ကျွန်တော်ဒီနေ့ည Email ဖွင့်စစ်တော့
“လေးစားစွာဖိတ်ကြားအပ်ပါသည်” ဟူသော Email တစ်စောင်ကို Inbox ထဲတွင် တွေ့လိုက်ရသည်။ ထို့ကြောင့် ဘာဖိတ်စာများလဲ ဟူသော သိလိုစိတ်ဖြင့် ဖွင့်ဖတ်မိတော့သည်။
လူကြီးမင်းခင်ဗျာ …
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့ကြသော ရှေးဟောင်း ပျူနိုင်ငံမှ ပျူလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုပြပွဲကို တက်ရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေရာ။ ။ Kreta Ayer People’s Theatre, Singapore
ရက်စွဲ။ ။ ၁၂ နိုဝင်ဘာ ၂၀၁၁
အချိန်။ ။ ညနေ ၅ မှ ည ၁၀ နာရီထိ
စာကိုဖတ်ပြီး ကျွန်တော် ရှော့ဖြစ်သွားသည်။ ကျွန်တော်တို့ စာတွင် သင်ခဲ့ရသော ပျူ၊ သက်၊ ခမီ၊ ကမ်းယံ ဟူသော ရှေးဦး မြန်မာနိုင်ငံသားများဖြစ်သည့် ကျွန်တော်တို့ ဘိုးဘွားဘီဘင်များဖြစ်သည့် ပျူဆိုတဲ့ လူမျိုး ပျောက်သွားခဲ့ပြီဟု ကျွန်တော် ထင်ထားခဲ့သည်။ ယခု သူတို့က ဘယ်က ဘယ်လိုပေါ်လာပြီး၊ ယဉ်ကျေးမှုပြပွဲကြီးကို လုပ်မှာပါလိမ့်။ ဝမ်းလည်းသာသွားမိသည်။ ကျွန်တော်တို့ ပြည်ထောင်စုဖွား .... လုံးဝပြန်တွေ့ရတော့ မည်မဟုတ်ဟု ထင်ထားသူများကို ပြန်တွေ့ရတော့မည်ကိုး။
ကျွန်တော်တို့ နေထိုင်ရာ ပြည်မြန်မာ၌ သူတို့သည် တစ်ချိန်က ဤမြေပေါ်နေ၊ ဧရာဝတီမြစ်ရေကို သောက်ခဲ့ကြသည်။ သည်တော သည်တောင် တလျောက် လက်ပမ်းပေါင်းခတ်လျက် ပြေးကြ၊လွှာကြ၊ကစားကြရင်း၊ စမ်းချောင်းလေးဘေးမှာ လက်ဖြစ် ပုလွှေတို တစ်လက်ဖြင့် နွားကျောင်းရင်း တေးဆိုနေခဲ့ကြမည်။ ကောက်ဦးပေါ်စ၌ အဆွေတွေ၊ အမျိုးတွေ တစ်သိုက် ဗုံတတုံတုံခေါက်ရင်း မီးပုံကြီးဘေးပတ်လည် ပျော်ပျော်ကြီး ကခုန်ခဲ့ကြဖူးပေမည်။
သူတို့သည် ယခု …..
ပြည်ထောင်စုသား သူတို့သည် ယခု ….
ကျွန်တော်တို့၏ ညီနောင်ဘွား သူတို့သည် ယခု ……
ဖြတ်ကနဲ အိပ်မက်မှ ကျွန်တော်လန့်နိုးလာသည်။ ကျွန်တော့ ကွန်ပျူတာက ဖွင့်လျက် စကရင် Saver တက်နေသည်။ တင်ထားသည့် ရှမ်းပြည်မှ တောတောင် သဘာဝ ရှုခင်းများက လွမ်းမောဖွယ် တစ်ခုခြင်း ပြောင်းလဲနေဆဲ။ ရှားရှားပါးပါးရိုက်ယူလာခဲ့သော ချယ်ရီပင်ပါ ရှမ်းပြည်အလွမ်းပြေ ဓာတ်ပုံတို့တို့ကလည်း ပြန်လာဖို့ ဖိတ်ခေါ်နေသလို။ ဆောင်းနှင်းအေးအေးမှာ … ကျွန်တော်လွမ်းနေသော ရွာကလေးသို့ … ဘယ်အချိန် ကျွန်တော် ပြန်ရောက်နိုင်မည် မသိပါ။
ထို့သို့အလွမ်းစိတ်များဖြင့် တွေးတေားရင်း ......
ပျူလူမျိုးများ၏ ယဉ်ကျေးမှုပြပွဲ ......
သူတို့တွေ ဘယ်မှာလဲ။ ပျူဆိုတာ ဘယ်သူတွေလဲ။ မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလား။ သူတို့အတွက် ကျွန်တော်တို့ ဝမ်းမနည်းပေးနေကြတာကတော့ မှန်သည်။ သူတို့တတွေ ဤမြေဤရေ၌ ရှင်သန်လှုပ်ရှားသွားလာခဲ့ဖူးကြသော ရှေးဦးနိုင်ငံသားများ၊ သူတို့နှင့် ကျွန်တော်တို့သည် ဘယ်လိုမှ သွေးမတော် သားမစပ်ပါဟု ပြော၍မရ။ သူတို့သည် ကျွန်တော်တို့၏ အဘီအဘင်များ ဖြစ်နိုင်သည်။ သူတို့သည့် ကျွန်တော်တို့ ဘိုးဘွားများကို နို့ချိုတိုက်ကျွေး ခဲ့သော ကျွန်တော်တို့၏ သွေးရင်းသားရင်းများ ဖြစ်နိုင်သည်။ ကျွန်တော်တို့ သူတို့ခြေရာ လက်ရာလေးများကို ပြတိုက်တွင် မြင်ရရုံမျှ ရှိတော့သည်။ သို့သော် ပဟေဠိများသာ … ဘယ်သူမှ ပြန်မပြောနိုင်တော့သော ပုံပြင်များ အဖြစ်သို့ ပြောင်းလဲရောက်ရှိသွားခဲ့ ကြပြီဖြစ်သည်။
ကျွန်တော်တို့ ငယ်ငယ်က ဒိုးပတ်သံ တညံညံဖြစ်ခဲ့ဖူးသော ဘုရားပွဲများသည်၊ ယခု စီဒီတစ်ချပ်ကို ဖွင့်ပြီး၊ ကာရာအိုကေ၊ စီဒီ အိုကေတို့ဖြင့် ပြောင်းလဲ လှည့်လည်လာကြသည်။ ယိမ်းအကဖြင့် သင်္ကြန်ဒိုး တို့သည်၊ ဟစ်ဟော့၊ အော်တာတို့ဖြင့် ပုံစံပြောင်းလာသည်၊ ရေကစားမဏ္ဍပ်တွင် ဟဲဗီးမက်တယ်ဖြင့် သင်္ကြန်သီချင်းမဆိုဘဲ ပုံစံတစ်မျိုးဖြင့် ဟဲလာကြသည်။ အဟောင်းတို့သည် ချုပ်ငြိမ်းကုန်၍ အသစ်တို့သည် အစားထိုး ဝင်ရောက်လာမြဲ ဖြစ်သည်။
မြန်မာ့ဇာတ်သဘင်သည် စတိတ်ရှိုးဟုခေါ်သော ခေတ်ပေါ်ဂီတဖြင့်သာ အသက်မွေးလာရသည့် အဆင့်သို့ အသွင်ပြောင်းလာသည်။ နှစ်ပါးသွား နှင့် နောက်ပိုင်းဆိုသည်တို့ကို ကြည့်ကြသူပင် မရှိသလောက် ဖြစ်သွားခဲ့ပြီ။ မြန်မာ့ဇာတ်သဘင်သည် မကြာမီ နေဝင်ချိန်ရောက်တော့မည့် သဘောပင်။
ဒါတွေ နှင့်ဆက်စပ်ပြီး လွန်ခဲ့သည့် အပါတ်က လမ်းလျှောက်ထွက်ရ င်း မြင်ခဲ့သည့် တရုတ်တို့၏ ရိုးရာ ထိန်းသိမ်းမှုကို အမှတ်ရမိသည်။ စင်ကာပူလို တိုးတက်ပြီးနိုင်ငံ၌ ရှေးရိုးရာမပျက် မဏ္ဍပ်ကြီးတွေဆောက်ပြီး ကျားကန်ထိန်းသိမ်းနေသည့် တရုတ်ရိုးရာယဉ်ကျေးမှု ကပွဲများ ကိုတွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် တရုတ်တို့ လူမျိုးကြီးအဖြစ် ကမ္ဘာ့အလည် ရပ်တည်နေနိုင်ခြင်း ဖြစ်ကောင်း ဖြစ်ပေမည်။ သူတို့သည့် ရှေးရိုးစဉ်လာကို ထိန်းကြ၊ သိမ်းကြ ပေသည်ကိုး။
ပျူတို့ အဘယ့်ကြောင့် ပျောက်ပျက်ခဲ့ရပါသနည်း။ သူတို့ ဘာဖြစ်သွားခဲ့ကြသနည်း။ အမှန်တော့ ကျွန်တော်တို့ ဘိုးဘွားများဖြစ်သော ပျူလူမျိုးတို့သည် ဘာဖြစ်သွားခဲ့ကြလေသနည်း။ ဘယ်သူမှ သေရွာမှ ပြန်လာပြီး ပြောမပြနိုင်ကြတော့ပါ။ လွန်ခဲ့၊ ပြီးခဲ့လေပြီတည့်။
ယခုလက်ရှိကာလ၌ ကျန်ရှိနေသေးသော ယဉ်ကျေးမှုနှင့် ကျွန်တော်တို့ ချစ်သော ပြည်ထောင်စုအတွင်းရှိ တကယ့် အမွေအနှစ်များ၊ တိမ်ကောပပျောက်သွားသည်ထိ ကျွန်တော်တို့ ပစ်ထားကြလေမည်လား။ ကိုယ့်လူမျိုး မဟုတ် ကိုယ်နှင့် မဆိုင်ဆိုပြီး ထားလိုက်ကြတော့မည်လား။ စဉ်းစားကြဖို့ ကောင်းသည်။ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံသည်။ ရိုးရာယဉ်ကျေးမှုတို့ဖြင့် ကမ္ဘာကိုဆွဲဆောင်သည်။ ရိုးရာယဉ်ကျေးမှုတို့ဖြင့် ကမ္ဘာကို ထိုးဖောက်သည်။ သယံဇာတကို မထိပါးဘဲ အကျိုးအမြတ်များစွာရသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ခဲ့ကြသည်။ ထိုင်းကို ကမ္ဘာက သိစေခဲ့သည်။
ကျွန်တော်တို့ ပြည်ထောင်စုတွင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိသည်ဟု ဆိုကြပါသည်။ တိုင်းရင်းသားတစ်မျိုးစီ၏ ယဉ်ကျေးမှုဖြင့် ကမ္ဘာကြီးကို ကျွန်တော်တို့ မဆွဲဆောင်နိုင်အံ့လော။ ကပ္ပလီလူမျိုးတို့သည်ပင် သူတို့၏ ကပ္ပလီဖြစ်ခြင်း နှင့် ကပ္ပလီယဉ်ကျေးမှုတို့ဖြင့် ကမ္ဘာကို သိစေနိုင်ခဲ့လျှင် ကျွန်တော်တို့ရော ကျွန်တော်တို့ ပြည်ထောင်စု၏ ကိုယ်ပိုင်အလှများဖြင့် ကမ္ဘာကို မဆွဲဆောင်နိုင်အံ့လော။ ရိုးရာယဉ်ကျေးမှု တို့ဖြင့် မဖမ်းစားနိုင်အံ့လော။ အလည်အပတ်လာရန် မခေါ်ဆောင်နိုင်အံ့လော။
အမွေ အနှစ်တို့မည်သည် ဟောင်းလေလေ၊ တန်ဖိုးတိုးလေလေပင်ဖြစ်သည်။ ထိုအမွေအနှစ်တို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းကြဖို့ ကျွန်တော်တို့ အားလုံးတွင့် တာဝန်ကိုယ်စီရှိကြပါသည်။ ကျွန်တော်တို့ ပြည်ထောင်စုသားများ ဝိုင်းဝန်းဖေမကူညီကြမှ ပြည်ထောင်စု၏ ရိုးရာအမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲနေမည်ဖြစ်သည်။
နာဂ တို့ကို ဘောင်ဘီရှည်ဝတ်၊ နက်ကတိုင်စည်း ပေးပြီး နာဂ လုပ်ခိုင်၍ ကမ္ဘာကို မပြကောင်းသကဲ့သို့၊ ရိုးရာသင်္ကြန်တွင် Sexy Dance ကပြီး ကမ္ဘာကို ဆွဲဆောင်၍လည်း မတတ်ကောင်းပေ။ သင်္ကြန်ကို အားပေးသလို ကရင်ဒုံယိမ်းကို အားပေးရမည်၊ ကချင်မနှောကို ပစ်ထားလို့ မဖြစ်၊ ရှမ်းအိုးစည်ကို အသံမမြည်အောင် ထားလိုက်လို့ မဖြစ်။ လူမျိုးအသီးသီး၏ ယဉ်ကျေးမှုအပေါင်းဖြင့် ခညောင်းနေသင့်သော ကျွန်တော်တို့ ပြည်ထောင်စုသည် ကျွန်တော်တို့၏ မထိန်းသိမ်း၊ မစောင့်ရှောက်မှုကြောင့် လက်ဆင့်ကမ်းလာခဲ့သော ရိုးရာအမွေ အနှစ်များ ပျောက်ပျက်သွားခဲ့သော်။ ကျွန်တော်တို့၏ အတ္တများကြောင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို တိမ်ကောပပျောက်စေခဲ့သော် ... အဘယ်မျှဝမ်းနည်းဖို့ ကောင်းဘိသနည်း။
ရေးရင်းပင် ဆရာဇော်ဂျီ၏ “သင်သေသွားသော်” ကဗျာကို အမှတ်ရမိသည်။
သင်သေသွားသော်
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
ဇော်ဂျီ
ကဗျာကို ဖတ်ရင်း ကြည်းနှုးစိတ် နှင့်အတူ ကျွန်တော်တို့ တာဝန်ကို ကျွန်တော်မြင်လာသည်။ ဒိုးပတ်သံ အပျောက်ခံ၍မဖြစ်သလို၊ ဦးရွှေရိုး နှင့် ဒေါ်မိုးလည်း ရှိရမည်။ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲကြီး နှစ်စဉ် ကျင်းပသလို၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲသည်လည်း သင်္ကြန်ယိမ်းဖြင့် နှစ်စဉ် တင့်တယ် သင့်သေးသည်။ ကချင် မနှောတိုင်ကြီးကို ဓာတ်ပုံ တစ်ဖြတ်ဖြတ် လာရိုက်နေကြသည့် နိုင်ငံတကာ ဧည့်သည်များကို ကျွန်တော်တို့ ဖိတ်ခေါ်နိုင်ရမည်။ ဝါးညှပ်အကကို အတူတူဝင်က ကြမည့် ဧည့်သည်များကို ဖိတ်ခေါ်ကြမည်။ ရှမ်းဓားသိုင်းကို ကမ္ဘာ့ဧည်သည်များရှေ့တွင် ဝင့်ကြွားစွာ ဖော်ပြနိုင်ရမည်။ ကျွဲချိုမှုတ်ပြီး နွှဲကြသည့် ခွာဒို ပွဲကိုလည်း အရောက်လာကြဖို့ ဖိတ်ခေါ်ကြမည်။ ပျောက်လုလု ရိုးရာများကိုလည်း အားပေးဖေါ်ထုတ်ကြရင်း ဖေးမတွဲခေါ်ကြမည်။ ကျွန်တော်တို့ ချစ်သော ပြည်ထောင်စုတွင်း၌ ပြည်ထောင်စုသားတိုင်း၏ ရိုးရာယဉ်ကျေးမှုကို အတတ်နိုင်ဆုံး ကျွန်တော်တို့ ထိန်းသိမ်းထားကြမည်။
Email ထဲ တကယ်ဝင်ရောက်နေသော ဖိတ်ကြားစာကို ကျွန်တော်ဖတ်မိပြီ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ နေ့တွင် ကျင်းပမည့် “သျှမ်းနှစ်သစ်ကူးပွဲတော် ဖိတ်ကြားစာ”
ကျင်းပမည့်နေရာက
တစ်နှစ်မှ တစ်ခါ ပြုကြသော ရိုးရာယဉ်ကျေးမှုဖော်ထုတ်ပွဲများကို ကျွန်တော်တို့ လက်ဆင့်ကမ်းသယ်ဆောင် ကြရမည်။ တတ်နိုင်သလောက် အားပေးရမည်။ တစ်နှစ်မှ တစ်ခါကျင်းပသော အဖိုးမဖြတ်နိုင်သည့် ရိုးရာယဉ်ကျေးမှု လက်ဆင့်ကမ်းပွဲအတွက် အချိန် အနည်းငယ်လေးပေးဖို့ သာလိုသည်။ ရိုးရာအမွေ ထိန်းသိမ်းရေးအတွက် လိုအပ်သော ရံပုံငွေသည် ကျွန်တော်တို့ နောင်တစ်ချိန် ပြန်လည်ရရှိမည့် သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်တို့နှင့် နှိုင်းစာသော် တစ်ကျပ်ရင်းပြီး တစ်သိန်းရသလိုပင်ဖြစ်သည်။ "တစ်မူးရလို့ တစ်ပဲလှူ ဒို့သျှမ်းတောင်သူ တူနိုင်ရိုးလား" ဟု မြန်မာ ဆန်ဆန် ကျွေးကြော်ကြသော ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းပွဲသို့ ကျွန်တော်ရောက်ဖြစ်မည်ဖြစ်သည်။ ကျွန်တော်ပေးလိုက်သော ရံပုံငွေသည် ဒီနှစ်အစောပိုင်းက ဖြစ်ခဲ့သော တာလေငလျင် ဒဏ်ခံရသည့် ဒုက္ခသည်များ ဆီသို့ လည်းကောင်း၊ ယိုယွင်းပျက်စီးလျှက် ရှိနေသော ရှေးလက်ရာ ဘုန်းတော်ကြီးကျောင်းများ ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ စာသင်အရွယ် ကလေးငယ်များအတွက် စာအုပ်ခဲတံများထောက်ပံ့ရေးအတွက်လည်းကောင်း ဖြစ်ခဲ့သည်ကို ကြည်းနှုးစိတ်ယိုဖိတ်မိရင်း ....
စာဖတ်သူ အဆွေသည်လည်း ကုသိုလ်သဒ္ဓါပွားများနိုင်ရန်အတွက် ဓာတ်ပုံ အချို့ကိုလည်း အမှတ်တရ ဖော်ပြလိုက်ပါသည်။

တာလေငလျင်ဘေး အလှူ
တာလေငလျင်ကြောင့် ပျက်စီးခဲ့ရသော ဘုန်းတော်ကြီးကျောင်း

တာလေငလျင်ကြောင့် ပျက်စီးခဲ့ရသော စေတီ

တာလေငလျင်ကြောင့်ပျက်စီးခဲ့ရသော အဆောက်အဦးများ
ကလေးငယ်များအတွက် စာရေးကိရိယာအလှူ
ယဉ်ကျေးလိမ္မာသော ရင်သွေးငယ်များ
ပြည်ထောင်စုတာဝန်ကို လက်ဆင့်ကမ်းသယ်ယူကြမည့် မျိုးဆက်သစ် ကလေးငယ်များ
ပျိုးထောင်နေရဆဲ ဖြစ်သည့် ပြည်ထောင်စု၏ ရင်သွေးငယ်များ
ချို့ချို့တဲ့တဲ့ ပညာရှာရဆဲ ဖြစ်သော မျိုးဆက်များ