June 7, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၃) ဗုဒ္ဓ ဆိုတာ ဘယ်သူလဲ ?

ယေရှုခရစ်တော် မပေါ်မီ နှစ်ပေါင်း ၅၆၃ ခုတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘုရင်မိသားစုမှ ကလေးတစ်ဦး ဖွားမြင်ခဲ့သည်။ သူသည် စည်းစိမ်ဥစ္စာအပြည့်ဖြင့် ကျန်းမာချမ်းသာစွာ လူလားမြောက်ကြီးပြင်းခဲ့သည်။ နောက်ပိုင်းတွင် ဥစ္စာပစ္စည်းများ နှင့် အဆောင်အယောင်တို့သည် ပျော်ရွှင်မှုကို အမှန်တကယ် ပေးနိုင်သည့် အရာများ မဟုတ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်းရှိ လူများ၏ ဆင်းရဲ ဒုက္ခများကို မြင်တွေ့ခဲ့သည်။ ထိုအချက်တို့က သူ့အား လူတို့ကို အမှန်တကယ်ပျော်ရွှင်စေနိုင်သည့် သော့ချက် ကို ရှာဖွေရန် ဆန္ဒပြင်းပြစေခဲ့သည်။ အသက် ၂၉ နှစ်အရွယ်တွင် သူ့ဇနီးနှင့်သားတစ်ဦးကို ထားခဲ့ပြီး ထိုသော့ချက်ကို ရှာဖွေရန် ထွက်သွားခဲ့သည်။ သူသည် ထိုခေတ်အခါက ထိပ်သီးဘာသာရေးဆရာကြီးများထံတွင် တပည့်အဖြစ်ခံယူကာ သူတို့၏ နည်းနာများကို လေ့လာသင်ယူခဲ့သည်။ ထိုဆရာကြီးများက သူ့ကို နည်းလမ်းများစွာ သင်ပေးခဲ့ကြသည်။ သို့သော် မည်သည့်ဆရာကမျှ လူများ အဘယ့်ကြောင့် ဆင်းရဲဒုက္ခဖြစ်ရသည့် အကြောင်းရင်းကို မသိရှိနိုင်သည့်ပြင်၊ မည်သည့်နည်းလမ်းအားဖြင့် ထိုဆင်းရဲဒုက္ခတို့မှ လွှတ်မြောက်အောင် လုပ်ဆောင်နိုင်သည်ကို သင်ကြားပြသနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ဆင်းရဲပင်ပန်းကြီးစွာဖြင့် ၆ နှစ်ကြာ ဒုက္ခခံကာကြိုးစား လေ့ကျင့်သော်လည်း မအောင်မြင်သည့် အတွက် နည်းလမ်းအားလုံးကို စွန့်လွှတ်ကာ တရားထိုင်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုတရားထိုင်သည့် နည်းလမ်းဖြင့် အမှန်ကို သဘောပေါက်ကာ အရာရာကို အမှန်အတိုင်း သိမြင်နိုင်သောဉာဏ်ကို ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ သူအား "ဗုဒ္ဓ" (Buddha) သို့မဟုတ် "အရာအားလုံးကို အမှန်အတိုင်းသိမြင်"သူ ဟု သတ်မှတ်ခေါ်တွင်ခဲ့သည်။ သူသည် နောက်ထပ် ၄၅ နှစ် အသက်ရှင်နေထိုင်ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယမြောက်ပိုင်း တစ်ခုလုံး အနှံ့ လှည့်လည်သွားလာပြီး သူတွေ့ရှိခဲ့သည့် သဘောတရားများ နည်းလမ်းများအား လူအများကို သင်ကြားပို့ချပေးခဲ့သည်။ သူ၏ မေတ္တာကရုဏာ နှင့် သည်းခံစိတ်ရှည်မှုတို့သည် အလွန်ထင်ရှားပြီး လူထောင်ပေါင်းများစွာ သူ့နောက်လိုက်ဖြစ်လာခဲ့ကြသည်။ အသက် ၈၀ ပြည့်သောအခါတွင် အိုမင်းလာပြီး နေမကောင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင်ပင် ကြည်ညိုဖွယ် အသွင်အပြင်ရှိပြီး၊ ကြည်လင်အေးချမ်းဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးသွားသည်။



(၄) သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)၏ ဇနီးနှင့် သားကို စွန့်ထားခဲ့ခြင်းသည် တာဝန်မဲ့ခြင်းလော?

သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)အတွက် သူ့မိသားစုကို စွန့်ခွာထားခဲ့ရန် ကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ခဲ့ပါ။ သူသည် သူစွန့်ခွာမသွားမီ အချိန်ထိ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်ခဲ့မည်။ သူ့တွင် ရွေးစရာနှစ်ခုရှိခဲ့သည် တစ်ခုက မိသားစုအတွက်၊ တစ်ခုက လောက အတွက်။ နောက်ဆုံးတွင် သူ၏ကြီးမားသောမေတ္တာတရားက လောကကြီးအတွက် သူ့ဘ၀ကို နစ်မြုပ်ပေးဆပ်ရန် ဖြစ်ခဲ့သည်။ ယနေ့တိုင် လောကကြီးတစ်ခုလုံး သူ့တွေ့ရှိချက်များ၏ အကျိုးကျေးဇူးကို ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် ဇနီးနှင့်သားကို စွန့်လွတ်ခဲ့ခြင်းသည် တာဝန်မဲ့ခြင်း မဟုတ်။ ထိုစွန့်လွတ်ခြင်းသည်ပင် သူ၏ အသိသာ၊ အထင်ရှားဆုံး တရားသဘောတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

No comments: