May 26, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၂)


အမေရေးတဲ့ စာတစ်စောင်

အပိုင်း (၂)



ငိုဇီးလေးရဲ့ မင်္ဂလာအိပ်ခန်းအတွက် အမေ့ပိုက်ဆံတော်တော်များများကို အမေသုံးလိုက်တယ်သား။ အမေ့ ကိုယ်ပိုင်ငွေလေးနဲ့ သူ့ကို အဲဒီကိုပို့လိုက်တာ။ အဲဒီက အမျိုးသမီးတွေက သူ့ကို ခင်ပွန်းသည်ကို ဘယ်လို ဂရုစိုက်ရတယ် ဆိုတာ သင်ပေးပါလိမ့်မယ်။ ပြီးတော့ လှလှပပ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်ရာမိန်းကလေး ဖြစ်လာအောင် ကျွေးကြမွေးကြပါလိမ့်မယ်။ မျိုးကောင်းရိုးကောင်းလေးက ပေါက်ဖွားလာတဲ့ ငိုဇီးလို လိမ္မာတဲ့ မိန်းကလေးကို လက်ထပ်တဲ့ နေ့ကျရင် အစွမ်းကုန်လှနေအောင် ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်ကွယ်။ သတို့သမီးကို မင်္ဂလာအိပ်ခန်းကို ပို့တဲ့အခါ ပိုက်ဆံတွေသိပ်ကုန်တယ် မဟုတ်လား။ သူတို့ကိုသင်ပေးတဲ့ အမျိုးသမီးတွေက သေလောက်အောင် ကြိုးစားသင်ရတာလေ။ ကုန်တာမဆန်းပါဘူး။ နောက်ပေါက် ကောင်မလေးတွေကတော့ ပုံတုံးတုံး အမှိုက်ထုပ်ကြီးတွေလို့ ပြောမှာပေါ့။ သူတို့တစ်တွေက ပိန်ခြောက်ခြောက် တံမြက်စည်းရိုးတံလို ကိုယ်လုံးမျိုးကို ပိုကြိုက်မပေါ့။ ယောက်ျားတွေက ညရောက်ရင် ပြည့်ပြည့်ဖြိုးဖြိုးလေးကို ဖက်အိပ်ရတာကို ပိုကြိုက်တယ်ဆိုတာ သိဟန်မတူကြရှာဘူး။

သားရေ အမေ့ကို လူရယ်စရာဖြစ်အောင်တော့ မလုပ်နဲ့နော်။ သွားဖွေးဖွေးလေးဖြစ်လာဖို့ အသက်ကလေး ဖြောင့်ဖြောင့် ရှူနိုင်ဖို့ အမေ့ဆီကနေ သွားတိုက်ဆေးတွေ ငှားငှားနေရတဲ့ ရှူနာရှိုက်ကုန်း မျိုးတော့ ယူမလာပါနဲ့ သားရယ်၊ အမေခွင့်မပြုနိုင်ဘူး။ သားရဲ့  မူလတန်းတုန်းက ကျောင်းနေဖက် အိုးဒလိရဲ့  သားလေးကိုတော့ သားအမှတ်ရဦးမယ်ဆိုတာ အမေသေချာပေါက် ပြောရဲတယ်သား။ သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးခြောက်ရှူ မိန်းကလေးတွေကို ထိကပါးရိကပါးနဲ့ လူရှုပ်ကလေးပါသားရယ်။ လူပျင်းလေးလေ။ တစ်နေ့တော့ စိတ်ကူးပေါက်ပြီး ဥရောပကို ကားစီးပြီးထွက်သွားပါလေရော။ နောက်ဆုံး ဆေးခြောက်ကပဲ သူ့ကို ဖျက်ဆီးပြစ်လိုက်မယ်ထင်ထားတာ။ အမေတို့ထင်တာ မှားတယ်သားရေ။ သူက မြောက်ပိုင်ဘက် ခရမ်းချဉ်သီးသယ်တဲ့ ထရပ်ကားတွေနဲ့ လိုက်သွား၊ ပြီးတော့ မလိကိုသွားတဲ့ ဘတ်(စ်)ကားနဲ့ ဆက်လိုက်သွားသတဲ့။ နောက် ကုလားအုတ်ကုန်သည်တွေနဲ့ ဆက်မိပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကြသတဲ့ကွယ်။ သူတို့ထဲက တစ်ချို့ တွေက ကန္တာရထဲမှာ ရေငတ်ပြီးသေကြသတဲ့။ သူကတော့ သေကံမရောက် သက်မပျောက်ပဲ သဲကန္တာရကြီးထဲကနေ လွတ်မြောက်သွားတယ်ဆိုပဲ။ မော်ရိုကို ကို ရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ရသတဲ့။ စပိန်ကို လှေနဲ့ဖြတ်တော့ သူ့ကို ကူညီခဲ့တဲ့ ဘာဘာလူမျိုးတွေကိုတောင် ပိုက်ဆံ ပို့ပေးလိုက်သေးသတဲ့တော့။ သူက အလုပ်လုပ်ခွင့် ပါမစ်ရအောင် စပိန်အာဏာပိုင်တွေကို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံကပါလို့ ပြောသတဲ့။ ၆ နှစ်ပြည့်ပြီးသူပြန်လာတော့ သားကို မြင်စေချင်စမ်းတယ်။ သူမှာ တယ်လီဗေရှင်းတွေ၊ ရွှေတွေ၊ လက်ဝတ်လက်စားတွေ၊ အ၀တ်အစားတွေ ပါလာတာ အများကြီးပဲ။ ငွေဆို ရေလိုသုံးရလောက်အောင်ကို ပါလာတာသားရေ။ သူနေတဲ့ သူ့အဖေ အိမ်နေရာလေးမှာ ရက်တော်တော်ကြာ လူတွေ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြနဲ့ တရုံးရုံးပါပဲ သားရယ်။ အမေစိတ်ထဲမှာတော့ အဲဒီနေရာကို ကျိတ်ကျိတ်တိုးမသွားချင်ပါဘူး။ အဲဒီကောင်လေးကိုလည်း အပြစ်မြင်ဝေဖန် မနေချင်ဘူး။ ဒါကြောင့် သူများတွေလိုပဲ စားလိုက်၊ သောက်လိုက်၊ ရင်းရင်းနှီးနှီး ပဲပေါ့သားရယ်။ အဲဒီအိမ် အလည်လာကြတဲ့ လူတွေရဲ့  မျက်လုံးကတော့ အမေ့အပေါ်မှာ ပဲပေါ့သားရယ်။ ပြီးတော့ မေးကြ၊ ပြောကြတယ်။ “မင့်သားရော ဘယ်လိုလဲ။ ဘယ်တော့များ လက်ဆောင်ကောင်းကောင်းတွေနဲ့ ပြန်လာမလဲပေါ့။ အိုးဒလိရဲ့  သားလေးလို စားဖို့သောက်ဖို့ ဘယ်တော့ ဖိတ်မလဲ။ ခြေကျင်ထွက်သွားတဲ့ အိုးဒလိရဲ့  သားလေးတော့ လက်ဆောင်ကောင်းတွေနဲ့ အောင်အောင်မြင်မြင် ပြန်လာပြီ။ လေယာဉ်နဲ့သွားတဲ့ မင့်သားကဘယ်လိုလဲ။ ဘာညာပေါ့။” အဲဒီလိုတော့ မပြောကြရှာပါဘူး။ ဒါပေမယ့် သူတို့ မျက်လုံးတွေက ဘာကိုပြောချင်တယ် ဆိုတာအမေ သိတာပေါ့သားရယ်။ သူတို့ မျက်လုံးတွေက အမေ ကိုကာကိုလာ သောက်တဲ့အခါ၊ ဂျိုးလော့(ဖ်) ထမင်း စားတဲ့အခါ၊ အမဲသားကြော်ကိုက်တဲ့အခါ၊ လည်ပင်းဖြတ်ခံလိုက်ရတဲ့ ကြက်ကလေးလို ကမူးရှူးထိုးကတဲ့အခါတောင် အလွတ်ပေးကြတာမဟုတ်ဘူး။ အဲဒီကောင်လေးလည်း လေယာဉ်နဲ့ပြန်သွားပြီ၊ နောက်တစ်ခါ သူပြန်လာရင် သူ့ အဖေရဲ့  အိမ်အိုကြီးကို ဖျက်ပြီး အိမ်ကြီးရခိုင်ဆောက်ပေးမယ်လို့ ကတိပေးသွားလေရဲ့ ။

တစ်ခါက အမေ့တွက် အမေ့ဒူးတွေမတုန်ခင်လေး မြေးလေးတစ်ယောက်ရအောင်လို သားရဲ့  ဇနီးလောင်းလေး ငိုဇီးကို သားရဲ့ ညီဝမ်းကွဲ အဇူကာနဲ့ စပ်မိပါတယ်။ ငိုဇီးလေရဲ့  အမေက မခံမရပ်နိုင်ဖြစ်လိုက်ပုံများ မြွေတစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့။ သူ့သမီးကို အမဲသားရောင်းသလို ဟိုလူ့ပစ်ပေးလိုက် သည်လူ့ပစ်ပေးလိုက် လုပ်လို့တဲ့လေ။ အမေ့ကိုတောင် တံထွေးနဲ့ ထွေးသွားသေးတယ်သားရဲ့ ။ သူ့သမီးလေးသာ နောက်တစ် ယောက်ကို လက်ထပ်ရဦးမယ်ဆိုရင် အမေတို့ထက်သာတဲ့ အသိုင်းအ၀ိုင်းကောင်းကောင်းကိုပဲ ရှာတော့ မပေါ့တဲ့။ အဲဒီလို ကတောက်ကဆ ဖြစ်ပြီးကတည်းက သူလည်း ဘုရားကျောင်းကို မလာတော့ဘူး။ လမ်းမှာ အမေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှူးရှူးရှဲရှဲနဲ့ မျက်နှာလွဲပြီး လမ်းတစ်ဖက်ကို ကူးကူးသွားတာ။

သားပိုက်ဆံမပို့တဲ့ အတွက်တော့ ဆင်ခြေပေးနေစရာမလိုပါဘူး။ ခုဆို အနောက်နိုင်ငံများအသင်းက အမေတို့လမ်းပေါ်မှာ ရုံးလာစိုက်တယ်။ ခန့်ညားထည်ဝါတဲ့ သူတို့ရုံးကြီးထဲကို ကလေးတွေကို ခေါ်ခေါ်သွားကြတာ နေ့စဉ်တွေ့နေရတာပဲ။ ပြီးရင် စက္ကူထုပ်ကြီးငယ်တွေဆွဲလို့ ကားကား ကားကားနဲ့ ထွက်လာကြတော့ တာပဲ။ သူတို့တစ်တွေ အားတဲ့လက်တစ်ဖက်နဲ့တော့ အမေ့ကို လက်ပြနှုတ်ဆက်ကြပါတယ်။ အမေချေးမှာ စိုးလို့ထင်ပါရဲ့  လက်တစ်ဖက်ကတော့ သူတို့ပိုက်ဆံထုပ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့သားရေ။

လူတွေပေးပေးနေတဲ့ အကြံတွေနဲ့ အမေ့နားမပြည့်လောက်ဘူး မထင်နဲ့။ နောက်ဆုံးတော့ လူတွေပြောပြော နေသလိုပဲ အချိန်က စကားပြောပါလိမ့်မယ်။ တစ်ခါကတော့ အမေတို့တိုင်းရင်းဆေးဆရာကြီးက ပြောတယ် အမေရိကမှာ ရောက်နေတဲ့ အမေ့သားကို သားလေးအမေရိကမှာ ဘာပဲဖြစ်နေနေ ပြန်လာစေရမယ်။ သူ့မန္တန်နဲ့ လုပ်လိုက်ရင် နောက်တစ်ပါတ်လေယာဉ်နဲ့ သားရောက်လာမှာပဲတဲ့။ ဒါပေမယ့် သားက အမေ့ရင်သွေးလေ၊ အမေ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာ။ သားအပေါ်ဘယ်လို အန္တရာယ်မျိုးမှ မကျရောက်စေချင်ဘူး။ အိုကိုလိုစီရဲ့  သားလေးတော့ မန္တန် အစွမ်းနဲ့ အမေရိက ကနေ အတင်းပြန်လာရတာပဲ။ သူအခု အိမ်ပြန် ရောက်နေပြီ။ ဂျာကင်အစုတ်ကြီးဝတ်လို့သားရယ်။ ကြောက်စရာကောင်းတဲ့ ဟိုင်လီနားငှက်ဆိုးသံကြီး နဲ့ရယ်ရယ်ပြီး လမ်းပေါ်မှာ ဟိုလျှောက် ဒီလျှောက်လုပ်နေတော့ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့ ကလေးတွေခမျာ သူ့ကို ကြောက်ကြရှာတာပေါ့။ သူနာမည်ကိုလည်း အမေရိကန်က မြို့ကြီးတွေရဲ့  နာမည်တွေ အကျယ်ကြီး ရွတ်ရွတ်နေလေရဲ့ ကွယ်။

ဆက်ရန် .......

May 24, 2008

အပျင်းပြေ လေးတွေ

သိပ်ပျင်းနေ ငြီးငွေ့နေပါသလား။ ကျွန်တော်ပျော် အောင်လုပ်ပေးမယ်လေ။


Tempo (1) Click the Gray Face



Tempo (2) Click the Yellow Face




Tempo (3) Click the Orange Face



May 22, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၁)

အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၁)
သားရေ

အမေရိကမှာ အလုပ်လုပ်နေကြတဲ့ တခြားနိုင်ဂျီးရီးယားလူငယ်တွေလို အနောက်နိုင်ငံများအသင်းကနေတဆင့် အိမ်ကိုပိုက်ဆံ မပို့တာ ဘာ့ကြောင့်လဲ။ အိမ်ကိုလည်းပြန်မလာဘူး။ လူဖြူမလေး တစ်ယောက်နဲ့များ လက်ထပ်လိုက်တာလား။ သားအတွက်မေမေ အမျိုးကောင်းသမီးလေး တစ်ယောက်ကို တွေ့ထားပြီ ဆိုတာ မမေ့ပါနဲ့။ သူ့နာမည်က ငိုဇီး။ သူ့မိဘတွေကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေပါ။ သူ့မေမေဟာ အမေ့လိုပဲ။ ငိုဇီးတို့မိသားစုနဲ့ အမေတို့ကြားမှာရှိတဲ့ ခင်မင်ရင်းနှီးမှုတွေ ပျက်အောင် မလုပ်နဲ့နော်သား။

ကာကာရဲ့ သားလိုတော့ မလုပ်ပါနဲ့ လို့ အမေပြောပါရစေ။ သူ့ကို တို့နိုင်ဂျီးရီးယားလူမျိုးစု တိုးတက်ရေး ရံပုံငွေနဲ့ ပို့လိုက်တာ။ သူကတော့ လူဖြူမလေး တစ်ယောက်နဲ့ လက်ထပ်ပြီးပြန်လာတယ်။ လူဖြူတွေချည်း သီးသန့်နေတဲ့ ရပ်ကွက်ထဲ သွားနေတော့။ သူ့မိဘတွေကိုတောင် လာလည်ခွင့် မပေးဘူး။ သူ့မှာ ခွေးကြီးတစ်ကောင် ရှိတယ်။ သူမိန်းမကဆို အဲဒီခွေးကြီးကို သူ့သွေးသားတစ်ယောက်လို ပြုစုကျွေးမွေးတာ။ သူမိဘတွေဆီ တစ်ခေါက်တော့ လာလည်ပါတယ်။ သူက သူအဖေရဲ့  အိမ်အိုအိမ်ဟောင်းကြီးမှာ ညမအိပ်ဘူးတဲ့။ ညစ်ပတ်ရှုပ်ပွနေလို့တဲ့လေ။ သူ့မိန်းမကို ခေါ်ပြီး ဟိုတယ်မှာ သွားတည်းကြတယ်ဆိုပဲ။ တို့နိုင်ဂျီးရီးယားလူမျိုးစု သက်ကြီးဝါကြီးတွေနဲ့ တွေ့  တော့ သူငယ်ငယ်ကလို မြေပေါ် ၀ပ်တွားပြီး ဂါရ၀မပြုဘဲ လက်ကြီးဆန့်ပေးသတဲ့။

အမေသားဆီပို့ပေးလိုက်တဲ့ဓာတ်ပုံထဲက ခေါင်ရမ်းပန်းလေးကိုင်ထားတဲ့ ဂါဝန်ရှည်လေးနဲ့ ငိုဇီးလေးဟာ လှရဲ့  မဟုတ်လား။ သူအခု ခရစ်ယာန်အမျိုးသမီးများအသင်းရဲ့  ဆရာများကောလိပ်မှာ ကျောင်းတက်နေတယ်။ သူကလေးက သားကောင်းတွေ မွေးဖွာပေးနိုင်တဲ့ မျိုးကောင်းရိုးကောင်းလေးသားရဲ့ ။

ဂျာမနီကို သွားတဲ့ အိုဂါဂါရဲ့  သားကတော့ ဟိုတစ်နှစ်က ဗောက်ဝက်ဂွန်းလို့ခေါ်တဲ့ ကားအကောင်းစားကြီး တစ်စီး ပို့လိုက်တယ်။ အိပ်ခန်းပေါင်း ၂၀ ပါတဲ့ စံအိမ်ကြီးလည်းဆောက်ပြီး သွားပြီတဲ့။ ခု ဟိုတယ်ကြီး တစ်ခုဆောက်ဖို့တောင် အုတ်မြစ်ချပြီးသွားပြီ။ အမေလည်း အသက်ကြီးလာပြီဆိုတော့ အမေမသေခင်လေး အမေ့မြေးတွေနဲ့ ပျော်ပျော်ကြီးနေချင်သေးတယ်။ အမေလည်းရွာမှာ လူရယ်စရာအဘွားကြီးဖြစ်နေပြီ။ ဘာလို့လည်းဆိုတော့ အိုရင်ဘိုဈေးမှာရှိတဲ့ အမေ့ရဲ့  စည်းစိမ်ကုန် ဈေးဆိုင်လေးကို ရောင်းလိုက်လို့လေ။ ဒါကလည်း အမေရိကကိုသွားတဲ့ အမေ့ရဲ့  တစ်ဦးတည်းသော သားလေး မင့် အတွက် ပိုက်ဆံပိုပို့ပေးဖို့ အတွက်ပါကွယ်။ ခု အမေ့မှာ ဈေးဆိုင်လေး မရှိတော့ဘူးသားရဲ့ ။ အဲဒါကြောင့် ခု အမေလေ မလုပ်ချင်ပေမယ့် ခေါင်းရွက်ဗျတ်ထိုးဈေးသည် လုပ်နေရပြီသားရေ။
သားသတိရသေးလား အမေ့အတွက် ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက်ထားပေးမယ်ဆိုတာလေ။ အမေကတော့ ငါ့သားပို့လိုက်တဲ့ ကားကြီးရဲ့  နောက်ခန်းမှာ ၀န်ကြီးချုပ်ကတော်ကြီးလို ထိုင်ပြီးတော့ ဒရိုင်ဘာကို နောက်ကနေ အမိန့်တွေပေးမယ်။ အမေ့ မိတ်ဆွေတွေဆီသွားလည်မယ်။ သူတို့တွေ အားကျနေကြမှာ မြင်ယောင်သေးတယ် သားရယ်။ အမေကတော့ အမေသားလေးဟာ ဘုရားသခင်ဟောခဲ့တဲ့ ၀ိုင်နဲ့မိန်းမအတွက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖွာဖွာနဲ့ အရမ်းသုံးဖြုန်းပစ်တဲ့သူ ဖြစ်မလာပါစေနဲ့လိုပဲ ဆုတောင်း နေမိတယ်။

သားလေး အိုဘီရဲ့  သမီးလေးကိုတော့ မှတ်မိဦးမယ်ဆိုတာ အမေ အတပ်ပြောရဲတယ်။ သား အမေရိကကို ထွက်သွားပြီးလို့ သိပ်မကြာခင်ပဲ သူလည်း အီတလီကို ပြည့်တန်ဆာလုပ်ဖို့ထွက်သွားတယ်။ မနှစ်ကမှ သူလည်း သူ့မိဘတွေဆီ လက်ဆောင်တွေ အများကြီးနဲ့ ပြန်လာတာ။ သင့်တော်တဲ့ ကောင်လေးတစ်ယောက်နဲ့တောင် လက်ထပ်သွားပြီးသွားပြီ။ သူတို့လက်ထပ်ပွဲကို ဘုရားကျောင်းမှာ လုပ်တာ။ ဘုရားကျောင်းပြင်ဖို့ အလှူကြီးပေးပြီးတဲ့နောက် သူဟာ ရှက်ဖွယ်ကောင်းတဲ့ ပြစ်မှုတွေ လုပ်ခဲ့ပေမယ့်။ ယေရှုခရစ်တော်ရဲ့ သွေးနဲ့ သန့်ရှင်းစေခဲ့ပြီလို့ ဘုန်းတော်ကြီးကပြောတယ်။ ခုဆို သားလေးတစ်ယောက်တောင်မွေးပြီးပြီတဲ့။ လူတွေလည်း သူအီတလီမှာ တစ်ခါတုန်းက ပြည့်တန်ဆာလုပ်ခဲ့တာကို သတိမရကြတော့ပါဘူး။

သားလေး တခြား လူမည်းတွေနဲ့ရော ပေါင်းသင်းဖြစ်လား။ သားရဲ့ မျိုးရိုးဇစ်မြစ်ကိုရော သတိရတုန်းပဲလား။ လူမည်းတွေရဲ့  ရိုးရာအစားအသောက်တွေကို ရှာရှာဖွေဖွေ စားတုန်းပဲလား။ ဘာလို့လဲဆိုတော့ လူဖြူတွေရဲ့  အစားအသောက်က သားကို လူဖြူတွေရဲ့  လမ်းကိုလိုက်ဖို့ ခေါ်သွားမှာ အမေစိုးရိမ်တယ် သား။ သားရေ … သားလျှောက်မယ့်လမ်းကို သားစဉ်းစားပါ။ လက်ဖွာဖွာနဲ့သုံးဖြစ်နေသလားဆိုတာ ကိုယ်ဟာကို ဆင်ခြင်ပါ။ အမေ မသေခင်တော့ သားအတွက် နေ့စဉ် ဆုတောင်းပေးပါတယ်သားရယ်။
ဆက်ရန် ....

May 15, 2008

အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါသည်


ကျွန်တော်တို့အလှူ အောင်မြင်ခဲ့ပါပြီ။
အသေးစိတ်ရေးပါဦးမည်။
(၁) ၀ါးကောက်တော၊
(၂) ထန်းပင်ကုန်း၊
(၃) တော်ခရမ်းလေး၊
(၄) အင်္ဂပူ၊
(၅) ဒေးဒရဲ
ကို ရောက်တယ်လို့ ပြောပါတယ်။
မြန်မာပြည်ထဲက သူငယ်ချင်းတွေရော ပေါင်းလိုက်တော့ သိန်း ၂၀ ကျော်လှူနိုင်ခဲ့ပါတယ်။

May 10, 2008

အမျှဝေပါသည်


အမျှဝေပါသည်

မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစ်စု လေဘေးဒုက္ခသည်တွေအတွက် ဆန်၊ရေ၊ဆေး ၀ယ်ပြီးလှူဖို့ ရန်ကုန်ကို အလှူငွေပို့နိုင်ခဲ့ပါတယ်။ စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ဆီလွဲပြီး လိုအပ်နေတဲ့ နေရာတွေ သွားလှူဖို့ ပြောထားပါတယ်။

စုစုပေါင်း ၁၀ သိန်း ၂ သောင်းကျပ် လှူဒါန်းမျှဝေနိုင်ခဲ့ပါတယ်။

ကိုတင်မျိုးနိုင် (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုဖြိုးဝေမောင် (ရန်ကုန်စက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုခွန်ကျော်စိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုဇော်လတ်တင် (မန္တလေးစက်မှုတက္ကသိုလ်) = ၃၀၀၀၀ ကျပ်
ကိုကျော်စိုးလွင် (မန္တလေးစက်မှုတက္ကသိုလ်) = ၈၃၅၀၀ ကျပ်
ကိုခင်မောင်ညွန့် (ရန်ကုန်စက်မှုတက္ကသိုလ်) = ၁၀၀၀၀၀ ကျပ်
ကိုနိုင်ဝင်း (မန္တလေးစက်မှုတက္ကသိုလ်) = ၈၃၅၀၀ ကျပ်
ကိုဇင်မင်းထွန်း (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုစိုးသက်ကျော် (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
မအေးနန်းစိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၁၆၇၀၀ ကျပ်
မစိမ့်စိမ့်စိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၂၅၀၅၀ ကျပ်
မနန်းရွှေလီဝင်း (ပညာသင်ဆဲ) = ၄၁၇၅၀ ကျပ်
ကိုစိုင်းခမ်းထွန်း (မန္တလေးစက်မှုတက္ကသိုလ်) = ၄၃၀၇၅၀ ကျပ်

ဤကောင်းမှုကို လှူဒါန်းခွင့် မကြုံသေးသူများအားလည်း ကောင်းမှု မျိုးစေ့ အမျှရစေခြင်းငှာ ဖော်ပြ အမျှဝေအပ်ပါသည်။

May 6, 2008

ကျွန်တော်တို့ဟာ သဘာဝရဲ့  ရင်သွေးငယ်တွေလေ



သဘာဝရဲ့  ရင်သွေးငယ်တွေ



ကျွန်တော်တို့ မြန်မာ ဘလော့ဂ်ဂါတွေ တာဝန်ကျေခဲ့ပါသည်။ နာဂစ်လေပြင်းမုန်တိုင်းကြီး မြန်မာပြည်မရောက်မီ နီးစပ်ရာ မြန်မာများကို သတင်းပေးကြရန်ကြိုတင် သတိပေးခဲ့ကြပါသည်။ မေ ၁ ရက် လောက်ကတည်းက အော်နေကြပါသည်။
“နာဂစ်လေပြင်းမုန်တိုင်းကြီးလာတော့မည်”
“နီးစပ်ရာ အမြန်သတိပေးကြပါ”
အဘယ်မျှပြင်းထန်ကာ၊ အဘယ်မျှ ထိခိုက်မည်ကိုကား မကြုံဘူးခဲ့သည့် အတွက် မခန့်မှန်းနိုင်ခဲ့ကြပါ။ ကျွန်တော့် ဘလော့ဂ်တွင်ပင်လျှင် မေ ၂ ရက်နေ့၌ ဖော်ပြသတိပေးခဲ့ပါသေးသည်။
ယခုတော့ မုန်တိုင်းကြီးလည်း တိုက်ခတ်ပြီးသွားခဲ့ပါပြီ။ သေသူတွေလည်း သေကုန်ကြပါပြီ။ ကျန်ခဲ့သူတွေမှာလည်း ဒုက္ခများစွာဖြင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

ကျွန်တော် မြင်ယောင်နေမိသည်မှာ
မိဘမဲ့သွားသော ကလေးငယ်များ (ဘယ်သွားပြီး ဘာစားရမည်မှန်း မသိ၊ သူတောင်းစားဖြစ်မည်လား သူခိုးလေးဖြစ်လာမည်လား) မိမိ၏ ညီလေး၊ မောင်လေး၊ သားငယ်လေး၊ သမီးငယ်လေးအဖြစ် ခံစားကြည့်ပါ။

အိုးအိမ်မဲ့သွားပြီး နေ့ဖို့ညစာ မရှိရှာသော မိသားစု (ထမင်းနပ်မှန်အောင်ပင် မလွယ်သော တစ်နေ့စာ လုပ်ခ၊ ညအခါ မိုးလုံလေလုံ အိပ်ဖို့ပင် မလွယ်တော့ပါ။) ကိုယ်ချင်းစာတတ်ရန် ပြောပြလိုပါသည်။ သင်အိပ်နေစဉ် သင့်တစ်ကိုယ်လုံး ရေစိုအောင် လောင်းပစ်လိုက်မည်။ အ၀တ်မလဲရ၊ ရေစို အ၀တ်ဖြင့် မနက်ထိနေရမည်။ အဘယ်လောက်ဆင်းရဲ ပင်ပမ်းမည်ကို ဆင်ခြင်ကြည့်ပါ။

ရေမလာ၊ မီးမလာ။ သွားလာရမလွယ်။
ယခု ရေဈေးကြီးနေပြီ။
ဆီဈေးကြီးနေပြီ။
ဆန်ဈေးကြီးနေပြီ။
အိုးအိမ်မပြို မပျက်သူတို့ပင် စားရေး၊ သောက်ရေး ခက်မည်ဖြစ်သည်။
ရွာလုံးကျွတ်ပျောက်သူများ (သတင်း၌ ဖတ်ရသည်။) သေသူက သေပြီ ထားတော့။ ကျန်ခဲ့သူတွေ ငတ်၍ သေကုန်၊ ရောဂါဖြစ်၍ သေကုန်တော့မည်။ အ၀တ်မလုံလောက်။ အစားမလုံလောက်။ ဆေးဝါးမလုံလောက်။ မုန်တိုင်းအပြီး၌ ပတ်ဝန်းကျင် ညစ်ညမ်းနေမှုကြောင့် ၀မ်းရောဂါ၊ မိုးမိ၊ လေမိ၍ အဖျားရောဂါ လာဦးမည်။ ခြုံစရာ စောင်မရှိ။ ခြင်ထောင်မရှိ။ ထွန်းစရာမီးခွက်မရှိ။ မှောင်ထဲ မည်းမည်း။

ထိုထို သို့သော သနားစရာ ဒုက္ခရောက်နေသူများကို မိမိ စားနေ ၀တ်နေသည့် အထဲမှ လူသားဆန်စွာ ဝေငှပေးရန် မသင့်ပါလား။
ဘလော့ဂ်ဂါညီအစ်ကို မောင်နှမ အပေါင်းတို့ခင်ဗျား …। အားလုံး တညီတညာတည်း အကူအညီပေးကြ အော်ကြရအောင်ဗျာ …
ကျွန်တော်လည်း သူတို့ အတွက် မျှဝေမယ် ကျွန်တော်တစ်ယောက်တည်း မစားရက်ပါဘူး။ သူတို့တစ်တွေဟာ ကျွန်တော်တို့ သွေးချင်းတွေလေ။ ငတ်နေ ... ဒုက္ခရောက်နေကြရှာတယ်လေ ... မိတ်ဆွေစစ်ဆိုတာ ဒုက္ခရောက်ချိန်မှာမှ သိရတာတဲ့ ....
ကျွန်တော်တို့ဟာ သဘာဝရဲ့  ရင်သွေးငယ်တွေလေ …