November 15, 2008

အမှတ်တရ ကားလမ်း (၃)

ကျွန်တော်တို့ ကားလမ်းလေးအကြောင်းမပြီးသေးပါ။ ဆက်ရပါဦးမည်။ ကျွန်တော်တို့ ကားလမ်းနံဘေးရှိ သစ်တောကြိုးဝိုင်း အချို့အကြောင်းကို ပြောလိုသည်။ "သစ်တောကြိုးဝိုင်း မည်သည့်အပင်မျှမခုတ်ရ၊ တောမီးမရှို့ရ" ဟူသော စာတန်းများကို သစ်ပင်များကြားတွင် ဆိုင်ဘုတ်ထူ ကြေငြာထားသည်ကို တွေရသည်။ ကျွန်တော် ထူးထူးခြားခြား သတိပြုမိသည်မှာ "ဤတောကို ရုက္ခစိုးစောင့်သည်" ဟူသောစာတန်းဖြစ်သည်။ ကျွန်တော်ထိုစာတန်းကို ဖတ်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။ စာတန်းကပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံရွာသားများအား ခြောက်လှန့်လိုသောကြောင့် ရေးထားဟန်တူပါသည်။ သို့သော် မြန်မာစာတတ်သော နိုင်ငံခြားသားတစ်ယောက်ဖတ်မိပါမူ အလွန်အံသြမည်ဟု ကျွန်တော်ထင်ပါသည်။ ရုက္ခစိုးနတ်ကို တွေ့လိုတွေ့ငြား CCTV ဖြင့် စောင့်ကြည့်ကောင်း စောင့်ကြည့်ကြပါလိမ့်မည်။ နတ်ပုံရိပ်ကို CCTV ဖြင့် အမှန်တကယ်ဖမ်းမိပါက ကမ္ဘာကျော်နိုင်ခြင်းကြောင့်ပေးတည်း။
ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါသည် ကျွန်တော်တို့ အင်းတော်-ဗန်းမောက်ကားလမ်းသည် မိုးအားကြီးလျှင် တံတားကျိုးတတ်ကြောင်း။ ထိုတံတားကျိုးလျှင် တစ်မိုးလုံး ပြင်၍ မပြီးပါ။ ကုတို့ဖြင့် ကုန်ကိုကဲ့ရပါသည်။ ကုန်ဈေးနှုန်းတက်တော့သည်။ အလုပ်သမားခ၊ လှေခ ပိုကုန်သောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ တံတားနှစ်စင်းကျိုးသဖြင့် ကားလမ်းပိုင်းတွင် ကားကြီးမ၀င်နိုင်တော့ပဲ ထော်လာဂျီဖြင့် ကျဲရသည့်နှစ်လည်းရှိသည်။ မန္တလေးမှ ကုန်ကို ရထားဖြင့် အင်းတော်ထိသယ်၊ အင်းတော်မှ ပထမ တံတားကျိုးသောနေရာသို့ကားဖြင့်၊ တံတားကျိုးသည့်နေရာတွင် ကုန်တင်ကုန်ချ အလုပ်သမားလခ၊ လှေခ၊ နောက် ထော်လာဂျီဖြင့်သယ်၊ ဒုတိယတံတားကျိုးသည့် နေရာရောက် ထိုနေရာတွင်လည်း ကုန်တင်ကုန်ချ အလုပ်သမားလခ၊ လှေခ၊ နောက် ဗန်းမောက်ထိသယ် အတော်ကုန်ကျစားရိတ်များပါသည်။ တံတားကျိုးသည့် နှစ်များတွင် ဗန်းမောက်တစ်နေရာထဲကွက်၍ ကုန်ဈေးနှုန်တက်တတ်ပါသည်။
တုန်စီတံတား၊ နံ့သာတံတားနှင့် အင်းတော်မြို့အထွက် အင်းရွာတံတားတို့မှာ နှစ်စဉ်လိုပင်ကျိုးသည်။ ကျွန်တော်မမွေးခင်ကတည်းကစ၍ ယခုထိ မဆုံးနိုင်သေးပါ။ ကျိုးကောင်းမြဲ ကျိုးကောင်းဆဲပင်။
လမ်းဘေးဝဲယာ တလျှောက်မှာ အလွန်စိုပြေပါသည် သစ်တောများဖုံးလွမ်းဆဲပင်ရှိပါသေးသည်။ သို့သော် ယခုတော့ တောပြုန်းစ ပြုလာပြီဖြစ်သည်။ ထိန်းသိမ်းကြဖို့လိုပါပြီ။ ထိုသို့မဟုတ်လျှင် ကျွန်တော်တောင်ကြီးရောက်စဉ် တောင်ကြီးနယ်ခံတစ်ယောက်ကို ချယ်ရီပင် မြင်ဖူးလို၍ " ပြပါဦးချယ်ရီပင်" ဟုဆိုရာ ချယ်ရီပင် ရှာမရသလို ဖြစ်သွားနိုင်ပါသည်။ ကျွန်တော်တို့ဖက်တွင် ကျွန်း၊ အင်၊ ကညင်စသည့် သစ်များပေါသည်။
အင်ဥပေါ်သည့်ရာသီတွင် အင်ဥ အလွန်ထွက်သည်။ ကျွန်တော်တို့ကတော့ မှိုဥဟုခေါ်ပါသည်။ မှိုဥပေါ်သောရာသီတွင် မှိုဥကုန်ကူးသူများပင်ရှိသည်။ ကျွန်တော်တို့အခေါ်မှိုဥမှာ အင်ပင်များအောက်ခြေတွင် မြေကြီးပေါ်၌ မြေမြုပ်ရုံတည်ရှိနေကြသော မှိုတစ်မျိုပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ကတော့ မှိုဥဟုသာခေါ်သည်။ ကြော်စား၊ ချက်စား အလွန်းကောင်းသည်။ နောက်ဒေသထွက် စားစရာ တစ်မျိုးမှာ ဂုံးစေ့ဖြစ်သည်။ အတော်ဆိမ့်ပါသည်။ လှော်စားရခြင်းဖြစ်သည်။ အသီးမှာမူဆူးများဖြင့် ဖြစ်သည်။ တက်နင်းမိလျှင် လုံးဝလွယ်မည်မဟုတ်။ အတွင်းမှ အစေ့အဆံမှာ အတော်ကို ချိုဆိမ့်ပါသည်။ ကျွန်တော်တို့ဖက်ရောက်လျှင် ဂုံးစေ့လှော် တစ်အိုးလောက်တော့ လှော်ကျွေးချင်သည်။ ကြိုက်မည်မှာ မြေကြီးလက်ခတ်မလွဲ ဟုပင်ဆိုချင်သည်။
ဤကားလမ်းကို အဓိကအားဖြင့် နွေရာသီတွင်သာ ကောင်းကောင်းသုံးနိုင်ပါသည်။ မိုးအကုန်ဆောင်းဝင်သည်နှင့် လမ်းပြင်တော့သည်။ တစ်နွေရာသီလုံး သစ်တိုက်သည်။ နွေရာသီတွင် ကားပေါလေ့ရှိသည်။ အကြောင်းမှာ သစ်တိုက်သော အီဇူးစူးကားကြီးများပေါသောကြောင့်ပင်။ ထိုသစ်ကားများနှင့် လိုက်ရသည်မှာလည်း အန္တရာယ်ကြီးပါသည်။ တစ်ခါက သစ်လုံးတွင်းမှ ပါလာသော မြေကိုက်ကာ အမျိုးသမီးတစ်ဦး သေဆုံးဖူးသည်။ သစ်လုံးတင်ကားကြီးများမှောက်လျှင် အသေအပျောက်ပိုဆိုးသည်။ ကျွန်တော့် ဦးလေးတစ်ယောက်မှာ သစ်တိုက်ကားမှောက်စဉ် ဆုံးပါးခဲ့သည်။ ကျွန်တော်ငယ်စဉ်က ချီကြပိုးကြသော ဦးလေးများထဲက တစ်ဦးဖြစ်သည်။
ထိုအင်းတော်-ဗန်းမောက်ကားလမ်းကို ကျွန်တော် ခြေလျင်ပြန်ဖူးသည်။ ၂၈ မိုင်ခရီး တစ်ခါမျှ မလျှောက်ဖူးပါ။ ပထမဆုံး ခရီးရှည်းလမ်းလျှောက်ခြင်းပင်။ မန္တလေး မှာလို ၂၈ မိုင်ခရီးမဟုတ်ပါ။ အတော်ပင်ပန်းပါသည်။ ဖြတ်လမ်းသုံးပြီးသွားရာ မှားသည်လား မှန်သည်လား မသိဘဲ ရောက်လိုရာရောက်လျှောက်လိုက်သေးသည်။ လမ်းလျှောက်ရသည့် အကြောင်းမှာ သင်္ကြန်တွင်းဖြစ်၍ ကားများပြေးဆွဲခြင်းမရှိဘဲ ပိတ်သောကြောင့်ဖြစ်သည်။ မနက်စောစော ၆ နာရီလောက်မှ စလျှောက်သည် ညနေ ၅ နာရီလောက်မှ ဗန်းမောက်ကိုရောက်ပါသည်။ လမ်းတွင် ရေဆာလျှင် ချောင်းရေသောက်ရသည်။ နွေရာသီဖြစ်၍ အတော်လည်း ပူပါသည်။ သစ်ရွက်များကကြွေနေသည်။ တိုက်လာသည့် လေမှာ လေပူ။ သောက်လိုက်ရသည်ရေမှာ ရေဆာလွန်းမှ ရှာသဖြင့် အလွန်ချိုသည်ဟု အထင်ရှိမိသည်။ရေဗူးလည်း ယူမလာသဖြင့် ရေဆာ ရေငတ်သည့် ဒုက္ခကိုကောင်းကောင်းကြုံသည်။ ချောင်းမြောင်းပေါ၍သာတော်တော့သည်။ "ရေဗူးမပါ နွေခါမှသိ" ဆိုသည့် စကား အလွန်းမှန်ကြောင်း ကောင်းကောင်းကြီးသိခွင့်ရခဲ့သည်။
ကျွန်တော်တို့ဒေသ ကားလမ်းလေး အတော်တော့တိုးတက်လာပါသည်။ သိပ်ကြီးတော့မဟုတ်ပါ။ ကတ္တရာလမ်းခင်ရန်ပြင်ဆင်မှုကြောင့် ကတ္တရာလမ်းကြီး ပီပီပြင်ပြင် မပေါ်ခဲ့သော်လည်း ကျောက်ကြမ်းလမ်းတော့ ဖြစ်ခဲ့သည် ကားများအတွက် အတော်အဆင်ပြေသွားပါသည်။ တံတားများတိုးတက်လိမ့်ဦးမည်ဟု မျော်လင့်မိသည်။ ထိုတံတားများကို ကျွန်တော်ဖြတ်ပြန်ရတိုင်း ကျွန်တော် ဆန္ဒပြင်စွားဖြစ်မိသည်။ ဤတံတားများကို တစ်နေ့တွင် အခိုင်အမာတည်ဆောက်နိုင်လိမ့်ဦးမည်ဟု။

November 14, 2008

အမှတ်တရကားလမ်း (၂)

ကျွန်တော် အင်းတော်မြို့တွင်ကျောင်းတက်သောကြောင့် မိုးအ၀င်ဇွန်လရောက်ခါနီးတိုင်း အင်းတော်သို့ ကားဖြင့် သွားရကြောင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် နှစ်စဉ် အဆင်ချောချော ကားဖြင့် သွားနိုင်ခဲ့သည်ချည်းမဟုတ်ပါ။ တစ်ခါတရံ စက်ဘီးဖြင့် သွားရသည်လည်းကြုံခဲ့ရပါသည်။ ကျွန်တော့်ကြီးကြီးအေး (အဖေ၏အစ်မ) တို့ငယ်စဉ်ကမူလှည်းဖြင့် သွားရသည် ဟုပြောပါသည်။ ကျွန်တော် တစ်ခေါက်မျှ မသွားဖူးပါ။ ကြီးကြီး၏ ငယ်စဉ်က အကြောင်းကလည်း အတော်စိတ်ဝင်စားစရာ ထူးဆန်းထွေလာလေးများရှိသည်။ ကျွန်တော်တို့ကြီးကြီးများ အင်းတော်လာစဉ်က အဖိုးနှင့်အတူ လိုက်လာသည်ဟုဆိုပါသည်။ ထူးခြားဖြစ်စဉ်မှာ အင်းတော်ဘူတာတွင် မီးရထားဝင်လာစဉ်ဖြစ်သည်။ ထိုစဉ်က မီးရထားများမှာ ယခုကဲ့သို့ ဒီဇယ်စက်ခေါင်းများမဟုတ်ဟုဆိုပါသည်။ ကျွန်တော့်ကြီးကြီးပေါက်စ တောသူမလေးမှာ ထိုမီးသွေးခေါင်း (ရေနွေးငွေ့ဖြင့်မောင်းသောရထားစက်ခေါင်းကိုခေါ်ပါသည်) ကြီး ဥသြသံ တညံညံဖြင့် သံလမ်းအတိုင်းဝင်လာစဉ် အထူးအဆန်း အဖြစ်သွားကြည့်သည်။ ရှူး.....ရှူး ... ရှဲ...ရှဲ....ဖြင့် ကဆုန်ပေါက် ပြေးဝင်လာသော မီးသွေးခေါင်းကြီးကို မြင်သောအခါမှ "အဘရေ ... လာပါဦး ဒီမှာ ဘာကောင်ကြီးလဲ မသိဘူးပြေးလာ နေပြီ၊ အဘရေ ...လာပါဦးလေး ... ကယ်ပါဦးလေး .... အဘရေ ... အဘ ...အီး...ဟီး....ဟီး...." ဟု ကြူကြူပါအောင် ငိုကာ သိတ္တိစွမ်းပြခဲ့သူဖြစ်သည်။ ကျွန်တော့်ကြီးတော်မှာ အာပြဲ၊ ဒေါသကြီးသလောက် အကြောက်လည်းကြီးသူဖြစ်သည်။ သူ့သားနှစ်ယောက် ဖြစ်သော ကျွန်တော့် အစ်ကို ကိုမောင်ဦးနှင့် ကိုမောင်မြင့် ကိုလည်း ညီအစ်ကိုချင်းရန်ဖြစ်ရမလားဟု အရွဲ့တိုက် ကာ တစ်နေကုန် နပမ်းသတ်ခိုင်းထားဖူးသူဖြစ်သည်။ ကျွန်တော့် အစ်ကို နှစ်ယောက်လည်း ထိုကတည်းက နောက်နောင် ထိုးကြိတ်ရန်မဖြစ်ရဲကြတော့ပါ။ စံတင်လောက်သည့် ကြီးကြီးဖြစ်သည်။
ကားလမ်းအကြောင်းဆက်ပါဦးမည်။ ကျွန်တော်တို့ကားလမ်းမှာ တစ်ခါတစ်လေ မိုးကြီးလွန်း၍ ကားမသွားနိုင်လောက်အောင်ရွံ့ထူသောအခါ စက်ဘီးဖြင့် သွားကြရပါတော့သည်။ ကျွန်တော့်အား ကျောင်းအပ် နောက်ကျမည်စိုးသောကြောင့် စက်ဘီးဖြင့်လိုက်ပို့ကြသည်။ ကျွန်တော်က နောက်ခုံမှ ထိုင်လိုက်ရသည်။ သက်သက်သာသာပင် နောင်ကျွန်တော် စက်ဘီးဖြင့်ခရီးထွက်၍ မိုးတွင်း၌ ရွံ့တွင်းဗွက်တွင်း၌ အဘယ်မျှရုန်း၍ နင်းရကြောင်းသိသောအခါမှ ကျွန်တော့် အစ်ကိုများ၊ ကျွန်တော့် ဘကြီးများ၊ ကျွန်တော့်အဖေများ ကျွန်တော့်အားချစ်၍ လမ်းပင်မလျှောက်စေပဲ တစ်လမ်းလုံး စက်ဘီးပေါ်တင်ကာ နင်းတစ်လှည့် တွန်းတစ်လှည့်ဖြင့် အင်းတော်အရောက်ကျောင်းပို့ကြပုံကို ယခုပြန်စဉ်စားမိသောအခါ မျက်ရည်ပင်လည်မိပါသည်။
မိုးရာသီစက်ဘီးစီးရသည်မှာ အလွန်ဒုက္ခရောက်ပါသည်။ မြေနီရွံ့စေးလမ်းကို ဖြတ်ရလျှင် သေချင်လောက်အောင် ပင်ပန်းသည်။ မြေနီရွံ့စေးများ စက်ဘီးခွေတွင်ကပ်လျှင် တွန်းမရပြုမရ ထမ်းမှရတော့သည်။ စက်ဘီကို လူကမစိးရဘဲ စက်ဘီးကလူပြန်စီးသော ခရီးဖြစ်သည်။ လမ်းကချော်၊ ဖိနပ်လည်းမစီးနိုင်တော့ပါ။ ဖိနပ်ကို စက်ဘီးလက်ကိုင်တွင် ကွင်းလျှိုထည့်ကာ ထမ်းရတော့သည်။ ချောင်းကူးရလျှင်လည်း စက်ဘီးကို ခေါင်းပေါ်ကျော်သည်အထိ မတင်ကာ ဖြေးဖြေး ဖြေးဖြေးဖြင့် စမ်းတ၀ါးဝါး ကူးရသည် ချောင်းရေရုတ်တရက် နက်သွားလျှင် လူရော၊ စက်ဘီးရောမြုပ်သွားတော့သည်။
အင်းတော်-ဗန်းမောက်ကားလမ်း တစ်နေရာတွင် ကားဖြင့်မသွားဘဲ စက်ဘီးဖြင့်သွားလျှင် ဖြတ်လမ်းတစ်ခုရှိသည်။ ကျွန်တော် နေရာကိုကား ကောင်းကောင်းမမှတ်မိပါ။ သစ်သားတံတားရှည်လေးကို လယ်ကွင်းထဲဖြတ်ဆောက်ထားသည်။ အတော့်ကိုရှည်ပါသည်။ မန္တလေးဦးပိန်တံတားေ လျှာက်မိသောအခါ ထိုတံတားလေးကို အမှတ်ရသည်။
ယခုအင်းတော်-ဗန်းမောက်ကားလမ်းသည် ကျွန်တော်တို့ဗန်းမောက် အနောက်ဖက်ဒေသမှ ရှမ်းများ လယ်မြေရှာပါးမှုကြောင့် လယ်မြေပေါရာ အင်းတော်ကြီးဒေသဖက်တို့ ပြောင်းရွေ့ကြရာလမ်းလည်းဖြစ်သည်။ ကျွန်တော်တစ်ခါကြုံဖူးသည်။ မိသားစုအလိုက်ပြောင်းလာကြခြင်းဖြစ်သည်။ လှည်းဖြင့်ပြောင်းလာခြင်းဖြစ်သည်။ ဓား၊ လွှ၊ စူးဆောက် များပါသည်။ နေ့ခင်းနွားကျောင်းလိုက်၊ ညဖက်ခရီးနင်လိုက်ဖြင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသထိ ခရီနင် နယ်ပြောင်းကြသည်။ နွားလှည်းဖြင့် ခရီးသွားခြင်းသည် နံနက်စောစောနှင့် ညပိုင်းသာ သွားကြကြောင်းလည်း သိသူနည်းမည်ထင်ပါသည်။ နေ့လည်ပိုင်းတွင် ချက်ပြုတ်စားကြ နွားကို စားကျက်တွင် လှန်ထာကြသည်။ (လှန်သည်ဆိုသည်မှာ ကြိုးတစ်ချောင်းဖြင့်ချည်ထားပြီး သိပ်ဝေးဝေး မသွားနိုင်စေရန် လှန်တံဖြင့်သော်လည်းကောင်း၊ တုံးဆွဲ၍သော်လည်းကောင်း နွားကျောင်းခြင်းပင်ဖြစ်သည်။) ချက်ပြုတ်စားသည်ဆိုသည်မှာလည်း အထွေအထူး မဟုတ် ဆန်၊ ဆီ၊ ဆား၊ ငါးပိ သာယူလာခြင်းဖြစ်သည်။ လမ်းမှာ တွေ့သမျှ အရွက်၊ မှို၊ ဥ အားလုံးစားစရာဖြစ်သည် ဟင်းအတွက် လုံးဝမပူရပါ။ သွားရေစာ လမ်းဘေး အလေ့ကျပေါက် ကနစို၊ စသည့် စသည့် သရေစာများစားနိုင်သေးသည်။ ကျွန်တော်တို့နယ်သည် စားစရာ အလွန်ပေါဆဲပင်ရှိပါသေးသည်။

November 12, 2008

အမှတ်တရ ကားလမ်း (၁)

ဤဘ၀တွင် ကျွန်တော် အစောဆုံးမှတ်မိသော ခရီးထွက်ခြင်းမှာ အမေနှင့်တူတူဖြစ်သည်။ စပါးအိတ်များတင်ထားသော ကားပေါ်တွင် စီးရခြင်းကို မှတ်မိသည်။ အိပ်မက်လိုလိုဖြစ်သည်။ အမေပြန်ပြောပြသည်မှာ အဖေနှင့် အမေ ညားကာစ ကသာသို့ စပါးကုန်ကူးကြသောအချိန်ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော် ၁ နှစ်သားလား၊ ၂ နှစ်သားလား မကွဲပြားပါ။ ၃ နှစ်သားနောက်ပိုင်းများကို ကျွန်တော် သဲသဲကွဲကွဲမှတ်မိသည် ထိုထက်စောသော အဖြစ်အပျက်များကို ကျွန်တော် ရိုးတိုးရိတ်တိတ်မျှသာ၊ ရှင်းလင်းရေရာစွာ မမှတ်မိတော့ပါ။ ထိုစပါးအိတ်များပေါ်တွင် ကျွန်တော်က ဟိုနားသွားချင် သည်နားသွားချင်ဖြစ်နေသည် အမေက လိုက်ထိန်းသည်ကို မှတ်မိသည်။ အင်းတော်မြို့ အ၀င်ကို မှတ်မိသည်။ ကျွန်တော့် သူငယ်ချင်းဖြစ်လာသည့် မောင်အေးမင်းတို့ အိမ်လမ်းကြားဖက်မှ ကုန်ကားတစ်စင်းထွက်လာသည်ကို မှတ်မိသေးသည်။ ကျွန်တော့် ဘကြီး ဦးကံညွန့်အိမ်တွင် မွေးထားသော ဘဲဖြူဖြူလေးများကို အမှတ်ရသည်။ ထိုဘဲများသည် ကျွန်တော် အင်းတော်တွင် ကျောင်းလာတက်သောအခါ ကျောင်းရသော ဘဲများ၏ ဘိုးအေ ဘွားအေများဖြစ်ပေမည်။
ကားလမ်းအကြောင်းဆက်ပါဦးမည်။ အင်းတော်-ဗန်းမောက်ကားလမ်းမှာ ၂၉ မိုင်သာရှည်ပါသည်။ ကျွန်တော်ငယ်စဉ်ကမူ အတော်စွန့်စွန့်စားစား သွားရသောခရီးတစ်ခုပင်ဖြစ်သည်။ နွေရာသီလမ်းဟုသာ ပြောနိုင်ပါသည်။ မိုးတွင်း၌ ဗွက်များထကာ ကားမောင်းမရလောက်အောင် ကားလမ်းပျက်ပါသည်။ ထို့ ကျွန်တော် အရွယ်ရောက်၍ သီချင်းနားထောင်တတ်သောအခါ ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်၏ မူဆယ်နမ့်ခမ်းလမ်း သီချင်းသည် ကျွန်တော်တို့ အင်းတော်-ဗန်းမောက်ကားလမ်း ကိုများ ရေးထားလေသလား ဟုပင် ထင်မိသည်။
ဤအင်းတော်-ဗန်းမောက်ကားလမ်းကို ကျွန်တော် ကြောက်ရသည်မှာလည်း အကြောင်းရှိသည်။ အင်းတော်-ဗန်းမောက် ကားလမ်းအတွင်း ကျွန်တော် ငယ်ငယ်က ကားမှောက်သည်ကို ခဏခဏကြားရသည်။ တုန်စီ-နံ့သာ ချောင်းကူးတံတားကားမှောက်မှုတွင် အဖေပါသည်။ သေကံမရောက် အသက်မပျောက်ခဲ့ပါ။ ကြီးကြီးမားမား ထိခိုက်မှုလည်း မရှိခဲ့ပါ။ သို့သော် ကျွန်တော် ကားစီးရမှာ အလွန်ကြောက်သွားခဲ့သည်။ ထိုအချိန်က အဖေ သေဆုံးခဲ့လျှင် ကျွန်တော် ဤဘလော့ဂ်ကို ရေးနိုင်သည် အထိ စာတတ်ချင်မှ တတ်ပါလိမ်မည်။ အဖေ့ကျေးဇူး အလွန်းကြီးသည်။ ငွေရှာရသော အခက်အခဲ၊ ထောက်ပံ့လိုသော ဆန္ဒတို့ကို သိမြင်လာသော အခါ အဖေ့အနစ်နာခံမှု၊ ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ အမြော်အမြင်ကြီးမှုတို့ကို ပိုလေးစားမိသည်။
အဖေ့အကြောင်း ဖြစ်သွားတော့မည် ကားလမ်းအကြောင်းဖက်လှည့်ဦးမည်။
ဘယ်နေရာတွင်ကားမှောက်သည် ဘယ်နှစ်လောင်းသေသည် စသည်ဖြင့် ကြားရသော အခါ စိတ်အလွန်ခြောက်ခြားသည်။ "အစိမ်းသေ" ဟူသော စကားလုံးကြီးသည် အလွန်အကျဉ်းတန်သည်ဟု ကျွန်တော်ထင်သည်။ ထိုအချိန်များလောက်မှ ထိုဝေါဟာရကို စကြားဖူးခြင်းဖြစ်သည်။ စိတ်ထဲတစ်မျိုးကြီးဖြစ်သည်။
ထိုစဉ်က အင်းတော်-ဗန်းမောက်ပြေဆွဲသော ကားများမှာ ဂျီအမ်စီ နှင့် ဟီးနိုးကားဟောင်းကြီးများဖြစ်သည်။ ကုန်တင်ကားများဖြစ်သည်။ လူများက ခိုကပ်တွဲလိုက်ကြရသည်။ စိတ်ပျက်စရာအလွန်ကောင်းပါသည်။ ကားလမ်းမှာ ချိုင့်များ၊ ကျင်းများနှင့် ပြည့်နေသောကြောင့် နည်းနည်းမောင်းလိုက် ဟိုးဖက်ယိမ်းလိုက် "ညွတ်ခနဲ" ၊ သည်ဖက်ယိမ်းလို့က် "သိမ့်ခနဲ" မှောက်များ မှောက်သွားလေမလားဟု ရင်တမမဖြင့် ဘုရားတနေရပါသည်။
ကျွန်တော်တို့ဒေသမှာ တောင်ကျချောင်းများ၊ မြောင်းများ အလွန်ပေါသောဒေသဖြစ်သည်။ တောင်ကြောတစ်ခုပြီးလျှင် ချောက်တစ်ခုရှိသည်။ ချောက်အနက်ကြီးများကား မဟုတ်ပါ။ ထိုချောက်များကို ကူးရန်တံတားဆောက်ထားကြသည်။ ဆောက်ထားသော တံတားများမှာ သစ်သားတံတားများသာ ကားအတော်ဖြတ်မောင်းပြီးလျှင် ကျိုးကြေနေကြပြီဖြစ်သည်။ ထို့ကြောင့် တံတားအကူးတွင် အထူး ဘုရားအားရုံပြုရသည်။ အသက်ပင်မရှူအား၊ အောင့်ထားရသည်။ သစ်သားကျိုးသံ "ဖြောင်းခနဲ" ကြားလျင် သေပြီထင်တယ်ဟု မျက်လုံးစုံမှိတ်ပြီး ဘုရားတလိုက်ရသော အကြိမ်လည်း မနည်းပေ။ တံတားဖြတ်တိုင်း ကြုံရသည်။ တံတားဖြတ်ရာတွင် တစ်နေရာတော့ စိတ်ချမ်းသာသည်။ ထိုနေရာမှာ အဖေတို့ ချွေးနှင့်ရင်း၍ ဆောက်ခဲ့သော ကျွဲကောကြီးခေါ် သံကူကွန်ကရစ်တံတားကို ဖြစ်ရသော အခါပင်ဖြစ်သည်။
မိုးကြီးသောအခါများတွင် အချိ့ချောင်းကူးတံတားများ ရေပါသွားကြသည်။ ထိုတံတားများလည်း သံကူကွန်ကရစ်တံတားများဖြစ်သင့်ပါသည်။ ဖြစ်လာဖို့လည်း ကျွန်တော်မျော်လင့်သည်။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ခုထိ ဖြစ်မလာသေးပါ။ ကျွန်တော်ပင်လျှင် ယခု အသက် ၃၀ ရှိပြီ၊ ထိုတံတားများမှာ မိုးရာသီတွင် ကျိုးမြဲကျိုးဆဲပင်။ တစ်ခါတစ်ခါလည်း ၀မ်းနည်းမိသည်။ ကျွန်တော်တို့ဒေသထွက် ကျွန်းနှင့်ရွေများမှ ရသည့်ငွေဖြင့်ဆောက်ပေးမည်ဆိုလျှင် အင်းတော်-ဗန်းမောက်ကားလမ်းမှာ နိုင်လွန်ကတ္တရာလမ်းပင်ဖြစ်သင့်နေပေပြီင်္။ တံတားကြီးများဖြင့် ဦးဒဟိုးမောင်းနိုင် ပြေးဆွဲနိုင်သော လမ်းများ ဖြစ်သင့်ပေပြီ။ အိပ်မက်ကတော့ ဝေးဆဲပင်။
အင်းတော်-ဗန်းမောက်ကားလမ်းကို ၆ နှစ်သား အရွယ်မှ ၁၀ တန်းအောင်ပြီးသည် အထိ နှစ်စဉ် မိုးဦးကျစ ဇွန်လ၀င်ခါနီး ကျောင်းဖွင့်ချိန်တွင် ကျွန်တော်ကားစီးပြီး ခရီးသွားရသည်။ သွားရတိုင်း ကျွန်တော်ရင်ခုန်မြဲ၊ ရင်တုန်မြဲပင်။ ၆ တန်း၊ ရ တန်း အရွယ်တွင်မူ ကျွန်တော်သည် ယိုင်လဲလုလု ကားပေါ်တွင် စာဖတ်မပျက် စီးလာနိုင်ခဲ့သည်။ ကျွန်တော်သည် ကား၊ ရထား၊ သင်္ဘောမူးလေ့ရှိသူ မဟုတ်ပါ။ စင်ကာပူုသို့ လာမှ လေယာဉ်စီးဖူးသည်။ လေယာဉ်များမူးဦးမည်လားဟု တောကျကျ ပင်တွေးမိသည်။ လေယာဉ်လည်း မမူးပါ။ လေယာဉ်ပေါ်တွင် အတွေ့အကြုံ ဟုတွေးကာ ရှူရှူးပင် ၀င်ပေါက်ခဲ့ပါသေးသည်။
တစ်ခါ အဖေနှင့် ကျွန်တော် အတူတူ အင်းတော်သို့ ကျွန်တော်ကျောင်းတက်ရန် အပြန် ကားစီးပြီး အင်းတော်-ဗန်းမောက် ကားလမ်းကို ကားစီးခရီးထွက်ရတော့သည်။ ကားမှာ ဟီးနိုးကုန်တင်ကားကြီးဖြစ်သည်။ ဘော်ဒီကို ကုန်များများတင်နိုင်ရန် ရှည်ရှည်ပြုလုပ်ထားသောကြောင့် ကားမှာ လမ်းနည်းနည်းဆိုးလျှင် အတော်ခါပြီးယမ်းပါသည်။ မှောက်လွယ်သောကားဖြစ်သည်။ ထိုကားကြီးဖြင့် ခရီးထွက်အလာ လမ်းတစ်နေရာအရောက်တွင် ရွံ့ပြည့်နေသောချိုင့်တစ်ခုကို အဖြတ်တွင် ဘယ်ဖက်ခြမ်းသို့တအားယိမ်းပြီး ယိုင်သွားသည်။ ကံကောင်းသည်မှာ ကားကို ဘီးလှိမ့်ရုံမောင်းနေခြင်းကြောင့် မမှောက်ခြင်းဖြစ်သည်။ ကားမှာ ရပ်သွားပြီး တစ်ဖက်စောင်းနေသည်။ အဖေက ကားစစီးကတည်းက ကျွန်တော့အား စိုးရိမ်၍ ကားခေါင်းခန်းထဲတွင်စီးခိုင်းသည်။ သူ့အတွေ့အကြုံအရ ကားခေါင်းခန်းတွင် စီသူမှာ သေလေ့မရှိဟု ဆိုပါသည်။ အဖေက ကားပေါင်းမိုး (ကားအမိုးကိုင်း) ပေါ်တွင် တွယ်စီးသည်။ ကားစောင်းနေစဉ် ကျွန်တော်က ခေါင်းခန်းထဲမှ လူကြီးတစ်ဦး၏ ပြောဆိုမှုကြောင့် ကားခေါင်းထဲမှ ထွက်လာပြီး ကားစောင်းနေသော ဖက်သို့ ခုန်ဆင်းမိသည်။ ထိုအချိန် ကားဆက်စောင်းသွား မှောက်သွားလျှင် ကျွန်တော် ထိုနေရာတွင် သေပေလိမ့်မည်။ ကျွန်တော် မယောင်မလည်ဖြစ်နေစဉ် အဖေ ကားပေါင်းမိုးပေါ်မှ ခုန်းဆင်းလာကာ ကျွန်တော်ကို စွေ့ခနဲပွေ့ပြီး စိုးရိမ်တကြီး လွတ်ရာကို ပြေးကြသည်။ ထိုအချိန် ကားဆက်စောင်းလျှင်လည်း သားအဖနှစ်ဦး ကားအောက်တွင် ပြားသွားပေမည်။ ကံကောင်းထောက်မှ စွာပင် ကားဆက်မစောင်းခဲ့ပါ။
ကားလမ်းကို ပြုပြင်ပြီး ကားကို ဆက်မောင်းလာခဲ့ကြသည် တစ်နေရာတွင်၊ တောင်စောင်း အဆင်းလေးဖြစ်ပါသည်။ ရွံ့ များထူးလျက်၊ လမ်းများပျက်လျက် ဖြစ်ချင်သလို ဖြစ်ပျက်နေသောလမ်းကလေး။ ကျွန်တော်တို့စီးလားသောကား အရှိန်ဖြင့် အဆင်းတွင် ကားပေါ်မှ တစုံတခု လမ်းပေါ်ပြုတ်ကျသွားသည်။ ကားလည်းတောင်ခြေလောက်တွင် ဗွက်ထဲနင်းရင်းရပ်သွားသည်။ ကားပေါ်မှ လူများ၏ အော်သံလည်း ဆူညံသွားသည်။ တစ်ခုခုတော့ဖြစ်ပြီးဟု ကျွန်တော် ယူဆမိသည်။ ကားပေါ်မှ လူများက "ကျော်ညွန့် ကျော်ညွန့် ဘာမှမဖြစ်ဘူးလား" ဟုမေးနေသံကြားရသည်။ ကျွန်တော်ထူပူနေသည်။ "ကျော်ညွန့်ပြုတ်ကျသွားလို့" ဟု အော်နေကြသည်။ ကျော်ညွန့် ဆိုသူမှာ ကျွန်တော့် အဖေ ကျွန်တော် စိုးရိမ်တကြီးကြည့်မိသည်။ ဘာမှ မဖြစ်ပါဘူး။ "ကားမှောက်ပြီ ထင်လို့ ကျွန်တော်ကြိုခုန်ချထားတာ" အဖေ့ဖြေသံကိုကြားရသည်။ ထိုခရီးဆိုးပါသည်။ သို့သော် အင်းတော်တို့ ညနေမိုးစုပ်စုပ် အချုပ်တွင် ဘေးကင်းစွာ ရောက်ရှိခဲ့ပါသည်။ မနက် ၉ နာရီခန့်မှ စစီးသော ၂၈ မိုင် ကားလမ်း ခရီးသည် ည ၉ နာရီမှ လိုရာရောက်သည် ဆိုလျှင် အင်းတော်-ဗန်းမောက် ကားလမ်း အဘယ်မျှ ကောင်းသည် ကို မှန်းကြည့်နိုင်ပေသည်။


November 11, 2008

မိုးတစ်နေ့

နေသာသောနေ့တစ်နေ့ဖြစ်ပါသည်။ ကျွန်တော် မိုးရွာမည်ဟု မျှော်လင့်မထားပါ။ ထို့ကြောင့် ထီးသော်လည်းကောင်း၊ ခမောက်သော်လည်းကောင်း ကျွန်တော်ယူမလာခဲ့ပါ။ ရွာမည်မှန်း သိလျှင်လည်း ကျွန်တော်ယူဆောင်လေ့မရှိပါ။ မိုးရွာ၍ မိုးမိသည်ကို သေနိုင်လောက်သည်ဟု ကျွန်တော်မယူဆပါ။ မိုးသည်းသည်းတွင် ပြေးရသည်ကို ကျွန်တော်ပျော်သည်။
ငယ်ငယ်က မိုးသည်းသည်းရွာတိုင်း အိမ်တွင် စောင်နှင့်ကွေးကွေးပြီးအိပ်ရသည်ကို ခဏခဏလွမ်းသည်။ လေထန်ထန်မိုးသည်းသည်းတွင် တဲကလေးထဲ၌ စောင်ကလေးနှင့် ခပ်နွေးနွေးကွေးရသည်မှာ ဇိမ်တစ်မျိုးပင်။ လေတိုက်တိုင်းယိမ်းယိမ်းသွားတတ်သော စပါးပင်စိမ်းစိမ်းတို့ကို အမှတ်ရသည်။ သူတို့ကို ကျွန်တော်မမြင်ရသည်မှာလည်း ကြာခဲ့ပါပြီ။
ကျွန်တော်တို့ အိမ်မှာ လယ်ကွက်ထဲတွင် ထီးထီးကြီး တစ်အိမ်တည်းဆောက်ထားသော အိမ်ဖြစ်သည်။ မြို့အကွက် စရိုက်စတွင် ကျွန်တော်တို့ အိမ်က ပထမဆုံးဆောက်သော အိမ်ဖြစ်သောကြောင့်ပင်။ ကျွန်တော်တို့အိမ်သည် ထိုစဉ်က လယ်ကွက်များ ပတ်ချာလည်ဝိုင်းနေသောကြောင့် မိုးရာသီတွင် ဖားအော်သံတညံညံဖြင့် အတော်စည်စည်ကားကားရှိသည်။
လေပြင်းပြင်းတိုက်လျှင်မှု နည်းနည်းကြောက်ရသည်။ လယ်ကွင်းပြင်ကြီးထဲ၌ ကျွန်တော်တို့အိမ်သာ ထီးထီးကြီးဖြစ်သောကြောင့် လေဒဏ်အတော်ခံရသည်။ မိုးရာသီလေပြင်းတိုက်တိုင်း ကျွန်တော်တို့ အိမ်ခေါင်မိုးသက်ငယ် မလှန်သောနှစ်မရှိပါ။ လေပြင်းတစ်ချက်ဝှေ့တိုင်း ၀ုန်းခနဲ ၀ုန်းခနဲ မြည်သည် ရင်ထဲတွင်လည်း ဟုန်းခနဲ ဟုန်းခနဲနေအောင်ခံစားရပါသည်။ အိမ်ပြိုသွားမည်စိုးသောကြောင့်ပင်။ အိမ်တိုင်ကို အဖေက မြေတွင်တွင်းတူးပြီး စိုက်ထားသည်မဟုတ်။ အင်္ဂတေအောက်ခံပေါ်တွင် ကျင်တွယ်ဖြင့်စွဲထားခြင်း ဖြစ်သည့်အတွက် အချိန်မရွေး နတ်ခေါင်းပြုတ်ထွက်ပြီး တိုင်လဲသွားနိုင်သည်။ ထို့ကြောင့် ငယ်ငယ်က လေပြင်းပြင်းတိုက်လျှင် နည်းနည်းတော့ စိုးရိမ်သည်။ တစ်ခါ မုန်တိုင်းကျသည် တစ်နာရီ မိုင် ၉၀ ကျော်သည် အချို့အိမ်ပြိုသည် ကျွန်တော်တို့အိမ်ဘာမျှ မဖြစ်ပါ။ ထိုအချိန်မှ စ၍ ကျွန်တော်ယုံကြည်သွားသည် ကျွန်တော်တို့အိမ်သည် တော်ရုံလေနှင့် မပြိုနိုင်ဟု။
ထိုလေပြင်းနှင့်ပတ်သက်၍လည်း အမှတ်ရစရာရှိသေးသည်။ ထိုမိုးသည်းသော လေပြင်းကြသည့်ညတွင် အဖေက ကျွန်တော်တို့ကို ဖားရိုက်ခေါ်သောကြောင့်ပင်။ ဤသည်မှာ အလွန်ထူးဆန်းသည်။ ကျွန်တော်တို့ အဖေသည် မုဆိုး၊ တံငါ စသည့် သားသတ်၊ ငါးသတ်အလုပ်ကို အားပေးသူမဟုတ်။ အမှန် မှာတော့ ကျွန်တော်တို့အိမ် စီးပွားရေးစကျနေစလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်ကောင်းကောင်းလည်း မမှတ်မိပါ။ ထိုအကြောင်းထားပါ။ ဖားရိုက်သော အကြောင်းဆက်ပါမည်။ ကျွန်တော့ တစ်သက် ဖားရိုက်တစ်ခေါက်မျှ မထွက်ဘူးပါ။ အဖေ၊ ညီလေးနှင့် ကျွန်တော် ကျွန်တော်တို့ဖက်အခေါ် ဂျုံအိတ် တစ်အိတ်ယူကာ ဓာတ်မီ တစ်လက်ဖြင့် ဖားမီးထွန်း (၀ါ) ဖားရိုက်ထွက်ခဲ့ကြပါတော့သည်။ ကျွန်တော်တို့ခြံစည်းရိုးနောက်ဖက်မှ စထွက်ခြင်းဖြစ်သည်။
ကျွန်တော်တို့ခြံမှ စထွက်ထွက်ခြင်း လယ်ကွင်းထဲရောက်သည်။ ကျွန်တော်က လယ်ကန်သင်းပေါ်မှ ဖားများကို ရိုက်ရသည် အထင်ဖြင့်ရိုက်သည်။ ညတွင် ဖားတို့သည် ဓာတ်မီးရောင်ကို ကြည့်ကာ ဘယ်မှ မပြေး မခုန်ပါ။ လွယ်လွယါလေးရိုက်ယူရုံပင်။ သို့သော် ထိုဖားများမှာ ကျွန်တော်တို့ စားနေကြ ဖားများ မဟုတ်ပါ။ အဖေ ပြောပြသည်မှာ ဖားချောင် ဟု ခေါ်သည်ဟု ဆိုပါသည်။ ပိန်ပိန်သေးသေး ဖားလေးများဖြစ်သည်။ တစ်ချို့ အကောင်ကတော့ကြီးပါသည်။
မိုးဦးပေါက်လျှင် ဖားသံနားစွင့်ရသည် ဖားကျလျှင် ဖားများအစုလိုက်အော်သံကို အဝေးမှ ကြားရသည် ထိုနေရာသို့ သွားရုံပင်ဖြစ်သည်။ ကျွန်တော်တို့ အိမ်နှင့် ဖားကျသောနေရာမှာ အတော်လှမ်းပါသည်။ ဖားကျသည့် နေရာမှာ ကျွဲကောကုန်းဟု ခေါ်သော ကျွန်တော်တို့အိမ်နှင့် ၃ မိုင်ခန့်ဝေးသော ရွားကလေးနားတွင်ဖြစ်သည်။
ထိုဖားသံကြားရာ နေရာသို့ အဖေနှင့်အတူ သုတ်ခြေတင်ကြသည်။ ထိုနေရာသို့ရောက်မှ ဖားကျသည်ကို မြင်ဖူးသည် ရေထဲတွင် ဖားများ အတွဲလိုက် ကောက်ယူရုံပင်။ အများမှ အများကြီးပဲဖြစ်သည်။ ဖားအမက ကြီးပြီး၊ ဖားအထီးက သေးသည်။ နှစ်ကောင်တစ်တွဲဖြစ်နေကြသည်မှာလည်း အများပင်ဖြစ်သည်။ အမှန်ကတော့ သူတို့ ဘာသာဘာဝပျော်နေကြခြင်းပင်။ ကျွန်တော်တို့က စားဖို့ လာယူကြသည်။ ယခုပြန်တွေးတော့ စိတ်မကောင်းပါ။ ထိုစဉ်ကလည်း စိတ်မကောင်းစရာရှိပါသေးသည်။ ကောက်ယူလာသော ဖားများကို အိမ်အရောက်တွင် ပွက်ပွက်ဆူနေသော ရေပူတွင် နစ်ကာ သတ်ရကြောင်း သိရသော အချိန်တွင်ဖြစ်သည်။ ထိုအချိန်မှ စ၍ ဖားရိုက်၊ ဖားဖမ်းရန်ကျွန်တော် ဘယ်တော့မှ စိတ်မကူးတော့ပါ။ အဖေ ပညာပေးလိုက်ခြင်းလားမသိပါ။ နောက်နှောင်လည်း ဘယ်သော အခါမျှ ဖားရိုက် ဖားမီးထွန်း မထွက်ဖြစ်ကြတော့ပါ။
အမေဈေးမှ ၀ယ်ဝယ်လာတတ်သော ဖားများဘယ်လိုရလာကြောင်းကောင်းကောင်း ကျွန်တော်သိသွားသည်။ ဖားရှာစားရသူကိုရော ဖားများကို ရောကျွန်တော်ကရုဏာသက်မိသည်။ ခုလည်း စိတ်မကောင်းပါ။ ဖားရိုက်သူလည်းရှိဆဲ ဖားများလည်းရောင်းဆဲပင်ဖြစ်သည်။
အမှတ်ရရ တခုရှိ၍ ရေးချင်သေးသည် ထိုစဉ်က ကျွန်တော်တို့ ဗန်းမောက်တွင် ကတ္တရာလမ်းခင်းစဖြစ်သည်။ ထူးဆန်းစွားပင် ထိုလေ နှင့် ထိုမိုးတွင် ကတ္တရာများ လမ်းပေါ်မှ အလွှာလိုက် ပျောက်ခြင်းမလှပျောက်သွားခြင်းပင်ဖြစ်သည်။ ထိုလေ ထိုမိုးတွင် သစ်ပင်ကြီးများလည်းကျိုးသည်။ အိမ်အချို့ပြိုသည်။
ယခု နာဂစ်သတင်းကြားရတော့ ကျွန်တော်စိတ်မကောင်း၊ သူတို့ကြုံမည့် ဒုက္ခကို ကျွန်တော် မျက်စိထဲ ပုံဖော်ကြည့်၍ရသည်။ တောင်သူများ၏ ဓလေ့နှင့် သဘာဝကို ကျွန်တော်သိသည်။ လူရိုးများ၊ လူအများဟုပင် ခေါ်နိုင်သည်။ သို့သော် သူတို့ကို ကျွန်တော်ချစ်သည်။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်ပင် တောင်သူမှ ပေါက်ဖွားလာသော တောသား တစ်ယောက်ဖြစ်သောကြောင့်ပင်။
မိုးအကြောင်းကိုတွေးတိုင်း မန္တလေးတွင် ကျောင်းတက်စဉ်က ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းမိုးကြီး မိုးရေထဲ အားရအောင် ပြေးဖူးကြသည် ကို အမှတ်ရသည်။ အကြောင်းတိုက်ဆိုင်လျှင် သူလည်း မှတ်မိဦးမည်ပင်။ ငယ်ကြတော့သော အရွယ်တော့ မဟုတ်ပါ။ စက်မှုတက္ကသိုလ် စတုတ္ထနှစ်လောက်တွင်ဖြစ်မည်။ အချိန်ကာလအားဖြင့် ၂၀၀၁ ခုနှစ်လောက်ဖြစ်မည်ထင်ပါသည်။ သူရောကျွန်တော်ပါ မိုးရေ တစ်ကိုယ်လုံးရွဲသည်။ ထိုခဏတော့ ကျွန်တော်တို့ပျော်ပါသည်။ ယခုပြန်စဉ်းစားရင်းပင်ပြုံးမိသည်။

October 27, 2008

တရုတ်ကြက်ဥများတွင် မယ်လမင်းတွေ့ခြင်း

တရုတ်မှ ဟောင်ကောင်သို့တင်ပို့သောကြက်ဥများတွင် မယ်လမင်းများ ပါရှိကြောင်းတွေ့ရှိရပြန်သည်။ မယ်လမင်းဓာတုပစ္စည်းသည် ကျောက်တည်မှုကို ဖြစ်စေနိုင်ပြီး၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကလေးများအတွက် ပိုဆိုးသည်။ လူထုအတွက်စားသုံးရန် မသင့်လျော်သော ပမာဏထိပါဝင်နေသည်။ မယ်လမင်းကို ပလတ်စတစ်ပစ္စည်းများထုတ်လုပ်ရာတွင်သုံးသည်။ တရုတ်နိုင်ငံထုတ် ဆန်းလူအမှတ်တံဆိပ် နို့မှုန့်များတွင် မယ်လမင်းဓာတု ပစ္စည်းများကို တွေ့ခဲ့ရသည်။ ကလေးထောင်ပေါင်းများစွာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပြီး အချို့မှာ သေဆုံးခဲ့ကြသည်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဒေလီယန် မှ ကြက်ဥတစ်သေတ္တာကို လွန်ခဲ့သောတနင်္ဂလာနေ့က နမူနာယူ စတင်စစ်ဆေးခဲ့သည်။ ကြက်ဥအားလုံးတွင် ခွင့်ပြုထားသော ပမာဏထက် ၂ ဆကျော်တွေ့ရှိခဲ့ရသည်။ ကြက်များကို ကျွေးသော အစာမှတဆင့် ကြက်ဥတွင်းရောက်ရှိခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။

October 11, 2008

အချစ်နဲ့ အသက်အရွယ်

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။




(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။




(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။




(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလားငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။


(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်းဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။



(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့နင် စိတ်မရှည်စွာ ပြောခဲ့တယ်။




(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစောသေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။




(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီအပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီးလွန်ခဲ့တဲ
့အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကို ငါ
ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။အကြင်နာတွေ ပြည့်နေတဲ့
မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့်
နင့်မျက်နှာဟာ လှပနေဆဲပါ။


(၈၀)
အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။နင် လဲလှောင်းနေတယ်... ငါ
ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။"ငါ...နင့်...ကို....
ချစ်......တယ်"ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး
နေ့တစ်နေ့ပါပဲ...။
အချစ်စစ်ဟာ အချိန်ကို
ကျော်ဖြတ်တယ်။အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။အချစ်စစ်ဟာ နေရာဒေသကို
ကျော်ဖြတ်တယ်။အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့
နားလည်တတ်ဖို့ပဲ
လိုပါတယ်.....။
ရှမ်းအစ်ကိုကြီးတစ်ဦး၏ Email မှ ရယူဖော်ပြသည်