ကျွန်တော် အင်းတော်မြေကို ပြန်ခြေချသည့် အချိန်က ဆောင်းရာသီ နံနက်ခင်း။ အင်းတော်နားရထားရောက်လာတော့ မနက် ၄ နာရီ ၅ နာရီလောက် ဖြစ်သည်။ ဝေလီ ဝေလင်းအချိန်။ ကင်မရာထုတ်ပြီး မနက် မိုးသောက်ချိန်အလှကို ကျကျနန မှတ်တမ်းတင်ဖြစ်နေသည်။ ပြည်ပရောက်တော့ သည်လိုမြင်ကွင်းမျိုးတွေကို ဓာတ်ပုံရိုက်ဖို့၊ မှတ်တမ်းတင်ထားဖို့လိုမှန်း သိလာခဲ့သည်။ စင်ကာပူလိုနိုင်ငံတွင် လူဖန်တီးထားသော ရှုခင်းများကသာ ကြီးစိုးနေသည်။ သဘာဝတောတောင်များ ပျောက်နေပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ပေါင် ၄၀ ကျော်က စင်ကာပူသည် အဘယ်သို့နည်း ဓာတ်ပုံများကသာ အမှန်အတိုင်း ပြောပြနေတော့မည်။ ထို့ကြောင့် စကားပြောသော ဓာတ်ပုံများကို ကျွန်တော်တို့ မှတ်တမ်းတင်ထားဖို့လိုသည်။ခုကျွန်တော့်ဓာတ်ပုံတွင် ၂၀၀၉ ခုနှစ်တွင် မန္တလေးမြစ်ကြီးနား ပြေးဆွဲနေသော မြန်မာ့မီးရထားပါသည်။ အင်းတော်မြို့နားတ၀ိုက်ဆောင်းမနက်ရှုခင်းပါသည်။ ကြည့်ပါ။ ပျိုးခင်း စိမ်းစိမ်းလေးပါသည်။ နွေစပါးစိုက်ပျိုးကြောင်းကို ဖော်ပြနေသည်။ ၀ိုက်ထားသောခြံကို တွေ့ရမည်။ ထိုဒေသသည် နွားကို မထိန်းဘဲ လွှတ်ကျောင်းသော ဓလေ့မပျောက်သေးမှန်းကို သိသာစေသည်။ ရထားလမ်းနံဘေးတစ်လျှောက် လူသွားလမ်းသွယ်လေးကို မြင်နိုင်သည်။ ထိုအနီးအနာဒေသရှိ လူတို့သည် ရထားကို တစ်ရွာနှင့်တစ်ရွာ သွားရာတွင် မသုံးဘဲ နေ့စဉ် ခြေလျင်လျှောက် လယ်ယာလုပ်ငန်းခွင်ဝင်နေဆဲဖြစ်ကြောင်းကို ပြောပြနေသည်။


