June 6, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၂) ဗုဒ္ဓ၀ါဒ သည် သာမာန်အတွေးအခေါ်တစ်ခု မျှသာလား

အတွေးအခေါ် (Philosophy) ဟူသော စကားလုံးသည် ဖီလို (Philo) "မေတ္တာတရား" နှင့် ဆိုဖီယာ (Sophia) "ဉာဏ်ပညာ" ဟူသော စကား ၂ လုံးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ် (Philosophy)ဆိုသည်မှာ "မေတ္တာတရား နှင့် ဉာဏ်ပညာ" ကို ကိုယ်စားပြုသောကြောင့် ဗုဒ္ဓ၀ါဒ ကို ပြည့်ပြည့်စုံစုံ ဖော်ညွှန်းနိုင် သလိုရှိပါသည်။ ဗုဒ္ဓ၀ါဒသည် ကျွန်ုပ်တို့အား အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်စေရန်အတွက် အသိဉာဏ်ပိုင်း တိုးတက်ပြည့်စုံလာအောင် ကြိုးစားကြရန် တိကျသောနည်းလမ်းများဖြင့် သင်ကြားလမ်းညွှန်သည်။ ထို့ပြင် ရှိရှိသမျှ သတ္တ၀ါအားလုံးအား မိမိ၏ သွေးသားရင်ချာကဲ့သို့ အကြင်နာ မေတ္တာတရားထားကြရန်လည်း သွန်သင်သည်။ သို့သော် ဗုဒ္ဓ၀ါဒသည် သာမာန်အတွေးအခေါ်သက်သက်မျှမဟုတ်၊ သာမာန်တွေးခေါ်ရှင်တို့၏ အတွေးအခေါ်ထက် အဆင့်လွန်သည့် အတွေးအခေါ် (Supreme Philosophy) (၀ါ) အမြဲတမ်းမှန်နေသည့်အတွေးအခေါ်များဖြစ်သည်။
(စကားချပ်။ ။ ဗုဒ္ဓသည် သစ္စာ လေးပါးကို သိရှိခြင်းမှာ တွေးခေါ်၍ မဟုတ်ပါ။ လေ့ကျင့်၍ ရလာခြင်းဖြစ်သည်။ ထိုသစ္စာလေးပါးကို သိရန် လေ့ကျင့်ရမည့်နည်းလမ်းလည်း အတိအကျရှိသည်။ ထိုကဲ့သို့သော နည်းလမ်းမှအစ အရာအားလုံး၊ သိစရာမှန်သမျှအားလုံးကို သူကိုယ်တိုင် လေ့ကျင့်မှုကြောင့် တပ်အပ်သိမြင်လာခြင်းဖြစ်သည်။ တွေးတောယူဆခြင်းကြောင့် သိလာခြင်းမဟုတ် ဟုဆိုပါသည်။)

2 comments:

ရွှန်းမီ said...

ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်တယ် လို့ ပြောကြပါတယ်။
ဒါကြောင့် ကျင့်လည်းကျင့်၊ ဥာဏ်နဲ့လည်း လိုက်ဆင်ခြင်ခဲ့တယ်လို့ ယူဆမိပါတယ်။
တွေးရုံနဲ့ သစ္စာလေးပါးကို သိမြင်လာတာ မဟုတ်ပေမယ့် တွေးခေါ်မှု မပါတဲ့ အလေ့အကျင့်ကြောင့် ဖြစ်လာတာလည်း မဟုတ်ပါဘူး။
အတွေးချည်းပဲတွေးရင်၊ ဒါမှမဟုတ် အကျင့်ချည်းပဲ ကျင့်ရင် တစ်ဖက်စွန်းစီ ရောက်နေလိမ့်မယ် ထင်ပါတယ်။

Saing Khan Tun said...

ဘာကို လေ့ကျင့်တာလဲ ဆိုတာ စဉ်းစားဖို့ လိုမည်ထင်ပါသည်။ ရုပ်နှင့်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အမှန် အတိုင်း သိလာအောင် လေ့ကျင့်ရခြင်းကို ဆိုလိုပါသည်။ ကြံစည်ခြင်း၊ တွေးတောခြင်းဆိုသည်မှာ နာမ်၏ အလုပ်များ ဖြစ်ပါမည်။ ထို့ကြောင့် လေ့ကျင့်မှုတွင် အကျုံးဝင်မည်ထင်သည်။ ထို တွေးခြင်း၊ ကြံခြင်းများ၊ လောဘ၊ ဒေါသ၊ မောဟ စသည့် စိတ်ခံစားချက်များ၊ ရုပ်၏သဘောများ ကို အမှန်အတိုင်း သိမြင်လာရန်လေ့ကျင့်ခြင်းကို ဆိုလိုပါသည်။ ရုပ်နှင့်နာမ်၏ ဖြစ်ခြင်း ပျက်ခြင်းကို အမှန်အတိုင်း သိမြင်လာရန် လေ့ကျင့်ခြင်းကို ဆိုလိုပါသည်။