December 10, 2012

ခဲယဉ်းသော သတ္တိ

ကောင်းတာတွေအတွက်
အသေရဲတဲ့ သတ္တိက လွယ်
သူရဲကောင်းတွေ ပေါတယ်။
မကောင်းတာကိုသိ
မှားမိတာကို ဝန်ခံ
ရိုးသားစွာ အယူခံဖို့အရေး
တွေးတောင် မတွေးရဲကြ။
နန်းတော်တိုင် ထုံးသုတ်တဲ့
"လက်ညှိုးဖြတ်"မင်းရဲ့ အရှက်ရှိသတ္တိ
ငါအကြိမ်ကြိမ် ဦးညွှတ်မိ။

December 4, 2012

အရိုး


တောင်ပြာပြာအောက်က အရိုး
တောင်ကတုံးတွေအောက်က အရိုး
ကျောက်ဖြုံးမြေအောက်က အရိုး
နုန်းတင်မြေတွေအောက်က အရိုး
ဂဝံမြေအောက်က အရိုး
ရွံ့မြေအောက်က အရိုး
ကျောက်စရစ်မြေအောက်က အရိုး
သဲမြေတွေအောက်က အရိုး
စနယ်မြေတွေအောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ကျွန်းပင်တွေကြားက အရိုး
ထန်းပင်တွေကြားက အရိုး
တမာပင်ကြားက အရိုး
ရာဘာပင်ကြားက အရိုး
ဝါးပင်တွေကြားက အရိုး
ချယ်ရီပင်အောက်က အရိုး
တောင်ဇလပ်ပင်အောက်က အရိုး
ထင်းရူးပင်အောက်က အရိုး
စိန်ပန်းပင်အောက်က အရိုး
စွယ်တော်ပင်အောက်က အရိုး
သစ်ပုပ်ပင်အောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ပင်လယ်ကမ်းခြေက အရိုး
မြစ်အောက်ကြမ်းမြေက အရိုး
အင်းရေတွေထဲက အရိုး
ကန်မြေပြင်အောက်က အရိုး
ချောင်းရေအပြင်အောက်က အရိုး
မြောင်းရေအလျဉ်အောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ....


ကျောက်ကြမ်းလမ်းဘေးက အရိုး
မြေနီလမ်းဘေးက အရိုး
လမ်းသွယ်လေးက အရိုး
ပေတရာလမ်းအောက်က အရိုး
ဗျူဟာလမ်းတစ်လျောက်က အရိုး
ဇလီဖားတုံးတွေအောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

စပါးခင်းထဲက အရိုး
ပြောင်းခင်းထဲက အရိုး
ငရုတ်ခင်းထဲက အရိုး
ပဲခင်းထဲက အရိုး
နှမ်းခင်းထဲက အရိုး
ဝါခင်ထဲက အရိုး
မြက်ခင်းထဲက အရိုး
ကန်စွန်းခင်းထဲက အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ခေါင်းလောင်းသံဝေတဲ့ကျောင်းက အရိုး
ကြေးစည်သံဝေတဲ့ ကျောင်းက အရိုး
ဂီတာသံတွေနဲ့ကျောင်းက အရိုး
အာဇန်သံဝေတဲ့ကျောင်းက အရိုး
ဗုံတိုသံတွေနဲ့ကျောင်းက အရိုး
ရွှေစက္ကူတွေနဲ့ကျောင်းက အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ကျောက်းစိမ်းတုံးတွေအောက်က အရိုး
ပတ္တမြားတုံးတွေအောက်က အရိုး
ရွှေမြေတွေအောက်က အရိုး
ရေနံမြေအောက်က အရိုး
ထုံးကျောက်တွေအောက်က အရိုး
ကြေးနီတွေအောက်က အရိုး
ဂေါ်ဒန်ကျောက်အောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ...

တန်းလျားတွေထဲက အရိုး
ရွက်ဖျင်တွေထဲက အရိုး
ဘန်ကာတွေထဲက အရိုး
ပုန်းခိုကျင်းထဲက အရိုး
မိုင်းကွင်းတွေထဲက အရိုး
မိုးကာစအောက်က အရိုး
အဲဒီအရိုးတွေ ကောက်ခဲ့ ....

သံတိုင်တွေကြားထဲက အရိုး
ခြံတိုင်တွေကြားထဲက အရိုး
ငါတို့သိတဲ့ အရိုး .....
ငါတို့ မသိလိုက်တဲ့အရိုး ...
အဲဒီအရိုးတွေ ကောက်ခဲ့ ...

ငါတို့ရဲ့ လူမမယ်
ဥမမယ် စာမမြောက်သေးသူတွေ အတွက်
ငါတို့ရဲ့ လူမမယ်
ရင်သွေးငယ်တွေအတွက်
ငါတို့ရဲ့ လူမမယ်
ဖြူစင်သူလေးတွေအတွက်
ငါတို့ရဲ့ လူမမယ်
အသိဉာဏ်နုနယ်သေးသူတွေ အတွက်
အဲဒီအရိုးတွေ အားလုံး ကောက်ခဲ့ပါ
"အရိုး" တွေ နဲ့တည် "လူရိုး" တွေရှိတဲ့ပြည်
ငါတို့ချစ်တဲ့ ရင်သွေးတွေနေရစ်ဖို့
ငါတို့ချစ်တဲ့ ဒီကမ္ဘာကြီးမှာ
ဒီအရိုးတွေနဲ့ ထုဆစ်
"လူရိုး"တွေ နဲ့ ပြည်သစ်တည်ပေးခဲ့ကြမယ်။

November 30, 2012

ချန်ထားခဲ့လိုက်ပါ မနက်ဖြန်တွေ များစွာအတွက်

ပျံသန်းခွင့် မရတော့ဘူး ထင်ထားတဲ့၊ ရိုက်ချိုးခံရတယ်လို့ ယူဆခဲ့ဖူးတဲ့ တောင်ပံတွေနဲ့ တို့တစ်တွေ ပျံသန်းခွင့် ရနေတယ်။ အားမာန် အပြည်နဲ့တော့ မဟုတ်ပါဘူး။ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဆိုတော့ မြင့်မြင့်ပျံနိုင်ကြတာလည်း မဟုတ်ပါဘူး။ တော်ဝင်ငှက်တွေ အနိမ့်မှာ ပျံနေကြတာပါ။ လေဟုန်စီးပြီး ၀ဲနေတဲ့ အမေရိကန် လင်ယုန်ကြီးတွေလို ခန့်ခန့်ထည်ထည် လေဟုန်စီးနိုင်ဖို့ အတော်ကြီးကို အားစိုက် ပျံကြရဦးမှာပါ။ 

တို့တစ်တွေ အတောင်အလက်တွေ မစုံခင်က။ အတောင်အလက်စုံဖို့ကိုက တစ်ဒုက္ခ ဖြစ်ခဲ့တာလေ။ တို့လို အတောင်ဆက်မပေါက်လာတဲ့ ငယ်ပေါင်း ငယ်ဖော် တွေကိုလည်း သတိရပါရဲ့။ သူတို့တွေက အတောင်လေးတောင် ဖြစ်မလာတော့ အတောင်ချိုးတာတွေ၊ အတောင်ကျိုးတာတွေက သူတို့အတွက် အလှမ်းဝေးနေခဲ့သလား။ ပြီးတော့ ဒါတွေက သူတို့ရဲ့ နေ့စဉ်သုံးဝေါဟာရမှာ ပါချင်မှ ပါမှာပေါ့လေ။ တို့တစ်တွေ အတောင်စုံလု စုံခင်။ အတောင်ချိုးတဲ့အကြောင်း၊ အတောင်ကျိုးတဲ့အကြောင်း ကျယ်ကျယ်လောင်လောင်၊ ခါးခါးသီးသီး၊ ကြေကြေကွဲကွဲ ပြောကြတာက၊ ညနေ ယူနီစန်က လက်ဖက်ရည်ဝိုင်းမှာ အမြည်းပေါ့။ 

အတောင်အလက်လေးစုံလို့ ခုအပျံသင်နေတာများလား။ ဝေဟင်မှာ ပျံခွင့်ရပြီးမို့ မြေပြင်မှာ ကျန်နေခဲ့ကြတဲ့ ငါတို့အပေါင်းအသင်း၊ ရောင်းရင်းတွေ၊ အတောင်ကို မ 'မ' နိုင်လို့ မာန်လျော့နေရတဲ့သူ၊ အတောင်ကို တကယ်အချိုးခံရလို့ ကျိုးကျန်နေခဲ့တဲ့သူ၊ အတောင်အလက် အကုန်မပေါက်လို့ ဟိုမရောက် သည်မရောက်နဲ့ ခုန်ပေါက် ခုန်ပေါက် ဖြစ်နေရတဲ့သူ၊ ..... အဲသည်သူ၊ အဲသည်သူတွေ .....

ငါတို့ မြေပြင်ကို ပြန်အသက်မှာ ..... 
နိုင်ရာစားဆိုတဲ့ လောကဥပဒေကြီးကို အတည်အလင်းချိုးဖောက်ပြီး ... သူတို့ပျံခွင့်မရလို့၊ မပျံသန်းနိုင်လို့၊ .....လို့၊ .......လို့၊ ......လို့၊ 

ငါတို့ ... မြင်သမျှ မျှဝေဖို့၊ သူတို့တွေလည်း နေ၀င်ချိန် လှစေဖို့၊ မြင့်မြင့်ပျံမှ ဝေးဝေး မြင်တာမို့ ...
ငါတို့ အတောင်တွေ မအိုမင်းမီ၊ အတ္တတွေကို ကုတ်ချီရင်နဲ့ပေါ့လေ၊ တတ်နိုင်သမျှထဲက အတတ်နိုင်ဆုံးပေါ့လေ၊
သူတို့တစ်တွေကိုလည်း မျှဝေဖို့ပေါ့လေ အတ္တတွေ တစ်ဖဲ့တစ်ကိုက်မျှလိုက်ရင်း ...
အမြင့်ဆုံးအလွှာက လေကိုရှူဖို့ အမြင့်ဆုံးကို ပျံနိုင်ဖို့ အတ္တတွေ တစ်ဖဲ့တစ်ကိုက် 
တစ်ဖဲ့ပြီး တစ်ဖဲ့ ........... တစ်ကိုက်ပြီး တစ်ကိုက် ..... တတ်နိုင်သမျှ တတ်စွမ်းသမျှ ချွေချထားခဲ့လိုက်ပါ ...
ငါတို့လိုပါပဲကွယ် ....
သူတို့မှာလည်း မနက်ဖြန်တွေ များစွာ ကျန်ပါသေးတယ် ..

November 29, 2012

မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ

မီလျံနာတွေက ဘီလျံနာဖြစ်ဖို့အရေး
လမ်းဘေးက ခွေးကို သတ်ရင်တောင် အပြစ်ရှိတယ်။
မီလျံနာတွေက ဘီလျံနာ အလံထူဖို့
ကျောမွဲတွေအရိုးစုကို ခုံခုပြီး တက်လှမ်းတာဟာ ယဉ်ကျေးတဲ့ ကမ္ဘာမှာ မရှိသင့်ဘူး။
မီလျံနာတွေက ဘီလျံနာ အောင်ပွဲ ရှမ်ပိန် သောက်ဖို့
လူတစ်ချို့ရဲ့ အသွေးကို ယစ်ပူဇော်တာ ဗုဒ္ဓရဲ့ တရားကို သရော် နေတာနဲ့ အတူတူပဲ။
မီလျံနာတွေ ဘီလျံနာ ပိုး အထ
ကျောမွဲတွေ ဘဝ တစ်ခုလုံး ပေးကြရမလား။
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးကြ
သင့်ညီ၊ သင့်နှမ ခိုကိုးကြတဲ့အိမ် မီးလောင်ပြီ
အိမ်ယာကိုရောင်းပြီး ကားကောင်းစီးမည့် သင့်အကြံ
သင့်နှမ လမ်းဘေးမှာ  ...... စေဖို့လား ?
သင့်ညီ လမ်းဘေးမှာ ..... နေဖို့ လား ?
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ
သင့်ညီ၊ သင့်နှမ ကို  ဒီအိမ်မရောင်းရလို့
သင်ကိုယ်တိုင် ပါးချမိ နေပြီ။
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ
သင့်ညီ၊ သင်နှမ ငိုယိုနေကြပြီ။
မီလျံနာတွေ "ဘီလျံနာအိပ်မက်" က နှိုးထ
နောက်မကျပါစေနဲ့ ... နောက်မကျပါစေနဲ့ ...
သင့်အနှိုးမှာ ..
သင့်ညီလည်းသေ ..
ပန်းလည်းကြွေပြီ ..
ဘယ်လိုပြန်ပြင်ဦးမည်နည်း။

November 28, 2012

မလုပ်သင့် မလုပ်အပ်သော အရာကို မလုပ်စေချင်ပါ ...

သံဃာတော်များက စစ်သား နှင့် ရဲ ကို ရှိခိုး ဦးချ နေသည့်ပုံ ကို တွေ့ရသည်မှာ - 
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်က (၁) ခါ၊ ယခု လက်ပံတောင်းတောင် အရေး ဖြစ်နေစဉ် (၁) ခါ။ (၂) ခါ ရှိပြီ။ 
ထိုသို့ ရှိခိုးခြင်းသည် သင့်မသင့် ဆင်ခြင်သတိရှိစေလို၍ ဤပို့စ်ကို ရေးရခြင်းဖြစ်ပါသည်။
ပိဋကတ်တော်၊ ဝိနည်းပိဋကတ်၊ စူဠဝဂ်ပါဠိတော်တွင် "ရှိမခိုးထိုက်သော ပုဂ္ဂိုလ် စသည်" အကြောင်း အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်။

ရဟန်းတို့သည် လူကို ရှိမခိုးအပ်ဟု ဆိုပါသည်။
ဘုရားတားမြစ်သော အလုပ်ကို မလုပ်သင့် သတိထားသင့်ကြသည်။



အထက်ပါပုံကဲ့သို့ ရှိခိုးခြင်းသည် "လူတို့ကို အကြည်ညို တိုးစေနိုင်မည်လား၊ ယုတ်လျော့စေမည်လား" ဆိုသည်ကို  ဆင်ခြင်သင့်ကြသည်။



"ကျွန်ုပ်တို့ ကိုးကွယ်ရာအဖြစ် ထားသော သံဃာတော်အချို့သည် အထက်ပါပုံကဲ့သို့ ရှိခိုးဦးချ ခြင်းကို လုပ်သင့်သည် ဟူသော အတွေးအခေါ်၊ အယုအဆများ ဝင်နေကြပြီ" ဆိုသည်ကို ဓာတ်ပုံက သက်သေပြနေသည်။ ထို အယူအဆ အမှားအယွင်းများကို အဘယ်သူတို့က တာဝန်ယူ ပဲ့ပြင်ပေးသင့်ကြပါသနည်း။




ဤဓာတ်ပုံတို့သည် အင်တာနက်ပေါ်မှ တဆင့် ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့သွားမည် ဖြစ်သည်။ "ဗုဒ္ဓဘာသာရဟန်းတွေ ဘာ့ကြောင့် စစ်သား သို့မဟုတ် ရဲ ကို ရှိခိုးတာလဲ" ဟု မေးလျှင် ကျွန်တော်တို့ ဘယ်လို ဖြေကြမည်နည်း။

November 7, 2012

သာသနာပြုတယ်ဆိုတာ ဘာသာဝင်သူဦးရေ တိုးပွားစေခြင်းလား?

သာသနာပြုသူများသည် ဘာသာတရားများ၏ အနှစ်သာရဖြစ်သော အမှန်တရားကိုသိရှိ နားလည်ကာ ငြိမ်းချမ်းစေခြင်းဟူသည့် လမ်းကြောင်းပေါ် မလျှောက်ဘဲ ဘာသာဝင်သူဦးရေ များပြားစေခြင်းကို သာ အာရုံပြု အားထုတ်ကြပါက ကမ္ဘာတွင် ဘာသာရေးကို အခြေခံသော စစ်ပွဲကြီးများ ပေါ်ပေါက်လာမည် ဖြစ်သည်။ ဘာသာဝင်များသည် ဘာသာတရား၏ အဆုံးအမကို လိုက်နာရန်ထက်၊ ဘာသာဝင်ဦးရေ မလျော့ကျရေး၊ တိုးပွားရေးကို ဦးတည်လာပါက ဘာသာတရားကို ကာကွယ်ရန်အတွက် အသေခံသူ၊ ဘာသာတရားကို ကာကွယ်ရန်အတွက် သတ်ဖြတ်သူ စသည်ဖြင့် ဘာသာတရားများ၏ မူလပန်းတိုင်မှ သွေဖည်သော လမ်းကြောင်းပေါ် ရောက်သွားကြမည် ဖြစ်သည်။

သာသနာပြုသူများသည် သာသနာကို ကာကွယ်ရန် အတွက်ဟူသော အကြောင်းပြချက်ဖြင့် ဘာသာခြားကို မုန်းတီးရေးတရားများ ဟောကြားခြင်း၊ နှိပ်ကွပ်ရေးတရားများ ဟောကြားခြင်း ပြုပါက လမ်းမှား ရောက်ကုန်ပြီ ဖြစ်သည်။ သာသနာပြုသူများ ပြုရမည့် အလုပ်မှာ အမှန်ကို နားမလည်သေးသူကို နားလည်စေရန် ရှင်းပြခြင်း ဖြစ်သည်။ ထိုသို့ ရှင်းပြနိုင်ရန် အတွက် ကိုယ်တိုင်တရားကို သိဖို့လိုသည်။ ကိုယ်တိုင်တရားကို နားလည်ဖို့ လိုသည်၊ ကိုယ်တိုင် ကျင့်ကြံနေထိုင် အားထုတ်ဖို့ လိုသည်။

ဗုဒ္ဓဟောကြားသော သာသနာကွယ်ကြောင်း တရားများမှာ  အောက်ပါအတိုင်းဖြစ်သည် ..

ပဌမ သဒ္ဓမ္မသမ္မောသသုတ်
သာသနာ ပျောက်ပျက်ရန် ကွယ်ပရန် အကြောင်း (၅) ပါး 
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) တရားကို ရိုသေစွာ မနာကုန်။
(၂) တရားကို ရိုသေစွာ မသင်ကုန်။
(၃) တရားကို ရိုသေစွာ မဆောင်ကုန်။
(၄) ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကုန်။
(၅) အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ မကျင့်ကုန်။

သာသနာတည်တံ့ရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) တရားကို ရိုသေစွာ နာကုန်၏။
(၂) တရားကို ရိုသေစွာ သင်ကုန်၏။
(၃) တရားကို ရိုသေစွာ ဆောင်ကုန်၏။
(၄) ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကုန်၏။
(၅) အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ ကျင့်ကုန်၏။

ဒုတိယ သဒ္ဓမ္မသမ္မောသသုတ်
သာသနာ ပျောက်ပျက်ရန် ကွယ်ပရန် အကြောင်း (၅) ပါး 
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ-ဟု အင်္ဂါ ၉-တန် ရှိသော တရားတော်ကို မသင်ယူကုန်။
(၂) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးတို့အား မဟောကြားကုန်။
(၃) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးကို မပို့ချကြကုန်။
(၄) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်ရွတ်ဖတ် (သရဇ္ဈာယ်) ခြင်းကို မပြုကုန်။
(၅) နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန်မကြံစည်ကုန်၊ အဖန်ဖန် မသုံးသပ်ကုန်၊ စိတ်ဖြင့် အဖန်ဖန် မဆင်ခြင်ကုန်။

သာသနာတည်တံ့ရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ-ဟု အင်္ဂါ ၉-တန် ရှိသော တရားတော်ကို သင်ယူကုန်၏။
(၂) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးတို့အား ဟောကြားကုန်၏။
(၃) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးကို ပို့ချကြကုန်၏။
(၄) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်ရွတ်ဖတ် (သရဇ္ဈာယ်) ခြင်းကို ပြုကုန်၏။
(၅) နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန်ကြံစည်ကုန်၏၊ အဖန်ဖန် သုံးသပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်ကုန်၏။

တတိယ သဒ္ဓမ္မသမ္မောသသုတ်
သာသနာ ပျောက်ပျက်ရန် ကွယ်ပရန် အကြောင်း (၅) ပါး 
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) မကောင်းသဖြင့် ယူအပ်သောပါဠိကို မကောင်းသဖြင့် ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ မကောင်းသဖြင့် ထားအပ်သော ပုဒ် ဗျည်း၏ အနက်သဘောကိုလည်း ခဲယဉ်းစွာသိရ၏။
(၂) ရဟန်းတို့သည် အပြောရ အဆိုရ ခက်ကုန်၏၊ အပြောရ အဆိုရ့ခက်ခြင်းကို ပြုတတ်ကုန်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သည်းခံခြင်း မရှိကုန်၊ အဆုံးအမကိုရိုသေစွာ မနာယူကုန်။
(၃) အကြားအမြင်များကုန် အာဂုံ (ပါဠိ) နှုတ်တက်ကုန် သုတ် အဘိဓမ္မာ ကိုဆောင်ကုန် ဝိနည်းကို ဆောင်ကုန် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ပါဠိတော်ကိုသူတစ်ပါးအား ရိုသေစွာ မပို့ချကြကုန်၊ ထိုရဟန်းတို့ ကွယ်လွန်သောအခါ ပါဠိတော်သည် အမြစ်အရင်းပြတ်၏၊ ထောက်တည်ရာ မရှိတော့ချေ။
(၄) မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် ကျင့်ကုန်၏၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ ကျင့်ကုန်၏၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရား ငါးပါး၌ ရှေ့သွားဖြစ်ကြကုန်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန်မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားမထုတ်ကုန်၊ ထိုမထေရ်ကြီးတို့၏ နောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ဆရာ့အယူသို့ အစဉ်လိုက်၍ ကျင့်၏။ ထိုနောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန်ကျင့်၏၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ ကျင့်၏၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါး၌ ရှေ့သွားဖြစ်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ တာဝန်မဲ့ဖြစ်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားမထုတ်တော့ချေ။
(၅) သံဃာသည် ကွဲပြား၏၊ သံဃာကွဲပြားသည်ရှိသော် အချင်းချင်းဆဲရေးလည်း ဆဲရေးကြကုန်၏၊ အချင်းချင်း ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကြကုန်၏၊ အချင်းချင်းပစ်ပယ်လည်း ပစ်ပယ်ကြကုန်၏၊ အချင်းချင်း စွန့်လည်း စွန့်ကြကုန်၏၊ ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသေးသူတို့လည်း မကြည်ညိုကြကုန်၊ ကြည်ညိုပြီးသူ အချို့တို့လည်း အကြည်ညိုပျက်ရန် ဖြစ်၏။

သာသနာတည်တံ့ရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) ကောင်းစွာ ယူအပ်သော ပါဠိကို ကောင်းမွန်စွာ ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ ကောင်းစွာ ထားအပ်သော ပုဒ် ဗျည်း၏ အနက်သဘောကိုလည်း လွယ်ကူစွာ သိရ၏။
(၂) ပြောဆိုလွယ်ကူကုန်၏၊ ပြောဆိုရလွယ်ကူခြင်းကိုပြုတတ်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သည်းခံကုန်၏၊ အဆုံးအမကို ရိုသေစွာ နာယူကုန်၏။
(၃) အကြားအမြင်များကုန် အာဂုံ (ပါဠိ) နှုတ်တက်ကုန် သုတ် အဘိဓမ္မာကိုဆောင်ကုန် ဝိနည်းကို ဆောင်ကုန် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ပါဠိတော်ကိုသူတစ်ပါးအား ရိုသေစွာ ပို့ချကြကုန်၏၊ ထိုရဟန်းတို့ ကွယ်လွန်သောအခါ ပါဠိတော်သည်အမြစ်အရင်းမပြတ်၊ ထောက်တည်ရာ ရှိပေ၏။
(၄) မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ကြကုန်၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ မကျင့်ကြကုန်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါး၌ တာဝန်မဲ့ဖြစ်ကုန်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ ရှေ့သွားဖြစ်ကုန်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်ကုန်၏၊ ထိုမထေရ်ကြီးတို့၏နောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ဆရာ့အယူသို့ အစဉ်လိုက်၍ ကျင့်၏။ ထိုနောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ပေ၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ မကျင့်ပေ၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရား ငါးပါး၌ တာဝန်မဲ့ ဖြစ်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ ရှေ့သွားဖြစ်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်၏။
(၅) သံဃာသည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံ ခိုက်ရန် မရှိဘဲပါတိမောက် အတူပြသည်ဖြစ်၍ ချမ်းသာစွာ နေ၏၊ ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော် အချင်းချင်းဆဲရေးလည်း မဆဲရေးကြကုန်၊ အချင်းချင်း ခြိမ်းခြောက်လည်း မခြိမ်းခြောက်ကြကုန်၊ အချင်းချင်းပစ်ပယ်လည်း မပစ်ပယ်ကြကုန်၊ အချင်းချင်း စွန့်လည်း မစွန့်ကြကုန်၊ ထိုညီညွတ်သော သံဃာ၌ မကြည်ညိုသေးသူတို့လည်း ကြည်ညိုကြကုန်၏၊ ကြည်ညိုပြီးသူတို့လည်း အကြည်ညို တိုးပွါးရန် ဖြစ်၏။

အထက်ပါအတိုင်း သဒ္ဓမ္မသမ္မောသသုတ်  (၃) သုတ် ဖြင့် သူတော်ကောင်းတရားဖြစ်သော သာသနာ ပျေက်ပျက်ရန် ကွယ်ပရန် အကြောင်း နှင့် တည်တံ့ရန် စည်ပင်ပြန့်ပွားရန် အကြောင်းများကို ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် လူမျိုးရေး နှင့် ပတ်သက်၍ လိစ္ဆဝီမင်းသားတို့အား အကြောင်းပြုကာ အပရိဟာနိယ မပျက်စီးကြောင်းတရား (၇) ပါး (ကြီးပွားတိုးတက်ကြောင်းတရား) ကို ဟောကြားတော်မူခဲ့ဖူးသည်။

ထိုအပရိဟာနိယတရားတို့ကား ...
(၁) စည်းဝေးတိုင်ပင်ခြင်း
(၂) အညီအညွတ်ဆောင်ရွက်ခြင်း
(၃) ဥပဒေအတိုင်းကျင့်ခြင်း
(၄) လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း
(၅) အမျိုးသမီးအား မနှိပ်စက်ခြင်း
(၆) မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း
(၇) ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။

အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် အပရိဟာနိယတရားကို တိုးတက်ရေးတရား ဟု ဆိုရမည်ဖြစ်သည်။

ယခု ရခိုင်ပြည်၌ ဖြစ်နေသော အဖြစ်အပျက်များကို ကြည့်ပါက ရခိုင်လူမျိုးရော၊ ရိုဟင်ဂျာ သို့မဟုတ် ဒေသခံ အစ္စလာမ်ကိုးကွယ်သူ လူမျိုးများပါ ဗုဒ္ဓဟောကြားသည့် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းတရားကို ချိုးဖောက်ခဲ့ကြကြောင်း ထင်ထင်ရှားရှားတွေ့ရမည် ဖြစ်သည်။ ထိုသို့ ချိုးဖောက်သည့် အတွက် မည်သို့ ဖြစ်ပျက်နေသည်ကို ယခုပင် တွေ့နေရပြီ ဖြစ်သည်။

ထို့ကြောင့် မိမိလူမျိုးကို ချစ်မြတ်နိုးကြ၊ ကြီးပွားတိုးတက်စေလိုကြ ပါက အထက်ပါ မပျက်စီးကြောင်းတရား နှင့် အညီနေထိုင် ကျင့်ကြံ အားထုတ်ကြရပေမည်။


အိန္ဒိယ၌ ဗုဒ္ဓသာသနာ ကွယ်သွားရခြင်းမှာ ဟိန္ဒူဘာသာဝင်များက တိုက်ခိုက်သိမ်းပိုက်ခြင်း၊ အတင်းသွတ်သွင်းခြင်းကြောင့် မဟုတ်ဘဲ အထက်ပါ ဘုရားဟော သာသနာပျက်ကြောင်း အကြောင်းတရားများကြောင့် ကွယ်ပျောက်ရခြင်းဖြစ်သည်။

ဂရိ၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့ရာ တိုင်းပြည်များမှ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းမှန်မှာလည်း ဘုရားဟောခဲ့သည့် သာသနာပျက်ကြောင်းတရား အတိုင်း ဖြစ်ပျက်ခဲ့၍ ဖြစ်သည်။

ဗုဒ္ဓဘာသာသည် အခြားဘာသာများကဲ့သို့ ကိုးကွယ်ရန် ထာဝရတည်နေသော ထာဝရဘုရားမရှိပါ။  ထိုကြောင့် နေရာဌာန တစ်ခုတွင် ဗုဒ္ဓသက်ရှိထင်ရှားမရှိတော့သည့် နောက်ပိုင်းတွင် ကိုးကွယ်ရာအဖြစ် ဘုရားဟောကြားခဲ့သည့် တရား နှင့် ထိုတရားကို လက်ဆင့်ကမ်းသယ်ဆောင်လာသူရဟန်းတို့သာ ကိုးကွယ်ရာ အဖြစ် ကျန်ရစ်သည်။ ထိုကြောင့် တရားကိုသယ်ဆောင်သူ တရားအမှန်ကိုသိ၍ သီလစောင့်သော ရဟန်းတို့ကွယ်လျှင် ထိုဒေသ၌ သာသနာကွယ်မည်ဖြစ်သည်။ ရဟန်းတို့သည့် တရားမသိ၍ သီလပျက်လျှင် လူတို့ အကြည်အညို ပျက်မည်။ အကြည်ညိုပျက်လျှင် ကိုးကွယ်သူ နည်းလာမည်။ ကိုးကွယ်သူနည်းလာလျှင် ရဟန်းတို့လည်း ရပ်တည်၍မရ။  နောက်ဆုံး ကိုးကွယ်သူလည်းပျောက်၊ ရဟန်းလည်းပျောက်၊ သာသနာလည်း ပျောက်မည် ဖြစ်သည်။

ထာဝရဘုရားမရှိသော ဗုဒ္ဓဘာသာကွယ်လျှင် ထာဝရဘုရားရှိသောအယူက ရှင်သန်ကျန်ရစ်ပေမည်။ ထာဝရဘုရားဟူသော လက်ညှိုးထိုးမပြနိုင်သည့် ဘုရားကို ကိုးကွယ်ခြင်းက လက်ညှိုးထိုးပြနိုင်သည့် တရားမသိသော၊ သီလပျက်သော ရဟန်းကို ကိုးကွယ်ခြင်းထက် သာသည့်အတွက် ဘာသာပြောင်းခြင်းအမှုကို ပြုကြတော့သည်။


ဗုဒ္ဓဘာသာဝင် အပေါင်းတို့အားလည်း လူတစ်ချို့၏ မှိုင်းတိုက်ရာ နောက်သို့ မလိုက်ဘဲ ခဏလေးရပ်ပြီး စဉ်းစားကြပါဟု တိုက်တွန်းလိုပါသည်။
"ဘာသာခြားများက သတ်ဖြတ်ကျူးကျော်၍ ဘာသာသာသနာ ကွယ်မည်ဆိုသည့် မှိုင်းတိုက်မှုကို မယုံကြည်ပါ နှင့် ဘုရားဟော မဟုတ်ဆိုသည်ကို သိပါ"
"ဘာသာခြားများက ဇွတ်အတင်းသွတ်သွင်း၍ သာသနာပျက်မည် ကွယ်မည် ဆိုသည့် မှိုင်းတိုက်မှုကို မယုံကြည်ပါနှင့် ဘုရားဟော မဟုတ်ဆိုသည်ကို သိပါ"
"ဘုရားမဟောသော အကြောင်းဖြင့် ဗုဒ္ဓဘာသာသည် မပျက်စီးနိုင်၊ ဘုရားဟောသော အကြောင်း ကြောင့်သာလျှင် ဗုဒ္ဓဘာသာပျက်စီးမည် ဖြစ်ကြောင်း ဆင်ခြင်သတိရှိကြပါ၊ ဘုရားထက်ပိုသိ ပိုတတ်သော သာသနာပြုသူ နှင့် နိုင်ငံရေးခေါင်းဆောင် ဆိုသူမရှိကြောင်း သတိပြုကြပါ"
"မုန်းတီးမှု ဟူသည့် အကုသိုလ်စိတ်ကို ဖြစ်စေရန် လှုံ့ဆော်သော စာ၊ စကား များ၊ ဘာသာခြား၊ လူမျိုးခြားကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ညင်းပမ်းခြင်း ဖြင့် လူမျိုးဘာသာသာသနာကို ကာကွယ်နိုင်သည် ဆိုသော အယူအဆ အတွေးအခေါ်များမှာ မှားယွင်းကြောင်း ဆင်ခြင်သတိ ရှိကြပါ"
ဗုဒ္ဓဘာသာကို အဓွန့်ရှည်တည်တံ့ စေနိုင်သူများမှာ တရားသိသော၊ တရားကျင့်သော၊ သီလရှိသော၊ ကြည်ညိုဖွယ်သော၊ ပညာဉာဏ်ကြီးသော ရဟန်းတော်များသာ ဖြစ်ပေသည်။

ထို့ကြောင့် သာသနာပြုသူများသည် ဘုရားဟောသော သာသနာတည်ကြောင်းတရားတို့ဖြင့်သာ သာသနာပြုသင့်ပြီး၊ ဘုရားမဟောသော ဝါဒများ၊ မိမိကိုယ်ပိုင်တရားများဖြင့် သာသနာပြုခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း သတိပြုဆင်ခြင် စေလိုပါသည်။

ဘာသာဝင်ဦးရေတိုးလားခြင်းသည် ဘာသာတရားတိုးတက်ခြင်း မဟုတ်ကြောင်း၊ အမှန်ကို သိသူဦးရေ တိုးလာခြင်းကသာ ဘာသာတရားတိုးတက်ခြင်း ဖြစ်ကြောင်း သိရှိစေလိုသည်။ ဘာသာဝင်ဦးရေတိုးလာခြင်းသည် မိမိတို့ကို ကိုးကွယ်သူ မလျော့ကျစေရေး၊ များပြားစေရေး ဟူသော အဖြစ်မျိုး မရောက်ဖို့ အရေးကြီးသည်။ သာသနာပြုခြင်းဆိုသည်မှာ အမှန်ကို သိစေ၍ ကောင်းကျိုး (ကုသိုလ်) တိုးတက်စေခြင်းသာ ဖြစ်သင့်ပြီး၊ အမှားများ သင်ပြ၍ မကောင်းသည့်အကျိုး (အကုသိုလ်) တိုးလာစေမည့် အားထုတ်မှုများ မဖြစ်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

October 27, 2012

ကျွန်တော်နှင့်တောတွင်းကာလများ (၁၁)


♫♪♯   အရင်ဆို . ♫♪♯ .. ချမ်းချမ်းနဲ့ ♫♪♯ မီးပုံနံဘေးမှာ ဝိုင်းဖွဲ့ကာ ♫♪♯  အဖော်တွေ စုံလင်နေမယ့် အဖြစ် ပြန်မြင်ယောင်မိတယ် ..♫♪♯....♫♪♯...

တစ်ပိုင်းတစ်စ သာရသော ဆရာခမ်းလိတ်၏ သီချင်းကို ရင်ထဲမှသာမက နှုတ်မှလည်း ထုတ်ညည်းမိသည်။
ကျွန်တော် အိမ်ကို လွမ်းနေသည်။ ဒီအချိန်ဆို အိမ်မှာ ဆောင်းငွေ့ဆောင်းသက်ကို ရစပြုပြီဖြစ်သည်။
ဆောင်းနှင်းတို့ တဝေဝေ ဖြစ်နေမည် ဖြစ်သော တောကြိုတောကြားကမြို့ ကလေး၊ တောင်ကြိုတောင်ကြားက မြို့ငယ်လေးကို လွမ်းမိသည်။
ငယ်ငယ်က ဖြတ်သန်းခဲ့ဖူးသော ဘဝပုံရိပ်များက အတွေးတွင် တဝဲဝဲလည် နေသည်။
စိတ်၏ နားထဲတွင် ခေါပုတ်ထောင်းသံ တဖုံးဖုံး ....
ဆောင်းနှင်းငွေ့ အေးအေးတွင် ကပ်ပါလွှင့်မျောလာတတ်သော နှမ်းလှော်နံ့ သင်းသင်းလေးက မွေးရပ်မြေသို့ အရောက် တစ်ခေါက် ပြန်ခဲ့ဖို့ ဖိတ်ခေါ် နေသလို ခံစားမိသည်။
ဟိုးအရင်က အချိန်များ ...

မွေးရပ်မြေကို ကျွန်တော်လွမ်းသည် ...
ခုချိန်ပြန်လျှင် ကျွန်တော့်မေမေ ခေါပုတ်ထောင်းကျွေးမည် ဖြစ်သည်။
"အမေကိုလည်း လွမ်းတယ်၊ ရွာက ခေါပုတ်ထောင်းကိုလည်း လွမ်းတယ် အမေ။"
ငယ်စဉ်က ဆောင်းတွင်းကာလကို ကျွန်တော် အင်းတော်မှာ အချိန်ကုန်ရသည်က များပါသည်။
၆ နှစ် မှ ၁၇ နှစ်သား ထိ အင်းတော် ဆောင်းနံနက်ခင်းများကို ဖြတ်သန်းခဲ့ရသည်ကို သတိရသည်။ ဆောင်းဆိုလျှင်  အများအားဖြင့် အင်းတော် ဆောင်းတွင်းကိုသာမှတ်မိနေသည်။
ဗန်းမောက်ဆောင်းတွင်း အမှတ်တရ ဆိုလျှင် ငယ်ငယ် ၅-၆ နှစ်သား အင်းတော်သို့ ကျောင်းတက်မသွားမီက ပုံရိပ်များကို ဝိုးတိုးဝါးတား မှတ်မိနေသည်။ ဗန်းမောက်မြို့အဝင်နားရှိ ကျွန်တော်ချက်ကြွေ မွေးရပ်မြေ အောင်သာကုန်းဟူသည့် ရွာကလေးတွင် ကြုံခဲ့ရသည့် ဆောင်းနံနက်ခင်းများ ပြန်မြင်ယောင်မိသည်။

၁၉၉၆ မတိုင်မီ အချိန်က ထိုကျေးရွာလေးကို ဗန်းမောက်မြို့၏ ရပ်ကွက်တစ်ခုအဖြစ် မသတ်မှတ်သေးပါ။ မြို့နယ် စည်ပင်သာယာ နယ်နမိတ်ပါ ရပ်ကွက် မဟုတ်သေးပါ။ အိုးအိမ်များလည်း ယခုလောက် မများသေးပါ။ ယခုကားလမ်းဘေးရှိ အိမ်ရာများမှာ လယ်ကွင်းများ ဖြစ်ကြသည်။
ကျွန်တော်တို့ အိမ် တဲကုပ်ကလေးနှင့် ညာဖက် မျက်စောင်းထိုး မလှမ်းမကမ်းတွင် အကြော်ဆိုင် တန်းလေးရှိသည်။ အကြောင်ဆိုင်တန်းလေး အကြောင်း မရေးမီ ထိုအိမ်လေးအကြောင်း ပြောရဦးမည်။ ထို အိမ်လေးသည် ၁၉၈၃-၈၄ လောက်တွင် (မဆလ ခေတ်) ပြည်သူပိုင်မြေ အဖြစ် အသိမ်းခံလိုက်ရပါသည်။ အိမ်နေရာလည်း အစားပြန်မပေးပါ။ ကျွန်တော်တို့ နေစရာမရှိသည့် အတွက် အိမ်ငှားဘဝဖြင့် ၄ နှစ် ခန့် နေခဲ့ရသေသည်။ အိမ်ရာမြေများသိမ်းခြင်းသည် အလွန် အန္တရာယ်များပါသည်။ ပိုက်ဆံချမ်းသာသူများအတွက် သိသာလှသော အပြောင်းအလဲ မဟုတ်သော်လည်း၊ ထိုမြေ ထိုယာကို အသက်မွေးဝမ်းကျောင်း အဖြစ် မိသားတစ်စု လုံး မှီခို နေရသူများ အဖို့မှာ ဘဝ ပျက်ခြင်းပင်ဖြစ်ပါသည်။ အကြောက်တရားခြင်းယှဉ်လျှင် ဝန်ထမ်းတစ်ယောက် အလုပ်ပြုတ်မှာ ကြောက်တာထက်၊ တောင်သူတစ်ယောက် မြေသိမ်းခံရမှာ ကြောက်တာက ပိုမည်ထင်ပါသည်။ ဝန်ထမ်းတစ်ယောက်သည် ပညာတတ်ဖြစ်သည့် အတွက် အခြား အလုပ်တစ်နေရာ ရှာကြံနိုင်ဦးမည်။ လယ်သမား၊ ယာသမားအတွက်မှာမူ သူတို့၏ တစ်ခုတည်းသော အတတ်ပညာသည် လယ်ယာလုပ်ခြင်း၊ သူတို့၏ တစ်ခုတည်းသော အသက်မွေးရာဌာနသည် ဤမြေ ဖြစ်သောကြောင့် မြေမရှိလျှင် ဘဝ ပျက်ခြင်းပင် ဖြစ်ပါသည်။ သူတစ်ပါးဘဝ၊ မိသားစု အသိုက်အမြုံကို ဖျက်မိခြင်းမှ ရှောင်းရှားနိုင်ရန် အတွက် အမှန်တကယ်ထိုက်တန်သော မြေယာ အစားထိုး မပေးနိုင်ပဲ မြေသိမ်း၊ ယာသိမ်းခြင်း အမှုကို မပြုကြလျှင် ကောင်းလေစွ ဟု ထင်မိပါသည်။

အကြော်ဆိုင်တန်းလေး အကြောင်း ဆက်ဦးမည်။ ထိုအကြော်ဆိုင်တန်းတွင် ရောင်းသည့် အကြော်သည် တို့မှာ မနက် ၃ နာရီထိုးလောက်ဆိုလျှင် မီးစမွှေးကြပြီး ကြော်ကြပြီ။ ထို့ကြောင့်လည်း "ဗမာစော၊ ရှမ်းတောပြန်" ဟူသော ဆိုရိုးစကား ရှိခဲ့ဟန်တူသည်။ ရွာမှ မီးရှူးများဖြင့် ဈေးရောင်းတက်လာသူများက နံနက်စောစော အဆာပြေ ဝယ်စားကြတတ်၍ ဖြစ်သည်။ ကျွန်တော်တို့ဖက်တွင် ဝါးပေါသည့်အတွက် ဝါးမီးရှူးများကို နံနက်ခရီးသွားရာတွင် ဓာတ်မီးအစားထိုးအဖြစ် သုံးကြသည်။ ငွေကုန်ကြေးကျခံကာ ဓာတ်မီး၊ ဓာတ်ခဲ ဝယ်ရန်မလို၊ တောထဲတိုး၊ ဝါးခြောက်ရှာကာ ဝါးမီးရှူး အလွယ်တကူ လုပ်နိုင် သုံးနိုင်ကြပေသည်။ ဝါးမီးရှူးသည် ဆောင်းနံနက်ခင်း အေးအေးတွင် အလင်းပေး၍ လမ်းပြရုံသာမက အနွေးဓာတ်ကိုလည်း ရစေပါသည်။ ဝါးမီးရှူး မမြင်ဖူးသူများအတွက် ပုံဆွဲပြဦးမှ သင့်တော်မည်ဟု ထင်ပါသည်။ ဝါးမီးရှူးသည် အိုလံပစ် မီးရှူးတိုင်လို ဆီဖြင့် ထွန်းညှိရသော မီးရှူးလည်း မဟုတ်ပါ။ ရေနံဆီသုတ်အဝတ်ကို တုတ်တွင်ရစ်ပတ်ပြီး ထွန်းညှိရသော မီးတုတ်မျိုးလည်း မဟုတ်ပါ။ ခြောက်သယောင်းနေသော ဝါးများကို ရိုက်ခွဲပြီး ဝါးခြမ်းပြားလေးများ ဖြစ်အောင် အရင်လုပ်ရပါသည်။ ထိုဝါးခြမ်းပြားလေးများကို ထင်းစည်းကဲ့သို့ စု၍ စည်းပြီး နှီးဖြင့် တုပ်ကာ တုတ်အဖြစ် လုပ်ရပါသည်။
အရှည် ၄ ပေခန့်၊ အတုတ် ၂ လက်မခွဲ ၃ လက်မခန့် (လက်တွင်တစ်ဖက်တည်းဖြင့် ကိုင်၍ ကောင်းမည့် အရွယ်) လုပ်ကြပါသည်။ ဝါးမှာ အသားပါးသည့် သင်းဝါးကို သုံးလေ့ရှိပါသည်။ အသားပိတ်သည့် သိုက်ဝါးကို မသုံးပါ။ မီးထွန်းလိုလျှင် အဖျားတစ်ဖက်ကို မီးရှို့ပြီး သုံးယုံတာ ဖြစ်သည်။ မီးလောင်၍ ဝါးအသားအတော်များများ မီးချေးခဲ ဖုံးလာလျှင် အဖျားကို ခါထုတ် ရိုက်ချိုးရပါသည်။ ထို့ကြောင့် ထိုအချိန်ဆောင်းအခါ လမ်းဘေးတစ်လျှောက်တွင် မီးရှူးခါးချ ထားသော ဝါးပြာ အချို့ကို လမ်းတစ်လျှောက် တွေ့နေရတတ်သည်။ မီးအလင်းပိုလိုလျှင် မီးရှူးတုတ်ကို လေတွင် ဘယ်ညာလှုပ်ရမ်းပေးရသည် ထိုအခါ ပြာများကြွေပြီး လေပိုရကာ မီးပိုတောက်လာသည်။ ထို့ကြောင့် မီးရှူးဖြင့် လာလျှင် လက်နှိပ်ဓာတ်မီးကဲ့သို့ မဟုတ်။ မီးက အငြိမ်မနေ။ တစ်ခါတစ်ခါ မီးမှိန်သွားလိုက်၊ မီးတောက်ကောင်းလာစေရန် ဝှေ့ရမ်းလိုက် ပြန်တောက်တိုက် ဖြင့် ဆောင်းနှင်းတောထဲ တရွှေ့ရွှေ့ ခရီးနှင်ရင်း လိုရာရောက်အောင် သွားကြရသည်။

 အိုလံပစ်မီးရှူးတိုင်

ရေနံဆီသုတ် မီးရှူးတုတ် 

ဝါးမီးရှူး

ထိုအကြော်ဆိုင်တန်းလေးသည် ဗန်းမောက် မြို့မဈေး နှင့် ၂ ဖာလုံ ခန့် အကွာတွင် ရှိသည့် အတွက် ၆ နာရီ၊ ၇ နာရီ ဆို ဈေးမှ ပြန်လာသူများလည်း တစ်ထောက်နားပြီး ထိုဆိုင်တန်းလေးတွင် မုန့်ထိုင်စားကြ နားကြသည်။ ထိုနေရာတွင် မနက်ခင်း၌ ကျွန်တော်တို့ ဒေသအခေါ် မုန့်လင်မယား (မန္တလေးဒေသတဝိုက် မုန့်မျက်နှာအပ် ဟု ခေါ်သည်ဟု ထင်ပါသည်) ပူပူလေးကို နံနံပင်မွှေးမွှေးလေးဖြင့် ကြွပ်ကြွပ်ရွရွ စားနိုင်သည်။ လက်ဖြစ် ဆန်ခေါက်ဆွဲသုတ် ကို ငရုတ်သီး စပ်စပ်၊ ဟင်းရည်ပူပူ ဖြင့် နှာရည်ယိုသည် အထိလည်း ဆွဲနိုင်သည်။ ရှမ်းတိုဖူး (ဆန်တိုဖူး) ကို ဆီတိုဖူးရည်စပ်စပ်ဖြင့် ချဉ်ငံစပ်လေး လွှေးနိုင်သည်။  တိုဖူး (ပဲတိုဖူး) အစိမ်းသုတ် ကို ကြာညို့ချိုချို၊ ကြက်သွန်ဖြူ နှင့် မျဉ်သွေ့ခြောက် ချဉ်စပ်လေး စားနိုင်သည်။ ပဲတို့ဖူးကြော်ကြွပ်ကြွပ်လေး ကို ပေါင်းတင်းမီးဖုတ် စေးစေးလေးဖြင့် စားနိုင်သည်။ကုလားပဲခြမ်းကြော်ကို မုန့်တီအရည်ဖျော်နှင့် စားရတာလည်း ကောင်းသည်။ ဗယာကြော် နှင့် မုန့်ကြွေစေ့သုတ်ပြီး စားရသည်မှာ မေ့မရနိုင်သည့် ရှမ်းနီဒေသရှိ အစားအစာ တစ်ခု ဖြစ်သည်။ မုန့်လက်ကောက်ကြော်၊ မုန့်စိမ်းပေါင်း၊ မုန့်ပြာလူး အတွင်း၍ အုန်းသီးနှင့် ထန်းလျက်ကို ဌာပနာထား၍ ပြုတ်ထားသော မုန့်လုံးကို တစ်ခုနှင့် တစ်ခု မကပ်စေရန် ဒေသအခေါ် မုန့်နှစ် (ဆန်မှုန့်) လူးထားသော မုန့် သည်လည်း စား၍ အတော်ကောင်းပါသည်။ နှမ်း နှင့် မြေပဲ ဆီရွှဲရွှဲဖြင့် လုပ်ထားသော ခေါစီ၊ နှမ်းများများဖြင့် အလွန်းမွှေးသော  ခေါပုတ်ကင် ဖောင်းဖောင်းလေး၊ အုန်းသီးထည့်ပေါင်းထားသည့် ပေါင်းတင်း၊ ပဲထည့်ထားသည့် ပဲပေါင်းတင်း၊ ကောက်ညှင်းကို ငှက်ပျောဖက်ဖြင့် ကတော့ထိုး ထုပ်ပြီး ပြုထားသည့် ကောက်ညှင်း စီးလော်လော်၊ ဖြူဖြူတုံတုံ အိအိ ချိုချိုဖြင့် စားရတတ်သည့် မုန့်ဦးနှောက် စသည့် ဒေသထွက် မုန့်ပဲသရေစာများကို ရောင်းချလေ့ ရှိပါသည်။ ထိုခေတ်အခါက မနက် မနက်ဆိုလျှင် ဈေးဆိုင်တန်းလေးတွင် မုန့်ဝယ်စားသူများဖြင့် စည်ကားနေလေ့ ရှိပါသည်။ မုန့်ပဲသရေစာ စားနိုင်လောက်သော ငွေပို ငွေလျှံများလည်း အထိုက် အလျောက်ရှိကြ၍ ဖြစ်မည် ထင်ပါသည်။
မှတ်မှတ်ရရ ပြောရမည်ဆိုလျှင် ၁၉၈၈ မတိုင်မီက ကျွန်တော်တို့ဖက် လူအတော်များများ မုန့်ဝယ်စားနိုင် အလှူအတန်း ပြုနိုင်ကြသေးသည်ကို မှတ်မိသည်။ နွေရာသီတိုင်းလို ရှင်ပြုပွဲကြီးများရှိသည်။ နောက်ပိုင်းတဖြည်းဖြည်း အလှူအတန်းနည်းလာသည် နွေရာသီတိုင်း ရှင်ပြုပွဲကြီးများ မရှိတော့။ ကျွန်တော်ချစ်သော မုန့်ဈေးတန်းလေးသည်လည်း ပြည်တွင်း စီးပွားရေး ချွတ်ခြုံကျမှု၏ ဂယက်ထဲ ပါသွားခဲ့သည်။ ၁၉၉၀ နောက်ပိုင်း နှစ်များ၏ မုန့်ဆိုင်တန်းလေး လုံးပါးပါးပြီး ပျောက်ပျက်သွားခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ထိုစဉ်အချိန်က မြင်တွေ့ခဲ့ရသော မိမိရင်သွေးကို ကိုယ်နှင့်မကွာ "ပိုးတံဘက်" ဖြင့် ကျောပိုးသယ်လေ့ရှိသော ဒေသ ဓလေ့ကို ရှမ်းတို့၏ ရိုးရာဓလေ့ တစ်ခု ဖြစ်မှန် နှောင်များမှ သိလာရသည်။
ယခုတိုင် ရင်သွေးငယ်တို့ကို ရင်နှင့်မကွာ သယ်ပိုးစောင့်ရှောက်လေ့ရှိသော ရိုးရာ "ပိုးတံဘက်" ကျောပိုး ဓလေ့လေး ရေရှည်တည်တံ့ ပါစေဟု ဆန္ဒပြုမိပါသည်။

ဆန်တိုဖူး (ရှမ်းတိုဖူး) ၊ မုန့်ပြာလူး၊ မုန့်ကြွေစေ့၊ ခေါစီ၊ ခေါပုတ်၊ ပေါင်းတင်း စသည်တို့ကို ရှမ်းစကားမတတ်တော့သည့် ရှမ်းများနေထိုင်ရာ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိမြို့နယ် အတော်များများတွင် ရိုးရာမပျက် ကျန်ရှိနေသည် ကတော့ ဝမ်းသာရမည်ပင် ဖြစ်သည်။









ဆရာခမ်းလိတ် ၏ သီချင်းကို နားထောင်ရင်း တကယ်လွမ်းလာတဲ့ မွေးရပ်မြေ။
တောင်ပြာပြာများရဲ့ အောက်၊
နှင်းငွေ့များရဲ့အောက်၊
ဆောင်းနံနက်ခင်းတွင် မြင်ကွင်းမှ ပျောက်ပျောက်နေတတ်သော မြို့ငယ်လေး သို့မဟုတ် ရွာငယ်လေး ..........

ကျွန်တော်တို့ အရပ်မှာ ချယ်ရီ မပွင့်ပါ။ ချယ်ရီပင်လည်း မရှိပါ။
ခေါပုတ်ရှိသည်။ လူလုံးမကွဲအောင် ခပ်သည်းသည်း ကျသော ဆောင်းနှင်းပွင့်များရှိသည်။ အသဲမှာ စွဲနေသော ဆောင်းချစ်သည့် သွေးက ဖျောက်မရတတ်ပါ။ ခေါင်ရည်သောက်သည့် အလေ့သိပ်မရှိသော်လည်း ကစော်ဖောက်ပြီး ထမင်းချိုအဖြစ် စားတာတော့ရှိသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ကချင်ပြည်နယ် ချယ်ရီမပွင့်သောဒေသ မှ ရှမ်းတို့ကိုလည်း ရှမ်းဟု ခေါ်ကြောင်း၊ ရှမ်းစကားမတတ်ကြသော ပျောက်ကွယ်လုလု ရှမ်းများ ရှိကြောင်း အမှတ်တရ တင်ပြလိုက်ရပါသည်။

October 22, 2012

ချစ်ဇနီ၊ ချစ်သမီး နှင့် ကချင်မြေ


နေပြည်တော်ရှိ National Landmark တွင် ဓာတ်ပုံရိုက်ယူခဲ့ကြသော သမီး နှင့် ဇနီး ပုံကို အမှတ်တရ ပို့စ်အဖြစ် တင်လိုက်ပါသည်။


ကျက်သရေရှိသော ကချင်ရိုးရာ ဝတ်စုံကြောင့် ကျွန်တော့် ဇနီး နှင့် သမီးလည်း ပိုလှ လာသလို :D



ကျွန်တော့် မိသားစုလေး ငြိမ်းချမ်းသလို ကချင်ပြည်မှာ ရှိတဲ့ ကချင်မိသားစုတွေလည်း ငြိမ်းချမ်းကြပါစေလို့



ရှမ်းမလေးဖြစ်တဲ့ သမီးလေး ကချင်ရိုးရာ ကိုလည်း လေးစားနားလည် တတ်သူ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



ကချင်ရိုးရာ ဝတ်စုံဖြင့် မြူးကြွနေသော ကျွန်တော့်တူမ ဗမာမလေးများနှင့် သမီးလေး 


October 20, 2012

ကမ္ဘာမှာ လိုအပ်နေသော ဥပဒေ


ခု ကမ္ဘာမှာ ဘာသာရေး၊ လူမျိုးရေး ပုတ်ခတ်စော်ကားမှုတွေကနေ လူတစ်ဦးနဲ့တစ်ဦး၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး နဲ့ တစ်မျိုး မုန်းတီးမှုတွေ ပိုမိုပြင်းထန်းလာကြတယ်။ ဒါတွေဟာ လျင်မြန်တိုးတက်လာတဲ့ သုံးစွဲရလွယ်ကူတဲ့ မီဒီယာကွန်ယက်တွေရဲ့ ဆိုးကျိုးတွေ ဖြစ်တယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို မေတ္တာတရားတွေပဲ လက်ဆင့်ကမ်းသယ်ဆောင်စေသင့်တယ်။ မျိုးဆက်သစ်တွေရဲ့ ရင်ထဲကို အမုန်းမျိုးစေ့တွေ ပျိုးထောင်မပေးသင့်ဘူး။ အဓမ္မသာသနာပြုခြင်းတွေကိုလည်း တားဆီးသင့်တယ်။ သာသနာပြုသူတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ပဲ ဖြစ်သင့်တယ်။
မီဒီယာကို အသုံးချပြီး ဘာသာရေးစော်ကားမှု၊ လူမျိုးရေးစော်ကားမှု ဖန်တီးတဲ့ သူတွေကို တားဆီးနိုင်မယ့် ဥပဒေတစ်ခု ကမ္ဘာမှာ ပြဌာန်းသင့်တယ်။

September 26, 2012

ဟက်ပြန်ပြီ တစ်ခါ


ဟိုးတစ်ခေါက်က အဟက်ခံရပြီး Password ကို ကျွန်တော့်ဇနီးအကောင့်ထဲ ပို့ပေးထားခဲ့ဖူးသည်။
ခုတစ်ခေါက် ကျွန်တော့ အကောင့်ကို ဟက်ဖို့လုပ်ပြန်ပြီ။ ဂူဂယ်က သတိပေးသည်။ ဖုံးထဲလည်း မက်ဆေ့ဂ် ဝင်လာသည်။ Password ပြောင်းလိုက်ရသည်။ အဲဒီအကြောင်း မရေးဖြစ်ခဲ့။ 
ခုတော့ ပြောလိုသည် အိုင်တီ ဆရာကြီးများခင်ဗျာ .. ကျွန်တော်သည် အင်တာနက်ကို ကကြီး ခကွေး အဆင့်သာ တတ်ပါသည်။ ပိုက်ဆံလည်း ချမ်းသာသူမဟုတ်ပါ။ နာမည်ကြီးသူလည်း မဟုတ်ပါ။ 
ထို့ကြောင့် ဘဏ်အကောင့်တွင်လည်း ပိုက်ဆံ မရှိပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွင်လည်း လျှို့ဝှက်စရာ ကိစ္စကြီးများလည်း မရှိပါ။ သင်သိလိုတာရှိလျှင် saingkhantun@gmail.com ကို သင့်အကောင့်တွင် add ၍ ပွင့်လင်းစွာ မေးနိုင်ပါသည်။ 


September 24, 2012

အမှန်တရား နဲ့ အနိုင်



ဗုဒ္ဓအဟော

ဆန္ဒဇောမှာ
အဓိပတိဖြစ်သူက အနိုင်။
အမှန် နဲ့ အမှား
တရား နဲ့ မတရား
အား နဲ့ ဓား ထက်သူက အနိုင်။
သမိုင်း နဲ့ ရာဇဝင်
နိုင်သူကသာလျှင်  ကမ္ပည်းတင်တယ်။
ဖတ်သမျှ မှတ်သမျှ စာပေ
အမှန်တွေ နိုင်ပေမပေါ့
နိုင်သူက မှန်ချင်တော့
သူ"မှန်" သူ"တရား" ဖို့ အရေး
လူ့သည်းခြေကြိုက်
"အမှန်တရား" ကို "အနိုင်" ပေးခဲ့လိုက်တယ်။

September 18, 2012

ချစ်ဇနီးသို့

ချစ်သူသည် လရောင်အောက်၌ လမ်းလျှောက်လို၏။
သို့သော် လမိုက်ညတည်း။
ကျွန်ုပ် မစွမ်းဟု အားမလျော့ပါ။
ချစ်သူကို အမောပြေအောင် အိပ်စေပြီး။
တစ်ကိုယ်တည်း ပိုးစုန်းကြူးငယ်တို့ကို စုကာ "ညမီးအိမ်" လုပ်နေပါသည်။
ချစ်သူတစ်ရေးနိုးချိန်၌ ပျော်စေနိုင်လိမ့်မည် 
ဟူသော ယုံကြည်ချက်ဖြင့် အိပ်စက်ခြင်းကို မေ့၏။
ဤသည်မှာ ချစ်သူပျော်ဖို့တည်း။

September 8, 2012

လူလိမ္မာအတ္တ

လူ ...
လူ မှာမှ လူလိမ္မာ ...

လူ ..
လူ ရာဝင်တဲ့လူ ...

လူ ..
အသံအကျယ်ကြီး နဲ့လူ ...

လူ ..
မျက်နှာကြီးတဲ့လူ ...

လူ ..
သူလို ငါလို အတ္တတွေကို မြေမြုပ်

လူ ..
ပိပိရိရိ ဘယ်သူမှ မသိ

လူ ...
လိမ္မာတဲ့လူ ..

လူ
အတ္တနဲ့ လူ ....