September 8, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၉) ဘာ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဘုရားပရ၀ုဏ်အတွင်းမှာ ထူးဆန်းတဲ့အရာတွေ လုပ်နေကြတာလဲ?

နားလည်း သဘောပေါက်မှုလွှဲမှားခြင်းမှ စတင်သည်ဟု ဆိုရပါမည်။ လူတို့သည် မိမိတို့ နားလည်သဘောမပေါက်နိုင်သောအရာများအား ထူးဆန်းသည်ဟု ထင်မြင်မှတ်ယူကြသည်။ ဤကဲ့သို့သော ထင်မြင်နေမှုကို သည်အတိုင်းထားလိုက်ခြင်းထက် ထိုအရာတို့၏ အနက်အဓိပ္ပာယ်ကို ရှာဖွေစူးစမ်းသင့်ပေသည်။ ဗုဒ္ဓသင်ကြားဆုံးမခဲ့သည်များကို နားလည်မှုလွှဲမှားခြင်း၊ အယူသည်းလွန်းခြင်းတို့မှ အစပြုကာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ်တိုင်ပင် ထိုကဲ့သို့သော ထူဆန်းမှုများကို လုပ်လာခဲ့ကြပေသည်။ ထို့ကြောင့် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုအမှန်နောက် မလိုက်ဘဲ လမ်းလွှဲလာကြသည်များရှိပေမည်။ ထိုကဲ့သို့သော နားလည်မှုလွှဲမှားခြင်းကို ဗုဒ္ဓဘာသာ၌သာ တွေ့ရသည် မဟုတ်။ ဘာသာတိုင်း၌ပင် အချိန်ကြာလ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အယူအဆများ နားလည်မှုများ လွှဲမှားလာခဲ့ကြသည်ကို တွေ့ရပေသည်။ သွန်သင်ဆုံးမခဲ့မှုများအား လုံးဝဥဿုံ နားလည်းသဘောပေါက်ခြင်း မရှိနိုင်သူတို့ကိုလည်း အပြစ်တင်နေ၍ မဖြစ်ပေ။ ရင့်ကျက်ချိန်တန်မှ ရင့်ကျက်သည်မှာ သဘာဝဖြစ်သည်။ ဗုဒ္ဓ၏ သင်ကြားပို့ချမှုများတွင် တိကျသော၊ ရှင်းလင်းသော၊ အသေးစိတ်နိုင်သော သွန်သင်ပြောပြမှုများ ပါဝင်ကြောင်းကို အသေအချာ လေ့လာလိုက်စားသူတိုင်း သိကြသည်။

"လူတစ်ဦးသည် ရောဂါဝေဒနာ ခံစားနေရချိန်၌ သမားတော်ရှိပါလျက် ဆေးကုသရန် အားထုတ်မှု မပြုဘဲသေဆုံးခဲ့သည်ရှိသော် ဤသည်မှာ သမားတော်၏ ညံ့ဖျင်းမှု မဟုတ်။ ထိုနည်းတူစွာပင် လောဘ၊ ဒေါသ၊ မောဟ တို့၏ ဖိစီးနှိပ်စက်မှုကို ခံနေရသော သတ္တ၀ါတို့သည်လည်း ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများရှိပါလျက် မနာယူ မကျင့်ကြံခြင်း၍ နိဗ္ဗာန်သို့ မရောက်နိုင်ခြင်းမှာ ဗုဒ္ဓ၏ ညံ့ဖျင်းမှု မဟုတ်ပေ။"

ဗုဒ္ဓဘာသာဝင်များသာ မဟုတ်ပေ အခြားဘာသာဝင်များသည်လည်း ဆိုင်ရာအကိုးကွယ်ခံ ပုဂ္ဂိုလ်တို့၏ သွန်သင် ဆုံးမမှုများကို ပြည့်ဝစွာ နားလည် သဘောပေါက်အောင် အလေ့အကျင့်လုပ်သူ အားထုတ်သူ နည်းပေသည်။ ဗုဒ္ဓ၏ သင်ကြားပြသမှု အစစ်အမှန်များကို နားလည် သဘောပေါက်လိုပါက ဗုဒ္ဓ၏ ဟောကြားချက်များကို ဖတ်ပါ၊ တိတိပပ နားလည်သူတို့ထံ ချဉ်းကပ်မေးမြန်း ဆွေးနွေးပါ၊ ကျင့်ကြံ အားထုတ်ကြည့်ပါ ဟု တိုက်တွန်းလိုပါသည်။
ဗုဒ္ဓသည် သင့်အား နိဗ္ဗာန်သို့ ရောက်စေဟု တန်ခိုးတော်ဖြင့် ဖန်တီးပေးမည့် တန်ခိုးရှင်မဟုတ်။ သိစရာဟူသမျှကို သင်ကြားပြသသူမရှိဘဲ ကိုယ်တိုင် ကျင့်ကြံပြီး သိခဲ့သူဖြစ်သည်။ သူသိသည့် အမှန်တရားများကို သတ္တ၀ါများ ချမ်းသာမှုရစေရန်ရည်ရွယ်၍ သွန်သင်ဆုံးမ ပြောပြခဲ့သူသာဖြစ်သည်။

August 29, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၈) ရုပ်တုကို ကိုးကွယ်နေကြတာလား?

ဤကဲ့သို့သော စွပ်စွဲမှုပေါ်ပေါက်လာခြင်းမှာ စွပ်စွဲသူတို့၏ နားလည်မှု လွှဲမှားခြင်းကြောင့် ဖြစ်သည်။ ဆင်းတုတော်ကို နတ်ရုပ်တုများကဲ့သို့ အရိုအသေပေးစရာရုပ်တု အဖြစ် အမှတ်မှား၊ အမြင်မှားဖြစ်နေကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓကို နတ်ဘုရား အဖြစ် ယုံကြည်ကိုးကွယ်ကြခြင်း မဟုတ်ပါ။ သတ္ထု၊ သစ်သား၊ ကျောက်တုံး တို့ကို ကိုးကွယ်နေခြင်း မဟုတ်ပါ။ ဘာသာတိုင်းတွင် မိမိတို့ယုံကြည်ရာ ဘာသာရေး၏ အမှတ်လက္ခဏာရှိကြစမြဲ ဖြစ်သည်။ တာအိုဘာသာဝင်များ (Taoism) သည် ယင်နှင့်ယန် ကားချပ် (Ying-Yang Diagram) ကို ဆန်ကျင်ဖက် ၂ ခုကြားရှိ မျှတနေမှုသဘောအဖြစ် မှတ်ယူကြသည်။ ဆခ်ဘာသာဝင် (Sikhism) များသည် ဓားမြှောင်ကို ရုန်းကန်လှုပ်ရှားခြင်း ဟု မှတ်ယူထားကြသည်။ ခရစ်ယာန်ဘာသာဝင် (Christian) များကမူ ငါး (Fish) ပုံကို ခရစ်တော်၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။ လက်ဝါးကားတိုင်း (Cross) ကို စွန့်လွှတ်အနစ်နာခံခြင်း၏ သင်္ကေတ အဖြစ် မှတ်ယူထားကြသည်။ ဗုဒ္ဓဘာသာဝင်များတွင်မူ ဗုဒ္ဓ၏ ဆင်းတုတော်များသည် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို အမှတ်ရနေရန် ကိုယ်စားပြုကြသည်။ အမှတ်လက္ခဏာရှိနေခြင်းက၊ ရှိခြဲ့ခင်းကို သက်သေအဖြစ် တည်စေမှန်း လူတိုင်း အသိပင်ဖြစ်သည်။ အမှန်စင်စစ်တွင် ဗုဒ္ဓဘာသာသည် နတ်ဘုရားကို ဗဟိုပြုသည့်ဝါဒ မဟုတ်ဘဲ၊ လူဗဟိုပြုအယူဝါဒ ဖြစ်သည်။ အရာရာပြီးပြည့်စုံခြင်း၊ သဘောပေါက်နားလည်ခြင်းကို ရရှိရန် မိမိကိုယ်တိုင်၌သာ ရှာရမည်ဖြစ်ကြောင်း၊ ပြင်ပ၌ ရှာဖွေ မတွေ့ရှိနိုင်ကြောင်း သင်ကြားဆုံးမသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ ဆင်းတုတော်၊ စေတီပုထိုး စသည်တို့ကို ကိုးကွယ်ကြခြင်းကို အပြစ်တင်ပြောဆိုနေမည်ဆိုပါက၊ ယင်-ယန်သင်္ကေတကို ကိုးကွယ်ခြင်း၊ ဓားမြှောင်ကို ကိုးကွယ်ခြင်း၊ ငါးရုပ်သင်္ကေတနှင့် ကားစင်တိုင် တို့ကို ကိုးကွယ်ခြင်းတို့ကိုလည်း အဆင်အခြင်မရှိ ဦးနှောက်မဲ့ ကိုးကွယ်နေကြခြင်းဟု ပြောသလို ရှိပေတော့မည်။

August 16, 2009

ဆွေးနွေးခန်း (၂)

ဒီနေ့တော့ အခန်းထဲရှိတဲ့ ပန်ကာနဲ့ ထိုင်စကားပြောဖြစ်တယ်။ သူက အဖြူရောင် မတ်တပ်ပန်ကာတစ်ခု။ ပန်ကာရွက် ၅ ခုပါတယ်။ သုံးစွဲသူ အထိအခိုက်မရှိအောင် ဇကာနဲ့ ကာထားတယ်။


ဒီပန်ကာလေးက စုတ်နေပါပြီ။ အိမ်ရှင်ပေးထားတဲ့ပန်ကာ။ စဖွင့်ဖွင့်ချင်း လည်တာမဟုတ်ဘူး။ ဂျစ်ဂျစ် ...... ဂျစ်ဂျစ် ...... နဲ့ ထစ်နေတာ။ တစ်ပတ်ချင်း တစ်ပတ်ချင်း တဖြည်းဖြည်းလည်ပြီး နောက်မှ ပုံမှန် Speed ကိုရောက်တာ။ ညည အိုက်လို့များ ဖွင့်ချင်ရင် အိပ်နေတဲ့ သူငယ်ချင်းရှိရင် အားနာရတယ်။ ညဆို အသံက ကျယ်တော့ နှိုးကုန်တာပေါ့။
တံဆိပ်က Aerogaz ဂျပန်စာလုံးတွေ မြင်နေရတော့ ဂျပန်နိုင်ငံလုပ်လိုပဲ ယူဆပါတယ်။ ဂျပန်စာလုံးတွေမြင်မှ ဂျပန်က ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ် နှစ်ဦးကို သွားသတိရတယ်။ အဲ ကုမ္ပဏီ ၂ ခုဆို ပိုမှန်မယ်။ TOYOTA နဲ့ HONDA ။ တကယ်လေးစားစရာကောင်းတဲ့ ဂျပန်လူမျိုးတွေ။ ကမ္ဘာကို ယှဉ်ပြိုင်နိုင်သည် အထိ နည်းပညာအရရော စီးပွားရေး အရပါ ဂျပန်နိုင်ငံကို တိုးမြှင့်စေခဲ့သူတွေ။

စတစ်ကာမှာ 16" STAND FAN လို့တွေ့တယ်။ အ၀န်း ၁၆ လက်မရှိတဲ့ မတ်တပ်ပန်ကာပေါ့။ ရီမုဒ်ကွန်ထရိုးပါတယ်ဆိုပါလား။ ကျွန်တော်ဖြင့် ဒီလောက် စုတ်နေတဲ့ပန်ကာ တစ်ခါမှတောင် သတိထားမကြည့်မိခဲ့ဘူး။ ခုစာရေးမှ သွားဖတ်ကြည့်မိတာ။ ဓာတ်ပုံလည်း ခုတင်ရိုက်လိုက်တာလေ။ မော်ဒယ်နံပါတ်ပါတယ်။ ၂၃၀ ဗို့၊ ၅၀ ဟဇ်၊ ၆၀ ၀ပ်။ ဒါက ဒီပန်ကာလေးလိုအပ်တဲ့ Power Supply ပေါ့။ AC ပါဝါဆပ်ပလိုင်းအတွက်ဆို ပါဝါအီကွေးရှင်းက ...
P = VI cos θ
P ဆိုတာက Power (W)
V ဆိုတာက Voltage (V)
I ဆိုတာက electric current (A)
θ ဆိုတာက the phase angle between the voltage and the current (°)
cosθ ဆိုတာက Power Factor
သူ့တံဆိပ်က ဒီပုံပေါ့

စင်ကာပူရောက်တော့ဗျာ မမြင်ဘူးတဲ့၊ မရင်းနှီးတဲ့ လျှပ်စစ်ပစ္စည်းတွေ အများကြီးတွေ့သဗျာ။ VFD ဆိုတာတွေ၊
Capacitor Bank ဆိုတာတွေ၊ Switchgear ဆိုတာတွေ၊ ကျွန်တော်က Breaker တောင် ကောင်းကောင်း မြင်ခဲ့ဘူးတဲ့ကောင် မဟုတ်ဘူး။ Timer ဆိုတာ ဟိုတစ်နေ့က ရုံးမှာ worker တစ်ယောက်က လာလုပ်ခိုင်းလို့ လုပ်ပေးလိုက်ရသေးတယ်။ ဘယ်တုန်းကမှ မမြင်ဘူးတဲ့ Timer။ ခဏနေဦး ဆိုပြီး Website ထဲ ရှာဖတ်ပြီး လုပ်ပေးလိုက်တယ် အိုကေသွားတယ်။ ဘယ်ရမလဲ တောသားပဲဥစ္စာ။
VFD ဆိုတာတွေ၊ Switchgear ဆိုတာတွေ မြန်မာလူငယ်တွေ နည်းနည်း နားယဉ်ဖို့တော့ ပြောပြမှ ဖြစ်မယ်ထင်တယ်။ နောင်တစ်ချိန် ကျွန်တော်တို့ နိုင်ငံမှာလည်း မဖြစ်မနေ သုံးကြရမှာဗျ။ Timer တွေ၊ Fire Alarm System တွေ၊ PLC ကွန်ထရိုးတွေ၊ SCADA အကြောင်းတွေ၊ Vibration Monitoring System အကြောင်းတွေ၊ အရည် အငွေ့တွေကိုရဲ့ Flow တိုင်းတဲ့ Instrument တွေ အကြောင်း၊ Level တိုင်းတဲ့ Instrument တွေ အကြောင်း၊ ပြောရရင်တော့ အများကြီးပဲ။
အားလုံးကြီး ရှင်းမပြနိုင်တောင် ဗဟုသုတအဖြစ်တော့ ပြောပြသင့်တယ် ထင်ပါတယ်။ အဲဗျ ... ပန်ကာလေးနဲ့တောင် စကားပြောဖို့မေ့နေတယ်။
ဒီပန်ကာလေးက စကားမပြောတတ်ပါဘူး။ ကျွန်တော်လိုအပ်လို့ ခလုတ်နှိပ်လိုက်ရင် လည်လာပြီး လေမှုတ်ပေးတာပါပဲ။ ပန်ကာလေးအကြောင်းပြောနေရင်း .... ငယ်ငယ်က ၀ါးယပ်တောင်လေးတွေ သတိရသဗျာ။ ကျွန်တော့် အဖိုးယက်တတ်တာပေါ့။ သြော် အဖိုးဆုံးတာတောင် ၂ နှစ်ပြည့်တော့မှာပဲ။
တချိန်က ဒီကမ္ဘာပေါ်မှာ ရ၈ နှစ်ကျော်ကြာကြာ အသက်ရှင်နေထိုင်ခဲ့တာ ကျွန်တော့် အဖိုးပေါ့။ ဦးအိုက်ရွှေလို့ခေါ်တယ်။ လယ်လုပ်တယ်။ စာမတတ်ဘူး။ အဖိုးရဲ့ လယ်က အကျယ်ကြီးပဲ။ ငယ်ငယ်က အဖိုးလယ်ကို သွား၊ မြေပဲတွေကောက်လိုက်၊ မာလကာသီးတွေ စားလိုက်နဲ့။ ခုပြန်ပြီး လယ်တောရောက်ရင်တောင် အဖိုးကို တွေ့တော့မှာ မဟုတ်ဘူး။ ကျွန်တော် မွေးရပ်မြေကို ရောက်ခဲ့စဉ်က အဖိုးကို လိမ္မော်သီး ခွံကျွေးခဲ့တယ်။ အဲတာ နောက်ဆုံး ကျွေးခဲ့ရတာပဲ။ အဖိုးက လမ်းတောင် မလျှောက်နိုင်တော့ဘူးလေ။ တစ်ချိန်က လယ်တွေတည်ခဲ့၊ ပျိုးတွေကြဲ၊ စပါးတွေစိုက် သြော် ... အဖိုးတောင် ... သူ့မြေးလေး ဒီစာတွေ ရေးနေတယ်ဆိုတာ သိပါစ ....

August 9, 2009

ဆွေးနွေးခန်း (၁)


လူတွေနဲ့ မဆွေးနွေးပဲ အရာဝတ္ထုတွေနဲ့ ဆွေးနွေးပွဲ လုပ်ကြည့်ဖို့စိတ်ကူးရတယ်။ နီးနီးနားနား အခန်းထဲရှိတဲ့ အရာဝတ္ထုတွေနဲ့ ဆွေးနွေးကြည့်ဖို့ စိတ်ကူးတယ်။ ဆွေးနွေးတယ်ဆိုတာ အပြန်အလှန်ဆက်သွယ်ကြဖို့လိုတယ်။ သူတော့က ဘာမှ ပြောမှာ မဟုတ်တော့ ကျွန်တော်ကပဲပြောပြီး ကျွန်တော်ကပဲ သူတို့ကိုယ်စား ပြန်စဉ်းစားဖြေရမှာဖြစ်တယ်။ အမှန်တော့ သူတို့နေရာ ခဏ၀င်ပြီး ကိုယ်မေးတာ ကိုယ်ဖြေခြင်းပါပဲ။ ကျွန်တော်မသိနားမလည်းသေတာတွေလည်း သူတို့ပြောပြမယ်။ သူတို့မှာ ရှိနေတာတွေကို ကျွန်တော်သိလာဖို့ အကြောင်းတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ စိတ်ဆိုတာ တစ်ခုတော့ လုပ်နေတတ်တဲ့ အတွက် ကျွန်တော်လည်း တစ်ခုတော့ လုပ်ကြည့်မယ်။


စကြည့်မိပြီး စကားပြောမိတာက ကျွန်တော့ အမြင်အာရုံကို ဖြစ်စေတဲ့ မီးချောင်းဖြစ်တယ်။

(၁)မီးချောင်းကအလင်းရယ်၊

(၂) မြင်စရာအရာဝတ္ထုရယ်၊

(၃) အလင်းကို အာရုံခံနိုင်တဲ့ ကျွန်တော့်မျက်စိရယ်၊

(၄) ကျွန်တော့်စိတ်ရယ် ပေါင်းမှ

မြင်တာဖြစ်တယ်လို့ဆိုတယ်။

ဒီမီးချောင်းလေးသာ အလင်းထွက်မနေရင် ကျွန်တော်မမြင်ဘူးပေါ့။

July 5, 2009

စင်ကာပူရောက် မြန်မာလူငယ်များအတွက် ကိုအေးငြိမ်း၏ "အနာဂါတ် တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း"

ကိုအေးငြိမ်း၏ စေတနာနှင့် အားထုတ်မှုကို ချီးကျုးဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ မြန်မာလူငယ်များ အလွယ်တကူ ဖတ်မိနိုင်စေရန် အတွက်လည်းကောင်း ကိုအေးငြိမ်း အားထုတ်ပြုစု တင်ပြထားသည့် "အနာဂါတ် တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း" ကို ဖော်ပြအပ်ပါသည်။
လိပ်စာမသိရှိသည့် အတွက် ခွင့်တောင်းခြင်း မပြုနိုင်သည်ကို နားလည်ပေးပါရန် ...

လေးစားခင်မင်မှုဖြင့်
စိုင်းခမ်းထွန်း

9470063 Build Your Future
သူငယ်ချင်း ဇော်ဇော်ထွန်း ပို့လိုက်သော Email ကို မျှဝေပါသည်။
မူရင်းဖိုင် ဒေါင်းလုတ်ရယူရန်
Get it from CNET Download.com!

July 2, 2009

H1N1 အကြောင်း တစေ့တစောင်း




တုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်တစ်ကောင်ကို အဏုကြည့် မှန်ဘီးလူဖြင့် ကြည့်မည်ဆိုပါက ပုံတွင် ပြထားသည့် အတိုင်း စက်လုံးပုံသဏ္ဍာန်ရှိပြီး မျက်နှာပြင်တွင် ဆူးများ၊ မှိုပွင့်သဏ္ဍာန် အရာများဖြင့် ပြည့်နေသော ဗိုင်းရပ်ပိုး တစ်မျိုးကို တွေ့ရမည် ဖြစ်သည်။



ယခု နာမည်ကြီး ၀က်တုပ်ကွေး (Swine Flu) ဟု နာမည်ကြီးခဲ့သည့် H1N1 တုပ်ကွေး အကြောင်း တင်ပြလိုပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဂရုတစိုက် အားထုတ်နေသည်။ အောင်မြင်နေပြီတော့ မဟုတ်ပေ။ ကျွန်ုပ်တို့ ဂရုတစိုက် သတိထားစောင့်ကြည့်ဖို့တော့ လိုပေသည်။


အမေရိကန်နိုင်ငံမှ စတင် သတိပြုသိရှိလိုက်သော ထိုတုပ်ကွေးရောဂါသည် ယခု ကမ္ဘာအနှံပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ကာကွယ်ဆေး တွေ့ပြီ ဟုတော့ ဆိုပါသည်။ ၀က်တုပ်ကွေးရောဂါမှ ကျွန်ုပ်တို့ လွတ်ကင်းသွားတော့မည်လား၊ H1N1 ဗိုင်းရပ် အန္တရာယ်မှ လွတ်မြောက် သွားတော့မည်လား။ ဘာတွေများ ဖြစ်လာလေမလဲ။ ၁၉၁၈ ခုနှစ်တွင် စပိန်တုပ်ကွေး (Spansih Flu) ကူးစက်ပျံ့နှံ့ခဲ့ဖူးသည်။ အမေရိကန်နိုင်ငံတွင် လူ ၂၁ သန်း သေဆုံးခဲ့သည်။ ယခုခေတ်တွင်တော့ မဖြစ်နိုင်တော့ပါ။ အကြောင်းအများကြီးထဲမှ အင်အားအကြီးဆုံးတစ်ခုမှာ သတင်းနှင့် နည်းပညာများ လျင်မြန်စွာ စီးဆင်းဖလှယ် နေကြသောကြောင့်ပင်ဖြစ်သည်။



H1N1 ဆိုသည်မှာ Hemagglutinin type (H1) နှင့် Neuraminidase type (N1) ကိုရည်ညွှန်းခြင်းဖြစ်သည်။ H အမျိုးအစား ၁၄ မျိုး နှင့် N အမျိုးအစား ၉ မျိုးရှိသည်။ တုပ်ကွေးဗိုင်းရပ်သည် ထို H နှင့် N သို့ ပုံစံမျိုးစုံဖြင့် ပေါင်းစပ် ကြရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ H နှင့် N တို့သည် ဗိုင်းရပ်ပိုး၏ အပြင်ဖက် အကာတွင် ရှိကြသော မော်လီကျူးများ ဖြစ်ကြပြီး ပဋိပစ္စည်းများ (Antibodies) များဖြင့် ထောက်လှမ်း သိရှိနိုင်သည်။ ဗိုင်းရပ်ကို မျိုးရိုးဗီဇ စစ်ဆေးဖြင်းအားဖြင့် တုပ်ကွေး ဗိုင်းရပ် အမျိုးအစားကို ဆုံးဖြတ်သိရှိနိုင်သည်။ တုပ်ကွေးဗိုင်ရပ် ပေါင်းစပ်ဖြစ်ပေါ်ခြင်း များစွာရှိသည်။ အချို့က ငှက်တွင်၊ အချို့က ၀က်တွင်၊ အချို့က လူတွင် စသဖြင့် ပေါင်းစပ်ဖြစ်ပေါ်ကြသည်။ တုပ်ကွေးပိုး ဖြစ်ပေါ်မှုသည် အလွန်လျှင်မြန်ပြီး၊ လွယ်ကူစွာ ပြန့်ပွားနိုင်ကြသည်။ ထို့ကြောင့် မကြာခဏဆိုသလို ၀က်များ၊ ငှက်များ၊ လူများ တုပ်ကွေး မိကြခြင်းဖြစ်သည်။ ထို မတူညီသော ဗီဇတို့မှ လည်း ထပ်မံပေါင်းစပ်ကာ တုပ်ကွေးဗိုင်းရပ် အသစ်များ ထွက်ပေါ်လာနိုင်သည်။ ထို့ကြောင့် နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေးများ တီထွင် ထုတ်လုပ် သုံးစွဲနေရခြင်း ဖြစ်ပေသည်။




တုပ်ကွေးဗိုင်းရပ်သည် ရာသီတိုင်းတွင် ဗီဇပြောင်းလဲပြီး တုပ်ကွေးဗိုင်းရပ် အသစ် ဖြစ်ပေါ်လာနိုင်သည်။ ထိုကြောင့် လူတို့သည် သိပ္ပံပညာဖြင့် လက်ဦးမှုရယူထားရန် လိုအပ်ပေသည်။


ဤတုပ်ကွေးရာသီသည်လည်း မုန်တိုင်းဝင်သည့် ရာသီလိုပင် ကျော်ဖြတ်လွန်မြောက်သွားမည်ဖြစ်သည်။ သို့သော် နောက် တစ်နှစ်တွင်းလည်း ကျွန်ုပ်တို့ ထပ်ကြုံရဦးမည် ဖြစ်သည့်အတွက် ကြိုတင် သတိထား ပြင်ဆင် ထားရန် လိုအပ်ပေသည်။


H1N1 ကဲ့သို့ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါကို သတိထားစောင့်ကြည့်ရန်လိုသည်။ ဤကမ္ဘာမြေကြီးတွင် နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်နေလိုသေးပါက တုပ်ကွေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေရမည် ဖြစ်သည်။ ကျန်းမာရေးသည် အရေးကြီးသည် မဟုတ်ပါလော။



ကမ္ဘာ့ဈေးအကြီးဆုံး ဂီတာ လက်ခတ်



ဥက္ကာခဲမှ ရရှိသည့် သတ္ထုဖြင့် ပြုလုပ်ထားသည့် ပုံပါ ဂီတာလက်ခတ်မှာ ကမ္ဘာဈေးအကြီးဆုံး ဂစ်တာလက်ခတ် ဖြစ်သည်။ အဖိုးတန် သတ္ထုများဖြင့် ဈေးကြီးသော ဂစ်တာလက်ခတ်များကို ထုတ်လုပ်သည့် စတားပစ် (Starpics) အမည်ရှိ သြစကြေးလျ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ တန်ဖိုးမှာ $4,674 ဖြစ်သည်။ ၁၈၃၆ ခုနှစ်က နမီဘီယာ (Namibia) နယ်အတွင်းသို့ ကျရောက်ခဲ့သော ဂျီဘီအွန် (Gibeon) ဥက္ကာခဲမှ ရရှိသော သတ္တုစဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဥက္ကာခဲကို သမိုင်းဝင်ကျောက်ပစ္စည်းအဖြစ် ပြတိုက်တွင် ပြသထားသည်ဟု ဆိုသည်။



ဂျီဘီအွန် (Gibeon) ဥက္ကာခဲ