March 28, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၆)

ကျွန်တော့်သူငယ်ချင်းစိုးပိုင်။ အင်းတော်တွင် ပထမဆုံးခင်သည့် သူငယ်ချင်း။ သူအဖေက ဦးတင်ရွှေ၊ သူ့အစ်ကိုက စိုးနိုင်။ စိုးနိုင် နာမည်အလွန်ပေါသည်။ စက်ကုန်းတွင်ပင် စိုးနိုင် ၂ ယောက်ရှိသည်။ နောက်စိုးနိုင် တစ်ယောက်က ကျွန်တော့်ယောက်ဖ ကိုတင်မောင်အေး၏ညီ ကျွန်တော့ကို နာမည်ပျက်ပေးသည့်လူ။
ဖြစ်ပုံက ဒီလို တောသားကျွန်တော်က အင်းတော် စက်ကုန်းတွင် အလွန်ဆော့သည်။ ထို ကိုစိုးနိုင်နှင့်လည်း ကစားလိုက်၊ နောက်လိုက်။ ကျွန်တော် သူ့ကိုခင်သလို၊ သူကလည်း ကျွန်တော့်ကို ခင်ပါသည်။ သူ့တူမ မီးမီးနှင့် ကျွန်တော့်ကို စသည်။ အတော်လေးလှသည့် ကလေးမ ဖြစ်ပါသည်။ ခုချိန်တွင် ဆိုလျှင်တော့ ကျွန်တော်မိန့်မိန့်ကြီးပြုံးကာ အတော်ကျေနပ်နေမည်ထင်ပါသည်။ (:P) ထိုအချိန်ကတော့ အရှက်ကြီးသော ကျွန်တော်က မိန်းကလေးများနှင့် စသည်ကို လုံးဝမကြိုက်ပါ။ ဟေး ... ယောက်ျားလေးနှင့် စလျှင်တော့ကြိုက်သည် ဆိုသည့် အဓိပ္ပာယ်မဟုတ်ပါ။ လူနောက်များကို ကြိုတင်ရှင်းထားရမည်။ (:D)
ထိုကိုစိုးနိုင်၏ရှေ့တွင် ကျွန်တော် ငယ်ငယ်က အီး ခိုးပေါက်မိသည်။ အနံ့ကအတော်ပြင်းသည်။ သိတယ်မဟုတ်လား။ (ဟား ဟား ..... (:D) ....) သူက အီးပေါက်တဲ့ကောင်ဖင်ထဲ ဆင် -ီးကောက်ကောက် ၀င်တွေ ဘာတွေပြောသည်။ လူအ၊ ကျွန်တော်က ငြိမ်၍ မနေဘဲ။ ကျွန်တော်ပေါက်တာ ... ဘာညာ သွားလုပ်သည်။ "အီးထွန်း" ဆိုပြီး နာမည်စွတ်ပေးတော့သည်။ အင်းတော် စက်ကုန်း တစ်ကုန်းလုံး ကျွန်တော်ကို ထို အချိန်က စပြီး အီးထွန်း ခေါ်ကြတော့သည်။ လူစုတ် ... ကိုစိုးနိုင် ... သူပေးလိုက်သည့် နာမည် အတော်တွင်သည်။ နောက်ပိုင်း ကျွန်တော် ၄ တန်းလောက် အရောက်တွင် သူဘယ်ပြောင်းသွားသည် မသိ။ ခရီးထွက်သွားတာဖြစ်မည်ထင်ပါသည်။ သူတူမ မီးမီးလေးပါ ပျောက်သွားသည်။ သူတို့ ညီအစ်မ တစ်တွေ အတော်လှကြပါသည်။ နောက်ပိုင်း ၁၀ အောင်ပြီး သူတို့လေးတွေ ပြန်ရောက်လာသည်။ တကယ့် မဟာဆန်ဆန် လှသူတွေ။ ကိုယ်ဟန်သွယ်သွယ်၊ ဖြူဖြူလေးများဖြင့် အတော်ချစ်စရာ ကောင်းသည့် မိန်းမပျိုလေးများ။ ကျွန်တော်နှင့်တော့ မရင်းနှီးပါ။ ခပ်တန်တန်တာ။ သူတို့လေးတွေက ကျွန်တော့် ယောက်ဖ၏ တူမများ။
"အီးထွန်း" ဆိုသော ထိုနာမည် အတော်တွင်သည်။ လူတိုင်းက အီးထွန်းခေါ်သည်။ ခေါ်စက ကျွန်တော် မထူးပါ။ ထို ကိုစိုးနိုင်ကို ခဲနှင့် လိုက်ပေါက်သည် ထင်ပါသည်။ ကျွန်တော်က ခံပြင်းလေ။ သူက စလေ။ ထွက်ပြေးလိုက် ခေါ်လိုက်ဖြင့် စက်ကုန်းတစ်ကုန်းလုံးသိကာ နာမည် ပိုကြီးသွားတာလည်း ဖြစ်ပါမည်။ ထို အချိန် သမယက ကျွန်တော့်နာမည်သည်။ အင်းတော် စက်ကုန်းတွင် အီးထွန်းတည်း။ ကျောင်းတွင် မပေါက် မရောက်လာ၍ တော်သေးသည်။ နောက်ပိုင်တော့ပျောက်သွားပါသည်။ ကျွန်တော်ကပဲ ထိုနာမည်နှင့် မထိုက်တန်တော့တာလား မပြောတတ်ပါ။ စက်ကုန်းဘက် ကျွန်တော် အရောက်နည်းသွားတာလည်းပါမည်။ ခု ကျွန်တော် ပြန်လျှင်တော့ ကျွန်တော့်ကို စိုင်းခမ်းထွန်းဟုပင် ကောင်းကောင်းမွန်မွန် အရေးတယူခေါ်ကြပါသည်။ ကျွန်တော်လည်း တွေ့သမျှ ငယ်ငယ်က အဒေါ်ကြီးများ၊ ဦးကြီးများ၊ အစ်မကြီးများ၊ ဦးလေးများကို ခေါ်မြဲ နှုတ်ဆက်မြဲပင်။
စိုးပိုင် အကြောင်းဆက်ဦးမည်။ သူတို့ အိမ်နောက်ဖေးတွင် ဆီးသီးပင်ခပ်ကြီးကြီး တစ်ပင်ရှိသည်။ အလွန်သီးသည်။ အချိန်တော်တော်ကြာကြာလည်းသီးသည်။ ကျောင်းဆင်းလျှင် စိုးပိုင်တို့အိမ် ကျွန်တော်ပြေးသည်။ သူနှင့်ဆော့သည်။ ဗိုက်ဆာလျှင် ဆီးပင်ပေါ်တက်ကာ ဆီးသီးများခူးပြီး အပင်ပေါ်တွင်ပင် ထိုင်ကာ စားကြသည်။ စကားတပြောပြော။ သူနှင့် ကျွန်တော် စိတ်တိုဖူးသည်ပင်မရှိပါ။ စိုးပိုင်ကို ခုပင် သတိရသည်။ သူသည် ဇနီးနှင်၊့ ကလေးများနှင့်။ စီးပွားရေးရော အဆင်မှ ပြေပါလေစ။ အင်းတော်တွင်လည်း သစ်စက်လုပ်ငန်းက ဖြစ်တော့သည် မဟုတ်။ ထိုစက်ကုန်းရှိ သစ်စက်ကြီးမှာ ၁၉၈၈ ကတည်းက သေချာ လည်ဖြစ်သည် မရှိတော့ပါ။ စက်ရုံ အလုပ်သမားများလည် ဒုက္ခရောက်ကုန်သည်။ နေစရာတန်းလျာရှိ၍တော်တော့သည်။ စက်ရုံမလည်ပတ်နိုင်တော့သော်လည်း စက်ရုံသူဌေး တရုတ်ကြီး ဦးဖိုးကွမ်းက သူ့အလုပ်သမားများကို အလုပ်သမားတန်းလျားမှမနှင်။ အလကားနေစေသည်။ အတော်အကြင်နာတရားကြီးသည့် တရုတ်ကြီး။ သူနှင့် ကျွန်တော် ဗန်းမောက် လည်ဦး ရွှေမော်ပေါ်တော့ တစ်လလောက် တစ်တဲတည်း အတူနေဖူးသည်။ မှတ်သားစရာစကားများ သူပြောသည်။ စည်းစနစ် အချို့ကို သင်ပေးသည်။
သူပြောသည့် အထဲမှ ကျွန်တော် ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သောစကား ၂ ခွန်းရှိသည်။ တစ်ခွန်းက သူ့အလုပ်သမားဖြစ်သည့် ကျွန်တော့်ဘကြီးနှင့် ပတ်သက်၍ ပြောခြင်းဖြစ်သည်။ သူက ကျွန်တော့် ဘကြီးသာမှိုင်း (ကျွန်တော့်ကြီးကြီးဒေါ်တင်အေး၏ ယောက်ျား)နှင့် ရွှေလုပ်ငန်းစပ်တူ လုပ်ကြည့်သည်။ တစ်ချို့ကိစ္စများတွင် ကျွန်တော့်ဘကြီးသာမှိုင်း၏ ရွှေလုပ်ငန်းအတွင်း ငွေရပေါက်ဖန်ကွက်များကို သူသိသည့်အကြောင်း။ သူပြောသည့်စကားမှာ .....
"ငါက တစ်ချို့ကိစ္စတွေကို သိရဲ့သားနဲ့ မသိဟန်ဆောင်နေတာ။ အ ဟန်ဆောင်နေတာ။"
ဆိုသောစကား။
အတော်ကြီး မှတ်သားစရာကောင်းသည် ဟု ကျွန်တော်ထင်ပါသည်။ ခုထိလည်း မှတ်မိနေဆဲဖြစ်သည်။ ဘ၀ အတွက် အရေးကြီးသော မှတ်သားဖွယ် စကားတစ်ခွန်းဟုလည်း ကျွန်တော် ထင်ပါသည်။ နောက်တစ်ခွန်းကတော့ တရုတ်စကားပုံတစ်ခုဟု ဆိုပါသည်။
"လူမသိတဲ့အလုပ်ဆိုတာ ကိုယ်မလုပ်တဲ့ အလုပ်ပဲရှိတယ်"
ထိုစကားက ကျွန်တော့်ကို အမြဲသတိပေးတတ်သည်။ မကောင်းတာမလုပ်မိစေဖို့။

ဇာတ်လမ်းတစ်ပုဒ်


March 26, 2009

ဖုတ်ကောင် (Zombie) အသွင်ပြောင်းသွားသူ



ရစ်မာရေး (Rick Murray) ဆိုတဲ့ကောင်လေး တစ်ယောက်ဟာ ၂၄ နာရီကြာ ဆေးမင်ကြောင်ကို အသားအနာခံထိုးပြီး သူရုပ်သွင်ကို ဖုတ်ကောင် (Zombie) အသွင်ပြောင်းခဲ့ပါတယ်။


အဲဒီအတွက် ဆေးမင်ကြောင်ထိုးခ အမေရိကန်ဒေါ်လာ ၄၀၀၀ ကုန်ခဲ့ပါတယ်။























Bizarre Magazine မှာဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံကတော့ Neville Elder က ရတာပါ။

မယုံ ဒီမှာ ၀င်ကြည့်။


(၁) သင် အဲဒီလို အသွင်ပြောင်းလိုက်ရင် သင့်ချစ်သူက ချစ်ပါဦးမလား။
(၂) ဒီလိုယဉ်ကျေးမှု မြန်မာပြည်ကို ရောက်လာနိုင်ပါသလား။
(၃) သင် ဒီလိုပုံစံပြောင်းလိုပါသလား။
(၄) ကျွန်တော် အဲဒီလိုပုံစံပြောင်းလိုက်လျှင် သင်ခင်ပါဦးမည်လား။
.

March 25, 2009

သရဲရှိကြောင်း သက်သေပြသည့် ဗွီဒီယို

ကြောက်တတ်လျှင် မကြည့်ရန် ကြိုတင်ပြောလိုပါသည်။ အကြောက်လွန်ကာတစ်ခုခု ဖြစ်နိုင်သည်။ သတိထား၍ ကြည့်ပါရန်။

စိုင်းထီးဆိုင် ( သို့ ) ကောင်းကင်ယံ၌ လင်းလက်နေဆဲဖြစ်သော ကြယ်တစ်ပွင့်

အီးမေးလ်မှ ရောက်ရှိလာသော အလှူဖိတ်စာတစ်စောင်
*****************************************************
ကျေးဇူးရှင် ဖခင်ကြီး ဦးစိုင်းထီးဆိုင် ( ခ ) ဦးစိုင်းတင်ဦး ၏ ( ၁ ) နှစ်ပြည့် အားရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွဃ်ပစွည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ စဉ်၊ လစဉ်တိုင်း ရည်ရွယ်ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု အစုစုတို့ အတွက် မိသားစုနှင့်အတူ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဇနီး = ဒေါ်ခင်သန်းစိုး
သား = စိုင်းခိုင်ခမ်း
သမီး = နန်းစံဟွမ်
သမီး = နန်းယွင့်မ်ခေါင်
အစီအစဉ် နေ့ရက် -၂၆ - ၃ - ၂၀၀၉
အချိန် - နံနက် ( ၁၀း၀၀ ) မှ ( ၁၂း၀၀ ) နာရီထိ
နေရာ - တိပိဋက -နိကာယကျောင်းတိုက် ၊ အမှတ် ( ၁၂ )၊ စကားဝါလမ်း၊ ဒဂုံမြို့ နယ်၊ ရန်ကုန်မြို့ ။
*****************************************************
ကျွန်တော် ငယ်စဉ်ကတည်းက ကြားကြားနေရသည့် သီချင်းများ၊ ခုလည်း မကြာမကြာ နှုတ်က အလိုလိုညည်းညည်း မိတတ်သော သီချင်းများသည် မြန်မာ့ဂီတသမိုင်းတွင် မှတ်တိုင် တစ်ခု စိုက်ထူခဲ့သူ "ဗိုလ်ထီး" ဟု ချစ်စနိုးခေါ်ကြသည့် "စိုင်းထီးဆိုင်" ၏ သီချင်းများဖြစ်သည်။ သူကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်လေပြီ။
ခုလို အဝေးရောက်နေချိန်တွင် "အမေ့ရုပ်ရည်" သီချင်းကို သွားသတိရသည်။ မကြာမကြာလည်း နားထောင်ဖြစ်သည်။ Yuotube တွင် ဗွီဒီယို ဖိုင်တွေ့၍ ကြည့်ဖြစ်သည်။ တက္ကစီမောင်းရင်း ရှာကျွေးနေသည့် သားတစ်ဦးအဖြစ် စိုင်းထီးဆိုင် ကိုယ်တိုင် သရုပ်ဆောင်သည်။ အမေ့ကို လွမ်းတော့လည်း စိုင်းထီးဆိုင် ပါနေသည်။
မနှစ်က ဦးစိုင်းထီးဆိုင်၏ နာရေး သတင်း
.
.
ကြာပြီဆိုတော့ မေ့လောက်ပါပြီ ဆိုတဲ့ "ငယ်ချစ်ဦး"


ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းလည်း မနေ့ကနဲ့ကွာ မနေ့ကလိုမနာတော့ပြီ ဆိုတဲ့ "အချစ်အတွက် တဖန်မွေးဖွာခြင်း"



ကြင်နာသူကိုယ့်အနားရှိနေခိုက်ဟာ ကိုယ့်အတွက် အသာယာဆုံးအခါ ဆိုတဲ့ "ခြင်္သေ့လည်ပြန်"


ရှိတ၀က် ပျက်တ၀က် နှစ်ဖက်သော ပါးပြင်ပေါ်က လိမ်းတဲ့ သနပ်ခါး ဆိုတဲ့ "အပြာရောင်မျက်ရည်"


မချစ်၍ စွန့်သွားတဲ့မင့်ကို စွန့်၍ချစ်သွားမယ်လေ ဆိုတဲ့ "မောင့်လပြည့်ဝန်း"


လူတစ်ဦးတိုင်း တစ်ယောက်တိုင်းမှာ တစ်ချိန်ချိန်တော့ အချစ်ဆိုတာ ရှိခဲ့ကြမယ် ဆိုတဲ့ "အချစ်ကို ဦးစားပေးခဲ့သူ"


စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ ဆိုတဲ့ "မောင့်အရိုင်းပန်း"


နှလုံးသားလှတဲ့ဆရာမလေးရယ် .. အပြုံးလည်းလှမယ့်ဆရာမလေးရယ် ဆိုတဲ့ "ခွဲစိတ်ခန်းကဆရာမလေး"


ဂစ်တာအိုတောင် ပျိုရွယ်နေဆဲတေးသံနဲ့ သီးချင်းသစ်ဖြစ်သေးရင် ... ဆိုတဲ့ "မေမြို့မိုး"


မိန်းမနဲ့ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ် ဆိုတဲ့ "နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်"


ငွေရယ်ဆိုလို့ တဆယ်တန်နဲ့ အကြွေတချို့ ရင်ခွင်မှာတော့မျှော်လင့်ချက်ကြီးတစ်ခု ဆိုတဲ့ "ပလက်ဖောင်းမင်းသား"



တောင်ပေါ်မြေမှာတော်ဝင် ပိတောက်မရိှပေမယ့် ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ် ဆိုတဲ့ "ချယ်ရီကိုသာ ပန်ပါကွယ်"











စသည့် စသည့် ဂန္ထ၀င် သီချင်းများ .... စကားလုံးပေါင်းများစွာ ... အတွေးပေါင်းများစွာဖြင့် ...
လူငယ်ပေါင်းများစွာကို ချစ်သူရစေခဲ့သူ ....ဖြေသာစေခဲ့သူ .... ကြေကွဲချိန်မှာဖေးမခဲ့သူ .... နာလည်းပေးခဲ့သူ .... သူသည် ယခု ...
ကောင်းကင်ယံ၌ ကြယ်တစ်ပွင့် အဖြစ်ထွန်းလင်းနေဆဲ .....

March 23, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၅)

တောကျကျ မြို့လေးက ကျွန်တော်။ ပြောပြချင်သေးသော တောထဲက အကြောင်းများ။ ငယ်ငယ်က ကြုံခဲ့သမျှ၊ တွေ့ခဲ့သမျှ။ ချောင်းထဲမှ ကောက်ရတတ်သော ကျောက်ပုတီးစေ့များ အကြောင်း။ ထိုပုတီးစေ့များကို သတင်းစာထဲတွင် ခဏ ခဏတွေ့ရတတ်သည်။ ရှေးဟောင်းပစ္စည်းများအဖြစ်။ ထိုပုံများကို မြင်ရသောအခါ ကျွန်တော် စဉ်းစားမိသည်မှာ ကျွန်တော်တို့မြို့ နေရာတစ်ဝိုက် တစ်ချိန်က ယဉ်ကျေးမှုထွန်းကားခဲ့ပုံရသည်။ ကျောက်လက်နက်ပုံစံများကိုလည်းတွေ့ရသည်။ မိုးကြိုးသွားဟု ပြောပြောနေကြသည့် ကြေးလက်နက်ကို လည်း မကြာခဏဆိုသလို တွေ့ရတတ်ပါသည်။ ကျွန်တော် တက္ကသိုလ် ၄ တန်း (စက်မှုတက္ကသိုလ်က စတုတ္ထနှစ်ကို ၄ တန်းဟု ပြောကြသည်။ ပထမနှစ်ကို ၁ တန်း၊ ဒုတိယနှစ်ကို ၂ တန်း၊ အဲဒီလို)တွင် အိမ်က ရွှေတွင်းလုပ်တော့ ရွှေလုပ်ကွက်ထဲတွင် ဗြုန်းစုပ်တင်ရင်း မိုးကြိုးသွားဟု ခေါ်သည့် ထိုကြေးလက်နက်ကို တွေ့သည်။ ကျွန်တော့်ညီမျာက စတွေ့တော့ ၀င်းလက်တောက်ပြောင်နေသည့် အ၀ါရောင်တောက်တောက် ဖြစ်နေသည့်အတွက် ရွှေဟုထင်ကာ ၀မ်းအသာကြီးသာခဲ့သည်။ နောက် ကုန်းပေါ်ရောက်လာပြီး နာရီအတော်ကြာ ရေခြောက်သွားတော့မှ ကြေးဖြစ်မှန်းသိရတော့ အပျော်တွေပျောက်ကုန်သည်။ မိုးကြိုးသွားသည် ရေဒီယိုနားထားလျှင် ရေဒီယိုပိတ်သွားသည် ဆို၍ စမ်းကြည့်သည် မပိတ်။ စက်ပေါ်တင်လိုက်လျှင် စက်ရပ်သည် ဆို၍ တင်ကြည့်သည် မရပ်။ ထို့ကြောင့် အစွမ်းထက်သော မိုးကြိုးသွား အဖြစ်ရောင်းရန်မှာလည်း မဟုတ်။ နောက်ဆုံး ထိုကြေးမိုးကြိုးသွားထဲမှာ အနောက်ဖက် အရိုးတတ်ရာဖတ်တွင် အပေါက်ရှိရာ ထိုအပေါက်ထဲမှ တစ်ခုခု များထွက် လာမလားဟု ထင်ကာ တုတ်ဖြင့် ကလှော်ကြည့်သည်။ အထဲမှ ပြာလိုလို အမှုန်များ ထွက်လာသည်ဟု ဆိုပါသည်။ အဖေက ထိုပြာများမှာ ဆရာများ စီရင်ထားသော ပြဒါးသေဟု ဆိုသေးသည်။ ထိုပြာကို ကျိုထားသည့်ခဲထဲ ထည့်ခတ်လိုက်လျှင် ခဲများ ရွှေဖြစ်သည်ဟု ဆိုတုန်း။

ကျောက်ပုတီးစေ့လေးများကိုလည်း ချောင်းထဲမှာ ပင် အတွေ့ရများပါသည်။ ငယ်ငယ်က ကျွန်တော် တစ်လုံးကောက်ရဘူးသည်။ တစ်ချို့အိမ်များတွင် မကောင်းဆိုးဝါးများကို တားနိုင်သည်ဟု ယုံကြည်ကာ တံခါးအ၀င်ဝ၌ ကြိုးကလေးဖြင့် ဆွဲထားတတ်ကြသည်။ ထိုပုတီစေ့ကလေးများက ဆီးဖြူသီး ခပ်ကြီးကြီး အလုံးလောက်ရှိသည်။ အလယ်တည့်တည့်တွင် ဟိုဖက် သည်ဖက် တိုးလျိုပေါက် အပေါက်ကလေးတစ်ပေါက်ပါသည်။ အရောင်က ညိုပြာပြာဟုထင်ပါသည်။ သမိုင်းသုတေသီများ သွားရောက် သုတေသနလုပ်သင့်သည်။ ယခုတိုင် ရှာလျှင် တွေ့ဦးမည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်တို့ အိမ်တွင်ပင် ကြေးလက်နက် ရှိနေပါဦးမည်။ ကျောက်ပုတီးစေ့လေးများကိုတော့ လိုက်မေးလျှင် တစ်အိမ် အိမ်တွင် ရှိနေနိုင်သေးသည်။ ကွင်းဆင်းပြီး ရှာလျှင်လည်း တွေ့ဦးမည်မှာ မလွှဲ။

ကျွန်တော် ငယ်ငယ်က အဖေ ကျောက်ငါးရုပ်လေး တစ်ခု ဖလားခွက်လေးထဲထည့်ထားတာမြင်ဖူးသည်။ ဘယ်သူပိုင်သည့် ကျောက်ငါးရုပ်လေးမှန်း မသိပါ။ ရေထည့်ပေးထားသည်။ တကယ့်ငါးလေးလို။ မျက်လုံးနေရာ။ ပါးဟက်နေရာ။ ဆူးတောင်နေရာလေးများပါသည်။ ရေတော့မကူးပါ။

ပြောနေရင်း ချိုးငှက်ကလေးများ၏ သဘာဝကို သွားအမှတ်ရသည်။ ချိုးကလေးများသည် ဥ အုလျှင် ၂ လုံးသာ အုသည် ဟုဆိုပါသည်။ ၃ လုံးဆိုလျှင် တစ်လုံးမှာ အမြုတေ ဖြစ်သည်ဟု ဆိုသည်။ ချိုးအမြုတေက မီးကွင်းသည်။ မီးဖြင့်ပေါက်ရသော သေနတ်ပြီးသည်ဟု ယုံကြည်ကြသည်။ စာဖတ်တတ်လာတော့ မောင်ဆွေမင်း ရေးသည့် တွတ်ပီ ကာတွန်းများကို ဖတ်ဖြစ်သည်။ ဇာတ်လမ်း တစ်ခုထဲတွင် ချိုးအမြုတေအကြောင်းဖတ်ရတော့ ကျွန်တော်တို့ဖတ်က ယူဆတာနှင့် သွားတူတာကို အမှတ်ရဖူးသည်။ ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးပါ။
အမြူတေများအကြောင်းပြောရင်းအစွမ်းထက်တာတွေအကြောင်းပြောသည့် ဆရာတစ်ဦးစကားကို အမှတ်တရ ဖောက်သည်ချလိုသည်။ ဆရာပြောပြသည်က ဘိုးတော်အကြောင်း။ လူတွေက ဘိုးတော်ဆီ အဆောင်တောင်းတော့ ဘိုးတော်က ပေးစရာရှာပေးသည်ဟုဆိုပါသည်။ ရေမချိုးတာလည်း ကြာပြီဖြစ်သည့်အတွက် အင်္ကျီထဲ လိုက်နှိုက်လိုက်သည်။ ချိုင်းကြားကို စမ်းသည်။ လက်နှင့် ပွတ်ကြည့်သည် ထွက်လာသည့် ချေးကို လက်နှင့်လုံးကာ အလုံးလေးပြုလိုက်သည်။ ပြီးတော့ အဆောင်တောင်းသူကို တစ်လုံးကြစီ ပေးသည်။ အဆောင် တောင်းသူတို့က တရိုတသေယူကြရှာသည်။ ပုလင်းသေးသေးလေးတွေနှင့်။ နောက်မှ ဘိုးတော်က ပြောသည် ...


"ကဲ ကဲ ဆောင်ထားရင် လေးတယ်"

"ရှူ ရင် နံတယ်"

"ရေစိမ်ပြီးသောက်ရင် သေးပေါက်တယ်"


တောကြား တောင်ကြား ဗဟုဟုတဝေးသေးသော ကျွန်တော်တို့ နယ်သူနယ်သားထံတွင် ယခုထိ ယုံကြည်ကာ စုန်းစာချ၊ တစ္ဆေပစ် ဆိုသည့် ရိုးရာများရှိဆဲ။ စုန်း၊ ကဝေ ၊ တစ္တေ ၊ မှင်စာ ဇာတ်လမ်းများအကြောင်း ... ပြန်ပြောင်း၍ လည်းပြောပါဦးမည် ..
.
.
.
.
မေခွန်း (၁) မိုးကြိုးသွားမြင်ဖူးပါသလား။
မေခွန်း (၂) ချိုးအမြူတေအကြောင်းဘာတွေများ သိထားပါသေးလဲ။
မေးခွန်း (၃) စုန်းအကြောင်း စိတ်ဝင်စားပါသလား။
မေးခွန်း (၄) တစ္ဆေအခြောက်ခံရဖူးပါသလား။ ကြောက်သလား။
.
.
.
.

March 22, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၅)

အင်းတော်ဆိုသည့် နာမည်နှင့်လိုက်အောင် အင်း၊ အိုင် အတော်ပေါပါသည်။ ကျွန်တော့်ဘကြီး အိမ်ရှေ့တွင် မြောင်းရှိသည်။ ၆ ပေလောက်ကျယ်သည်။ ရထားလမ်းကို ပေ ၂၀ ခန့်ရှည်သော တံတားအောက်မှ ဖြတ်စီးသည်။ ထိုတံတားမှာ တံတာတိုလေးသာ။ အင်း၊ အိုင် ပေါသည့် အလျောက် ငါးလည်း အလွန်ပေါသည်။ ငါးကြီးများတော့ မဟုတ်ပါ။ ငါးခူ၊ ငါးရံ့၊ ငါးပြေမ၊ ငါးကျည်း၊ ငါးသလက်ခေါက်၊ ငါးစင်ရိုင်း စသည့်ငါးများ။ ငါးဖယ်လည်းရှိသည်။ နည်းနည်းရှားသည်။
ကျွန်တော် အင်းတော်ရောက်စ ပထမဆုံး ငါးမျှားသည်ကို ခုထိမှတ်မိဆဲ။ ငယ်စဉ်က ကျွန်တော် ငါးမျှားတာ ၀ါသနာ ပါဖူးသည်။ ကျွန်တော့် အစ်ကိုထံမှ ငါးမျှားချိတ်နှင့် ငါးမျှားတံ ရလာသည်ဟု ထင်ပါသည်။ ငါးဘယ်လိုမျှားရမှန်း ကျွန်တော်မသိပါ။ တီကောင်ကို ငါးမျှားချိတ်တွင် တပ်ပြီး ငါးများမြင်နေရသည့်နေရာတွင် ချကြည့်သည်။ ငါးလာမဟပ် သေးပါ။ ကျွန်တော်က စိတ်မရှည်။ လူကြီး သူကြီးပြောသည့် စကားကို အမှတ်ရသည်။ ငါးပွက်ရာ ငါးစားချ ဆိုသည့် စကား။ တကယ်ပင် ကျွန်တော်က ငါးပွက်ရာ ငါးစာလိုက်ချသည်။ အခါ ၂၀ - ၃၀ လောက် လိုက်ချရင်း တစ်နေရာတွင်တော့ ငါးတစ်ကောင် ဆွဲပြေးတော့သည်။ ကျွန်တော်လည်း ငါးမျှားတံကို သုတ် (ဆွဲတင်သည်) တော့သည်။ ငါးတစ်ကောင် ဖပ်လပ် ဖပ်လပ်ဖြင့် ပါလာသည်။ ကျွန်တော့် စိတ်ထင် အတော်ကြီးသည်။ ငါးက စိမ်းပြာပြာ။ ကျွန်တော် ဗန်းမောက်တွင် တစ်ခါမှ မမြင်ဖူး။ ဗန်းမောက်တွင် ကျွန်တော် မြင်ဖူးခဲ့သည်က။ ဖြူဖြူဖွေးဖွေး ငါးခုံးမ၊ ငါးလူး၊ ငါးရံ့၊ ငါးကျည်း၊ ငါးစင်ရိုင်း စသည့် ငါးများ၊ မိုးတွင် အမေ၀ယ်လာတတ်သည့် ငါးပတ် များ။ ခုငါးက စိမ်းပြာပြာ၊ အကောင်က ဆူးတွေနှင့် ကျွန်တော် မကိုင်ရဲ။ ငါးစင်ရိုင်းလို ကိုင်လျှင် အဆိပ်တက်မည်လည်းကြောက်သည်။ ငါးကျည်းတွတ်မိလျှင် မလွယ်။ အီစိမ့်နေအောင် ခံရသည်။ ကျွန်တော်ငါးမျှားတံကြီးအလိုက်မပြေးသည်။ ထိုငါးပြေမသည် ကျွန်တော့် ဘ၀တွင် ပထမဆုံး မျှား၍ ရသော ငါးဖြစ်သည်။ ထို အချိန်က ကျွန်တော်ပျော်ခဲ့ပါသည်။ ငါးကြီးဖမ်းမိ၍။ ခုတော့ ထိုငါးလေး ဘယ်ဘ၀ရောက်နေပြီ မသိပါ။ တိရိစ္ဆာန်ဘ၀မှ လွတ်ပါ ကျွတ်ပါစေဟုသာ ဆုတောင်းလိုက်ပါသည်။ ပြုသမျှကုသိုလ် ကိုလည်း သူ့အား အမျှဝေပါသည်။


ငါးပြေမ



ငါးကျည်း
ငါးစင်ရိုင်း

ငါးခုံးမ



ငါးခူ

ငါးပတ်


ငါးလူး


ငါးဖယ်

ထိုမြောင်းကလေးမှာ မိုးအခါ ရေကြီးသည်။ ရေများက တဟုန်ထိုး။ မိုးတစ်ည ရွာသည်နှင့် အင်းတော်မြို့က ရေနစ်နိုင်သည်။ မိုးတွင်း ရေကြီးသည် ကို နှစ်စဉ်ကြုံသည်။ အင်းတော်သို့ ကျွန်တော်ရောက်စနှစ်များကတော့ နည်းနည်း သက်သာသည်။ ရေစီးရေလာကောင်းသည်ကိုး။ နောက်ပိုင်းနှစ်များတွင် ပိုပိုဆိုးလာသည်။မြောင်းများ ပိတ်ကုန်သည်။ ရှင်းသူမရှိ။ မြောင်းများပိတ်သောကြောင့် ရေများထွက်ပေါက်ပိတ်ကာ အိုင်ဖွဲ့လာပြီး ရေကြီးသည်။ ၁၀ တန်းနှစ်တွင်မူ ရေကြီးလွန်သည့်အတွက် စာသင်ခန်းများအတွင်း ၀င်သောကြောင့် စာမေးပွဲဖြေရက် ကိုပါ ကျောင်းပိတ်လိုက်ရသည်။ ထိုစဉ်က ပထမ အစမ်းစားမေးပွဲ။ သီတင်းကျွတ် ပလ္လင်ဆေးမိုး။

ကျွန်တော့်ဘကြီး အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်။ ရေစကြီးပြီဆို အိမ်ဝင်းထဲ မြောင်းထဲမှ ရေများလျှံဝင်လာသည်။ ရေကြီးပြီဆိုလျှင် သောက်ရေ နှင့် ထမင်းချက်စရာ သုံးရေက ဒုက္ခရောက်သည်။ ရေတွင်း ဘောင်နိမ့်လျှင် ရေတွင်းမှာ ရေနစ်ပြီး ရေက သုံးမရတော့။ ရေကျလျှင် ရေတွင်း ပက်ဖို့သာပြင်။ အင်းတော်ရေတွင်း များက ရေတွင်းတိုင်းမကောင်း။ ရေဆီများတက်သည်။ ရေစေးတွေ။ ဆပ်ပြာအမြုပ်ကောင်းကောင်းမထွက်။ ရေခပ်ပြီး ပုံးထဲထည့်ထားလျှင် မနက်ဆို အနည်များက ပုံးတွင် အရစ်လိုက်။ ထို့ကြောင့် ရေစစ်ရသည်။ သဲနှင့် ဖွဲပြာ၊ ကျောက်ချဉ် စသည်တို့ဖြင့်။ အင်းတော်တွင် ရေတွင်းနှင့် ရေစစ်ကန်လေးများ တွဲလျက်ရှိတတ်ကြသည်။ ရေကတော့ ပေါပါသည်။ ၈ ပေ ၉ ပေ လောက်ရေတွင်းဆို သုံးမကုန်။

အင်းတော် ရေကြီးသောရက်များက ကျွန်တော်တို့ ကလေးများအဖို့ကတော့ ပျော်စရာကောင်းပါသည်။ ရေထဲဆင်း ရေကူး။ ရေ၀ါဝါ၊ ရေနီနီတွေထဲ။ အမှန်တော့ အိမ်ကြိုအိမ်ကြားမှ စီးလာသည့် အတွက် အီးတုံးများလည်းပါပါသည်။ မြောင်းထဲ ရေကူးနေစဉ် အနီးကပ်လာမှ မြင်မိလျှင်ရှောင်မလွတ်တော့။ လက်နှင့်ကလည်း မကိုင်ချင်။ ဝေးဝေးလည်းသွားလို့မရတော့။ ရှိရာနည်းသုံးရတော့သည်။ ရေငုပ်ကာ ရှောင်လိုက်ရသည်။ အီးတုံးက အပေါ် ကိုယ်ကအောက်။ ပါးစပ်ကို တင်းအောင် စေ့ထားရသည်။ (:P)

ရေကြီးသည့် ရက်များအကြောင်းက စိတ်ဝင်စားစရာကောင်းသည် .. ..... ခုတော့ နားဦးမည် (:D)
.
.