November 28, 2008

ကျွန်တော့်ရွာကမူလတန်း (၃)

ကျွန်တော်ချစ်သော ကျွန်တော့်ရွာကမူလတန်းလေးတွင်း မူလတန်းပြီးသည် အထိ ကျွန်တော် မနေခဲ့ရပါ။ သူငယ်တန်းမျှသာ နေခဲ့ရသည်။ သူငယ်တန်းတွင် ကျွန်တော် ၂ နှစ်နေခဲ့ရသည်။ ပထမနှစ်တွင် စာမေးပွဲ ဖြေသည်ကို မသိပဲ အဖေတို့နှင့် အတူ နယ်ဖက်မှ ရှင်ပြုပွဲကို လိုက်သွားခဲ့သည်။ ကျွန်တော် ထိုနှစ်သူငယ်တန်းမအောင်ပါ။ ထိုခရီး ကတော့ နွားလှည်းဖြင့်သွားခြင်းဖြစ်သည်။ ပျော်စရာ ကောင်းပါသည်။ လှည်းဘီးလှိမ့်သည့် အသံသည် လူကိုချော့သိပ်သလိုရှိသည် ခရီးတစ်လျှောက် အိပ်လိုက်သွားရုံပင်။ တောကြားထဲမှ လမ်းများဖြစ်ပါသည်။ နေအေးအေးဖြင့် အေးအေးဆေးဆေး သွားကြရခြင်းဖြစ်သည်။ ကျွန်တော်တို့ဖက် ရှင်ပြုပွဲတွင် ကြီးကျယ်သောရှင်ပြုပွဲများဖြစ်ပါကြ ဇာတ်ပွဲများပါလေ့ရှိသည်။ ကျွန်တော်တို့သွားသော ထိုရွာရှင်ပြုပွဲမှာ တောသူဌေးများ၏ ပွဲဖြစ်သောကြောင့် ဇာတ်ပွဲပါသည်။ ဘာဇာတ်အဖွဲ့ ဟုကား ကျွန်တော် မမှတ်မိတော့ပါ။
ထိုစဉ်က ပွဲဈေးတန်းလျှောက်သည်ကို အဦးဆုံးမှတ်မိသည်။ ပွဲဈေးတန်းလျှောက်စဉ် ရဟတ်ယာဉ်ရုပ်ကလေးများတွေ့သော အခါ ကျွန်တော် အလွန်လိုချင်သည်။ ကျွန်တော် မပူဆာရဲပါ။ ပွဲဈေးတန်းကို အပတ်ပေါင်းများစွာပတ်နေစဉ် စိတ်ထဲ၌ ခဏခဏ တောင်းကြည့်သည်။ ပါးစပ်မှ ထွက်မလာ။ နောက်ဆုံး အပတ်လောက်တွင်မှာ အရဲစွန့်ပြီး တောင်းကြည့်သည် အဖေနှင့် အမေ ၀ယ်ပေးပါသည်။ ထိုကဲ့သို့ပူဆာလျှင် ၀ယ်ပေးမှန် ကျွန်တော် အမှန်ပင်မသိပါ။ ထိုရဟတ်ယာဉ်ရုပ်လေးကို ကြိုးနှင့်ဆွဲရသည်။ ဆွဲသောအခါ အပေါ်မှ ပန်ကာလေးက လည်ပြီး ဆွဲရာနောက်လိုက်သည်။ ကျွန်တော် အလွန်ပျော်ခဲ့ပါသည်။ ထိုစဉ်က ညီလေးလည်းပါသည်။ သူတော့ ဘယ်လို ခံစားရမည်မှန်း ကျွန်တော် မမှတ်မိတော့ပါ။ ထိုအကြောင်းနှင့် ပတ်သက်၍ လည်း ခုအသက် အရွယ်ထိ စပ်မပြောမိကြပါ။ သူ မှတ်မိကောင်းမှ မှတ်မိပါလိမ့်မည်။
ထိုပွဲသွားရာလမ်းခရီး တစ်နေရာတွင် အဖေ ပြောပြသော တောတွင်းတစ်နေရာကို မှတ်မိသေးသည်။ ထိုနေရာတွင် အရူးတစ်ယောက်နေပြီး ဖားစိမ်းငါးစိမ်းစားကာ နေထိုင်သည်ဟု ဆိုပါသည်။ ထိုမျှသာ မှတ်မိသည်။ နောက်ထပ်လည်း ဘာမျှပိုမသိပါ။ နောင်ကျွန်တော် ၁၀ တန်းအောင်ပြီး ထိုနယ်ဖက် ထွက်ရသောအခါ ကျွန်တော် ထိုနေရာကို ရှာကြည့်မိသည် နေရာကို သိသလိုလိုရှိသည် ဘာမျှ မသဲကွဲတော့ပါ။
ကျွန်တော် မူလတန်းကျောင်းလေးတွင် ထိုတစ်နှစ်ကျပြီး နောက်တစ်နှစ်နေသည်။ ထိုနှစ်ကို လည်း ထူးထူးခြားခြားမှတ်မိနေသည်။ ကျွန်တော့် သူငယ်ချင်း ကျားကြီးဖုန်းနိုင်နှင့် ကစားခဲ့ရသောရက်များ ရှိသောကြောင့်ပင်။ ကျားကြီးဖုန်းနိုင်သည် ကျွန်တော့် အဖေ၏ သူငယ်ချင်း၏ သားဖြစ်သည်။ သူသည် ဘ၀ပေးကုသိုလ်ကံမကောင်းပါ။ ခန္ဓာကိုယ်တွင် အကြေးကွက်များ အဖတ်အဖတ်ဖြင့် ဖြစ်နေသည်။ အတော်တော့ သနားစရာကောင်းပါသည်။ ခြေတစ်ဖက်မသန်ပါ။ လက်တစစ်ဖက်မသန်ပါ။ သို့သော် သတ္တိကားအလွန်ရှိသည်။ သူကကျွန်တော့်ထက်အသက်ကြီးပါသည်။ ကျောင်းတွင် စတွေ့ကြသည်ဟု ထင်ပါသည်။ ဘာမှန်းတော့ မမှတ်မိတော့ပါ သူနှင့်တူတူထင်ပါသည်။ ကျောင်းချိန်တွင် နာနာသီးခင်းထဲပုန်းဖူးသည်။ အရိုက်ခံရသည်ဟုထင်သည်။ သူနှင့်လိုက်သွားပြီး သူ့အိမ်တွင် လည်နေသောကြောင့် ကျောင်းပျက်ဖူးသည်။ အိမ်တွင်လည်း အရိုက်ခံရသည်၊ ကျောင်းတွင်လည်း အရိုက်ခံရသည်။ သူငယ်တန်း ဒုတိယနှစ်တွင် ကျွန်တော် ကျောင်းပြေးဖူးသည်ဟု ဆိုရပါမည်။
ကျွန်တော် သူငယ်ချင်း ကျားကြီးဖုန်းနိုင်နှင့်ပေါင်းကာ မတော်တရော်ဆော့သည်များရှိသည်။ ပုတ်သင်ညိုအသေကောင်ကို အလောင်းထိုးတမ်း ကစားမိခြင်းဖြစ်သည်။ ကစားရသည့် အကြောင်းကလည်းရှိသည်။ ကျွန်တော်တို့ဖက်မှ မသာချလျှင် ဗုံတီးပြီး အလောင်းကစားကြကာ ချသောအလေ့ရှိပါသည်။ သချိုင်းကုန်းမရောက်မီ အလောင်းစင်ကို ထမ်းရင် တွန်းကြဆွဲကြ ကစားကြသည်။ ထိုသည်ကို အမှတ်ရပြီး ကစားလိုခဲ့ဟန် လူကြီးများလုပ်သည်ကို လိုက်တုခဲ့ဟန်တူပါသည်။ အဖေမကြိုက်ပါ။ အဖေတို့ မိသွားသည် ထိုသို့ကစားနေစဉ် ဖြစ်သည်။ အဖေခရီးသွားခါနီးလည်းဖြစ်သည်။ အတတ်နမိတ်ကောက်တတ်သော အဖေ ခရီးမသွားလို့၊ ခရီးမသွားမီ သွေးထွက်သံယို မြင်လျှင် အဖေခရီးသွားလေ့မရှိပါ။ ထိုနေ့က အဖေ ခရီးမသွားမဖြစ်သောကြောင့် သွားခဲ့ရသည်။ လမ်းတွင် ကားမှောက်သည်။ ကံကောင်းထောက်မ၍ အဖေ မထိမခိုက်ခဲ့ပါ။ ကံကြီးသည်ဟုပင်ဆိုရပါမည်။့ ကျွန်တော်လည်း နှောင်တွင် ပေါက်ကရ မကစားရဲတော့ပါ။
ထိုမသာချစဉ်တီးသော ဗျောသံကြီးကိုလည်းကြောက်ပါသည်။ အကြောင်းမှာ ထိုဗျောတီးလျှင် လူတစ်ဦးဦး သေပြီဆိုသည်မှာ သေချာပြီး။ သေသော မသာကို ကျွန်တော်တို့ မူလတန်းကျောင်းလေးတောင်ခြေနားတွင် အလောင်းစင်ပြင်ကာ ထားလေ့ရှိသည်။ ကျောင်းအဆင်း ထိုအလောင်းစင်ကို ဖြတ်ပြန်ရတိုင်း ကြောက်သည်။ ထိုဖက်မှ မျက်နှာမလွဲရဲပါ။ တွန့်တွန့် တွန့်တွန့်ဖြင့် ထိုနေရာကျော်အောင် ပေစောင်းစောင်းလျှောက်ပြီး ကျော်လျှင် အိမ်အရောက် တန်းနေအောင်ပြေးပါတော့သည်။ ကျွန်တော် ၅ တန်း၊ ၆ တန်း ရောက်သည် အထိ ထိုနေရာကို ကြောက်ခဲ့သည်ဟု ထင်ပါသည်။
ကျားကြီးဖုန်းနိုင်တို့အိမ်ဝင်းသည် အလွန်ကျယ်သည်။ ၀ါးနက်ပင်များရှိသည်။ သစ်အယ်ပင်များရှိသည်။ ကြိမ်ပင်များရှိသည်။ ကြိမ်ဖူးစားသောကြိမ်ပင်များဖြစ်သည်။ ထိုဝါးနက်ရုံများအောက်တွင် ကျွန်တော်တို့ ကစားခဲ့ကြသည်။ ဓားတိုက်တမ်းကစားသည် ကတော့ ပြန်စဉ်းစာကြည့်မိတိုင် ကြက်သီးထသည်။ ကျွန်တော်တို့သည် ၀ါးနက်များကို ခုတ်ပြီး ၀ါးနက်ကို ထက်ခြမ်းခွဲကာ ဓာလုပ်သည်။ အသွားတစ်ဖက်မှာ ၀ါးကြောပေါ်အောင် လုပ်ထားသောကြောင့် မြိနေအောင်ထက်သည်။ ထိမိလျှင် စွိခနဲ ရဲခနဲ သွေးများဖြာသွားသည်။ ထိုဝါးဓာဖြင့် ဓားလုပ်ပြီး ဓားတိုက်တမ်းကစားကြသည်။ မျက်စိထိုးမိနိုင်သည်။ ပါးရှမိနိုင်သည်။ ထိုစဉ်က မသိပါ။ ပျော်ဖို့ ကစားဖို့လောက်သာသိသည်။ ကြောက်ရမှန်းမသိ။ မိုက်မိုက်မဲမဲဖြင့် အသေအကြေကစားခဲ့ဖူးသည်။
သူတို့အိမ်နှင့် မလှမ်းမကမ်းတွင် ချယားပင်ရှိသော သူငယ်ချင်းကိုဌေးတို့အိမ်ရှိသည်။ ထိုချယာပင်အောက်တွင် ချယားသီးမှည့် အကြွေကောက်စားကြရင် ခွေးရူးလိုက်တမ်း ကစားခဲ့ကြသည်ကိုလည်း လွမ်းမိသည်။ ကျွန်တော်တို့ အသက် ၈ နှစ် ၉ နှစ်ခန့်တွင်ဖြစ်မည်ထင်သည်။ ကိုဌေးတို့အိမ်မီးလောင်သည်။ အကြောင်းမှာ မီခြစ်ဆံကို မီးခြစ်ဆံဘူးတွင် တပ်ပြီး လက်နှင့်တောက်ကာဆော့စဉ် အိမ်မိုးထားသော သက်ငယ်ကြားညှပ်ကြာမီးစွဲသွားသောကြောင့်ပင်။ ကျောင်းနှင့် မလှမ်းမကမ်းတွင် ပြောင်းလာသော ကရင်မိသားစုလည်းရှိသည်။ မျိုးကြီးနှင့် မျိုးလေးတို့ညီအစ်ကို သူတို့က ကျွန်တော့်ညီနှင့် ပိုခင်သည်။ သူတို့အိမ် မီးလောင်းရခြင်းမှာ လည်းထူးဆန်းသည်။ လေတံခွန်လွတ်သောရာသီတွင် စက္ကူလေတံခွန် ကိုယ်ဟာကိုယ်လုပ်ပြီး အိမ်ထဲတွင် လွတ်ကြည့်ကြသည်။ သူတို့ညီနောင် နှစ်ဦးဖြစ်သည် ကျွန်တော်တို့မပါပါ။ လေတံခွန်သည် ပျံဝဲသွားပြီး မီးဖိုတွင်းကျကာ မီးစွဲသည်။ မီးစွဲနေစဉ် မျိုးကြီးတို့ညီနောင်နှစ်ဦးက လေးတံခွန်ကြိုးကို ဆွဲပြေးသောကြောင့် အိမ်ခေါင်မိုး တက်ချိတ်ကာ မီးစွဲလောင်ခြင်းဖြစ်သည်။
ထူးထူးခြားခြား မှတ်မိနေသော ကိစ္စတစ်ခုရှိသေးသည်။ ကျွန်တော်တို့ ကျောင်းလေးသည် တောင်ကုန်းထိပ်တွင်ရှိခြင်းကြောင့် လေအတော်လေးတိုက်ပါသည်။ စက္ကူစွန်များခေါက်ကာ ပစ်ပေါက်ကစားကြသည်။ ထိုအထဲမှ အတန်းကြီးမှ အစ်ကိုတစ်ယောက်ပစ်လိုက်သော စွန်တစ်ခုမှာ လေကြောသင့်ကာ အောက်ပြန်မကျလာတော့ပဲ ဝေဟင်ထဲ တရွေ့ရွေ့ မြင့်တက်ပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော် မျက်စိတစ်ဆုံးငေးကြည့်နေခဲ့မိသည်။ ထိုအချိန်က မိုးလေးဝသတိုင်းသော ပူပေါင်းများကို တစ်ခါတစ်ခါ တွေ့ရတတ်သည်ကို လည်းအမှတ်ရသည်။ နှောင်တွင် လုံးဝ မမြင်မတွေ့ရတော့ပါ။ ခေတ်ကုန်သွားတာလား မလိုအပ်တော့တာလား ဘာမျှသေချာမသိပါချေ။
အနှီးအားဖြင့် ကျွန်တော်၏ အပေါင်းအသင်းများ ထိုမူလတန်းကျောင်းလေးတွင်များလာသည်။ စာတတ်သည်လား မတတ်သည်လားကျွန်တော်မမှတ်မိပါ။ အဖေက ကြက်ခြေနီ ဆေးထုတ်ကလေးမှ စာကို သူ၏ ဧည်သည်များရှေ့တွင် ဖတ်ခိုင်းရာ ကျွန်တော်မဖတ်တတ်ခဲ့သဖြင့် အဖေအရှက်ကွဲခဲ့မည်ဟုသာ မှတ်မိပါသည်။
သူငယ်ချင်းကျားကြီးဖုန်းနိုင်ဆီမှ ထူးဆန်းသောဝေါဟာရများကို သင်ယူတတ်မြောက်ခဲ့သည်။ အဆဲများပင်။ ကျွန်တော်မကြားဖူးသော စကားများဖြစ်သည်။ ထူးခြားသောဆဲနည်းများဖြစ်သည်။ သူသင်ပေး၍ ဆဲတတ်လာခဲ့သည်။ ကျောင်းများလည်းပျက်၊ အကျင့်လည်းပျက်လာခဲ့သောကြောင့် ဖြစ်ဟန်တူပါသည်။ နောက်နှစ်တွင် ကျွန်တော့်ကို အင်းတော်ကျောင်းသို့ ကျောင်းပြောင်းလိုက်တော့သည်။ ထိုစဉ်မှ စကာ ကျွန်တော်ချစ်သော မူလတန်းကျောင်းလေးနှင့် ကျွန်တော် ဝေးခဲ့ရပါတော့သည်။ ကျွန်တော့်မူလတန်းကျောင်းလေး ယခုထိ မတိုးတက်နိုင်သေးပါ။ ထိုကျောင်းထွက်ထဲမှ ကျွန်တော်မှ တစ်ပါ ဆေး၊ စက်မှု မီအောင်ရောင်လာသူလည်း တစ်ယောက်မျှရှိမလာခဲ့ပါ။ ကျွန်တော့်ကို ထိုကျောင်းမှ ကျောင်းသားအဖြစ်ရလိုက်ခြင်းမှာ အင်ဂျင်နီယာ တစ်ဦး တို့ကျောင်းက ထွက်ဖူးတယ်ဟု ပြောရရုံတော့ ရာဇ၀င်တွင်ခဲ့ပေမည်။ ကျွန်တော်သည် ထိုမူုလတန်းကျောင်း၏ ကျောင်းသားကောင်း တစ်ယောက်၊ ကျောက်ကောင်းတစ်ပွင့်ပေလော။ ကျွန်တော့်ကျောင်းလေးကို ကျွန်တော် ကျေးဇူးဆပ်ရဦးမည်။ သည်တစ်ခါပြန်လျှင် လှူဒါန်းသင့်သော ကျောင်းတွင်းလိုအပ်မှု့များကို ကျွန်တော်၏ ချွေးနည်းစာဖြင့် လုပ်ကျွေးသမှုပြုရပါဦးမည်။

2 comments:

မသက်ဇင် said...

"ကျွန်တော့်ရွာကမူလတန်း (၃)"

ပိုစ့် ကောင်းလေးကို ဖတ်သွားပါတယ်--
ပျော်ရွှင်အဆင်ပြေပါစေ----

raybanoutlet001 said...

oakley sunglasses wholesale
bills jerseys
canada goose sale
jacksonville jaguars jersey
canada goose jackets
nike outlet
chicago bulls jersey
nike shoes
cheap jordan shoes
nike factory store