွန်တော်က တွေ့ချင်သည်လည်း မဟုတ်။ ကုမ္ပဏီက သွားခိုင်၍ သွားရခြင်းဖြစ်သည်။ စိတ်မပါ လက်မပါနှင့် ကျွန်တော်သွားရသည်။ မသွား၍လည်း မကောင်း။ ကျွန်တော့်အထက် အရာရှိက ကုမ္ပဏီက လုပ်သည့် အသင်းအဖွဲ့ဆို ကိုယ်စိတ်မပါလည်း သွားရသည် ဟု ဆိုသောကြောင့်တာ ဒီကောင် ဘိုးလင်း နဲ့တွေ့ခြင်းဖြစ်သည်။ ဘယ်လိုမှ ကြည့်မရသည့်ကောင်ကို အလုပ်ဆင်းပြီး တကူးတက သွားတွေ့ရသည်။ 
သူနေတာက ကုလား-မြန်မာ ချစ်ကြည်ရေးဘူးတာနားမှာ ဘူတာနာမည်က ဘူခစ်-ဘတုတ်။  ကုလားလေးဘူခစ် နဲ့ ကိုဘတုတ် ကို အမှတ်တရ ခေါ်ထားတဲ့ နာမည်။ အဲလိုပဲ EX-RIT အစ်ကိုကြီး ကိုဘကျော်တို့ အုပ်စု သင်္ကြန်မှာ ပြောသွားတာ မှတ်လိုက်ရသည်။ ဟုတ်မဟုတ်တော့ အာအိုင်တီ စက်မှုကျောင်းသား ဟောင်းကြီးဖြစ်သော ကိုဘကျော် ကိုသာ မေးကြည့်စေချင်သည်။
သူ့ထံသွားရမည်ဆို၍ အထက်အရာရှိကို ရုံးဆင်းချိန်တွင် ပြောပြီး ထွက်လာခဲ့သည်။ MRT စီးပြီး သွားရတာကို ကြိုက်သည့် အတွက် ဘတ်စ်ကား မှတ်တိုင်မရှာပါ။ ကျွန်တော်က စင်ကာပူ ဘတ်စ်ကားကို ကြိုက်သူမဟုတ်။ MRT (Mass Rapid Transit) ခေါ် အမြန်ရထားကို သဘောပိုကျသည်။ အကြောင်းမှာ ၅ မိနစ်ထက် ပိုစောင့်စရာမလိုသော ကြောင့် ဖြစ်သည်။

ဒီရထားတွေ ဒီလို တစ်စီးပြီးတစ်စီး အချိန် မကွာဘဲ ရောက်ရောက်လာတတ်တာ မြင်တော့ ရောက်စက အံ့သြသည်။ လေးစားသည်။ ကိုယ့်ပြည်ကိုယ်ရွာမှာ မမြင်ဘူး။ မကြုံဘူးခဲ့သော အရာပေကိုး။ ကျွန်တော့်ရွာသွား ရထားကတော့ အနံပေါင်းစုံသင်းပြီး၊ အသံလည်း ပေါင်းစုံထွက်သည်။ မြင်းစီးသလို ကဆုန်ပေါက် ပြေးသကဲ့သို့၊ ဘယ်ယိုင် ညာလူးဖြင့် ငါးဖယ်လူးသကဲ့သို့လည်း စီးခဲ့ဖူးသောကြောင့် MRT မြင်ဖူး စီးဖူးကာစက လူတွေ မဆောက်ဘဲ၊ နတ်တွေများ ဆောက်ထားလေသလားဟု ယောင်ယောင်မှားမှား တွေးမိသည်။ 

Myanmma Railways
မမ 
မြန်မာ့မီးရထား

ကျွန်တော်တို့ အထက်ပိုင်းက ခရီးသည်တွေက မမ ကို နာမည်ပြောင်ပေးထားသည် "မြင်မှ မီးရထား" ဟု။ အကြောင်းမှာ တခါတရံ ၂ ည အိပ်ခန့် စောင့်ပြီး ၂ ရက်လောက်နောက်ကျ ကာ ဝင်လာတတ်သောကြောင့် ဖြစ်သည်။ အမှန်တော့ ကျွန်တော်တို့လည်း ကြွားချင်ပါသည်။ မကြာခင် ကြွားနိုင်တော့မည်ဟု ထင်ပါသည်။ ရန်ကုန်-ကူမင်း အမြန်ရထား လမ်းကြီး ဖောက်မည်ဟု သတင်းမှာ ဖတ်လိုက်ရသည်။ ထိုရထားလမ်းဖွင့်လျှင် ပထမဆုံး အခေါက် စီးဖြစ်အောင် စီးဖို့တော့ ကြံထားသည်။ မြန်မာ့ မီးရထားကောင်းကောင်းကို ပထမဆုံး စီးတဲ့ အထဲမှာ သကောင့်သား ကျွန်တော့် နာမည် ပါသွားစေချင်သည်။ 

ဘိုးလင်း နှင့် မတွေ့ရသေး ရထားအကြောင်းရေးနေတာနဲ့ မိုးလည်းချုပ်ပြီး နောက်နေ့မှ ဆက်ပြောမည် .... ဆက်ရန်

3 comments:

ShwunMi- said...

မြင်မှမီးရထား =)

Unknown said...

ဟုတ်တယ် ဟုတ်တယ်
တစ်ခြားနယ်မပြောနဲ့
ရန်ကုန်မှာတင် ရထားအဖြတ်ကို လမ်းပိတ်ထားလို့ စောင့်ရတာ တစ်ခါတစ်လေ အင်းစိန်က ထွက်တဲ့ ရထားကို စောင့်နေရတယ်လို့တောင် ခံစားမိတယ်။

Anonymous said...

شركة مكافحة حشرات
مكافحة حشرات