June 17, 2009

စင်ကာပူရောက် မြန်မာမိန်းကလေးများအတွက် သတိပေးချက်



ပြောသင့်သည်ထင်၍ ပြောပြပါဦးမည်။ အားလုံး ကောင်းဖို့၊ အေးချမ်းစွာ နေနိုင်ဖို့ရည်ရွယ်ပါသည်။ မည်သူ့ကိုမှ တိုက်ခိုက်လို၊ ထိခိုက်စေလိုသော စိတ်ဖြင့် ရေးသားခြင်း မဟုတ်ကြောင်း ကြိုတင် အသိပေးပြောကြားလိုပါသည်။


ကျွန်တော့်တွင် ညီမလေးအရင်းတစ်ဦးကဲ့သို့ ခင်မင်သော မိတ်ဆွေတစ်ယောက် ရှိပါသည်။ စင်ကာပူတွင် အလုပ်လုပ်နေသူဖြစ်သည်။ ၂၀၀၈ ခုနှစ် တရုတ်နှစ်သစ်ကူးနောက်ပိုင်းတွင် သိကြသည့်အတိုင်း 1800 S$ ပေးသော Spass ကို သူက 1400 S$ ဖြင့်လုပ်ပေးရသည်။ သူဌေးက လကုန်လျှင် ဘဏ်ထဲ လစာ 1800 S$ ကို လခ အဖြစ်ထည့်ပေးလိုက်ပြီး နောက်မှ 400 S$ သူဌေးကို ပြန်ပေးရသည့် စနစ်။


သူဌေးက ပထမ လတွင် 400 S$ ထုတ်ကာ ပြန်ပေးတော့။ ပြန်ယူသည်။ နောက်လများတွင် 400 S$ ပြန်ပေးတော့ လက်မခံပဲ သိမ်းထားဟု ပြောသည် ဟုဆိုပါသည်။ ထို့ကြောင့် ကျွန်တော့်ညီမလေးက သူ တစ်လ 1800 S$ ရသည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် သူလည်း ရသမျှငွေ အကုန် အိမ်ကို ပို့သည်။ မိမိ လက်ကိုင် ကိုယ်ပိုင်ငွေချန်မထား။ ထိုနည်းအားဖြင့် ၁ နှစ်ကျော်လောက် ဖြတ်သန်းလာခဲ့သည်။


လွန်ခဲ့သော ၆ လခန့်မှ စကာ သူဌေးက သူ့အား ရုပ်ရှင်ကြည့်ရန်ခေါ်သည် ဟုဆိုပါသည်။ သူက လူအများဖြင့် တက်သည့် ပါတီပွဲ ထင်ကာ တစ်ခေါက် လိုက်သွားမိသည်ဟု ဆိုသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် ဟိုပါတီရှိသည်။ သည်ပါတီရှိသည် ဆိုပြီး နောက်ထပ်ခေါ်သည်။ နောက်ပိုင်း သူမလိုက်နိုင်ကြောင်း ငြင်းခဲ့သည်ဟု ဆိုသည်။


ထိုနောက်ပိုင်းတွင် သူဌေးက သူ့ကို ခေါ်ပြီး လစဉ်ပြန်ပေးရမည့် လစာငွေ များကို ပေးရန်ပြောသည်ဟု ဆိုပါသည်။ ထိုအခါ သူက သူ့ကို လစာ 1800 S$ ပေးသည်ထင်၍ အကုန်သုံးမိကြောင်း ပေးရန်မရှိကြောင်း ပြောကာ ငိုနေမိသည် ဟု ဆိုပါသည်။ သူဌေးက နောက်ထပ် ဘာမှ ထပ်မပြောဘဲ သည်အတိုင်း လွတ်ပေးထားပြန်သည်။ ဘာကြောင့် သူဌေးက ဒီလို လုပ်သည်ဆိုသည်ကို သူသဘောမပေါနိုင်ဟု ဆိုပါသည်။ ထို့ကြောင့် စိတ်လည်းညစ်၊ ဘာလုပ်ရမှန်းလည်း မသိ၍ ကျွန်တာ့်ကို ပြောပြခြင်းဖြစ်ပါသည်။ စိတ်ညစ်နေရှာသည့်သူ့ကို ကျွန်တော်တတ်နိုင်သလောက်တော့ အကြံဉာဏ်ပေးပါသည်။ လုပ်သင့်သည်များကိုလည်း ပြောပြပါသည်။ သူယခုထိ ဘေးကင်းနေသေးသည်ကိုတော့ ၀မ်းသာရမည် ဖြစ်ပါသည်။


မြန်မာတို့၏ အားနည်းချက်မှာ အလုပ်ပြုတ်မှာ ကြောက်ခြင်း။ PR မရသေးသည့်အတွက်။ မြန်မာပြည်ပြန်ရလျှင် ခက်ရချည့် ဆိုသည့် ဖိအား။ ရသမျှကို မိဘထံပို့ကာ ကျေးဇူးဆပ်ကြခြင်းနှင့် အရေးကြုံလျှင် သုံးနိုင်ရန် လက်ကိုင်ငွေ မရှိခြင်း။ သို့သော်ယခု ကိစ္စအတွက် စဉ်းစားရမည်မှာ မြန်မာပြည်ပြန်ရ၍လည်း စားစရာမရှိအောင် ဆင်းရဲသွားမည်မဟုတ်ပါ။ နောက်တစ်ခါ ထပ်လာကာ အလုပ်ရှာနိုင်ပါသည်။ ထွက်သင့်သော အလုပ်ဖြစ်က ထွက်ရမည်။ "သင့်တင့်လျောက်ပတ်သော နေရာ၌ နေရခြင်းသည်လည်း မင်္ဂလာတစ်ပါး" ဟု ဆိုပါသည်။ ထိုကဲ့သိုပင် "မသင့်မလျောက်ပတ်သော အရပ်ဒေသကို စွန်ခွာခြင်းသည်လည်း ပညာဉာဏ်ရှိသူ၊ အေးချမ်းလိုသူ တို့အတွက် လုပ်သင့်သော လုပ်ရပ်" ဟု ကျွန်တော်မြင်ပါသည်။ ကိုယ့်ကြိုးကိုယ်ချည်သည့် အဖြစ်မျိုးတော့ အဖြစ်ခံ၍ မရပါ။ တိုင်းတစ်ပါးရောက် မိန်းကလေးများ၊ အားကိုးစရာမဲ့မှုကို အခွင့်ကောင်း အဖြစ် အသုံးချကြမည့် ကျားငစဉ်းလည်း များလည်း များစွာရှိပါသည်။ သတိကို တမံ ဉာဏ်ကို ကတုတ် လုပ်ကာ နေထိုင်ကြရမည် ဖြစ်ပါသည်။

ကျွန်တော့်ကို အစ်ကိုကြီးတစ်ယောက်ကပြောဖူးသည်။ "တို့တွေက ဖော့တွေးတတ်တဲ့အကျင့် ကြောင့်ခံကြရတာများတယ် ညီလေးရ။ ကိုယ်သံသယဖြစ်တာကို ဒါတော့ မဖြစ်နိုင်လောက်ပါဘူးလေ ဆိုပြီး ဖော့တွေးကြတယ်။ နောက်တော့ အဲတာကြောင့် ခံကြရတာပဲ။" ထို့ကြောင့် ယခု ထိုညီမလေး ကိစ္စကို ကျွန်တော် ဖော့ပြီးမတွေးပါ။ ကျွန်တော်ကတော့ ကျွန်တော့်အမြင်ကို ရှင်းရှင်းပဲပြောပြသည်။ သူဌေးက သူမကို ကြံနေတာဖြစ်နိုင်ကြောင်း။ အလုပ်ချိန်ပြင်ပတွင် ၂ ယောက်တည်းတွေ့ရန်ကြံခြင်းသည် မရိုးသား ဟုမြင်ပါသည်။ ထို ညီမလေးကလည်း သူဌေး၏ အကြံကို ရိပ်မိသောကြောင့် စိတ်ညစ်လာဟန် တူပါသည်။ လစာငွေ ကိစ္စဖြင့် ဖိလာသော အခါ Stress ဖြစ်လာတော့သည်။ ထိုကိစ္စကို သူဘယ်လိုရှင်းရမည် မသိ သူဌေးက ရှင်းရှင်းလင်းလင်းလည်းမပြော။ ကျွန်တော့် အမြင်ကတော့ ငွေပမာဏ ကြီးသထက်ကြီးလာရန် ကြံစည်နေခြင်းနှင့် အကွက်ကောင်းချောင်းနေခြင်းဟု မြင်ပါသည်။ အမှန်မှာ 1800 S$ ပုံမှန် လစာသာပေးပြီး တစ်ဖက်လှည့်ဖြင့် ယုတ်မာရန် ကြံစည်ခြင်း ဖြစ်ပါသည်။ ထို ညီမကလေးသာ ပိုက်ဆံကို မိဘကျေးဇူး ဆပ်လိုသည့် အတွက် ရသမျှ အကုန်ပို့ကာနေမည်၊ ငွေပမာဏကလည်းကြီးသထက်ကြီးလာမည် ဆိုပါက နောက်ဆုံး တစ်ကိုယ်လုံး ထိုးအပ်ရမည့်ကိန်း ဖြစ်အောင် လုပ်မည်ဟု ကျွန်တော်မြင်သည်။ ဘာမှလည်း ပြန်မပြောနိုင်။ ပြန်လို့လည်းမဖြစ်။ အလုပ်လည်း လုပ်ပေးရသေး၊ အပျော်မယားလည်း ဖြစ်ရဦးမည့် အကြံ။


ထိုအဖြစ်အပျက်ကြီး ဖြစ်လာခဲ့သော် ..

(၁) ထိုညီမ စိတ်ဆင်းရဲမည်။

(၂) ထို သူဌေးလည်း နောက်ပိုင်း စိတ်ဆင်းရဲမှုဖြင့်သာကြုံပါမည်။

(၃) သူဌေးတွင် မိသားစုရှိမည်။ ထိုမိသားစုလည်း ဤကိစ္စမျိုးကို ၀မ်းသာမည် မဟုတ်ပါ။

(၄) ထိုညီမ၏ မိသားစု ထိုကိစ္စကို သိပါက အဘယ်လောက် ကိုယ်စိတ်ဆင်းရဲမည်ကို ခံစားကြည့်ပါ။

(၅) ထိုကဲ့သို့သော ကုမ္ပဏီသည် ပျက်စီးရန် များပါသည်။ ထိုကုမ္ပဏီကို အမှီပြုသော ၀န်ထမ်းတို့သည်လည်း အလုပ်အကိုင် ပြဿနာ များစွာတက်လာကြမည်ဖြစ်သည်။


ကျွန်တော် အကြံတစ်ချို့ပေးဖြစ်ပါသည်။ ထိုညီမလေး စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပြီး ဘေးရန်အပေါင်းမှ အေးချမ်းစွာ ကျော်လွှာအောင်မြင် ပါစေကြောင်းလည်း ဆုတောင်းပေးလိုက်ပါသည်။


ထိုကဲ့သို့သော အဖြစ်အပျက်မျိုး၊ ဆင်တူသော ဆင်ကွက်မျိုးထဲ ၀င်တိုးမိသော မြန်မာအမျိုးသမီး၊ ဘယ်လူမျိုးဘယ်အမျိုးသမီးပဲ ဖြစ်ဖြစ် မကောင်းပါ။ ပစ္စုပ္ပန် သံသရာ ဘယ်ဟာအတွက်မှ ကောင်းသော အလုပ် မဟုတ်ပါ။ ထိုကဲ့သိုသော အဖြစ်အပျက်မျိုးကို ကြိုတင်သတိထား ကာကွယ်နိုင်ရန်၊ သည်လို အဖြစ်အပျက်မျိုးလည်းကြောင်း သိစေရန် ဤစာကိုရေးရခြင်းဖြစ်ပါသည်။

5 comments:

JulyDream said...

လခကို အကုန် သုံးပစ်၊ အိမ် ပို့ပစ်တာမျိုး မလုပ်ပဲ လက်ထဲမှာ ပိုက်ဆံချန်ထားသင့်ပါတယ်။ အရေးအကြောင်းဆို ငွေပိုလေး ရှိထားတော့ အဆင်ပြေပါတယ်။

Unknown said...

Good post, the girls who are working in Singapore should know. Most of the Singaporean are like that :) :) :)

မိုးမောင်(HappyCloud) said...

ဖြစ်ပြီးတာကိုတော့ မပြောလိုတော့ဘူး....
အဲဒီညီမ လက်ရှိအခက်အခဲက လွန်မြောက်ပါစေလို့ ရင်ထဲအသဲထဲက ဆုတောင်းပေးလိုက်တယ်ဗျာ။ စိတ်ထဲလဲ မကောင်းဘူးဗျို... ကုသိုလ်ကံ ဆောင်မပါစေ။

Anonymous said...

ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဒီလိုအဖြစ်မျိုး ကျနော်တို့ သင်္ဘောသားတွေလဲ ကြုံဖူးတယ်ဗျ။ မတူတော့ မတူဘူးပေါ့ဗျာ။ အတိုဆုံး ပြောရရင်တော့ ကြားလူ ပွဲစားက ရိတ်သွားတာ ၁၀လစာ ။ အလုပ်လုပ်ခဲ့တာလဲ ၁၀၊ ဘာမှကို မကျန်တာအေးရော..။
အဓိက အကြောင်းအရာက ဘာလဲဆိုတော့ စကားမပြောရဲတာပဲ၊ ဘာကြောင့်မပြောရဲတာလဲဆိုတော့ အင်္ဂလိပ်စကား သိပ်မကျွမ်းကျင်တာရယ်၊ လူရှိန်တာရယ်၊ ကိုယ့်ရပိုင်ခွင့် အခွင့်အရေးတွေကို သေချာနားမလည်တာရယ်၊ ရေးခြားမြေခြားမှာ ဆိုတော့ အားငယ်တာရယ်
ကြောင့် ဒီလိုပဲ ကျနော်တို့တွေ ခံနေရဦးမှာပါပဲဗျာ...။

အဆွေတော်လေး said...

ဒီပို့ စ်လေးကိုသဘောကျလို့  အားလုံးဆင်ခြင်နိုင်အောင် ကျတော့် ning,com မှာဖော်ပြဖို့ ကူးသွားပါသည်။