April 30, 2008

သူတို့ ဆီကဟာသ အပိုင်း (၈)

ကဲခု ဘယ်လိုလုပ်မလဲ

အိမ်ရှင်ယောက်ျား က သူ့အိမ်ကို ဖုန်းဆက်တယ်။ အိမ်စေမိန်းကလေးက လာကိုင်တယ်။
အိမ်ရှင်ယောက်ျား ။ ။ ငါ့မိန်းမနဲ့ စကားပြောချင်လို့ပါ။
အိမ်စေမိန်းကလေး ။ ။ မဖြစ်နိုင်ဘူး အပေါ်ထပ်မှာ သူ့ရည်းစားနဲ့ အတူရှိနေတယ်။
အိမ်ရှင်ယောက်ျား ။ ။ ဘာ။ ဒါဆို ဗီဒိုထဲက ငါ့သေနတ်ကို ယူ၊ အပေါ်ထပ်ကို တက်ပြီး နှစ်ယောက်လုံးကို ပစ်သတ်လိုက်။
သစ္စာရှိတဲ့ အိမ်စေမိန်းကလေး ဟာ "ဟုတ်ကဲ့" လို့ပြောပြီး။ ၅ မိနစ်လောက်အကြာမှာ ဖုန်းကို ပြန်ကိုင်ပြီး ...
အိမ်စေမိန်းကလေး ။ ။ သူတို့ သေကုန်ပါပြီ။ အလောင်းတွေကို ဘာလုပ်ရမလဲ ပြောပါ။
အိမ်ရှင်ယောက်ျား ။ ။ ရေကန်ထဲ ပစ်ထဲ့ ထားလိုက် အိမ်ကို ငါရောက်လာမှ ဆက်ရှင်းမယ်။
အိမ်စေမိန်းကလေး ။ ။ ကျွန်မတို့မှာ ရေကန်မရှိဘူးလေ။
အိမ်ရှင်ယောက်ျား ။ ။ ဘာ .... ခုပြောနေတာ နံပါတ် ၅၅၅ ၁၂၃၄ ဟုတ်ရဲ့ လား။


တရုတ်တူ

တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ လူတစ်ယောက် နေ့လည်စာ ၀င်စားတော့ စားပွဲပေါ်မှာ တရုတ်တူချရမယ့်အစား ဇွန်းခက်ရင်း ချထားတာကိုတွေ့တယ်။ ဒါနဲ့ သုက စားပွဲထိုးကို ဘာ့ကြောင့်လဲလို့မေးတယ်။
စားပွဲထိုးက "တူကတော့ တောင်းမှပဲ ချပေးပါတယ်ခင်ဗျ။" လို့ဖြေတော့ သူက
"မင်းတို့ တစ်ခါသုံး တူတွေထားတော့ ဇွန်းခက်ရင်းဆေးရတာ သက်သာတာပေါ့ ကွ" လို့ တွက်ပြတယ်။
ချက်ချက်ချာချာရှိတဲ့ စားပွဲထိုးလေးက "ဟုတ်တော့ ဟုတ်ပါတယ်ဆရာ ဒါပေမယ့် တူတွေချပေးရင် အမှိုက်ရှင်းဖို့ နောက်ထပ် လူ ၃ ယောက် ထပ်ငှားရမှာဗျ။"
.

စင်ကာပူ CCTV ၌ သရဲပုံရိပ်ကိုဖမ်းမိခြင်း

စင်ကာပူက Raffles Place CCTV မှာ ဖမ်းယူရရှိထားတဲ့ သရဲပုံရိပ်ကို ကြည့်ကြည့်ပါဦး။ ကျွန်တော်လည်းသရဲ တစ်ခါမှ အခြောက်မခံရဖူးဘူး။ ဟုတ်လား မဟုတ်လားတော့ ကိုယ်ဟာကိုယ် ဆုံးဖြတ်ဗျာ။ အသည်းငယ်တဲ့ ယုန်ကလေးတွေ မကြည့်ရ။


April 26, 2008

ဧပြီလ ဗေဒင်ဟောစာတမ်း

(ကျွန်တော်၏ ဗေဒင်ဆရာကြီး အသည်းကွဲနေပါသောကြောင့် ဗေဒင်အဟောနောက်ကျသည်ကို ခွင့်လွတ်ပေးကြပါရန်။)

ဤလအတွင်း၌


တနင်္ဂနွေသားသမီးများ
(၁) စီးပွားရေး
ရေခဲရေရောင်းကာ စီးပွားရှာရမည့်အချိန်ဖြစ်သည်။ နွေရာသီ၌ ကုသိုလ်လည်းရ ၀မ်းလည်းဝမည်။ ရေကုသိုလ် ရေကုသိုလ်ဟု လိမ်မရောင်းပါနှင့် စေတနာပျက်ခြင်းခံရမည်။
(၂) အချစ်ရေး
မင်္ဂလာဆောင်မှ ရသောယပ်တောင် တစ်ချောင်းကို အမှတ်မထင်ကြည့်ရင်း နွေလေပူပူတွင် စိတ်ကူယဉ် အိမ်ထောင်ကျမည်။ လက်ညောင်း၍ ပန်ကာပြေးအဖွင့်တွင် မီးမလာ၍ စိတ်ကူယဉ် ဇာတ်လမ်းပျက်ကာ အသည်းကွဲမည်။
(၃) လူမှုရေး
ချွေးစော်နံသော ဘတ်စ်ကားပေါ်တွင် လေလည်မိ၍ ရုံးရောက် ဂတ်ရောက်ဖြစ်နိုင်သည်။
(၄) ယတြာ
သက်ကြီးရွယ်အိုများကို ပဲကြီးလှော်ဒါနပြုပါ။ ပြီးလျှင် "ဖင်မနိုင်ဘဲ ပဲဟင်းမစားနှင့်" ဟူသောစကားပုံကို နားလေးသော အဖွားကြီးအား သေသေချာချာကြားသည်အထိ အော်ပြောပါ။

တနင်္လာသားသမီးများ
(၁) စီးပွားရေး
မမျှော်လင့်သော စီးပွားရေးပျက်ကိန်းရှိသည်။ ရေခဲဈေးတက်မည်ကြားက ၀ယ်မလှောင်ပါနှင့်။ မီးပျက်၍ အဆုံးအရှုံးကြီးနိုင်သည်။
(၂) အချစ်ရေး
စွပ်ကျယ်ဝတ်လာသူ တစ်ယောက်အား လမ်းတွင် အမှတ်မထင်တွေ့ရင်း ရင်ခုန်မည်။ ရင်ခုန်နေစဉ် ပွေးကွက်တွေ့၍ "ဟယ်"ပွေးကွက်ကြီး ဟု လွတ်ခနဲ ပြောမိရာမှ အချစ်စတင်ပေါက်ဖွားမည်။
(၃) လူမှုရေး
နေပူခြင်းကို အပြစ်ပြောမိရာမှ နေမင်းကြီးနှင့် တရားဆိုင်ရနိုင်သည်။ နေမင်းကြီးကို ဖဲလိမ်ရိုက်ပါ။ သေချာပေါက်နိုင်မည်။ နေမင်းကြီး ဖဲကြွေးမဆပ်နိုင်၍တောင်းပန်သောအခါ အမှုတွင် သူမှားကြောင်းဝန်ခံပါစေ။
(၄) ယတြာ
ညစဉ် ရေ အခွက် ၁၀၀ သောက်ကာအိပ်ပါ။ သတိ ရှူရှူးမပေါက်ရ။

အင်္ဂါသားသမီးများ
(၁) စီးပွားရေး
ချွေးမှ ဓာတ်ဆီ ထုတ်သော နည်းပညာ အသစ်ကြောင့် ချွေးဈေးကောင်မည်။ အင်္ဂါသား၊ သမီးများသာ လုပ်ကိုင်ရောင်းဝယ် နိုင်သော အလုပ်ဖြစ်၍ ၀င်ငွေ အဆမတန် တိုးမည်။
(၂) အချစ်ရေး
ချစ်သူကို တကယ်ချစ်ကြောင်း သက်သေပြနေရာမှ ပြဿနာတက်နိုင်သည်။
(၃) လူမှုရေး
သင့်ကြောင်မီးမလောင်ပါစေနှင့်ဟူသော ဆိုင်းဘုတ်ကို အကျယ်ကြီးအော်ဖတ်မိရာမှ ရဲစခန်းရောက်ကိန်းရှိသည်။ မယုံ၍ မစမ်းလေနှင့် အခါ ၂၀ အော်မိလျှင် သေချာပေါက် အဖမ်းခံရမည်။
(၄) ယတြာ
မဖြစ်နိုင်သော ယုတ္တိမတန်သည့် စကားပြောခြင်းရှောင်ပါ။ "ငွေပင်လယ် လက်ပစ်ကူးမည်" ဘာညာ စသဖြင့် မပြောပါနှင့်။ လမ်းလျှောက်လျှင် ခေါင်းငုံ့လျှောက်ပါ။ စကားပြောလျှင်တိုးတိုးပြောပါ။ လမ်းလျှောက်လိုက် တိုးတိုးပြောလိုက်ဖြင့် အခါ ၅၀ ပြည့်အောင် ယတြာချေပါ။

ဗုဒ္ဓဟူးသားသမီးများ
(၁) စီးပွားရေး
မဟာဇနက မင်းဖြစ်ကိန်းဆိုက်သော အချိန်ဖြစ်သည်။ သင်နှင့်မဆိုင်ပါ။ လျှောက်မလုပ်ပါနှင့်။ ငွေကို စုလျှင်ရှုံးမည်။ သုံးလျှင်ကုန်မည်။
(၂) အချစ်ရေး
ဟိုးအဝေးကြီမှ ဖူးစာရှင်၏ စာရောက်လာမည်။ ရင်ခုန်စွာဖွင့်ဖတ်ပါ။ အကြွေးတောင်းစာဖြစ်မည်။ စိတ်မပျက်ပါနှင့် အရောက်သွား၍ ဖြေရှင်းပါ။ အချစ်သည် အကြွေးများကို ဆပ်ရခြင်းဟု နားလည်သဘောပေါက်ရာမှ အချစ်စစ် ပေါ်ပေါက်မည်။
(၃) လူမှုရေး
လမ်းတွင် "No" "No" ဟု အော်နေသော အရူးတစ်ယောက်တွေ့မည်။ လိုက်မအော်ပါနှင့်။ ပြဿနာတက်နိုင်သည်။ အရူးနှင့် နောင်ဂျိန် ချရနိုင်သည်။
(၄) ယတြာ
လူအယောက် ၁၀၀၀ ကို လျက်ဆား ဒါနပြုပါ။ လေပုပ်ထုတ်ဆေးနှင့် မမှားပါစေနှင့်။ လေလည်စဉ် "No" ဟု အသံထွက်ကုန်ပါက ရှင်းမရတော့ပါ။

ကြာသပတေးသားသမီးများ
(၁) စီးပွားရေး
"ဝေလေလေ" ကစားနည်း သင်တန်းဖွင့်ကာ စီးပွားရှာပါ။ ဝေလေလေများ လာကြမည်ဖြစ်၍ တစ်လ အတွင် ဘီလျှံနာဖြစ်မည်။ လက်ဦးမှုရယူပါ။ သင်တန်းနာမည်ကို ကြာသပတေးနံဖြင့်စသော မျောက်မောင်မောင်ဝေလေလေ၊ ပွေးမမဝေလေလေ၊ ဖားဝေလေလေ၊ ဖွတ်ဝေလေလေ စသည်ဖြင့် ပေးပါလေ။
(၂) အချစ်ရေး
"အချစ်ရေ နေလို့မှ ကောင်းရဲ့လားအချစ် အိပ်လို့ပျော်ပါစေ" ဟူသော သီချင်းကို ခဏခဏ မဆိုပါနှင့်။
(၃) လူမှုရေး
မျက်လုံးကို တွေ့ရာလူအား ပြူးမပြပါနှင့်။ နှုတ်ခမ်းမွေးကြီးနှင့် လူအားတွေမှ ပြူးပြပါ။ ပြီးလျှင်ခေါင်းခေါက်ပြီးပြေပါ။ တကယ့် သူငယ်ချင်းကောင်းရမည်။
(၄) ယတြာ
လမ်းပေါ်ထွက်ပါ။ ရုပ်အတော်ချောသော လူကြီးတွေလျှင် "နှာဘူးကြီး" ဟု ကပ်ပြောလိုက်ပါ။ လှည့်ကြည့်လျှင် "နှာဘူးကြီး" ဟု ထပ်ခေါ်ပြီး ဂျိုကြည့်ကြည့်ပါ။

သောကြာသားသမီးများ
(၁) စီးပွားရေး
ဆီးသီးယိုရောင်းပါ။ ကံစမ်းမဲထဲ့ပါ။ ဗလာမပါစေရ။ (အရူးများသား စားသည်ဟု ရေးထားသော စာကို ကျေးဇူးတင်ပါသည် ဆိုသောစာသားနေရာတွင်ထည်ပါ။) ပထမဆု ရသူအား အရူးဘုံမြောက်ပေးပါ။
(၂) အချစ်ရေး
"သေသေချာချာ စဉ်းစားပါ ချစ်သူ" ဟု ချစ်သူထံစာပို့ပါ။ "ဘာကိုလဲ" ဟု စာပြန်လာလျှင် မဖြေပါနှင့်။ ၃ ရက်ခြားတစ်ခါ ပို့ပါ။ အချစ်စစ်ဆိုတာကို နားလည်ရမည်။
(၃) လူမှုရေး
"မီးဘေးရှောင် မလောင်ခင်တားကြပါ" ဟူသော သီချင်းသံကြာလျှင် သတိထားပါ။ ထိုအချိန်တွင် "အချစ်ဟာ မီးလား" ဟူသော သီချင်း ကို ပြိုင်၍သွားမဖွင့်ပါနှင့်။
(၄) ယတြာ
မီးချိတ်၊ မီးကပ်ဆောင်ပါ။ သင်မချစ်နိုင်သူက ချဉ်းကပ်လာလျှင် လက်နက်အဖြစ်သုံးရန် မမေ့ပါနှင့်။

စနေသားသမီးများ
(၁) စီးပွားရေး
စနေသား၊ သမီးများ အဖို့ကား လာဘ်ကြီး ၀င်မည့် အချိန်ဖြစ်သည်။ ထို့ကြောင့် လာဘ်ကြီးထည့်ရန် အိပ်ကြီးဝယ်ပါ။ အိပ်ကြီးလေ လာဘ်ကြီးလေဖြစ်သည်။ အဲ အဲ အိတ်ကြီးလေ လာဘ်ကြီးလေ။
(၂) အချစ်ရေး
အချစ်ကို နားလည်ချိန်ဖြစ်သည်။ အချစ်သည် ရောဂါဟု သဘောပေါက်စပြုချိန်၌ ရောဂါရင့်နေချေပြီ။ ဆေးအမြန်သောက်ရန်လို၏။ ဆေးမမှီ ပါက အချစ်ရူးဖြစ်မည်။
(၃) လူမှုရေး
တောအကြောင်း၊ တောင်အကြောင်း မပြောပါနှင့်။ တောအကြောင်းပြောစဉ် တာဇံကို အားကျပြီး တောစိတ်ပေါက်ကာ တောမျောက်ဖြစ်သွားနိုင်သည်။ တောင်အကြောင်းလည်း မဆွေးနွေးပါနှင့်။ ရှင်းမရသော ဇာတ်ရှုပ်ကြီးသည် သင့်ကြောင့်ဖြစ်သွားနိုင်သည်။
(၄) ယတြာ
ကလေးတစ်ယောက်ကို ခေါ်ပါ။ ကတုံး တုံးပေးပါ။ ပုဆိုးကို ကျစ်၍ အမြီးတပ်ပေးပါ။ သူ့ဖေဖေ၊ မေမေရှေ့ "မျောက်သားလေးဟေ့ မျောက်သားလေး" ဟု လက်ခုတ်တီးကာ အကကျင့်ပေးပါ။

April 21, 2008

အမေ့ဆီ ငွေပို့ပေးနိုင်မယ့်ရက်နီးလာပြန်ပြီ။ တစ်လတစ်ခါ ပီတိဖြစ်ရပါတယ်။ ရသမျှအားလုံးတော့ မပို့ဖြစ်ဘူးဗျာ။ ဘုရားဟောတဲ့ အတိုင်းပဲ လေးပုံ ပုံလိုက်တယ်။
(၁) တစ်ပုံကို လက်ငင်းသုံးဖို့
(၂) နောက်တစ်ပုံကို အများအတွက်သုံးဖို့
(၃) နောက်တစ်ပုံကို အရင်းအနှီးပြုဖို့
(၄) နောက်တစ်ပုံကို လိုရင်သုံးရအောင် စု

April 14, 2008

ရေလောင်းရတာပျော်စရာလား

ကျွန်တော်ငယ်ငယ်က ရေလောင်းရတာပျော်ဖူးတယ်။ ပူစီဖောင်းရှည်ရှည်လေးတွေထဲ ရေတွေထည့်ပြီး ရေပူဖောင်းတွေလုပ်ပြီး ပစ်ရတာ ၇ နှစ် ၈ နှစ်သား အရွယ်လောက်ပဲ ထင်ပါတယ်။ သေချာလည်း မမှတ်မိတော့ပါဘူး။ နောက်ပိုင်း သင်္ကြန်တွေမှာ ကျွန်တော် ရေမကစားဖြစ်တော့ဘူး။ မန္တလေးသင်္ကြန်ကို ၃ ခါကြုံပြီးပြီ။ သိပ်စည်တာပဲ။ ရေပက်ခံတော့ မထွက်ဖြစ်ဘူး။ ခြေလျှင်လျှောက်လည်ဖြစ်တယ်။ ဟိုမဏ္ဍပ် ဒီမဏ္ဍပ် မှာ ဆိုကြကကြတာလိုက်ကြည့် ရေပက်တာလိုက်ကြည့်ပေါ့။ ကားနဲ့ လိုက်လည်ရမှာ ပျင်းစရာကြီးလိုပဲ။ ဒုက္ခကဖြစ်သေး။ ကားပျက်ရင် ကားတွန်းရ။ လိပ်လို ရွေ့ရွေ့နဲ့ သွားနေတဲ့ ကားနဲ့ စိတ်မြန်တဲ့ ကျွန်တော်နဲ့ ဘယ်လိုမှ မဖြစ်ဘူး။

မန္တလေးသင်္ကြန်မှာ ပျော်ကြသူတွေတော့ အများကြီးပါပဲ။ အဆိုတော်တွေ ရုပ်ရှင်မင်းသားတွေ၊ မော်ဒယ်တွေ ပွဲထုတ်ကြတဲ့ အချိန်ကောင်းပေါ့။

ရေပက်ကြတဲ့ နေရာမှာ .... ပြောစရာလေးတွေတော့အရှိသား ... ပြောမနေတော့ပါဘူး။ ပျော်ချင်တဲ့ လူပျော်ပေါ့။

ကျွန်တော်က ရေလောင်းရင်ထွက်ပြေးတဲ့ အကျင့်ရှိတယ်ဗျ။ ကျွန်တော်လည်း လောင်းလေ့မရှိဘူး။ ကျွန်တော့် ချစ်တဲ့ ကောင်မလေး တစ်ယောက်ကို တော့ သင်္ကြန် မကျသေးဘဲ ရေလောင်းဖူးပါရဲ့။ ..

April 12, 2008

အမေရေ ...

အမေ့ကို အဝေးကနေပဲ သားကန်တော့လိုက်ပါတယ်။ အမေရေ ...

အမေ့ဆီဖုန်းဆက်တော့ ကျန်းမာရေးဂရုစိုက်ဖို့၊ သားအတွက် အကာအကွယ် အမေတတ် သမျှ လုပ်တဲ့ အကြောင်း၊ ငယ်ငယ်က ဖတ်ဖူးတယ်။ အဝေးရောက်သား အတွက် ဘုရားဝတ်ပြုတိုင်း ဆုတောင်းတဲ့ မေမေ။
ခုတော့လေ ကျွန်တော့်မေမေဖြစ်လာပေါ့။ အမေ တစ်ယောက် နေတတ်ထိုင်တတ်ကြောင်း၊ သားစိတ်မပူအောင်ပြော...
သြော်မေမေရယ် ... အမေဟာ စကားလုံးကြွယ်ကြွယ်တွေမတတ်သာ သားအသိ။ စေတနာ စကားတွေ ဝေေ၀ဖြာဖြာ မပြောတတ်သာ သားအသိ၊ အမေ့ရင်ထဲမှာ ဘာရှိကြောင်း အမေ့ အပြုအမှုတွေကပဲ သက်သေပြတယ်။ အမေရေ ... မြင့်မြင့်ပျံမှ ဝေးဝေးမြင်မှာမို့ မေမေ သားကို ပျံခွင့်ပေးမှာ သားသိပါတယ်။ မေမေ နေကောင်းလားမေမေ ....