အလုပ်များနေခြင်းနှင့် ခရီးသွားလိုက်ခြင်းကြောင့် စာမရေးနိုင် ဖြစ်ခဲ့ရပါသည်။ ထွက်ခဲ့သော ခရီးမှ စာရေးစရာတစ်ပုံ တစ်ပင် ထွက်လာသည်။ အဆင်သင့်လျှင် ရေးပါမည်။ "ဟောင်ကောင်ကျွန်းသို့ တစ်ကိုယ်တော်ခရီး"
မူလတန်းကျောင်းလေးအကြောင်းဆက်ပါဦးမည်။
ကျွန်တော်တို့ကျောင်းလေးတွင် ကျွန်တော်ကျောင်းတက်စဉ်က ကစားစရာ လျောများ၊ ဒန်းများမရှိပါ။ သို့သော် လျှောစီးစရာရှိသည်။ မြန်မာတစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးတွင် ကျွန်တော်တို့ ကျောင်းတွင်သာရှိခြင်းပင် ဖြစ်နိုင်သည်။ ထိုလျှောစီးစရာမှာ သဘာဝ ရှိနေသော ဆင်ခြေလျှောလေးကို ကျွန်တော်တို့က စီးစရာလျှော လုပ်လိုက်ခြင်းဖြစ်သည်။ သည်အတိုင်းစီး၍တော့မရပါ။ ပျဉ်တို တစ်ချပ်ကို ဖင်အောက်တွင်ခု၍ စီးရပါသည်။ စီးပါများသော အခါ ပျဉ်ချပ်မှာ လျှောနေသည်။ ပျဉ်ချပ်နည်းနည်းရှည်လျှင် ၂ ယောက်ပူးတွဲစီးနိုင်သည်။ လျှောလမ်းကို ကျွန်တော်တို့ ဖာသာဖောက်သည်။ ကုန်စောင်းလေးတွင် ပထမ လျှောစီးစရာ လမ်းကြောင်းမရှိပါ။ စီးစတွင် မြေကြီးများဖြင့်ကြမ်းနေသည်။ ဝေးဝေးရှည်ရှည်လည်း စီး၍ မရပါ။ အဲ လျှောစီးပုံ၊ လျှောစီးလမ်းဖောက်ပုံကို မြင်အောင်ပြောမှ ဖြစ်မည်။ ပြောပြလိုဇောဖြင့် ရေးလျှင် မရှင်း မရှင်း ဖြစ်သွားနိုင်သည်။
ကုန်းလျှောစောင်းလေးတွင် သစ်ပင်များကင်းရာ မြေကြောလေးကို ရွေးရသည်။ ထိုမြေကြောတွင် ကုန်းစောင်း ထိပ်မှ စကာ ဖင်အောက်တွင် ပျဉ်ချပ်တိုလေးကို ခုပြီး လျှောဆင်းရသည်။ စစီးစတွင် ပေအနည်းငယ်သာရောက်သည်။ လမ်းကြောင်းကလည်း မသေချာ သွားချင်သလို သွားသည်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ၊ လေးခါ၊ ငါးခါ .... ထောင် .... ပေါင်းများစွာ တစ်ယောက်ပြီးတစ်ယောက် ပျဉ်တိုလေးခုခုပြီး စီးကြသည်။ လမ်းကြောင်းလေး ကုန်းစောင်းပေါ်တွင် ပေါ်သထက် ပေါ်လာသည်။ စီးသထက်စီးကောင်းလာသည်။ လမ်းကြောင်းကလည်း ရှည်သထက် ရှည်လာသည်။ အဆုံးထိမစီးရဲ၍ လမ်းတစ်ဝက်တွင် ဘေးထွက်နားလိုက်ရသည်လည်း ရှိသည်။ မြေနီတောင်ကုန်းဖြစ်သောကြောင့် ကျောင်းကပြန်လျှင် ဘောင်းဘီတို လေးမှာ ဖင်ဖက်တွင် မြေနီတို့ ပေလျှက်ရှိသည်။ ကျွန်တော်တို့ ဘောင်ဘီများ ပါးပါးပြီး ဖင်နှစ်ဖု အခြမ်းတွင် ရိရိလေးပေါက် သွားကြသည်။ ငယ်စဉ်က ကျောင်းသွားပျော်၊ နေပျော်ခဲ့သည်မှာ စာတော်လို၍မဟုတ်၊ စာတော်၍လည်းမဟုတ်။ ကျောင်းမတက်မီ ထို မြေလွှာလျှော စီးရသည်ကို အလွန်နှစ်ခြိုက်သောကြောင့်ပင်။ မြေနီတောင်ကုန်း ကျွန်တော်တို့ ကျောင်းဝင်းလေးတစ်ဝိုက် ပြေးလိုက် လွှားလိုက်ဖြင့် သူငယ်ချင်းတစ်သိုက်နှင့် ကစားရသည်မှာ မိုက် (ကောင်း) သောကြောင့်ပင်။
ကျွန်တော်တို့ ကျောင်းကုန်းသည် တောင်ကုန်းပေါ်တွင် ရှိခြင်းကြောင့် ကျွန်တော်တို့ ကျောင်းကုန်းဟုပဲ ခေါ်ကြသည်။ ရွာထိပ်တည့်တည့်တွင်ရှိခြင်းကြောင့် တောကျကျ ကျွန်တော် တို့မြို့အတွက်မူ ညအခါတွင် တောသတ္တ၀ါများ ကျက်စား၍ ကောင်းဆဲရှိသော မြေနေရာလည်း ဖြစ်သည်။ ကျောင်းတစ်ကုန်းလုံး တောယုန်တို့၏ ချီးတုံး လုံးလုံးမဲမဲလေးများဖြင့် ပြည့်နေသည်။ တောင်ထိပ်ကွင်းကောင်းကောင်းတွင် တောယုန်များ ကျွန်တော်တို့လိုပင် ညအခါ ပြေးတမ်းလိုက်တမ်း ကစားကြပုံရသည်။
ကျွန်တော်တို့ကျောင်းလေးသည် တောင်ကုန်းထိပ်တွင်ရှိပြီး တောင်အောက်ခြေ ပတ်ပတ်လည်မှာ ကျောင်းသို့လာသည့် တောင်တက်လမ်းလေးများမှ အပ သစ်ပင်ငယ်တို့ဖြင့် ဖုံးလွမ်းနေသည်။ တူတူပုန်းတမ်း အလွန်ကစား၍ကောင်းသည် မြွေများ ကင်းများမရှိသည့် အတွက် မည်သည့်နေရာတွင်မဆို ပုန်းနိုင်သည်။ ကျောင်းလေးဖက်လေးတန် ချုံများ၊ ကမ်းပါးများ၌ ပုန်းလိုသောနေရာတွင်ပုန်း။ စိန်ပြေတမ်း ကစားလျှင်လည်း ကျောင်းတစ်ပတ် ချုံတောများအတွင်း ပြေး၍ ကောင်းလိုက်သည့် ဖြစ်ခြင်း။ ယခုပင် ပြေးချင်ချင် ဖြစ်လာသည်။ လိုက်မရှာပဲ ချုံအကွယ်တွင် ပုန်းနေပြီး ပေါ်လာသူကို ဖမ်းသူလည်းရှိသည်။
မြေနီ၊ မြေဖြူမြေစေးများရှိသောကြောင့် လောက်စာလုံး လုံးပြီး လောက်စာလုံး လှိမ့်တမ်း ကစားကြသူလည်းရှိသည်။ ကျွန်တော်ကတော့ လောက်စာလည်း မလုံးတတ်သေးပါ။ ကျွန်တော်မှာ အတော်ငယ်သေးသောကြောင့် ကျွန်တော်လုံးသော လောက်စာများမှာ လုံးမလာဘဲ ဘဲဥဖြစ်သွားလေ့ရှိပါသည်။ လုံးပြီးလျှင်လည်း ခြောက်အောင် နေပူလှန်းရန် စိတ်မရှည်လှပါ။ ခြောက်ပြီးလားဟု ခဏခဏ ယူယူကြည့်တတ်သောကြောင့် လောက်စာလုံးမှာ အပိန့် အပိန့်များဖြင့် အတော် အကြည့်ရဆိုးပါသည်။ အတော်များများမှာ နေလှန်းရသည်ကို စိတ်မရှည်သည့် အတွက် မီးဖုတ်သောကြောင့် ကွဲကုန်ပါသည်။
လောက်စာလုံးများကို အပုံပုံလေးများလုပ်ပြီး လောက်စာလုံး ဖြင့် အဝေးမှ လှမ်းလှိမ့်ပြီး ပစ်ရသည်။ လောက်စာလုံးပုံပုံမှာ အောက်ခြေတွင် လောက်စာသုံးလုံးကို အခြေပြုပြီး။ တစ်လုံးကို ထိပ်တွင် ဖိတင်ကာပုံခြင်းဖြစ်သည်။ လေးလုံးကို တစ်ပုံဖြစ်သည်။ ကျွန်တော် ကောင်းကောင်း မကစားတတ်ပါ။ အဖေမကြိုက်သောကြောင့် ဖြစ်မည်ထင်သည်။ လောင်ကစားလုပ်သည်ကို အဖေတားမြစ်ပါသည်။ ဘာကြောင့်မှန်း ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ပါ။ လောက်စာပစ်တမ်း ကောင်းကောင်း မကစားဖြစ်ခဲ့သည် ကတော့ သေချာသည်။ လောက်စာမလုံးတတ်၍လည်း ဖြစ်နိုင်ပါသည်။ အချို့က လောက်စာလုံးကြီးကြီးတစ်လုံးကို "ဂိုင်" လောက်စာလုံးအဖြစ်လုံးထားကြသည်။ ထိုလောက်စာလုံးကို မတည်ပါ။ လက်ကိုင် အဖြစ်ထားကာ ပစ်ရာတွင် သုံးသည်ကို မှတ်မိသည်။
ကျွန်တော်တို့ ဒေသတွင် ဒိုးပင်များရှိသည်။ ကျွန်တော့် အစ်မ၀မ်းကွဲများ အစ်ရီးများ ဒိုးပစ်တမ်း ကစားသည်ကို အမှတ်ရသည်။ ခြေဖြင့်ညှပ်ပြီး တည်ထားသော ဒိုးကို ခေါက်ရသည်။ ခြေမိုးပေါ်တင်ပြီး ပစ်ချရသည်။ ဖြေတစ်ပေါင်ကျိုးဖြင့် ခုန်ဆွခုန်ဆွသွားရသည်။ ပထမ ခြေမနှင့် ခြေညှိုးကြားတွင် ဒိုးကို ညှပ်ပြီး ခုန်ဆွခုန်ဆွသွားရသည်။ ဒိုးတည်ရာသို့ရောက်လျှင် ခြေဖြင့်ညှပ်ထားသောဒိုးဖြင့် တည်ထားသော ဒိုးကို ခေါက်ရသည်။ မှန်လျှင် နောက်တစ်ဆင့်တက်ရသည်။ မမှန်လျှင် ဒိုးတည်သူကို အလှည့်ပေးပြီး မိမိက ဒိုးတည်ရသူ အဖြစ် အလှည့်ပြောင်းသည်။ ဒုတိယဆင့်တွင် ခြေကျင်းဝတ်နှင့် ခြေဖမိုးကြားတွင်ညှပ်ကာ ခုန်ဆွခုန်ဆွ၊ တတိယဆင့်တွင် ခြေဖမိုးပေါ် တံထွေးဖြင့်ကပ်ပြီး ခုန်ဆွခုန်ဆွ၊ စတုတ္ထဆင့်တွင် ဒူးပေါ်၊ ပဉ္စမဆင့်တွင် ပခုံးပေါ်၊ ဆဌမ အဆင့်တွင် နဖူးပေါ် စသဖြင့် ခုန်ဆွခုန်ဆွဖြင့် ဒိုးတည်ရာဆီရောက်အောင်သွားပြီး ဒိုးကိုမှန်အောင်ပစ်ရသည်။ အဲ လမ်းတွင်ကျလျှင် ကျသည့်နေရာမှ လက်ညှိုးကို မောင်းခလုတ်လို အခြားလက်တစ်ဖက်ဖြင့်ဆွဲပြီး။ ဒိုးဆီမှန်းကာ မှန်အောင်ပစ်ရသည်။ ဒိုးကြီး (ဒိုးအနက်ကြီးများ) နှင့် ကြက်ဒိုး (ဒိုးကြားကြားလေးများ) ရှိသည်။ ဒိုးကြီးကို သာ ဒိုးကစားရာတွင် သုံးကြသည်။ ကြက်ဒိုး အသုံးမှာ သိပ်မတွင်ကျယ်ပါ။ ကလေးများအတွက် စိတ်ဖြေရာ ပေးကစားရုံမျှသာ။
No comments:
Post a Comment