September 9, 2010

ရေလိုနေသော ပျိုးပင်များ

သံဃာတော်အရှင်မြတ်တို့၏ ကျေးဇူးတော်များစွာ အနက်မှ ဗုဒ္ဓ၏ တရားတော်များကို နှစ်ပေါင်း ၂၅၀၀ ကျော်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာပေးသည့် ကျေးဇူးတစ်ခုတည်း ဖြင့်ပင် ရှိခိုးထိုက်သည်ဟု ကျွန်တော် ယုံကြည်မိသည်။ ထိုသံဃာတော် အရှင်သူမြတ်များထဲမှ သံဃာတော်တစ်ပါးဖြစ်သည့် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရေးသားတော် မူခဲ့သော ဒါန နှင့် သီလ အကြောင်းမှ စာသားအချို့ကို ဖော်ပြလိုသည်။

"လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသော အလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။ ဒါနအလုပ်နှင့် သီလအလုပ် ၂ မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။"
 ဟု ဆိုထားပါသည်။

ယခုကျွန်တော်တို့ လှူဖြစ်သည့် ဒါနလေးသည် ကျွန်တော်တို့အတွက် ကုသိုလ်ကြီးကြီးမားမား ရခြင်း၊ မရခြင်းကို ကျွန်တော်တို့ အလေးမထားပါ။ သို့သော် ကျွန်တော်တို့ လှူသော အလှူလေးသည် ညောင့်စေ့လေးပင် ဖြစ်သော်လည်း အလှူပစ္စည်းရရှိသူတို့သည် တစ်နေ့ ညောင်ပင်ကြီး ဖြစ်လာကြ စေလိုသည်။ ဖြစ်လည်း ဖြစ်လာကြပါမည်။ ဖြစ်လည်း ဖြစ်လာနေကြပြီ။ သူတို့တစ်နေ့ ထိုနေရာ ထိုဒေသကို။ သူတို့မိဘကို သူတို့ ညီ၊ ညီမလေးတွေကို၊ သားတွေ သမီးတွေကို၊ တဆင့်မြင့်အောင် ထမ်းတင်ပေးနိုင် လမ်းပြပေးနိုင်သည့် သူများ ဖြစ်လာကြစေလိုသည်။ ဖြစ်လာမည်ဟုလည်း ယုံကြည်ပါသည်။

ယခုတစ်ခေါက် မြန်မာပြည် ပြန်ခါနီး ရွာမှ မူလတန်းကျောင်းကလေးများကို မျက်စိထဲ မြင်မိသည်။ ဆင်းရဲချို့တဲ့စွာ ပညာသင်နေရရှာသော ဥမမယ်၊ စာမမြောက်သေးသည့် ကလေးငယ်များစွာ။ မိဘများကလည်း ဆင်းရဲလွန်းပါသည်။ စာအုပ်ဖိုး၊ ခဲတံဖိုးကို တကယ့်ကို အနိုင်နိုင် ဖျစ်ညှစ်ပေးနေကြရသည့် မိဘများ။

ထို့ကြောင့် မြန်မာပြည် မပြန်မီ သူငယ်ချင်းများထံမှ မူလတန်းကျောင်းကလေးများကို စာအုပ်၊ ခဲတံလှူမည် ဆန္ဒရှိလျှင် လှူပါဦး ဟု အလှူခံခဲ့သည့် ရင်းနှီးသည့် သူငယ်ချင်း အနည်းငယ်ထံမှ သာဖြစ်သည် များများတော့ အလှူမခံဖြစ်ခဲ့ပါ။
အချိန်မရသည့် အတွက် ကိုယ်တိုင်ကိုယ်ကျ မလှူနိုင်ခဲ့။ တပည့်ဟောင်းများက သွားလှူပေးကြသည်။ သူတို့သည် တစ်ချိန်က ပျိုးပင်၊ ယခုရေလောင်းသည့် လက်များ ဖြစ်လာကြသည်။ တစ်ချို့ ဆရာမလေးများမှာ ကျွန်တော့် တပည့်ဟောင်းလေးများဖြစ်သည်။ သူတို့သည် ပန်းပျိုးနေကြလေပြီ။




June 24, 2010

သမီးလေးအတွက်

ချစ်တဲ့ သမီးလေး ...
ဒီနေ့ ဒီစာဟာ သမီးလေးအတွက် ဖေဖေ ပထမဆုံးရေးတဲ့စာပေါ့။ 
မနေ့က သမီးမေမေ ဆေးရုံရောက်နေတယ်ကြားတော့ ဖေဖေ စိတ်ပူရတယ်။ မသဲကွဲသေးတဲ့ သမီးလေး အတွက်ရော။ သမီးမေမေ အတွက်ရောပေါ့။ ပြီးတော့ သမီးဖွားဖွားကပြောတယ်။ သမီးလေးက အချင်းလည်ပင်းပတ်နေလို့ဆိုလား ဗိုက်ခွဲမွေးရမယ် ပြောတော့ စိတ်ပိုပူတာပေါ့။ ဖေဖေ စိတ်ကို တိုသေးတာ သမီးလေးရ။ ဒီလောက်ကျန်းမာရေးကောင်းနေတဲ့ သမီးမေမေကို ခွဲမယ်၊ စိပ်မယ်ပြောတော့။ စိတ်လည်းပူ၊ စိတ်လည်းတိုပေါ့။
မခွဲရဘူး။ သဘောမတူဘူး ဆိုပြီး အဖေ ဖုန်းဆက်ပြီးပြောသေးတာ။ သမီးမေမေက မြန်မာပြည်မှာလေ။ တော်သေးတာပေါ့ ဖုန်းအဆက်အသွယ်လွယ်တဲ့ နေရာဖြစ်နေလို့။ သမီးဖွားဖွား နဲ့ ဖိုးဖိုး ဆို သမီးမေမေကို ခွဲမွေးရမယ် ပြောကတည်းက ထမင်းကို မစားနိုင်ကြရှာဘူး။ သမီးမေမေရဲ့ သူငယ်ချင်း သမီးဒေါ်လေး နွယ်နွယ်စိုး က ပြောပြလို့ သိရတာ။ သမီးဒေါ်လေးက ဖေဖေနဲ့ မေမေ မင်္ဂလာဆောင်တုန်းက မလာနိုင်ခဲ့လို့ ခု သမီးမေမေ သမီးကို မွေးတော့မယ်ဆိုတော့ ကူညီရအောင် တမင်လာတာ။ သမီးလေးရေ .... ဒီလို သူငယ်ချင်းမျိုးဆိုတာ တွေ့ရခဲတယ် သမီးလေး။ နောင် သမီးလေး စာဖတ်တတ်လာတော့။ ဒါတွေ ဖတ်ရတော့ သမီးလေးကို ကျေးဇူးရှိဖူးသူတွေ သမီးလေး သိရတာပေါ့။ 
ဖေဖေလေ သမီးမေမေကို ဆရာဝန်တွေက ဗိုက်ခွဲမွေးမယ်ကြားတော့ စိတ်လည်းတို၊ စိတ်လည်းပူနေတော့ တစ်ယောက်ယောက်ကို ပြောပြချင်လာတယ်။ ဒါနဲ့ သမီးရဲ့ ဒေါ်လေးနှင်းဖြူးစင် ကို ပြောပြဖြစ်တယ်။ အဖေ စိတ်ပူတာတွေ။ စိတ်ဆိုးတာတွေ။ မဖြစ်စေချင်တာတွေ။ စိုးရိမ်တာတွေပေါ့။ သမီးလေး ကံကောင်းတယ် သမီးဒေါ်လေးနှင်းဖြူစင်ရဲ့ အစ်မ ဒေါက်တာခိုင်ရွှေဝါက သမီးမေမေတက်နေတဲ့ ဆေးရုံမှာပဲ တာဝန်ကျနေတယ်လေ။ သမီးဒေါ်လေးက ချက်ချင်းပဲ အကူအညီပေးနိုင်အောင် ဖုန်းဆက်ပြီး ပြောပေးရှာတယ် သမီးရေ။ အဲတာ စိတ်ပူနေတဲ့ ဖေဖေ့စိတ်ကို တစ်ဝက်တော့ အေးသွားစေတာပေါ့။
သမီးမေမေ ကျက်ခိုင်းထားတဲ့ အင်္ဂုလိမာလသုတ်ကလည်း အစပဲ ရပြီး အဆုံးထိမရလို့ စာအုပ်ကြည့်ပြီး ရွတ်ရသေးတယ် သမီးလေးရေ။ သမီးရော၊ သမီးမေမေရော ကျန်းကျန်းမာမာ နဲ့ မွေးဖွားပြီးသွားစေချင်တာကိုး။ ညအိပ်ရာဝင်ခါနီးလည်း ပုတီးတွေစိတ်ပြီး ဆုတောင်းရတာပေါ့။ ဖေဖေ နှလုံးသွင်းတတ်တဲ့ ဂုဏ်တော်ကိုးပါး ပါပဲ သမီးလေးရယ်။ 
သမီးဘဝမှာ အရေးပါလာမယ့်၊ လမ်းပြဖြစ်လာမယ့်၊ အားကိုးရာ ဖြစ်လာမယ့် ဂုဏ်တော် ၉ ပါးအကြောင်းကို အကျဉ်းပဲ ရေးထားဦးမယ် သမီးရေ။ သမီးလေး စာဖတ်တတ်စမှာ အနည်းအကျဉ်းလောက်ပဲ ဖြစ်ဖြစ်၊ ကြက်တူရွေး နှုတ်တက်ရသလိုပဲ ဆိုဆို ရနေရင် နောက်ဖေဖေ ရှင်းပြတော့ အထောက်အကူလေး ရကောင်းပါရဲ့ကွယ်။ သမီးလေးရေ ဖေဖေ ပြောတဲ့ ဂုဏ်တော် ၉ ပါးဆိုတာ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေပါ။
သမီးလေး ဉာဏ်မမီသေးရင်လည်း နောက်တော့ ဖေဖေ ဖြည်းဖြည်းရှင်းပြမှာပေါ့ကွယ်။ သမီးလေး စာကျက်တတ်တဲ့ခါ ကျက်ထားချင်ကျက်ထားပေါ့။ ဖေဖေတော့ မဟာတန်းပြီးမှ ဒီစာရတာ။ ဒီအဓိပ္ပာယ်နားလည်းတာ။ ကိုးကွယ်ရကောင်းမှန်း၊ ကြည်ညိုရကောင်းမှန်း သိတာ။ မိရိုးဖလာ ဗုဒ္ဓဘာသာနဲ့ တကယ့် ဗုဒ္ဓဘာသာကို ခွဲခြားမြင်နိုင်ဖို့ လမ်းပေါ်ရောက်ခဲ့တာပေါ့။ သမီးလေး မှတ်ထားစေချင်၊ သိစေချင်တဲ့ ဂုဏ်တော် (၉) ပါးကို ရေးထားလိုက်တယ် သမီးလေးရေ။ သမီးလေး ရနေတော့ နောက်လာမယ့် သမီးရဲ့ မောင်လေး သော်လည်းကောင်း၊ ညီမလေး ကို သော်လည်းကောင်း သမီးလေး သင်ပေးနိုင်တာပေါ့ကွယ်။ သမီးတို့ မောင်နှမ တစ်တွေ ဒီဂုဏ်တော်ကို ချိုချိုမြမြ ဆိုနေကြတာ ဖေဖေ နဲ့ မေမေ ကြားချင်စမ်းပါဘိ။ 

ဂုဏ်တော် (၉) ပါး
"အရဟံ၊သမ္မာသမ္ဗုဒ္ဒေါ၊
ဝိဇ္ဇာစရဏ သမ္ပန္နော၊
သုဂတော၊
လောက၀ိဒူ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
သတ္တာဒေ၀ မနုသ၁ာနံ၊
ဗုဒ္ဓှေါ၊
ဘဂ၀ါ။"
  • အရဟံ-ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
  • သမ္မာသမ္ဗုဒ္ဒေါ-သိစရာဟူသမျှကို မိမိအလိုလို ထိုးထွင်သိမြင်တော်မူသော မြတ်စွာဘုရား။
  • ၀ိဇ္ဇာစရဏ သမ္ပန္နော-အသိဉာဏ်ရော အကျင့်ပါပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား။
  • သုဂတော-ကောင်း၍အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။
  • လောက၀ိဒူ-သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောက ဟူသော လောက ၃ ပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
  • အနုတ္တရော ပုရိသ ဒမ္မသာရထိ-ဆုံးမထိုက်သော သတ္တ၀ါတို့ကို ယဉ်ကျေးစိမ့် ငှာ ဆုံးမရာ၍ အတုမရှိ စွမ်းဆောင်နိုင်သော၊ စွမ်းဆောင်သော မြတ်စွာဘုရား။
  • သတ္ထာဒေ၀ မနုသ၁ာနံ-လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါတို့၏ ဆည်းကပ်ထိုက်သူဆရာတစ်ဆူလည်း ဖြစ်သော မြတ်စွာဘုရား။
  • ဗုဒ္ဓေါ-ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိဂြောဓသစ္စာ ဟူသော သစ္စာတရား ၄ ပါးကို သိလည်းသိ၊ သိလာအောင်လည်း ဟောကြားနိုင်သော မြတ်စွာဘုရား။
  • ဘဂ၀ါ-ဘုန်းတော် (၆) ပါးနှင့်လည်း ပြည့်စုံတော်မူသော မြတ်စွာဘုရား။

သမီးလေးဆင်ခြင်နားလည်နိုင်စွမ်းရှိလာတဲ့ အခါ ဖေဖေ့ကို မေးပေါ့။ ဖေဖေရှင်းပြဖို့ သမီးလေးကို လူလားမြောက်အောင် ပျိုးထောင်ရင်း သမီးလေး မေးချင်လာမယ့်နေ့၊ မေးလာတဲ့နေ့ကို စောင့်နေမယ် သမီးလေးရေ။ သမီးလေးရဲ့ အသိဉာဏ်ပေါ်လိုက်ပြီး ဖေဖေ ဖြေတဲ့ အဖြေဟာ တစ်ခါထက် တစ်ခါ နက်နဲလာမှာတော့ အသေအချာပဲ သမီး။

June 12, 2010

အမေ့ကို လွမ်းတယ်ဗျာ

အမေရေ ....

သားခု အလုပ်လုပ်နေတဲ့ စင်ကာပူဆိုတဲ့ နိုင်ငံမှာပေါ့။ မနက်မနက်ဆို စောစောထရတာကို တစ်ဒုက္ခလို့ ညည်းကြတယ်။ သားလည်း အပါအ၀င်ပါပဲ။ အမေ သိတဲ့အတိုင်း သားက နေမြင့်မှ အိပ်ယာ ထ တတ်တဲ့လူ။ စာကျက်တာတောင် ညည့်နက်ခံပြီးပဲ ကျက်တာ အမေလည်း သိသားနဲ့။ ဒါပေမယ့် တစ်ခုတော့ကြိုက်တယ် အမေ။ ဒါဟာ သားကို လေ့ကျင့်ပေးလိုက်တာပါပဲ။ ဘ၀မှာ အရေးကြီးတာ တစ်ခုကိုပေါ့။ နေမြင့်မှ ထတဲ့ သူဟာ ဘ၀မှာ အောင်မြင်မှုကောင်းကောင်းရဖို့ ခြေတစ်လှမ်း အမြဲ နောက်ကျနေဖို့က သေချာနေတယ်လေ။ ဒါကြောင့် သားကတော့ စောစော ထအောင် မောင်းတတ်တဲ့ ဒီက ဓလေ့ကိုပဲ မုန်းမုန်းနဲ့ ကျေးဇူးတင်တယ် အမေရေ။ စောစော ထတတ်လာတဲ့ သားကို အမေ ချီးကျူးမလား မသိဘူးနော်။ ဒါပေမယ့် အမေရေ အမေ့ အိမ်ရောက်ရင်တော့ နေဖင်ထိုး အောင် အိပ်ပလိုက်မယ်လို့ စိတ်ထဲက တိတ်တိတ်လေး ကြိမ်းဝါး နေတုန်းပဲ အမေရေ ..

အမေ ... အမေသိတဲ့အတိုင်း
မီးမှန်လွန်းတဲ့ စင်ကာပူကို တခါတခါ စိတ်ပျက်တယ် အမေ။ ဘာကြောင့်လဲဆိုတော့ သားက အိပ်တဲ့အခါ အကုန်မှောင်နေမှ သဘောကျတာ။ ခုတော့ဗျာ စုပေါင်းနေကြတဲ့ အိမ်ဆိုတော့။ ကိုယ်က မီးပိတ်လည်း မပိတ်တဲ့ သူကရှိတာကိုး။ တစ်နေရာရာကနေ မီးအလင်းရောင်တော့ ၀င်ဝင်နေတာပဲ။ မီးလုံးလုံး မဲ့တဲ့ညတော့ ဒီတစ်သက် ဒီမှာနေရင် ကြုံမယ်တောင် မထင်ဘူး အမေရေ ဒီတစ်ခုတော့ စိတ်ပျက်တယ် တကယ်ပါပဲ။

စင်ကာပူရေရှားသတဲ့ဗျာ 
သားတော့ ယုံပါဘူး။ ဘယ်အချိန် ရေပိုက်ခေါင်းပြေးဖွင့်ဖွင့် လာနေတာ ပိုက်အပြည်ပဲ။ အနည်အနစ်လည်း မတွေ့မိပါဘူး။ အင်းဒါပေမယ့်ပေါ့လေ သားမကြိုက်တာ တစ်ခုက ရွာပြန်ရင် ချေးကြောင်ချင်နေတတ်တဲ့ သားပါးစပ်ကိုပဲ။ သားတော့ ကိုယ်ဟာကိုယ်ပဲ ဆွဲပြီးရိုက်လိုက်ချင်ပါရဲ့။ ချောင်းရေ သောက် မြောင်းရေ သောက်ပြီး ကြီးလာတဲ့ ကျွန်တော်တို့က ရေသန့်ဗူးသောက်မှပဲ အသက်ရှည်ရောဂါကင်းရတော့မလားဗျာ။ သားဖာသာလည်း သားရှက်မိပါရဲ့။

မေမေရေ ....
ဘာမှ မစိုက်မပျိုးဘဲ အစားကောင်းတွေ ပေါလွန်းတဲ့ စင်ကာပူကို နာလိုဘူးဗျာ။ "မိမိ စိုက်ပျိုးတဲ့အတိုင်း မိမိရိတ်သိမ်းရလိမ့်မည်" ဆိုတဲ့ ကမ္ဘာကျော်စကားရှိသဗျ။ စင်ကာပူသားတွေ ဘာတွေများစိုက်ခဲ့လိုလဲဗျာ။ အင်းမှန်တော့မှန်ပါတယ်လေ။ ပြောခဲ့တဲ့သူက "မိမိစိုက်ပျိုးခဲ့တဲ့ အတိုင်း မိမိ စားရမယ်" လို့မှ မပြောထားတာ။ သားတို့တော့ စိုက်လိုက် ပျိုးလိုက်ရတာ အမေသိတဲ့ အတိုင်း။ ခြံဝိုက်ရ၊ နွားကျောင်းရ၊ ပျိုးကြဲရ၊ ကောက်စိုက်ရ အို ..... စုံလို့ ... စုံလို့။
စပါးသိမ်းချိန်ထိ လုပ်လိုက်ရတဲ့ အလုပ် အင်း ထမင်းနပ်မှန် ရုံပဲ အမေ မုန့်ပဲ သွားရည်စာတောင် အမြဲ လုပ်မစားနိုင်ဘူး။ ဒီမှာတော့ဗျာ အလုပ်ဆင်းတဲ့ အချိန်မှာ စားစားနေကြတာ။ အသီးတွေရော၊ ဖျော်ရည်တွေရော၊ အို ....... စုံလို့ .... စုံလို့ ။ စုံလို့ ပါပဲ အမေရေ အဲတာကြောင့် သားပြောတာပေါ့။ သား စင်ကာပူကို လာတာ မှားတယ်လို့။ မဟုတ်ရင် ဒါတွေ သိမှာ မဟုတ်ဘူး။ အေးအေးဆေးဆေး လမ်းဘေးမှာ ရောင်းတဲ့ ရေခဲရည်ကို ပိုက်ဆံလေး ကပ်တဲ့အခါ အဆာပြေ အဲလေ အာသာပြေလေး ဝယ်သောက်တာပေါ့။

အမေသိမလား မသိဘူး
သားတို့ ဆီမှာ ရေခဲသေတ္တာဆိုတာ သူဋ္ဌေးတွေ၊ ပြေလည်သူတွေမှ သုံးတဲ့ ပစ္စည်းလေ။ ဒီမှာက အိမ်တိုင်းရှိသဗျာ။ စင်ကာပူမှာ လူတိုင်း သူဋ္ဌေးတွေ ချည်းလာမသိပါဘူး။ အဝတ်လျော်စက်ဆိုတာကလည်း အိမ်တိုင်းပဲဗျာ။ ခုထိ လက်ရေပွအောင် လျော်လျော်နေရတဲ့ အမေ့အတွက် ၀ယ်ပေးချင်လိုက်တာ။ ဒါပေမယ့်ဗျာ ... မီးမလာလို့ အမေစိတ်ညစ်မှာ စိုးတာနဲ့ စိတ်လျော့လိုက်တယ် အမေ။ သား အမေ့ကို ချစ်ပါတယ်။ မီးမလိုပဲ လျော်နိုင်တဲ့ အမေ့အတွက် ချွေးမတစ်ယောက် ယူလိုက်တာပဲ အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါရဲ့ အမေရယ်။ အမေသဘောတူပါ့မလားနော် ။

May 17, 2010

ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း လက္ခဏာ စတင်ပေါ်ပေါက်

ရာသီဥတု အလွန်ပူပြင်းပြီးနောက်  ယခုအချိန်တွင် မြန်မာနိုင်ငံ အနောက်ဖက်ရှိ ဘင်္ဂလား  ပင်လယ်အော်တွင် မုန်တိုင်း စတင်ရန် လက္ခဏာ စတင်ပေါ်ပေါက်လာကြောင်း အသိပေးအပ် ပါသည်။
သတိထားစောင့်ကြည့်ကြပါရန်။ 
သွားရောက်ကြည်ရှုရန် Link 

1) http://cimss.ssec.wisc.edu/tropic2/#
2) http://cimss.ssec.wisc.edu/tropic2/real-time/storm.php?&basin=indian&sname=92B&zoom=4&img=1&vars=11111000000000000000&loop=0

May 5, 2010

အင်းတော်မြို့မှ အမှတ်တရ နေ့ရက်များ (၁၀)

 

ရေပေါသော အင်းတော်။ ရေနစ်သော အင်းတော် တွင် ဘဲတို့ပျော်သည်။ မန်ဒါလီများ၊ ဘဲ များကို မြောင်းရိုးတစ်လျှောက် တွေ့ရတတ်သည်။ တဂတ်ဂတ် (ဘဲအော်သံ) ၊ တရှဲရှဲ (မန်ဒါလီအော်သံ) တို့ကို ကြားရတတ်သည်။ အင်းတော်ရောက်စက မြင်ဖူးသည့် ဘဲများကတော့ အဖြူ နှင့် အဖြူအညိုကြား လေးများဖြစ်သည်။ ဘဲက သိပ်မကြီးလှ။ မန်ဒါလီကတော့ကြီးသည်။ အရောင်က နက်ပြာပြာ။ ကိုယ်ထည်အလျားက ရှည်ရှည်။ နှုတ်သီးရှည်ရှည်။ အတောင်ပိုကောင်းသည်။ အတောင်မဖြတ်လျှင် အရွယ်ရောက်လာပါက အပျံသင်ကြ၊ လေ့ကျင့်ကြသည်။ အပျံတတ်လျှင် တောထဲပျံသွားတတ်သည်။ အုပ်စုကောင်းလျှင် ပျံသွားတာများသည်။ အကောင်အနည်းငယ် နှင့်ကတော့ မပျံတတ်ကြပါ။ အကောင်ရေ ၁၅ ၊ ၂၀ လောက်ရှိလာလျှင် မန်ဒါလီများ သင်းခွဲဖို့ ကြံသည်။ ပျံကြ၀ဲကြသည်။ အခါသင့်လျှင် ပြန်မလာတော့။

ဘဲများကတော့ အပျံလေ့ကျင့်တာ မမြင်ဘူး။ သွားလျှင်လည်း နှေးကွေးသည်။ ထို့ကြောင့် ခွေးလိုက်လျှင် ပြေးမလွတ်။ ရေနက်နက်ရှိရာ အမြန်ပြေးကြသည်။ သို့သော်မလွတ်ပါ။ ခွေးက ရေကူးတတ်တော့ ဘဲအုပ်ကို ခွေးလိုက်သောအခါ လူမကူလျှင် ဘဲတစ်ကောင် ကောင်တော့ သေသည်က များသည်။ ထို့ကြောင့်ပင် ကျွန်တော် ဘဲကျောင်းသား ဖြစ်ခဲ့ဖူးခြင်း ဖြစ်သည်။

ကျွန်တော့်ဘကြီးက ဘဲအကောင်ရေ ၂၀၊ ၃၀ လောက်မွေးထားသည်။ ဘဲစာက ဖွဲ နှင့် စကွဲ။ စားကြွင်းစားကျန်များ။ အစာမကျွေးလျှင် "ဂတ်ဂတ်" ...."ဂတ်ဂတ်" ... "ဂတ်ဂတ်" ဖြင့် အုပ်စုဖွဲ့ပြီးအော်ကြသည်။ ဘဲအုပ်က ညီသည်။ တစ်ကောင်တည်း ခွဲပြီးတော့ သွားလေ့မရှိ။ အော်လည်းတူတူ၊ ပြေးလည်တူတူ။ စားလည်တူတူ။ ဘဲအုပ်က တစ်ရာ နှစ်ရာ ဆိုတာ ကြားဖူးမည် ထင်သည်။ ဘဲက အုပ်တာကြီးသည် ပြေးကြ လွှားကြရာတွင် ကြက်တွေလို ဦးတည့်ရာ လျှောက်ပြေးကြခြင်း မဟုတ်။ တစ်ကောင်နောက် တစ်ကောင်လိုက်ကာ ဦးတည်ရာ တစ်ဖက်တည်း စုပြုံကူးကြသည်။ ထို့ကြောင့် ထိန်းရ ကျောင်းရ သိပ်မခက်လှ။ ကြက်ကတော့ လိုက်လျှင် တစ်ကောင် တစ်မျက်နှာ အရပ် ရှစ်မျက်နှာ စုံအောင် ပြေးကြသည်။ ထို့ကြောင့် ကြက်အုပ်ကျောင်းသည် ဆိုတာ မရှိခြင်း ဖြစ်မည်။

ဘဲအစစ်ကို ပြပါဆိုလျှင် ကျွန်တော့ အတွေ့ အကြုံအရ ပြောရမည်ဆိုပါက။ တစ်ကိုယ်လုံး အဖြူရောင်ရှိသော ဘဲနှင့် အညိုနှင့် အဖြူစပ်ထားသော ဘဲကြားကြားလေးများ ကိုသာ ဘဲအစစ်ဟု ထင်ပါသည်။ ပုံကလေးများကို ဖော်ပြလိုက်ပါသည်။



အဖြူရောင် ဘဲသည် ဘဲအစစ်ဖြစ်သည်။ နောက် ဘဲအကြားလေးများ။ များသောအားဖြင့် ဘဲ အမ လေးများဖြစ်ပါသည်။ ဘဲအထီး နှင့် ဘဲ အမ မတူပါ။ ဘဲအထီး (ဝါ) ဘဲအဖိုသည် ကိုယ်ခန္ဓာ ပိုကြီးသည်။ ဘဲသံပီပီ သသကြီး "ဂတ် ဂတ် ... ဂတ်  ဂတ်" ဆိုသည် မှာ ဤအကောင်ကြီး အော်ခြင်းဖြစ်သည်။ ဘဲအမ များမှာ ထိုကဲ့သို့ ကျယ်ကျယ် လောင်လောင်ကြီး မအော်နိုင်ကြပါ။ ဘဲမ လေးများအသံမှာ မိန်းမသား ဆန်စွာ "ပိ ပိ ... ပိ ပိ" ဟု ယောင်ယောင်လေးသာ အော်နိုင်သည်။ ထို့ကြောင့်လည်း အာပြဲမောင်မောင် ဘဲကိုကို များကို အမူပိုပို ဖြင့် မခွဲနိုင် မခွာရက် အားကိုးနေရှာသည်လား မသိ။ :P
ဘဲအဖိုသည် အကောင်းကြီးပြီး အသံကျယ်ရုံမက အရောင်လည်း ပိုတောက်သည်။ အမြီးလေးလည်း ကောက်ကောက်လေးပါသည်။ အပေါ်ဖက်ထောင်တက် နေသည်။ ထို အမြီးကောက်၊ အကောင်ကြီး၊ အသံကျယ် ခပ်စွာစွာ ကောင်များသည် ဘဲအဖိုဖြစ်သည်။



ဘဲအဖိုအမြီးကောက်။

ဘဲ နှင့် မန်ဒါလီ စပ်သွားလျှင် ကပြားဘဲ ဖြစ်လာသည်။ မန်ဒါလီ မထွက်ဘဲ ဘဲလိုပုံ ထွက်လာသည်။ အကောင်ကြီးသည်။ အရောင် အသွေးစုံပြီး ပိုလှသည်။ ဘဲမန်စပ် ဟု ကျွန်တော်တို့ ခေါ်ပလိုက်သည်။ 
ဘဲမန်စပ်၏ ခေါင်းက စိမ်းပြာရောင် ဖြစ်သည်။ အရောင် အလွန်တောက်သည်။ များသောအားဖြင့်တော့ ဘဲအဖိုများဖြစ်လေ့ရှိသည်။ 
အဖြူရောင်ဘဲလေးများကို မြင်ဖူးသည့်အတွက် ဘဲကလေးအကောင်ပေါက်လျှင် ဘယ်လို အရောင်ရှိမည် ဆိုသည်ကို စိတ်ကူးကြည့်စေချင်သည်။ နီကျင်ကျင်လေးလား? ပန်းရောင်လေးလား? 


ဘဲကလေးများပေါက်စ အရောင်သည် အ၀ါရောင်ဖြစ်သည်။ ပေါက်ပြီး သိပ်မကြာခင်ရေကူးတော့သည်။ အ၀ါတွင် အနက်ရောက်လေးများပါလျှင် အကြားလေးများ ဖြစ်လာကြသည်။ ဘဲပေါက်ကလေးများသည် အလွန်ချစ်စရာကောင်းသည်။ ဘဲပေါက်ကလေးများ နှင့် ဘဲမကြီး ရေကူးနေသောမြင်ကွင်းသည် ကြည့်၍ အတော်ကောင်းသည်။ ပြော၍သာ ပြောရသည်။ ဘဲများသည် ဥခင်သော အမျိုးမဟုတ်ပါ။ တွေ့ရာနေရာဥသည်။ သူ့ဥကို ခွေးချီချီ လူစားစား ဂရုစိုက်သူများမဟုတ်။ မနက်စောစောကြီးတွင် ဥ အုကြသည်။ ဥကိုလည်း ဖြစ်သလို အုသည်။ မြေကြီးပေါ်တုံးလုံးပက်လက်။ အီးပေပေ မြေလူးလူးဖြင့် တောင်လှိမ့် မြောက်လှိမ့် ဖြစ်ချင်သလို ဖြစ်နေသည်။ ဘဲကို အကောင်ဖောက်လိုလျှင် မန်ဒါလီ သို့မဟုတ် ကြက်မ ဖြင့် ဖောက်မှ သာ အကောင်တော်တော်များများပေါက်သည်။ ဘဲဥက ၂၈ ရက်လောက် ၀ပ်မှ အကောင် ပေါက်သည့်အတွက် မန်ဒါလီအတွက် ပြဿနာ မဟုတ်သော်လည်း ကြက်မအတွက်တော့ ပြဿနာဖြစ်သည်။ ကြက်မှာ ၂၁ ရက် ၂၂ ရက် လောက်ဆို အကောင်ပေါက်သည်။ ခု ဘဲအုက ထိုသို့မဟုတ် အချိန်ပိုကြာကြာဝပ်ရသည်။ တစ်ပတ်ပိုဝပ်ရသည့် အတွက် ကြက်မမှာ အစာပိုငတ်ပြီး ပိန်သွားတတ်သည်။ 

အကောင်ပေါက်လာလျှင်လည်း ဘဲကလေးတွေကို ထိန်းကျောင်းနေတာ သနားစရာကောင်းသည်။ ဘဲကလေးများကို သူ့ရင်သွေးမှတ်ကာ ထိန်းရှာသည်။ ဘဲကလေးများက ရေဆင်းကူးတော့ ချောင်းကမ်း၊ မြောင်းကမ်းဘေးတစ်လျှောက် လိုက်လံ စောင့်ရှောက်နေတတ်တာ မြင်ရတော့ ကြက်မကြီးနှင့် ဘဲကလေးများ၏ သံယောဇဉ်ကို မျက်ရည်ကျဖွယ် မြင်တွေ့ရသည်။
လူတွေလုပ်ပုံက ဟုတ်တော့မဟုတ်လှပါ။ ကြက်မကြီး မြုံပြင်ကာ ဥအုတော့ ကြက်ဥ တစ်လုံး အု လျှင် တစ်လုံးကောက်ပြီး ထိုနေ့ အုသည့် ဘဲအုဖြင့် အစားထိုးပြီးလဲ ထားလိုက်သည်။ နောက်နေ့ နောက်တစ်လုံး အုတော့ နောက် ဘဲဥ တစ်လုံး ထပ်လဲ ပြန်သည်။ ထိုနည်းအားဖြင့် ကြက်မကြီး ဥဝပ်ချိန်ထိ တစ်လုံးပြီး တစ်လုံး လဲထားလိုက်သည်။ အုသမျှ သူ့ဥ များ ဘဲဥ ဖြစ်သွားရှာသည်ကို ကြက်မကြီးမသိရှာပါ။ အကောင်ပေါက်လာတော့လည်း ဘဲကလေးတွေ။ လိုက်လံစောင့်ရှောက်ပေးသည်မှာ ဘဲလားမြောက်သည် အထိ။
ဘဲစရိုက်ကို ဖော်ပြနေသော ဘဲသားအမိ။ ရှေ့မှ မိခင်ကြီးသွားရာ ထပ်ကြပ်မကွာ။ တညီတညာတည်း လိုက်ကြသည်။
အစာရှာဖွေ ကျွေးမွေးနေရှာသည့် ဘဲမကြီး။


မန်ဒါလီမကြီး နှင့် မန်ဒါလီကလေးများ

ဘဲကျောင်းသည့် အကြောင်းကို နောက်မှ ဆက်ရေးပါမည်။