May 24, 2008

အပျင်းပြေ လေးတွေ

သိပ်ပျင်းနေ ငြီးငွေ့နေပါသလား။ ကျွန်တော်ပျော် အောင်လုပ်ပေးမယ်လေ။


Tempo (1) Click the Gray Face



Tempo (2) Click the Yellow Face




Tempo (3) Click the Orange Face



May 22, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၁)

အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၁)
သားရေ

အမေရိကမှာ အလုပ်လုပ်နေကြတဲ့ တခြားနိုင်ဂျီးရီးယားလူငယ်တွေလို အနောက်နိုင်ငံများအသင်းကနေတဆင့် အိမ်ကိုပိုက်ဆံ မပို့တာ ဘာ့ကြောင့်လဲ။ အိမ်ကိုလည်းပြန်မလာဘူး။ လူဖြူမလေး တစ်ယောက်နဲ့များ လက်ထပ်လိုက်တာလား။ သားအတွက်မေမေ အမျိုးကောင်းသမီးလေး တစ်ယောက်ကို တွေ့ထားပြီ ဆိုတာ မမေ့ပါနဲ့။ သူ့နာမည်က ငိုဇီး။ သူ့မိဘတွေကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေပါ။ သူ့မေမေဟာ အမေ့လိုပဲ။ ငိုဇီးတို့မိသားစုနဲ့ အမေတို့ကြားမှာရှိတဲ့ ခင်မင်ရင်းနှီးမှုတွေ ပျက်အောင် မလုပ်နဲ့နော်သား။

ကာကာရဲ့ သားလိုတော့ မလုပ်ပါနဲ့ လို့ အမေပြောပါရစေ။ သူ့ကို တို့နိုင်ဂျီးရီးယားလူမျိုးစု တိုးတက်ရေး ရံပုံငွေနဲ့ ပို့လိုက်တာ။ သူကတော့ လူဖြူမလေး တစ်ယောက်နဲ့ လက်ထပ်ပြီးပြန်လာတယ်။ လူဖြူတွေချည်း သီးသန့်နေတဲ့ ရပ်ကွက်ထဲ သွားနေတော့။ သူ့မိဘတွေကိုတောင် လာလည်ခွင့် မပေးဘူး။ သူ့မှာ ခွေးကြီးတစ်ကောင် ရှိတယ်။ သူမိန်းမကဆို အဲဒီခွေးကြီးကို သူ့သွေးသားတစ်ယောက်လို ပြုစုကျွေးမွေးတာ။ သူမိဘတွေဆီ တစ်ခေါက်တော့ လာလည်ပါတယ်။ သူက သူအဖေရဲ့  အိမ်အိုအိမ်ဟောင်းကြီးမှာ ညမအိပ်ဘူးတဲ့။ ညစ်ပတ်ရှုပ်ပွနေလို့တဲ့လေ။ သူ့မိန်းမကို ခေါ်ပြီး ဟိုတယ်မှာ သွားတည်းကြတယ်ဆိုပဲ။ တို့နိုင်ဂျီးရီးယားလူမျိုးစု သက်ကြီးဝါကြီးတွေနဲ့ တွေ့  တော့ သူငယ်ငယ်ကလို မြေပေါ် ၀ပ်တွားပြီး ဂါရ၀မပြုဘဲ လက်ကြီးဆန့်ပေးသတဲ့။

အမေသားဆီပို့ပေးလိုက်တဲ့ဓာတ်ပုံထဲက ခေါင်ရမ်းပန်းလေးကိုင်ထားတဲ့ ဂါဝန်ရှည်လေးနဲ့ ငိုဇီးလေးဟာ လှရဲ့  မဟုတ်လား။ သူအခု ခရစ်ယာန်အမျိုးသမီးများအသင်းရဲ့  ဆရာများကောလိပ်မှာ ကျောင်းတက်နေတယ်။ သူကလေးက သားကောင်းတွေ မွေးဖွာပေးနိုင်တဲ့ မျိုးကောင်းရိုးကောင်းလေးသားရဲ့ ။

ဂျာမနီကို သွားတဲ့ အိုဂါဂါရဲ့  သားကတော့ ဟိုတစ်နှစ်က ဗောက်ဝက်ဂွန်းလို့ခေါ်တဲ့ ကားအကောင်းစားကြီး တစ်စီး ပို့လိုက်တယ်။ အိပ်ခန်းပေါင်း ၂၀ ပါတဲ့ စံအိမ်ကြီးလည်းဆောက်ပြီး သွားပြီတဲ့။ ခု ဟိုတယ်ကြီး တစ်ခုဆောက်ဖို့တောင် အုတ်မြစ်ချပြီးသွားပြီ။ အမေလည်း အသက်ကြီးလာပြီဆိုတော့ အမေမသေခင်လေး အမေ့မြေးတွေနဲ့ ပျော်ပျော်ကြီးနေချင်သေးတယ်။ အမေလည်းရွာမှာ လူရယ်စရာအဘွားကြီးဖြစ်နေပြီ။ ဘာလို့လည်းဆိုတော့ အိုရင်ဘိုဈေးမှာရှိတဲ့ အမေ့ရဲ့  စည်းစိမ်ကုန် ဈေးဆိုင်လေးကို ရောင်းလိုက်လို့လေ။ ဒါကလည်း အမေရိကကိုသွားတဲ့ အမေ့ရဲ့  တစ်ဦးတည်းသော သားလေး မင့် အတွက် ပိုက်ဆံပိုပို့ပေးဖို့ အတွက်ပါကွယ်။ ခု အမေ့မှာ ဈေးဆိုင်လေး မရှိတော့ဘူးသားရဲ့ ။ အဲဒါကြောင့် ခု အမေလေ မလုပ်ချင်ပေမယ့် ခေါင်းရွက်ဗျတ်ထိုးဈေးသည် လုပ်နေရပြီသားရေ။
သားသတိရသေးလား အမေ့အတွက် ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက်ထားပေးမယ်ဆိုတာလေ။ အမေကတော့ ငါ့သားပို့လိုက်တဲ့ ကားကြီးရဲ့  နောက်ခန်းမှာ ၀န်ကြီးချုပ်ကတော်ကြီးလို ထိုင်ပြီးတော့ ဒရိုင်ဘာကို နောက်ကနေ အမိန့်တွေပေးမယ်။ အမေ့ မိတ်ဆွေတွေဆီသွားလည်မယ်။ သူတို့တွေ အားကျနေကြမှာ မြင်ယောင်သေးတယ် သားရယ်။ အမေကတော့ အမေသားလေးဟာ ဘုရားသခင်ဟောခဲ့တဲ့ ၀ိုင်နဲ့မိန်းမအတွက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖွာဖွာနဲ့ အရမ်းသုံးဖြုန်းပစ်တဲ့သူ ဖြစ်မလာပါစေနဲ့လိုပဲ ဆုတောင်း နေမိတယ်။

သားလေး အိုဘီရဲ့  သမီးလေးကိုတော့ မှတ်မိဦးမယ်ဆိုတာ အမေ အတပ်ပြောရဲတယ်။ သား အမေရိကကို ထွက်သွားပြီးလို့ သိပ်မကြာခင်ပဲ သူလည်း အီတလီကို ပြည့်တန်ဆာလုပ်ဖို့ထွက်သွားတယ်။ မနှစ်ကမှ သူလည်း သူ့မိဘတွေဆီ လက်ဆောင်တွေ အများကြီးနဲ့ ပြန်လာတာ။ သင့်တော်တဲ့ ကောင်လေးတစ်ယောက်နဲ့တောင် လက်ထပ်သွားပြီးသွားပြီ။ သူတို့လက်ထပ်ပွဲကို ဘုရားကျောင်းမှာ လုပ်တာ။ ဘုရားကျောင်းပြင်ဖို့ အလှူကြီးပေးပြီးတဲ့နောက် သူဟာ ရှက်ဖွယ်ကောင်းတဲ့ ပြစ်မှုတွေ လုပ်ခဲ့ပေမယ့်။ ယေရှုခရစ်တော်ရဲ့ သွေးနဲ့ သန့်ရှင်းစေခဲ့ပြီလို့ ဘုန်းတော်ကြီးကပြောတယ်။ ခုဆို သားလေးတစ်ယောက်တောင်မွေးပြီးပြီတဲ့။ လူတွေလည်း သူအီတလီမှာ တစ်ခါတုန်းက ပြည့်တန်ဆာလုပ်ခဲ့တာကို သတိမရကြတော့ပါဘူး။

သားလေး တခြား လူမည်းတွေနဲ့ရော ပေါင်းသင်းဖြစ်လား။ သားရဲ့ မျိုးရိုးဇစ်မြစ်ကိုရော သတိရတုန်းပဲလား။ လူမည်းတွေရဲ့  ရိုးရာအစားအသောက်တွေကို ရှာရှာဖွေဖွေ စားတုန်းပဲလား။ ဘာလို့လဲဆိုတော့ လူဖြူတွေရဲ့  အစားအသောက်က သားကို လူဖြူတွေရဲ့  လမ်းကိုလိုက်ဖို့ ခေါ်သွားမှာ အမေစိုးရိမ်တယ် သား။ သားရေ … သားလျှောက်မယ့်လမ်းကို သားစဉ်းစားပါ။ လက်ဖွာဖွာနဲ့သုံးဖြစ်နေသလားဆိုတာ ကိုယ်ဟာကို ဆင်ခြင်ပါ။ အမေ မသေခင်တော့ သားအတွက် နေ့စဉ် ဆုတောင်းပေးပါတယ်သားရယ်။
ဆက်ရန် ....

May 15, 2008

အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါသည်


ကျွန်တော်တို့အလှူ အောင်မြင်ခဲ့ပါပြီ။
အသေးစိတ်ရေးပါဦးမည်။
(၁) ၀ါးကောက်တော၊
(၂) ထန်းပင်ကုန်း၊
(၃) တော်ခရမ်းလေး၊
(၄) အင်္ဂပူ၊
(၅) ဒေးဒရဲ
ကို ရောက်တယ်လို့ ပြောပါတယ်။
မြန်မာပြည်ထဲက သူငယ်ချင်းတွေရော ပေါင်းလိုက်တော့ သိန်း ၂၀ ကျော်လှူနိုင်ခဲ့ပါတယ်။

May 10, 2008

အမျှဝေပါသည်


အမျှဝေပါသည်

မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစ်စု လေဘေးဒုက္ခသည်တွေအတွက် ဆန်၊ရေ၊ဆေး ၀ယ်ပြီးလှူဖို့ ရန်ကုန်ကို အလှူငွေပို့နိုင်ခဲ့ပါတယ်။ စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ဆီလွဲပြီး လိုအပ်နေတဲ့ နေရာတွေ သွားလှူဖို့ ပြောထားပါတယ်။

စုစုပေါင်း ၁၀ သိန်း ၂ သောင်းကျပ် လှူဒါန်းမျှဝေနိုင်ခဲ့ပါတယ်။

ကိုတင်မျိုးနိုင် (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုဖြိုးဝေမောင် (ရန်ကုန်စက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုခွန်ကျော်စိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုဇော်လတ်တင် (မန္တလေးစက်မှုတက္ကသိုလ်) = ၃၀၀၀၀ ကျပ်
ကိုကျော်စိုးလွင် (မန္တလေးစက်မှုတက္ကသိုလ်) = ၈၃၅၀၀ ကျပ်
ကိုခင်မောင်ညွန့် (ရန်ကုန်စက်မှုတက္ကသိုလ်) = ၁၀၀၀၀၀ ကျပ်
ကိုနိုင်ဝင်း (မန္တလေးစက်မှုတက္ကသိုလ်) = ၈၃၅၀၀ ကျပ်
ကိုဇင်မင်းထွန်း (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုစိုးသက်ကျော် (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
မအေးနန်းစိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၁၆၇၀၀ ကျပ်
မစိမ့်စိမ့်စိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၂၅၀၅၀ ကျပ်
မနန်းရွှေလီဝင်း (ပညာသင်ဆဲ) = ၄၁၇၅၀ ကျပ်
ကိုစိုင်းခမ်းထွန်း (မန္တလေးစက်မှုတက္ကသိုလ်) = ၄၃၀၇၅၀ ကျပ်

ဤကောင်းမှုကို လှူဒါန်းခွင့် မကြုံသေးသူများအားလည်း ကောင်းမှု မျိုးစေ့ အမျှရစေခြင်းငှာ ဖော်ပြ အမျှဝေအပ်ပါသည်။

May 6, 2008

ကျွန်တော်တို့ဟာ သဘာဝရဲ့  ရင်သွေးငယ်တွေလေ



သဘာဝရဲ့  ရင်သွေးငယ်တွေ



ကျွန်တော်တို့ မြန်မာ ဘလော့ဂ်ဂါတွေ တာဝန်ကျေခဲ့ပါသည်။ နာဂစ်လေပြင်းမုန်တိုင်းကြီး မြန်မာပြည်မရောက်မီ နီးစပ်ရာ မြန်မာများကို သတင်းပေးကြရန်ကြိုတင် သတိပေးခဲ့ကြပါသည်။ မေ ၁ ရက် လောက်ကတည်းက အော်နေကြပါသည်။
“နာဂစ်လေပြင်းမုန်တိုင်းကြီးလာတော့မည်”
“နီးစပ်ရာ အမြန်သတိပေးကြပါ”
အဘယ်မျှပြင်းထန်ကာ၊ အဘယ်မျှ ထိခိုက်မည်ကိုကား မကြုံဘူးခဲ့သည့် အတွက် မခန့်မှန်းနိုင်ခဲ့ကြပါ။ ကျွန်တော့် ဘလော့ဂ်တွင်ပင်လျှင် မေ ၂ ရက်နေ့၌ ဖော်ပြသတိပေးခဲ့ပါသေးသည်။
ယခုတော့ မုန်တိုင်းကြီးလည်း တိုက်ခတ်ပြီးသွားခဲ့ပါပြီ။ သေသူတွေလည်း သေကုန်ကြပါပြီ။ ကျန်ခဲ့သူတွေမှာလည်း ဒုက္ခများစွာဖြင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

ကျွန်တော် မြင်ယောင်နေမိသည်မှာ
မိဘမဲ့သွားသော ကလေးငယ်များ (ဘယ်သွားပြီး ဘာစားရမည်မှန်း မသိ၊ သူတောင်းစားဖြစ်မည်လား သူခိုးလေးဖြစ်လာမည်လား) မိမိ၏ ညီလေး၊ မောင်လေး၊ သားငယ်လေး၊ သမီးငယ်လေးအဖြစ် ခံစားကြည့်ပါ။

အိုးအိမ်မဲ့သွားပြီး နေ့ဖို့ညစာ မရှိရှာသော မိသားစု (ထမင်းနပ်မှန်အောင်ပင် မလွယ်သော တစ်နေ့စာ လုပ်ခ၊ ညအခါ မိုးလုံလေလုံ အိပ်ဖို့ပင် မလွယ်တော့ပါ။) ကိုယ်ချင်းစာတတ်ရန် ပြောပြလိုပါသည်။ သင်အိပ်နေစဉ် သင့်တစ်ကိုယ်လုံး ရေစိုအောင် လောင်းပစ်လိုက်မည်။ အ၀တ်မလဲရ၊ ရေစို အ၀တ်ဖြင့် မနက်ထိနေရမည်။ အဘယ်လောက်ဆင်းရဲ ပင်ပမ်းမည်ကို ဆင်ခြင်ကြည့်ပါ။

ရေမလာ၊ မီးမလာ။ သွားလာရမလွယ်။
ယခု ရေဈေးကြီးနေပြီ။
ဆီဈေးကြီးနေပြီ။
ဆန်ဈေးကြီးနေပြီ။
အိုးအိမ်မပြို မပျက်သူတို့ပင် စားရေး၊ သောက်ရေး ခက်မည်ဖြစ်သည်။
ရွာလုံးကျွတ်ပျောက်သူများ (သတင်း၌ ဖတ်ရသည်။) သေသူက သေပြီ ထားတော့။ ကျန်ခဲ့သူတွေ ငတ်၍ သေကုန်၊ ရောဂါဖြစ်၍ သေကုန်တော့မည်။ အ၀တ်မလုံလောက်။ အစားမလုံလောက်။ ဆေးဝါးမလုံလောက်။ မုန်တိုင်းအပြီး၌ ပတ်ဝန်းကျင် ညစ်ညမ်းနေမှုကြောင့် ၀မ်းရောဂါ၊ မိုးမိ၊ လေမိ၍ အဖျားရောဂါ လာဦးမည်။ ခြုံစရာ စောင်မရှိ။ ခြင်ထောင်မရှိ။ ထွန်းစရာမီးခွက်မရှိ။ မှောင်ထဲ မည်းမည်း။

ထိုထို သို့သော သနားစရာ ဒုက္ခရောက်နေသူများကို မိမိ စားနေ ၀တ်နေသည့် အထဲမှ လူသားဆန်စွာ ဝေငှပေးရန် မသင့်ပါလား။
ဘလော့ဂ်ဂါညီအစ်ကို မောင်နှမ အပေါင်းတို့ခင်ဗျား …। အားလုံး တညီတညာတည်း အကူအညီပေးကြ အော်ကြရအောင်ဗျာ …
ကျွန်တော်လည်း သူတို့ အတွက် မျှဝေမယ် ကျွန်တော်တစ်ယောက်တည်း မစားရက်ပါဘူး။ သူတို့တစ်တွေဟာ ကျွန်တော်တို့ သွေးချင်းတွေလေ။ ငတ်နေ ... ဒုက္ခရောက်နေကြရှာတယ်လေ ... မိတ်ဆွေစစ်ဆိုတာ ဒုက္ခရောက်ချိန်မှာမှ သိရတာတဲ့ ....
ကျွန်တော်တို့ဟာ သဘာဝရဲ့  ရင်သွေးငယ်တွေလေ …


May 4, 2008

သတိပေးပါရစေဗျာ ...


မမေ့ပါနဲ့

ဤ၀တ္ထုလေးကို ပေးပို့လိုက်သူအား အထူးကျေးဇူးတင်ပါသည်။ သူငယ်ချင်းတို့ရေ … တို့တစ်တွေကို သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေကို လက်လွတ်စပယ် ပစ်မထားကြပါနဲ့။ သူတို့အတွက်အချိန်ပေးပါ။ မင့်ဘ၀ရဲ့  အချိန်တွေအားလုံးကို အလုပ်မှာပဲ မကုန်ဆုံးလိုက်ပါစေနဲ့။
သည်ဝတ္ထုလေးကို ပြီးအောင်ဖတ်ကြည့်ပါ။



လူတစ်ယောက် အလုပ်မှ နောက်ကျစွာပြန်လာသည်။ အလွန်ပင်ပမ်းလာသည့်အတွက် စိတ်လည်းတိုနေသည်။ ထိုစဉ် အိမ်တံခါးဝ၌ သူ့အားစောင့်နေသော ၅ နှစ်သားအရွယ် သူ့သားငယ်လေးကို တွေ့ သည်။
“ဖေဖေ မေးခွန်းတစ်ခုလောက်မေးချင်လို့”
“ဟာ ဟုတ်လှချည်လား။ ဘာများလဲသားရဲ့ ”
“ဟိုလေ … ဖေဖေ အလုပ်လုပ်တာ ၁ နာရီကို ဘယ်လောက်ရလဲဟင်”
“ဒါ မင်းကိစ္စမဟုတ်ပါဘူး။ ဘာကိစ္စ ဒါကိုမေးရတာလဲ”
“သား သိချင်လို့ပါဖေဖေရယ်။ ၁ နာရီကို ဖေဖေ ဘယ်လောက်ရလဲဟင်၊ ပြောပေးပါနော် ဖေဖေ နော်.. ”
“ဟာကွာ ဒီကောင်… ကဲ ဒေါ်လာ ၂၀ ရတယ်ဟေ့ ဒေါ်လာ ၂၀”
“အော်”
ကလေးငယ် စိတ်ဓာတ်ကျသွားရှာသည်။ သူ့ ဖခင်ကို မရဲတရဲမော့ကြည့်ပြီး
“သားကို ၁၀ ဒေါ်လာလောက် ချေးပေးပါလားဖေဖေရယ်”

“ဟေ့ကောင် မင်း ဘာမဟုတ်တဲ့ ကစားစရာဝယ်ဖို့အတွက်နဲ့များ ဒီလိုမေးရသလား။ မင့်အခန်းထဲတန်းတန်းမတ်မတ်ဝင်ပြီ သွားအိပ်နေစမ်းကွာ။ ပြီးတော့ မင်းဘယ်လောက် အလိုက်မသိ၊ တစ်ကိုယ်ကောင်းဆန်သလဲဆိုတာ နဖူးပေါ် လက်တင်ပြီးစဉ်းစား။ ငါ့မှာတော့ မင့်ရဲ့  ဒီလိုကလေးကလားလုပ်ရပ်တွေ အတွက် လုပ်လိုက်ရတာ သေတော့မယ်”
ကလေးငယ်သည် ဘာမျှ မပြောနိုင်ရှာတော့ဘဲ အိပ်ခန်းထဲ အမြန်ပြေးဝင်ကာ တံခါးပိတ်လိုက်လေတော့သည်။
စိတ်ဆိုးနေသော ဖခင်ဖြစ်သူမှာ ခဏထိုင်ကာ အမောဖြေပြီးသောအခါ သူ့သားလေး၏ မေးခွန်းကို ပြန်သုံးသပ်နေမိသည်။
“ဘာကြောင့်များ ဒီလိုမေးရဲပါလိမ့်”
တစ်နာရီခန့် အမောဖြေ စဉ်းစားပြီးနောက် သူ့သားငယ် ၁၀ ဒေါ်လာတန် ပစ္စည်း တစ်ခုကို အမှန်တကယ်လိုအပ်နှေနိုင်သည် ဟု စဉ်းစားမိလေသည်။ သူ့သားငယ်သည် ပိုက်ဆံ တောင်းလေ့ရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူ့သားငယ်၏ အခန်းထဲသို လိုက်ဝင်သွားပြီး
“သားရေ .. အိပ်နေပြီလားဟေ့”
“အော် ဖေဖေလား၊ သားမအိပ်သေးပါဘူး ဖေဖေ”
“ဖေဖေ ပြန်စဉ်းစားပြီးပြီ စောစောက သားကို မာမာထန်ထန်ပြောမိတာ။ တစ်နေ့လုံး အလုပ်လုပ်ခဲ့ရတော့ကွာ တအားပင်ပန်းနေတာကိုး။ သားအပေါ် စိတ်မရှည်နိုင်ဘူးဖြစ်သွားတယ်။ ဒီမှာ လာယူ သားလိုတဲ့ ၁၀ ဒေါ်လာ ”

သားငယ်က အပြုံးနဲ့ ထယူတယ်။
“ဖေဖေ ကျေးဇူးပဲ ဖေဖေရယ်”

ပြီးတော့ သူက သူ့ခေါင်းအုံးလေးကို မပြီး။ သူဝှက်ထားသည့် ပိုက်ဆံများအားထုတ်ယူနေလေသည်။ ပိုက်ဆံများကို ဖြည်းဖြည်းချင်းရေတွက်နေသော ကလေးအားကြည့်ရင်း ဒေါသ ထပ်ထွက်လာပြန်လေသည်။
“မင်းကွာ …. ပိုက်ဆံတွေရှိပြီးသားများ ဘာလို့ထပ်လိုချင်ရတာလဲကွ”
“သားပိုက်ဆံ မလောက်လို့ ပါဖေဖေရယ်။ ခုတော့ ပြည့်သွားပြီ။ ဖေဖေ သားမှာ ဒေါ်လာ ၂၀ ရှိတယ်။ ဖေဖေ့ အချိန် ၁ နာရီကို သားဝယ်နိုင်ပြီ။ မနက်ဖြန်စောစော ပြန်ခဲ့နော် ဖေဖေ။ သားဖေဖေနဲ့ တူတူ ညနေစာစားချင်တယ်”

မှတ်သားစရာ


ဒီဝတ္ထု လေးကို သူငယ်ချင်းတို့ရဲ့  ချစ်သူ ခင်သူတွေကို မျှဝေပါ။ ပိုကောင်းတာကတော့ ဒေါ်လာ ၂၀ တန်တဲ့ သင့်အချိန်ကို သင်သိပ်ချစ်တဲ့လူနဲ့ မျှဝေ ခံစားပါ။

ဘ၀ရဲ့  အချိန်တွေကို အလုပ်မှာပဲ နစ်မြုပ်နေတဲ့ သင့်အတွက် သတိပေးရုံလေးသက်သက်ပါ။ အလုပ်အတွက်ကြောင့် တို့တစ်တွေရဲ့  နှလုံးသားအတွက် ဘ၀ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို လက်မလွတ်လိုက်ရဖို့ပါပဲ။ တို့တစ်တွေ မနက်ဖြန် မှာ သေသွားမယ်ဆိုရင် …. တို့ကုမ္ပဏီက လစ်လပ်သွားတဲ့ တို့နေရာမှာ တစ်ယောက်ယောက်ကို အမြန်အစားထိုးလိုက်မှာပါ။ ဒါပေမယ့် တို့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကတော့ တို့တစ်တွေ သေးဆုံးသွားပြီးတဲ့နောက် သူတို့ရဲ့  ကျန်နေသေးတဲ့ဘ၀ တစ်လျှောက်လုံး တို့တစ်တွေအတွက် ခံစားသတိရနေကြမှာလေ။ ပြီးတော့ တို့တစ်တွေဟာ တို့ရဲ့  အချိန်တွေကို အမှန်တကယ် ရင်နှီးမြုပ်နှံပေးဆပ်ရမယ့် မိသားစုအရေးထက် အလုပ်မှာပဲ ပေးဆပ်ပစ်ကြတာကို ဆင်ခြင်ကြည့်ဖို့လိုပါတယ်။

ဘ၀က သိပ်ကို တိုတောင်းပါတယ်။ ဒီနေ့ဟာ မင့်အတွက် အကောင်းဆုံး အချိန်ပါပဲ။ ကဲ မင်း အထူးဂရုစိုက် ချစ်ခင်ရမယ့် လူ တစ်ဦးကို ပြောပြပါဦး ဘယ်သူဆိုတာ။