December 14, 2008

သင်ဘယ်လောက်များ ချစ်သလဲ တိုင်းရအောင် Love Meter




သူနှင့် ကျွန်တော့် အချစ်ကို တိုင်းလိုက်ရာ ၇၅ ရပါသည်။ နည်းနည်းနှောနှော အချစ်တော့ မဟုတ်ပါ။ :D

သူနှင့် ကျွန်တော် ချစ်စနိုးခေါ်ကြသောနာမည်ဖြင့်သာ စမ်းပါက ၈၀ ရသည်။ ကဲ ဘယ်လောက်ချစ်သလဲ သိပြီလား။

December 12, 2008

ဟောင်ကောင်သို့တစ်ကိုယ်တော်ခရီး (၆)

ညက ၀မ်းနည်းမိုးတိမ်းများ အခန်းထဲ မိုးအိမ်ဖွဲ့ပြီး မနက်မိုးလင်းသည် အထိ သည်းသည်းမည်းမည်း ရွာချခဲ့သည်။ အိပ်မပျော်သောညမှာ ရင်အပူကို ထိုမိုးရေစက်တို့က မအေးစေနိုင်ခဲ့။ သက်ပြင်းများ အခါခါချရင်း မိုးလင်းခြင်းကို မျှော်ရသည်က တခဏဟု မမှတ်ယူနိုင်သော စိတ်ဆင်းရဲပင်ပန်းလွန်းသည့် ကာလများ .....


နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ခင်း ၈ နာရီလောက်တွင် အိပ်ရာထဲ လှဲနေရင်း မိုးရေများဖြင့် စိုးရွဲနေသော ..... ခန္ဓာကိုယ်ကို နွမ်းနယ်စွာ ငေးမောရင်း ......


အဲလို မော်ဒန်ဆန်ဆန်ရေးတော့ အဆင်ပြေသလားမသိ။ မနေ့ညနေက အခန်းထဲ ပြန်မလာမီ ဟိုတယ်ကောင်တာတွင်


"Disney Land ကို မနက်ဖြန်သွားလည်ချင်တယ်။ ဘယ်လိုသွားရလဲ။"


"လွယ်ပါတယ်ဗျာ။"


MTR မြေပုံတစ်ခုယူလာပြီး။



"ခု သူငယ်ချင်းရောက်နေတာက သည်နေရာ။ ဒါကြောင့် သည် Tsuen Wan ဘူတာကနေ MTR စီး Lai Kin ရောက်ရင် MTR ပြောင်းစီး ပြီးရင် အ၀ါရောင်လိုင်း အတိုင်း Sunny Bay ကို ဆက်စီး။ ပြီးရင် Disneyland Resort ကိုသွားတဲ့ ရထားစီး ဒါဆိုရောက်ပြီ။"


"အိုကေဗျာ။ ဒီနေ့ သွားလို့ရဦးမလား။"


"အဆင်မပြေဘူးဗျ။ ည ၉ နာရီထိုးနေပြီ။"


"အိုကေ ဒါဆိုလည်း မနက်ဖြန်မှပဲသွားတော့မယ်။ စကားမစပ် ဟောင်ကောင်မြေပုံလေးများရနိုင်မလားခင်ဗျ။"


"အော်ဟုတ်ကဲ့။ ဟိုမှာ သွားယူပါခင်ဗျာ။"


သူပြသောနေရာတွင် မြေပုံစာရွက်လေး သွားယူပြီး ကျွန်တော် မနေ့က အခန်းကို ပြန်ခဲ့သည်။ ရွာနေသော မိုးစက်များကို ဆွေးမြေ့စွာခံစားရင်း ....




မနက် ၉ နာရီတွင် ကျွန်တော်ရေချိုးသည်။ ၀တ်စုံပြောင်းသည်။ ခါတိုင်းလိုပင် အိတ် ၃ အိတ် လွယ်ရသည်။ အ၀တ်အစား၊ လက်တော့ပ်၊ ကင်မရာ။ အ၀တ်အစားက နောက်ကျော။ လက်တော့ပ်ကဘေး၊ ကင်မရာက အရှေ့။ အရူးကြီးနဲ့များ တူနေမလားမသိပါ။ နောက်ပိုင်း အမှတ်တရ ဓာတ်ပုံများတွင်ကြည့်ပါ။ အသေအချာတွေ့ပါမည်။


ဟိုတယ်ကောင်တာရောက်တော့ မနက် ၁၀ နာရီထိုးလုပြီ။


"Tsuen Wan ဘူတာကို ဘယ်လိုသွားရမလဲခင်ဗျ။"


ဟိုတယ်ရှေ့မှ လမ်းကို လက်ညှိုးထိုးပြပြီး။


"သည်လမ်းအတိုင်း အဲဒီဘက် ဖြောင့်ဖြောင့်ပဲလျှောက်သွား။ ပထမ ခုံးကျော်တံတားဖြတ်ပြီး။ နောက် ဒုတိယ ခုံးကျော်တံတာ ဟာ Tsuen Wan ဘူတာပဲ။"


"အိုကေ ကျေးဇူးတင်ပါတယ်ဗျာ။"


မနေ့က Deposite ပေးထားသော ပိုငွေကို ထုတ်ယူပြီး ထွက်လာခဲ့သည်။ Disneyland သို့ ခရီး စချေပြီ။


Tsuen Wan ဘူတာတွင် Disneyland ထိ လက်မှတ်ဝယ်လိုသည်။ ကျွန်တော် ရထားလက်မှတ် ခုမှ ကိုယ်ဟာကို စ၀ယ်ခြင်းဖြစ်သည်။ အကြွေစေ့ထည့်ရာတွင် အကြွေစေ့များမှာ ကျွန်တော်ရင်းနှီးသည့် အကြွေစေ့များ မဟုတ်သည့် အတွက် မပြည့်တတ်ဖြစ်နေသည်။ ကြောင်တောင်တောင် ဖြစ်နေသောကြောင့် လက်မှတ်လာဝယ်သည့် အစ်မကြီး တစ်ယောက်ကို လှမ်းခေါ်ပြီး သူကို နမူနာဝယ်ခိုင်းကြည့်သည်။ ကျွန်တော် သိသွားပြီ။ ထို့ကြောင့် ဟိုတစ်နေ့က လက်မှတ် ဘယ်လိုဝယ်ရသည် ဆိုသည်ကို ရေးပြနိုင်ခြင်းဖြစ်သည်။ တောသားမို့ နည်းနည်းမက များများ "အ" ပါသည်။


ရထားလက်မှတ်ရတော့ ရထားပေါ်တက်ပြီး။ Disneyland ခရီး စတော့သည်။ လမ်းတွင် တွေ့ရသည့် လွမ်းမောဖွယ် ဟောင်ကောင်ရှုခင်းများကို ဖော်ပြလိုက်ပါသည်။






လွမ်းမောဖွယ်ဟောင်ကောင် ရှုခင်း

ဤလိုရှုခင်းမျိုးမြင်ရတော့ ဘာကို လွမ်းသလို ညာကို လွမ်းသလို "လိုလို ..... လိုလို" ကြီး စဖြစ်တော့သည်။





ဟောင်ကောင် ရထားဘူတာလမ်းညွှန်



Sunny Bay ဘူတာတွင် အမှတ်တရ


Sunny Bay ဘူတာတွင် အမှတ်တရဓာတ်ပုံ ရိုက်ပေးခဲ့သည့် မိတ်ဆွေ



လွမ်းမောဖွယ်ဟောင်ကောင်ရှုခင်း



လွမ်းမောဖွယ်ဟောင်ကောင်ရှုခင်း



လွမ်းမောဖွယ်ဟောင်ကောင်ရှုခင်း





ဟောင်ကောင် MTR ပေါ်တွင် လည်း လူကြပ်ပါသည်။


Disneyland ဘူတာ
Disneyland ဘူတာသည် အသွင်အပြင်ပြောင်းသွားသည်။ အခြား MTR ဘူတာများနှင့် မတူတော့။ ပုံစံပြောင်းထားကာ စတင် ဖမ်းစားချေပြီ။ ကျွန်တော်လည်း Disneyland ကို လည်ပတ်ရန် ဘူတာကို ဖြတ်သန်းပြီး ၀င်ခဲ့တော့သည်။ ဘူတာလွန်ပြီးသောအခါ Disneyland အ၀င်ဝကို အောက်ပါပုံ အတိုင်း တွေ့ရတော့သည် ...
Disneyland အ၀င်ဝ

Disneyland အ၀င်ဝ အမှတ်တရ
အမှတ်တရတော့ ရိုက်မှ ဖြစ်မည်ဟု ထင်သောကြောင့် အမှိုက်ပုံးလိုက်ရှာသည် ထိုနားတွင် နီးနီးနားနား မရှိ။ ဓာတ်ပုံရိုက်ပေးနိုင်လောက်သူ ကို လိုက်ရှာရပြန်သည်။ တွေ့ပြီ......
"ကျွန်တော့်ကို အမှတ်တရ ဓာတ်ပုံလေးရိုက်ပေးပါလားဗျာ။"
"အိုကေရပါတယ်။"
Disneyland အ၀င်ဝ အမှတ်တရ
"ချလပ်"
"ခဏ နောက်တစ်ပုံ"
"ချလပ်"
"ကျေးဇူး တင်ပါတယ်ခင်ဗျာ။"
"ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး။ ပထမပုံက ပိုကောင်းမယ်ဗျ။"

Disneyland အ၀င်ဝ အမှတ်တရ ဓာတ်ပုံရိုက်ပေးသည့် မိတ်ဆွေ

ကျွန်တော်လည်း သူတို့ကို အမှတ်တရ အဖြစ်ရိုက်လာခဲ့သည်။ ကျေးဇူးရှိသူများပေကိုး။
Disneyland အ၀င်ဝ အမှတ်တရ

Disneyland အ၀င်ဝ အမှတ်တရ

Disneyland အ၀င်ဝ အမှတ်တရ
Disneyland အတွင် စိတ်ဝင်စားစရာများစွာ ....
စာအုပ်ထဲတွင်သာ ဖတ်ဖူးခဲ့သည်များကို ကျွန်တော်လက်တွေ့ကြုံတွေ့ခဲ့ရသည်။
အမှတ်တရလေးများ ....
အမှတ်တမဲ့လေးများ ....
အထီးကျန်မှုများ ......
တွေတွေငေးငေး ......
ဟိုးအဝေးကြီး က မြန်မာပြည်ကို မျှော်ကြည့်ရင် ....
Disneyland အတွင်း တစ်နေ့တာ .....
ကြုံခဲ့တွေ့ခဲ့သည်ကို ........
(ဆက်ရေးပါဦးမည်။)

December 11, 2008

ဟောင်ကောင်သို့ တစ်ကိုယ်တော်ခရီး (၅)

အခန်းထဲရောက်တော့ အိပ်ရာပေါ်လဲပြီး ခဏနားဖြစ်သည်။ မျက်လုံးပိတ်ပြီး ဟောင်ကောင်ရောက်လာသည့် အကြောင်းကို ပြန်စဉ်းစားဖြစ်သည်။ ပျော်ရွင်သောစိတ် အလျဉ်းမရှိပါ။ စင်ကာပူကိုသာ ချက်ချင်းပြန်ရောက်သွား လိုသည်။ ကျွန်တော့် အတွက် ပျော်စရာ မဲ့နေသည်။ ကျွန်တော် ဟောင်ကောင်ကို အလည်လာခဲ့ခြင်းမဟုတ်။ နားမလည်နိုင်သေးခြင်းအတွက် ၀မ်းလည်း အလွန်နည်းမိသည်။ မနက်က ဟိုတယ် မရှာမီ ကျွန်တော် မြန်မာ အချိန် ၆ ခွဲ ၇ နာရီလောက်မှန်းပြီး ကျွန်တော် ဖုန်းခေါ်ဖြစ်သည်။ သံယောဇဉ် ဆိုသည်ကား ပြောပြ၍ ရကောင်းသော အရာမဟုတ်။ နားလည်ရခက်သော အရာ။ တစ်စုံတရာကို ကျွန်တော်ကြိုသိနေသော်လည်း မျှော်လင့် ချက်ကလေးဖြင့် အသက်ရှင်လိုခဲ့သည်။ ပထမအကြိမ်ခေါ်တာ သူနှင့်မတွေ့၊ ဒုတိယ အကြိမ်ဖုန်းခေါ်တော့ သူကိုင်သည်။ သူ စိတ်ဆိုးသမျှတွေပြောနေစဉ် ကျွန်တော်သူ စိတ်ဆိုးပြေသည် အထိပြောပါစေဟု နားထောင်နေစဉ် ရေအောက်လမ်းကို အဖြတ် ဖုန်းပြတ်သွားသည်။ သူစိတ်ဆိုးနေမှန်း ကျွန်တော် ပိုသိလာခဲ့သည်။ ကျွန်တော်ထားခဲ့သော မျှော်လင့်ချက်ကလေး ငွေ့ငွေ့ပင် မကျန်လောက်အောင် ဖြစ်နေပြီမှန်းကို ကျွန်တော် ပိုသိရသည်။ အလွန်နာကျင်သော ခံစားမှုမှန်း ခံစားဖူးသူများ ခံစားနားလည်နိုင်သည်။ ထိုအရိပ်များ တရေးရေးတွေးရင် ရင်တွင် အပူတွေသာ တိုးတိုးလာသည်။ "သြော် ဖြစ်ရလေ" ဟု သက်ပြင်းလည်း အခါခါ ချမိသည်။
ကျွန်တော်သည် ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသူ မဟုတ်ပါ။ ဤလို နိုင်ငံရပ်ခြား တိုင်းတစ်ပါးထိ ကျွန်တော့် သံယောဇဉ်ကြောင့် ကျွန်တော် ရောက်လာမည်မှန်း လည်း ကြိုမသိခဲ့ပါ။ ထို့ကြောင့် ကျွန်တော် မတည်းဖူးသော ဟိုတည်တွင် တည်းရသည့် အတွက် အမှတ်တရ တော့ မှတ်တမ်းတင်ထားလိုက်ဦမည်ဟု စိတ်ကူးကာ အခန်းတွင်း အပြင်အဆင်များကို ဓာတ်ပုံရိုက်မိတော့သည်။
အခန်းတွင်းမှ ရေနွေးတည်စရာ လျှပ်စစ်ရေနွေးကရား၊ အင်တာနက် အတွက် Network socket ရှိသည်။ ကွန်ပျူတာအတွက် Power Socket ထားပေးသည်။

ရေခဲသေတ္တာ အသေးလေးရှိသည်။ အ၀တ်ချိတ်စရာ အင်္ကျီချိတ်များထားပေးသည်။ သော့ခတ်ပြီး ပိတ်သိမ်းထားစရာ သေတ္တာလေးပါသေးသည်။


ဆက်စရာ တယ်လီဖုန်းထားပေးသည်။ ပြည်ပခေါ်နိုင်သည်။ ကျသင့်ငွေကိုတော့ ရှင်းပေးရမည်။ ၂ ယောက်ခန်းဖြစ်ပါသည်။ ခုတင် ၂ လုံးကို ဓာတ်ပုံတွင် တွေ့နိုင်သည်။

ရေချိုးခန်းထဲတွင် တစ်ခါသုံး ရှမ်ပူများ၊ ဆပ်ပြာများရှိသည်။

ရေသုတ်စရာ တဘက်များပါထားပေးသည်။

တစ်ခါသုံး သွားတိုက်တံနှင့် သွားတိုက်ဆေး

အိပ်ရာပေါ်မှာ ခဏလှဲနေစဉ်



ဆက်စရာဖုန်း၊ အခန်းတွင်း စီးစရာ ဖိနပ်၊

သောက်စရာလက်ဖက်ရည်

ရေလည်းဆာသည်နှင့် အမှတ်တရ ဖျော်သောက်ဖြစ်သည်။


အခန်းတွင်း အမှတ်တရ ထိုင်လျက်

ရေချိုးခန်းတွင်း အမှတ်တရ

ကျွန်တော် တစ်ညတာ အနားယူခဲ့သော ဟိုတယ်။
ဟိုတယ်တွင် နေရတာ ပျင်းလာသောအခါ ကျွန်တော် အပြင်ခဏ လမ်းလျှောက်ထွက်ရင် လမ်းတွင် အမှတ်တရ ရိုက်ဖြစ်သည်။

ထမင်းဆာလာသည်နှင့် စားခဲ့သော ခေါက်ဆွဲလေးတစ်ပွဲ။ ဘယ်လိုမျှ စားလို့မကောင်းပါ။
ဟိုတယ်ပြန်ရောက် ပြီး အပျင်းပြေလျှောက်ရိုက်


ညနေပိုင်း အပြင်ဘက်ထွက်ပြီး လမ်းဘေး တစ်နေရာတွင် အင်တာနက် သုံးရင်း
စင်ကာပူမှ သူငယ်ချင်း ၀င်းစိုးနှင့် Chatting ထိုင်ရင်း ....



အလှထွန်းထားသော မီးများနှင့်ဟောင်ကောင်ညချမ်း
ထိုနေ့ည ကျွန်တော် အိပ်ပျော်ခဲ့သည် ဟုထင်ပါသလား ဘလော့ဂ် မိတ်ဆွေများခင်ဗျာ ..........................

December 10, 2008

ချစ်ဒုက္ခ


ကိုစိုင်းထွန်းလူ ပို့ပေးပါသည်

December 8, 2008

ဟောင်ကောင်သို့တစ်ကိုယ်တော်ခရီး (၄)



၂၀၀၈ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၈ နာရီလောက်တွင် ကျွန်တော် ဟိုတယ်အခန်းရရန် လိုက်မေးပြီးချေပြီ။ ကြိုတင်မှာထားခြင်းမရှိသည့် အတွက် အခန်းမရပါ။ ပြည့်နေကြသည်။ ထိုကြောင့် ကျွန်တော် အေးအေးဆေးဆေး ထိုင်လို့ရသည့် နေရာရှုာသည်။ အထက်ပါ ရှုခင်းမျိုးရှိသည့် နေရာလေးတွင် ကျွန်တော်ထိုင်စရာခုံတွေသည့် အတွက် ကျွန်တော့်အိတ်များကိုချပြီး လက်တော့ပ်ထုတ်ကာ online ပေါ်တက်ရန်ကြိုးစားရသည်။ ၀ိုင်းယာလက် Access လိုက်ရှာရာ Unsecured Network ကိုတွေသည့် အတွက် ၀င်ချိတ်ပြီး Google ဖွင့်ကာ ဟိုတယ်အခန်းလွတ်လိုက်ရှာသည်။ အခန်းလွတ်ရှိသည့် ဟိုတယ်ကို ဖုန်းဆက်ပြီး အခန်းကြိုတင်မှာလိုကြောင်းပြောသည်။ ရသည်ဆိုသည်။ ၂၁ ရက်ည တစ်ရက်ပဲရမည်ဟု ဆိုသည်။ ကျွန်တော်လည်း တစ်ညဆိုလည်း မဆိုပါဘူးဟု ပိုင်းဖြတ်ကာ အခန်းယူမည့်အကြောင်း ပြောသည်။ ကျွန်တော့်ကို "ဘယ်နေရာ ရောက်နေတာလဲ" ဟုမေးသည်။ ကျွန်တော်က ဟောင်ကောင်ကို ဘယ်တုန်းကမျှ မရောက်ဘူးသည့် အတွက် ဘယ်ရောက်နေသည့် မသိသည့် အကြောင်း ပြောသည်။ ထိုအခါ ဟိုတယ်ဝန်ထမ်းက နံနက် ၁၀ နာရီထိုးအထိ ကျွန်တော့်ကို စောင့်မည့်ဟု သတိပေးသည်။ ထိုအချိန်ထက် လွန်သွားလျှင် အာမ မခံနိုင်ကြောင်းပါ ထပ်ပြောသည်။ ထိုကြောင့် ကျွန်တော် တက္ကစီငှားကာ ဟိုတယ်သွားရန် ပြင်ရတော့သည်။


ဟိုတယ်မရှာမီ မနက်ပိုင်းရိုက်ထားသောဓာတ်ပုံ


ဟိုတယ်မရှာမီ မနက်ပိုင်းရိုက်ထားသောဓာတ်ပုံ


ဟိုတယ်မရှာမီ မနက်ပိုင်းရိုက်ထားသောဓာတ်ပုံ

ကျွန်တော်ဟိုတယ်ကိုသွားရန် တက္ကစီငှားရာ ပထမတက္ကစီသမားက ကျွန်တော်သွားလိုသောနေရာကို မသိဟုဆိုသည်။ ကျွန်တော် အတော်အံ့သြသွားသည်။ လမ်းမသိဘဲ တက္ကစီမောင်းစားနေသည်ကို အထူးအဆန်းဖြစ်သွားသည်။ နောက်တစ်စီးကတော့ အဆင်ပြေသည်။ အင်္ဂလိပ်စကားကို ရေရေလည်လည်ပြောတတ်သည်။ သူ့ကိုလိပ်စာပြတော့ ကောင်းလုံကမ်းဖက်ကူးရမည်ဟု ပြောသည်။ သူလည်း လမ်းညွှန်မြေပုံစာအုပ်လေးထုတ်ပြီးမှ ရှာပြီးပြောခြင်း ဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် သိသည်ဆို၍ အဆင်ပြေပါသည်။ ဘယ်လောက်ကျနိုင်လဲဟု ကျွန်တော်မေးကြည့်ရာ ခန့်မှန်းခြေ ၁၈၀ လောက်ကျမည်ဟု ပြောသည်။ ကျွန်တော့် စိတ်ထဲတွင်တော့ "တယ်ဟုတ်တဲ့ ဘိုးတော်ပါလား" ဟု ဖြစ်သွားသည်။ ကျွန်တော် သူ့တက္ကစီကို ငှားပြီး ဟိုတယ်ရှိရာ ထွက်လာခဲ့သည်။
သူပြောပြသည်မှာ ဟိုးတုန်းက ဟောင်ကောင်မှ ကောင်းလုံသို့ ကူးလိုလျှင် ကူးတို့ဖြင့် ကူးရကြောင်း ၂ နာရီခန့်ကြာကြောင်း၊ ယခု ပင်လယ်ရေအောက်လမ်းဖောက်လိုက်မှ မြန်သွားကြောင်း ၁၅ မိနစ်လောက်သာ ကြာတော့ကြောင်း ပြောသည်။ ထိုရေအောက်လမ်းထဲဝင်သွားရာတွင် တယ်လီဖုန်း အဆက်အသွယ်ပြတ်ပါသည်။ ဘာ့ကြောင့် ကျွန်တော် သိသလဲဟု ဆိုလျှင် ကျွန်တော်ဖုန်းပြောနေစဉ် ထိုရေအောက်လမ်းအဖြတ်၌ ဖုန်းလိုင်း ပြတ်သွားသောကြောင့်ပင်။
ဟိုတယ်ရောက်ကာနီးလမ်းတွင် ပတ်ချာလည်နေသည်။ တက္ကစီဆရာက ကျွန်တော့်ကို ဟိုတယ်ရှေ့အရောက်ပို့ပေးလိုသည်။ လမ်းမှာ အလယ်တွင် လမ်းခြားအုတ်ရိုးရှိသောကြောင့် ဟိုတယ်ကို မြင်ရပြီးမှ မရောက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် သူပတ်မောင်းပြီး ထိုလမ်းကို ၀င်ရန်ကြိုးစားသည်။ မရောက်နိုင်ပါ။ ၅ ပတ်လောက်ပတ်ပြီးမှ သူလက်လျှော့ကာ ဟိုတယ် အနောက်ဖက် ကားလမ်းတွင် ကျွန်တော့်ကို ချပေးပြီး
"သည်ကနေ၀င်သွား ဟိုတယ်ရှေ့ကို ပတ်ဝင်လို့ မရဘူးဖြစ်နေတယ်။"
ဟုပြောကာ လမ်းပြရှာသည်။
ကျွန်တော်က
"သေချာလို့လားဗျာ။ ခု ၁၀ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ်။ ခင်းဗျာလွဲရင် ကျွန်တော်က အားလုံးရှုံးမှာ တက္ကစီခလည်းရှုံးမယ်။ ဟိုတယ် အခန်းလည်းရမှာ မဟုတ်ဘူး။"
ဟု ပြောရာ သူကသေချာကြောင်း။ သည်မှာစောင့်နေမည့်အကြောင်းပြောသည်။ ကျွန်တော်လည်း သူမျက်လုံးများကို ကြည့်ကာ ယုံကြည်လောက်သူဟု ယူဆသည့်အတွက် ဘာမျှ မပြောပဲ သွားလိုက်သည်။ ဟိုတယ်တွေပါသည်။ ထို့ကြောင့် ကျွန်တော် အခန်းကြိုတင်မှာထားသည့် အကြောင်းပြောကာ အခန်းငှားလိုက်သည်။ ဟဲ ဟဲ .... သည်တစ်ခါတော့ အဆင်ပြေပါသည်။ တောသားအကြံ ဟောင်ကောင်သား မခံနိုင်တော့ပါ။ ...
ဟိုတယ်တွင် ဖွင့်စရာသော့မပေးပါ။ ကဒ်ပြားလေးပေးသည်။ ထိုကဒ်ပြားကို ကျွန်တော့် သော့မှန်း အမှန်ပင်မသိပါ။ ကဒ်ပြားပါ နံပါတ်အတိုင်း ခပ်တည်တည် တက်သွားသည်။ တောသား ကျွန်တော် လူလည်ကြီး လုပ်သည်။ လမ်းတွင်တွေ့သည့် ဟိုတယ် ၀န်ထမ်းကို ခပ်တိုးတိုးတော့မေးရသည်။ ကဒ်ပြားပေါ်တွင် ရေးထားသော နံပါတ်မှာ ၁၂၀၄ ဖြစ်သည်။ ထိုကြောင့် ဘယ်လိုမှန်း ကျွန်တော်သေချာမသိ။ စင်ကာပူတွင် ပရောဂျက် စာဖိုင်နံပါတ်စဉ်သည်ကို သတိရ၍ အလွှာ ၁၂ ၊ အခန်း ၄ လား ဟုမေးရာ ကွက်တိမှန်နေသည်။
အခန်းရှေ့ရောက်မှ အခန်းတံခါးကို သေချာကြည့်ကာ ဘယ်လိုများဖွင့်လဲကွာ ဆိုပြီးစဉ်းစားသည်။ တံခါးတွင် ကဒ်ပြားထိုးထည့်စရာလေးတွေ့သဖြင့် ကဒ်ပြားကို သေချာပြန်ကြည့်ရသည်။ ကဒ်ပြားတွင် ဘယ်လိုဖွင့်ရကြောင်း လမ်းညွှန်လေး ရေးထားသည်။ ကဒ်ပြားလေးကို ထိုးထည့်ပြီး မီး အစိမ်းလေး လင်းလာလျှင် ခလုတ်ကလေးကို ဖိပြီး ဖွင့်လိုက်ရုံပင်။ ထို့ကြောင့် ကျွန်တော် ကဒ်ပြားကို အပေါက်ထဲ ထိုးထည့်ကြည့်သည် မီးအစိမ်းလေး လင်းလာသည် ခလုတ်ကို သူတို့လမ်းညွှန်ထားသလိုဖိကြည့်သည့် မရ။ ၄ ခါလောက်စမ်းကြည့်သည်။ မရ။ "ဟာ ဘာလဲကွာ" ဟု စိတ်ထဲဖြစ်လာသည်။ ထိုစဉ် ဟိုတယ် ၀န်းထမ်း အနားကို ဖြတ်လာသည့် အတွက် တံခါးဖွင့်ပေးရန် အကူ အညီတောင်းလိုက်သည်။ သူလည်း ကဒ်ပြားကို ထိုးထည့်လိုက်သည်။ မီးလေးစိမ်းလာသည်။ ပြီး ခလုပ်ကလေးကို ဖိလိုက်သည် တံခါးပွင့်သွားသည်။ "ဟာ" ဟု စိတ်ထဲထပ်ဖြစ်သွားသည်။ သူကဒ်ထိုးထည့်ပုံ ကို ကြည့်ရာ ကျွန်တော် ထိုးထည့်ပုံနှင့် မတူ ကျွန်တော် ထိုးထည့်သည်က မှောက်ခုံ၊ သူ က ပက်လက်။ မှောက်ခုံ နှင် ပက်လက် အလွဲကို အသေအချာ မှတ်လိုက်ရသည်။ :D
သူ့ထွက်မသွားခင် တံခါးပိတ်ပြီး နောက်တစ်ခါဖွင့် ကြည့်သည်။ ပွင့်သွားသည်။ "ကျေးဇူး" ဟု ပြောပြီး ပြုံးပြလိုက်ရသည်။

(ဗိုက်ဆာသလိုရှိသည် ရေခဲမှုန့်စားပါဦးမည်။)

သွားရည်ကျစရာ မြန်မာစားစရာများ






















































မူရင်းမှာ Myanmartravelinformation မှ ဖြစ်ပါသည်။ ဓာတ်ပုံတွင်မြင်နိုင်ပါသည်။

အဉ္ဖလီ ၏ Forward Mail မှရယူဖော်ပြသည