March 11, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၃)

ကျွန်တော်နေသော ကျွန်တော်၏ ဘကြီးကံညွန့်အိမ်မှာ အောင်မေတ္တာရပ်ကွက်တွင်ရှိသည်။ မန္တလေး-မြစ်ကြီးနား မီးရထားသံလမ်းဘေးတွင်ရှိသည်။ ကိုက် ၂၀ လောက်သာဝေးမည်။ ဘူတာနှင့်လည်း သိပ်အလှမ်း မကွာလှပါ။ ရထားဥသြသံကြားမှပြေးသွားလျှင်ပင် ရထားမီသည်။ အင်းတော်မြို့သို့ရောက်စ ရထားဥသြဆွဲသံကြားလျှင် ရထားမျှော်ရသည်က အလုပ်တစ်ခု ဘယ်လို ရထားမျိုးလဲဆိုတာကို မြင်လို၍ ဖြစ်သည်။ အမြန်ရထား၊ စာပို့ရထား၊ ကုန်ရထား၊ သစ်လုံးရထား ထိုရထားများက ကျွန်တော် အင်းတော်ရောက်ကာစ မန္တလေး-မြစ်ကြီးနား ပြေဆွဲနေသည့် ရထားများ။


ကျွန်တော် အင်းတော်ရောက်တော့ မီးသွေးဖြင့်မောင်းရသည့် မီးသွေးခေါင်း (ရေးနွေးငွေ့အင်ဂျင်သုံးစက်ခေါင်း) များမရှိတော့ပါ။ ဒီဇယ်ရထားခေါင်းများဖြင့် ပြေးဆွဲနေပါပြီ။ ရထားတွဲများမှာ အဖြူကိုထည်အောက် အနက်စင်းများဖြစ်သည်။ စက်ခေါင်းကတော့ နီညိုရောင်ထင်သည်။ ယခုထိ (၂၀၀၈) ပြေဆွဲနေသေးသော စက်ခေါင်းများပင်။


မနက် မနက် ရထားတက်လာလျှင်ဖြစ်စေ၊ ဆင်းလာလျှင်ဖြစ်စေ ဥသြသံကြောင့်နိုးလာလေ့ရှိသည်။ မန္တလေးမှ မြစ်ကြီးနားခရီးသည် အတက်ဖြစ်သည်။ အဆန်ရထားဟုခေါ်သည်။ မြစ်ကြီးနားမှမန္တလေး ဆင်းလာသည့်ရထားကို အစုန်ရထားဟုခေါ်သည်။


ထိုစဉ်က မနက် မနက်တွင် အချိန်မှန်ပေါ်လာတတ်သည့် စာပို့ရထားကြီးကို မှတ်မိသည်။ စာတိုက်တွဲတွင် အနီရောင် ဆေးသုတ်ထားသည်။ ကျန်သည့်တွဲများက အဖြူနှင့်အနက်မို့ စာတိုက်တွဲကို သိသာထင်ရှားစေသည်။ စာပို့ရထား၏ သင်္ကေတလည်းဖြစ်သည်။


ရထားဘူတာသို့အ၀င်တွင် လမ်းခွဲပေးသောပွိုင့်မှာ ဘကြီးသို့အိမ်နှင့် သိပ်မဝေးပါ။ မီတာ ၁၀၀ လောက်သာရှိမည်။ ထို့ကြောင့် အလံနီပြလျှင် ရထားမ၀င်ရ။ အစိမ်းပြလျှင် ရထားဝင်ရသည်။ ဤလောက်ကိုတော့ ထိုစဉ်ကတည်းက သိရသည်။ ညဆိုလျှင် မီးစိမ်း၊ မီးနီပြသည်။


ထိုပွိုင့်မှ လမ်းလွှဲပေးလိုက်လျှင် လိုင်း ၁၊ လိုင်း ၂၊ လိုင်း ၃၊ လိုင်း ၄ အစရှိသဖြင့် လမ်းကွဲကာ ၀င်သွားသည်။ ကုန်ရထားများ၊ သစ်ရထားများ အတင် အချ ပြုလုပ်ရာတွင် ထိုလိုင်းခွဲများကို သုံးသည်။ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်ဖြင့် ရထားတွဲများကို စီသည်။ ထိုစဉ်က ကုန်ရထားများမှာ အတော်ကြီးကိုရှည်သည်။ တွဲ ၂၀ နီးနီးပင်ရှိမည်ဟု ထင်ပါသည်။ ကျောင်းအားသည့် နေများဆိုလျှင် ကျွန်တော် ကုန်ရထားတွဲစီသည်ကို တမေ့တမော ငေးကြည့်နေတတ်ခဲ့ပါသည်။


ကျွန်တော်ရောက်စက အင်းတော်ရထားလမ်းသည် မြင်ရသမျှ အတော်ကြီးကို သပ်ရပ်ပါသည်။ လမ်းဘေးချုံများမရှိပါ။ လမ်းဖြောင့်ပါက မိုင်အတော်ဝေးဝေးထိမြင်ရသည်။ နောက်ပိုင်း ကျွန်တော် တက္ကသိုလ်တက်သည့် အချိန်တွင်မှု လမ်းဘေးချုံမှ သစ်ခက်များက ရထားပြတင်းထဲထိုးဝင်နေသည်။ အဆိပ်ရှိပိုးမွှားမရှိသည့် အတွက် ကံကောင်းသည်။ ဆူးတော့ကြောက်ရသည်။ ရထားအရှိန်ဖြင့် ဆူးခြစ်ခံရပါက လွယ်မည် မဟုတ်ပါ။


ရထားသံလမ်းထဲတွင် မြက်ပင်များမတွေ့ရပါ။ သန့်ရှင်းသပ်ရပ်နေပါသည်။ ရထားလမ်းအောက်ခံ ဇလီဖားတုံးလေးများပေါ် ခြေလှမ်းကာ လှမ်းကာလျှောက်ရသည်က ပျော်စရာကောင်းသည်။ ငယ်စဉ်ကတော့ ဖားတုံးပေါ်မှ မကျအောင် လျှောက်ရသည်ကပင် အနုပညာ။ နောက်တော့ အဆင်ပြေလာသည်။ မြန်မြန်သွက်သွက်လျှောက်တတ်လာသည်။ သံလမ်းပေါ် မျဉ်းတစ်ဖြောင့်တည်းလျှောက်ရသည်ကလည်း စိတ်လှုပ်ရှားစရာကောင်းသည်။ ကျွန်တော်တူ ဖိုးနီနှင့်အတူ သံလမ်းပေါ် မကျတမ်းလမ်းလျှောက်ပြိုင်ရသည်ကို အမှတ်ရသည်။


ဖိုးနီသည် ကျွန့်တော့်ထက်အသက်ကြီးသည်။ သို့သော် ကျွန်တော်က ၀ါကြီးသည်။ သူက ကျွန်တော့ မမကြီး ခင်သိန်းကြည်၏သား ကျွန်တော့်နှင့်ဆို တူဝရီးတော်သည်။ ကျွန်တော်က ဦးလေး၊ သူက တူ။ ဖိုးနီက ကျွန်တော့်ထက် ၁ နှစ်ကြီးသည်။ ၁ တန်းကြီးသည်။ ကျောင်းမတူပါ။ သူက အင်းတော် အောင်မေတ္တာရပ်ကွက် မူလတန်းကျောင်းကလေးတွင် တက်သည်။ ကျွန်တော်က အင်းတော် အထက်တန်းကျောင်းတွင် တက်သည်။ သူ ၄ တန်း အောင်၍ ၅ တန်းရောက်လာမှ ကျွန်တော်နှင့် ကျောင်းတူသွားသည်။ စာအတော်ကျက်သူဖြစ်သည်။ သူစာကျက်၍ ကျွန်တော်လိုက်ကျက်သောကြောင့် စာတွေရတာလည်းပါမည်။ စာမေးပွဲဖြေပြီး အမှတ်ထွက်လာလျှင်တော့ ကျွန်တော်က ကောင်းသည်။ ဘာတွေဖြေခဲ့လိုက်မှန်း မမှတ်မိပါ။ ဖတ်ထားတာတွေ ထဲက ထင်တာဖြေခဲ့တာဖြစ်မည်။ ထိုအချိန်က စာကျက်သည်ကို မမှတ်မိပါ။ စာတော့ဖတ်သည်။ နေ့စဉ်လို ဖတ်ရသည့် အတွက် စာလုံးတွေရော၊ စာမျက်နှာတွေပါ အလွှတ်ရကုန်သည်။ မှတ်ဉာဏ်ကောင်းသူတော့ မဟုတ်ပါ။ စိတ်ရှုပ်စရာသိပ်မရှိ၍ ဖြစ်ပါမည်။


ရထားသံကို "ဂျုန်းဂျုန်းဂျပ်ဂျပ်" ဟု မှတ်ရဘူးသည်။ စိတ်ထဲလို ထိုသို့စွဲနေသည်။ အမှန်တော့ အသံအတော်စုံပါသည်။ ဒိန်းဒိန်းတပ်တပ် ဟုလည်းထင်မိသည်။ ဒုံးဒုံးဒတ်ဒတ် ဟုလည်းကြားမိသည်။ ရထားဥသြသံကိုလည်း ဘော်ဘူးဘော် ဟုကြားမိသလိုရှိသည်။ တခါတခါကျတော့ စိတ်ထဲရွတ်သည့်နာမည်ကို ကြားရသည်။ ဥပမာ "မင့်ကြီးတော်" ဟု ကျွန်တော် စိတ်ထဲလိုက်ဆို ကြည့်သည် အိုကေသည်။ "ဖိုးသူတော်" ဟု ကျွန်တော်လိုက်ဆိုသော အခါ၌ လည်း ဖိုးသူတော်ဖြစ်သွားသည်။ သင်ကြားလျှင်လည်းစမ်းကြည့်နိုင်ပါသည်။ "ဦးထော်" ဟု သင်စိတ်သွင်းလိုက်လျှင် ဦးထော် ဟု အော်နေသော ရထားကြီး တဂျူန်းဂျုန်း ပြေးဝင်လာသည်ကို တွေ့ရပါလိမ့်မည်။ ဘာဆိုဆို ရထားသံကိုတော့ ကျွန်တော်ချစ်ပါသည်။ ထူးအိမ်သင်၏ အမေ့အိမ် သီချင်းကို အဝေးရောက်ချိန် ခံစားရသောအခါ ပိုပီပြင်သည်။ ထိုရထားသံလေးများ ဥသြသံလေးများကို နှင်းတဝေေ၀ ကျနေတတ်သည့် ဒီဇင်ဘာနံနက်ခင်းတွင် အမြင်အာရုံထဲ တဖြည်းဖြည်းတိုးဝင်လာသလို စိတ်ထဲပြေးမြင်မိသည်။ ရေးရင်းပင် ကျွန်တော် လွမ်းလာသည်။ နှင်းတောထဲ တိုးလာသည့် ယိုင်နဲ့နဲ့ ရထားအိုကြီးများကို မွေးရပ်မြေအပြန်တွင် ကျွန်တော် အလွမ်းပြေ စီးကာ ပြန်ပါဦးမည်။

2 comments:

ကိုသားငယ် said...

ဗန်းမောက်မြို့ ကို ၉၇ လောက်ကသွားတုန်းက အင်းတော်ထိရထားစီးဘူးတယ်ဗျ ...

Saing Khan Tun said...

ကိုသားငယ် ... ဗန်းမောက် ဘာလာလုပ်တာလဲဗျ ... ရွှေလာရှတာလား