August 16, 2009

ဆွေးနွေးခန်း (၂)

ဒီနေ့တော့ အခန်းထဲရှိတဲ့ ပန်ကာနဲ့ ထိုင်စကားပြောဖြစ်တယ်။ သူက အဖြူရောင် မတ်တပ်ပန်ကာတစ်ခု။ ပန်ကာရွက် ၅ ခုပါတယ်။ သုံးစွဲသူ အထိအခိုက်မရှိအောင် ဇကာနဲ့ ကာထားတယ်။


ဒီပန်ကာလေးက စုတ်နေပါပြီ။ အိမ်ရှင်ပေးထားတဲ့ပန်ကာ။ စဖွင့်ဖွင့်ချင်း လည်တာမဟုတ်ဘူး။ ဂျစ်ဂျစ် ...... ဂျစ်ဂျစ် ...... နဲ့ ထစ်နေတာ။ တစ်ပတ်ချင်း တစ်ပတ်ချင်း တဖြည်းဖြည်းလည်ပြီး နောက်မှ ပုံမှန် Speed ကိုရောက်တာ။ ညည အိုက်လို့များ ဖွင့်ချင်ရင် အိပ်နေတဲ့ သူငယ်ချင်းရှိရင် အားနာရတယ်။ ညဆို အသံက ကျယ်တော့ နှိုးကုန်တာပေါ့။
တံဆိပ်က Aerogaz ဂျပန်စာလုံးတွေ မြင်နေရတော့ ဂျပန်နိုင်ငံလုပ်လိုပဲ ယူဆပါတယ်။ ဂျပန်စာလုံးတွေမြင်မှ ဂျပန်က ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ် နှစ်ဦးကို သွားသတိရတယ်။ အဲ ကုမ္ပဏီ ၂ ခုဆို ပိုမှန်မယ်။ TOYOTA နဲ့ HONDA ။ တကယ်လေးစားစရာကောင်းတဲ့ ဂျပန်လူမျိုးတွေ။ ကမ္ဘာကို ယှဉ်ပြိုင်နိုင်သည် အထိ နည်းပညာအရရော စီးပွားရေး အရပါ ဂျပန်နိုင်ငံကို တိုးမြှင့်စေခဲ့သူတွေ။

စတစ်ကာမှာ 16" STAND FAN လို့တွေ့တယ်။ အ၀န်း ၁၆ လက်မရှိတဲ့ မတ်တပ်ပန်ကာပေါ့။ ရီမုဒ်ကွန်ထရိုးပါတယ်ဆိုပါလား။ ကျွန်တော်ဖြင့် ဒီလောက် စုတ်နေတဲ့ပန်ကာ တစ်ခါမှတောင် သတိထားမကြည့်မိခဲ့ဘူး။ ခုစာရေးမှ သွားဖတ်ကြည့်မိတာ။ ဓာတ်ပုံလည်း ခုတင်ရိုက်လိုက်တာလေ။ မော်ဒယ်နံပါတ်ပါတယ်။ ၂၃၀ ဗို့၊ ၅၀ ဟဇ်၊ ၆၀ ၀ပ်။ ဒါက ဒီပန်ကာလေးလိုအပ်တဲ့ Power Supply ပေါ့။ AC ပါဝါဆပ်ပလိုင်းအတွက်ဆို ပါဝါအီကွေးရှင်းက ...
P = VI cos θ
P ဆိုတာက Power (W)
V ဆိုတာက Voltage (V)
I ဆိုတာက electric current (A)
θ ဆိုတာက the phase angle between the voltage and the current (°)
cosθ ဆိုတာက Power Factor
သူ့တံဆိပ်က ဒီပုံပေါ့

စင်ကာပူရောက်တော့ဗျာ မမြင်ဘူးတဲ့၊ မရင်းနှီးတဲ့ လျှပ်စစ်ပစ္စည်းတွေ အများကြီးတွေ့သဗျာ။ VFD ဆိုတာတွေ၊
Capacitor Bank ဆိုတာတွေ၊ Switchgear ဆိုတာတွေ၊ ကျွန်တော်က Breaker တောင် ကောင်းကောင်း မြင်ခဲ့ဘူးတဲ့ကောင် မဟုတ်ဘူး။ Timer ဆိုတာ ဟိုတစ်နေ့က ရုံးမှာ worker တစ်ယောက်က လာလုပ်ခိုင်းလို့ လုပ်ပေးလိုက်ရသေးတယ်။ ဘယ်တုန်းကမှ မမြင်ဘူးတဲ့ Timer။ ခဏနေဦး ဆိုပြီး Website ထဲ ရှာဖတ်ပြီး လုပ်ပေးလိုက်တယ် အိုကေသွားတယ်။ ဘယ်ရမလဲ တောသားပဲဥစ္စာ။
VFD ဆိုတာတွေ၊ Switchgear ဆိုတာတွေ မြန်မာလူငယ်တွေ နည်းနည်း နားယဉ်ဖို့တော့ ပြောပြမှ ဖြစ်မယ်ထင်တယ်။ နောင်တစ်ချိန် ကျွန်တော်တို့ နိုင်ငံမှာလည်း မဖြစ်မနေ သုံးကြရမှာဗျ။ Timer တွေ၊ Fire Alarm System တွေ၊ PLC ကွန်ထရိုးတွေ၊ SCADA အကြောင်းတွေ၊ Vibration Monitoring System အကြောင်းတွေ၊ အရည် အငွေ့တွေကိုရဲ့ Flow တိုင်းတဲ့ Instrument တွေ အကြောင်း၊ Level တိုင်းတဲ့ Instrument တွေ အကြောင်း၊ ပြောရရင်တော့ အများကြီးပဲ။
အားလုံးကြီး ရှင်းမပြနိုင်တောင် ဗဟုသုတအဖြစ်တော့ ပြောပြသင့်တယ် ထင်ပါတယ်။ အဲဗျ ... ပန်ကာလေးနဲ့တောင် စကားပြောဖို့မေ့နေတယ်။
ဒီပန်ကာလေးက စကားမပြောတတ်ပါဘူး။ ကျွန်တော်လိုအပ်လို့ ခလုတ်နှိပ်လိုက်ရင် လည်လာပြီး လေမှုတ်ပေးတာပါပဲ။ ပန်ကာလေးအကြောင်းပြောနေရင်း .... ငယ်ငယ်က ၀ါးယပ်တောင်လေးတွေ သတိရသဗျာ။ ကျွန်တော့် အဖိုးယက်တတ်တာပေါ့။ သြော် အဖိုးဆုံးတာတောင် ၂ နှစ်ပြည့်တော့မှာပဲ။
တချိန်က ဒီကမ္ဘာပေါ်မှာ ရ၈ နှစ်ကျော်ကြာကြာ အသက်ရှင်နေထိုင်ခဲ့တာ ကျွန်တော့် အဖိုးပေါ့။ ဦးအိုက်ရွှေလို့ခေါ်တယ်။ လယ်လုပ်တယ်။ စာမတတ်ဘူး။ အဖိုးရဲ့ လယ်က အကျယ်ကြီးပဲ။ ငယ်ငယ်က အဖိုးလယ်ကို သွား၊ မြေပဲတွေကောက်လိုက်၊ မာလကာသီးတွေ စားလိုက်နဲ့။ ခုပြန်ပြီး လယ်တောရောက်ရင်တောင် အဖိုးကို တွေ့တော့မှာ မဟုတ်ဘူး။ ကျွန်တော် မွေးရပ်မြေကို ရောက်ခဲ့စဉ်က အဖိုးကို လိမ္မော်သီး ခွံကျွေးခဲ့တယ်။ အဲတာ နောက်ဆုံး ကျွေးခဲ့ရတာပဲ။ အဖိုးက လမ်းတောင် မလျှောက်နိုင်တော့ဘူးလေ။ တစ်ချိန်က လယ်တွေတည်ခဲ့၊ ပျိုးတွေကြဲ၊ စပါးတွေစိုက် သြော် ... အဖိုးတောင် ... သူ့မြေးလေး ဒီစာတွေ ရေးနေတယ်ဆိုတာ သိပါစ ....

3 comments:

မိုးမောင်(HappyCloud) said...

အင်း... စက်မှုနည်းပညာနဲ့ ပက်သက်တဲ့ ဗဟုသုတရစရာ ပိုစ့်လေးတွေလည်း မျှော်လင့်မိတယ် စိုင်းစိုင်း။ အမြည်းချည်းတော့ မလုပ်နဲ့ ပုလင်းလေးပါ ပါပစေ :D

မိုးမောင်(HappyCloud) said...

အင်း... စက်မှုနည်းပညာနဲ့ ပက်သက်တဲ့ ဗဟုသုတရစရာ ပိုစ့်လေးတွေလည်း မျှော်လင့်မိတယ် စိုင်းစိုင်း။ အမြည်းချည်းတော့ မလုပ်နဲ့ ပုလင်းလေးပါ ပါပစေ :D

Anonymous said...

နည်းပညာတိုးတက်နေတာတော့ မပြောပါနဲ့တော့ဗျာ ..ကျနော်တို့ဆီမှာလဲ အဲလောက်မညံ့ပါဘူးဗျ။ အဲဒီတိုင်မာတို့ ဘာတို့တောင် မလိုဘူး အချိန်တန်ရင် မီးကပျက်သွားတာ.. ကဲ ဘယ်လောက် အဆင့်မြင့်လဲ.. ဒါက အီးပီင်္စီရဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာဗျ.. အဲဒီတိုင်မာတွေ ဘာတွေ ဝယ်ရင် ပိုက်ဆံကုန်မယ်လေဗျာ ဒီတော့ စေတနာနဲ့ မီးပျက်ပေးတာပါ။ အဲ.. တခါတလေတော့ စေတနာတွေ ရေစီးကမ်းပြိုပြီး မီးကို လုံးဝမပေးတော့တာ...အေးရော...။ ဒါကလဲ ပြောမယ်ဆို စေတနာပဲ လူတွေ ဓာတ်လိုက်သေမှာစိုးလို့ရယ်၊ မီတာခတွေ အရမ်းကျနေမှာစိုးလို့ရယ်ကြောင့်ပါ။ ပြောသာပြောရတယ်ဗျ မီတာခ ကတော့ ပုံမှန်လာတယ် မီးသာမလာ..ဟိ