February 4, 2008

အဖေ ပြောပြတဲ့ အဖေ့ပုံပြင်

အပိုင်း (၁)

ကျွန်တော့ဖေဖေက ဦးကျော်ညွန့်ပါ။ အဖေ့ဘ၀က ကြမ်းတယ်။ အဖေပြောပြောပြလို့ အဖေ့အကြောင်းတွေ နားထောင်ခဲ့ရတာ ငယ်လေးကတည်းကပါပဲ။ အဖေတို့ မွေးချင်းမောင်နှမ ရ ယောက်ရှိတယ်။ ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၃ ယောက်။ အကြီးဆုံး ကျွန်တော့် ဘကြီး ဦးကံညွန့်၊ အလတ် ဘကြီးဦးအောင်ညွန့်၊ အကြီးဆုံးအစ်မ ကြီးကြီးဒေါ်တင်အေး၊ ကျွန်တော့်ဖေဖေ ဦးကျော်ညွန့်၊ ဘဒွေး ဦ .... (ကလေးဘ၀သေဆုံး) ၊အရီး ဒေါ်တင်နု၊ အရီး မတင်စိန် (အပျိုကြီး) တို့ပါပဲ။

အဖေရဲ့အဖေက ဦးထွန်းပွဲပါ။ အိုက်ပွဲ လို့ခေါ်ကြတယ်လို့ အဖေက ပြောတယ်။ အဘိုးကို ကျွန်တော် မမီဘူး။ ကျွန်တော်မွေးတော့ အဖိုးမရှိတော့ဘူး။ အဖေရဲ့အမေက ဒေါ်မြမေ ကျွန်တော်မြင်ဘူးလိုက်သေးတယ်။ ကျွန်တော် ၇ နှစ်အရွယ်လောက်မှာ အဘွားဆုံးတယ်။ အဘွား အသားဖြူဖြူ ခပ်၀၀ ရှမ်းအဘွားကြီး။ ကျွန်တော့် ဘဒွေး ခင်အောင်ရဲ့ မင်္ဂလာဆောင် ပွဲကို အသွား မူးလဲတယ်။ သွေးတိုးရှိတဲ့အဘွား အဲဒီနေ့မှာဘဲ ဆုံးတယ်။ နောက်မှ အဖေပြောပြလို့ သိရတာပါ။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော့် ဘကြီးရှိတဲ့ အင်းတော် မှာ ကျောင်းတက်နေတာပါ။ ဒုတိယတန်း ထင်ပါတယ်။

အဘွားသေတာနဲ့ ပတ်သက်လို့ အဖေပြောပြတာမှတ်မိသေးတယ်။ အဲဒီနေ့က အဘွားက အဖေ၀ယ်ပေးထားတဲ့ ထမီအသစ်ကလေးဝတ်လို့ ဘဒွေး ခင်အောင်တို့ မင်္ဂလာသွားတယ်။ မင်္ဂလာပွဲရောက်တော့ လက်ဖွဲ့ ပေးလို့အပြီး မင်္ဂလာ ထမင်းစားဖို့လုပ်တုန်း မူးလဲတာ။