November 11, 2008

မိုးတစ်နေ့

နေသာသောနေ့တစ်နေ့ဖြစ်ပါသည်။ ကျွန်တော် မိုးရွာမည်ဟု မျှော်လင့်မထားပါ။ ထို့ကြောင့် ထီးသော်လည်းကောင်း၊ ခမောက်သော်လည်းကောင်း ကျွန်တော်ယူမလာခဲ့ပါ။ ရွာမည်မှန်း သိလျှင်လည်း ကျွန်တော်ယူဆောင်လေ့မရှိပါ။ မိုးရွာ၍ မိုးမိသည်ကို သေနိုင်လောက်သည်ဟု ကျွန်တော်မယူဆပါ။ မိုးသည်းသည်းတွင် ပြေးရသည်ကို ကျွန်တော်ပျော်သည်။
ငယ်ငယ်က မိုးသည်းသည်းရွာတိုင်း အိမ်တွင် စောင်နှင့်ကွေးကွေးပြီးအိပ်ရသည်ကို ခဏခဏလွမ်းသည်။ လေထန်ထန်မိုးသည်းသည်းတွင် တဲကလေးထဲ၌ စောင်ကလေးနှင့် ခပ်နွေးနွေးကွေးရသည်မှာ ဇိမ်တစ်မျိုးပင်။ လေတိုက်တိုင်းယိမ်းယိမ်းသွားတတ်သော စပါးပင်စိမ်းစိမ်းတို့ကို အမှတ်ရသည်။ သူတို့ကို ကျွန်တော်မမြင်ရသည်မှာလည်း ကြာခဲ့ပါပြီ။
ကျွန်တော်တို့ အိမ်မှာ လယ်ကွက်ထဲတွင် ထီးထီးကြီး တစ်အိမ်တည်းဆောက်ထားသော အိမ်ဖြစ်သည်။ မြို့အကွက် စရိုက်စတွင် ကျွန်တော်တို့ အိမ်က ပထမဆုံးဆောက်သော အိမ်ဖြစ်သောကြောင့်ပင်။ ကျွန်တော်တို့အိမ်သည် ထိုစဉ်က လယ်ကွက်များ ပတ်ချာလည်ဝိုင်းနေသောကြောင့် မိုးရာသီတွင် ဖားအော်သံတညံညံဖြင့် အတော်စည်စည်ကားကားရှိသည်။
လေပြင်းပြင်းတိုက်လျှင်မှု နည်းနည်းကြောက်ရသည်။ လယ်ကွင်းပြင်ကြီးထဲ၌ ကျွန်တော်တို့အိမ်သာ ထီးထီးကြီးဖြစ်သောကြောင့် လေဒဏ်အတော်ခံရသည်။ မိုးရာသီလေပြင်းတိုက်တိုင်း ကျွန်တော်တို့ အိမ်ခေါင်မိုးသက်ငယ် မလှန်သောနှစ်မရှိပါ။ လေပြင်းတစ်ချက်ဝှေ့တိုင်း ၀ုန်းခနဲ ၀ုန်းခနဲ မြည်သည် ရင်ထဲတွင်လည်း ဟုန်းခနဲ ဟုန်းခနဲနေအောင်ခံစားရပါသည်။ အိမ်ပြိုသွားမည်စိုးသောကြောင့်ပင်။ အိမ်တိုင်ကို အဖေက မြေတွင်တွင်းတူးပြီး စိုက်ထားသည်မဟုတ်။ အင်္ဂတေအောက်ခံပေါ်တွင် ကျင်တွယ်ဖြင့်စွဲထားခြင်း ဖြစ်သည့်အတွက် အချိန်မရွေး နတ်ခေါင်းပြုတ်ထွက်ပြီး တိုင်လဲသွားနိုင်သည်။ ထို့ကြောင့် ငယ်ငယ်က လေပြင်းပြင်းတိုက်လျှင် နည်းနည်းတော့ စိုးရိမ်သည်။ တစ်ခါ မုန်တိုင်းကျသည် တစ်နာရီ မိုင် ၉၀ ကျော်သည် အချို့အိမ်ပြိုသည် ကျွန်တော်တို့အိမ်ဘာမျှ မဖြစ်ပါ။ ထိုအချိန်မှ စ၍ ကျွန်တော်ယုံကြည်သွားသည် ကျွန်တော်တို့အိမ်သည် တော်ရုံလေနှင့် မပြိုနိုင်ဟု။
ထိုလေပြင်းနှင့်ပတ်သက်၍လည်း အမှတ်ရစရာရှိသေးသည်။ ထိုမိုးသည်းသော လေပြင်းကြသည့်ညတွင် အဖေက ကျွန်တော်တို့ကို ဖားရိုက်ခေါ်သောကြောင့်ပင်။ ဤသည်မှာ အလွန်ထူးဆန်းသည်။ ကျွန်တော်တို့ အဖေသည် မုဆိုး၊ တံငါ စသည့် သားသတ်၊ ငါးသတ်အလုပ်ကို အားပေးသူမဟုတ်။ အမှန် မှာတော့ ကျွန်တော်တို့အိမ် စီးပွားရေးစကျနေစလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်ကောင်းကောင်းလည်း မမှတ်မိပါ။ ထိုအကြောင်းထားပါ။ ဖားရိုက်သော အကြောင်းဆက်ပါမည်။ ကျွန်တော့ တစ်သက် ဖားရိုက်တစ်ခေါက်မျှ မထွက်ဘူးပါ။ အဖေ၊ ညီလေးနှင့် ကျွန်တော် ကျွန်တော်တို့ဖက်အခေါ် ဂျုံအိတ် တစ်အိတ်ယူကာ ဓာတ်မီ တစ်လက်ဖြင့် ဖားမီးထွန်း (၀ါ) ဖားရိုက်ထွက်ခဲ့ကြပါတော့သည်။ ကျွန်တော်တို့ခြံစည်းရိုးနောက်ဖက်မှ စထွက်ခြင်းဖြစ်သည်။
ကျွန်တော်တို့ခြံမှ စထွက်ထွက်ခြင်း လယ်ကွင်းထဲရောက်သည်။ ကျွန်တော်က လယ်ကန်သင်းပေါ်မှ ဖားများကို ရိုက်ရသည် အထင်ဖြင့်ရိုက်သည်။ ညတွင် ဖားတို့သည် ဓာတ်မီးရောင်ကို ကြည့်ကာ ဘယ်မှ မပြေး မခုန်ပါ။ လွယ်လွယါလေးရိုက်ယူရုံပင်။ သို့သော် ထိုဖားများမှာ ကျွန်တော်တို့ စားနေကြ ဖားများ မဟုတ်ပါ။ အဖေ ပြောပြသည်မှာ ဖားချောင် ဟု ခေါ်သည်ဟု ဆိုပါသည်။ ပိန်ပိန်သေးသေး ဖားလေးများဖြစ်သည်။ တစ်ချို့ အကောင်ကတော့ကြီးပါသည်။
မိုးဦးပေါက်လျှင် ဖားသံနားစွင့်ရသည် ဖားကျလျှင် ဖားများအစုလိုက်အော်သံကို အဝေးမှ ကြားရသည် ထိုနေရာသို့ သွားရုံပင်ဖြစ်သည်။ ကျွန်တော်တို့ အိမ်နှင့် ဖားကျသောနေရာမှာ အတော်လှမ်းပါသည်။ ဖားကျသည့် နေရာမှာ ကျွဲကောကုန်းဟု ခေါ်သော ကျွန်တော်တို့အိမ်နှင့် ၃ မိုင်ခန့်ဝေးသော ရွားကလေးနားတွင်ဖြစ်သည်။
ထိုဖားသံကြားရာ နေရာသို့ အဖေနှင့်အတူ သုတ်ခြေတင်ကြသည်။ ထိုနေရာသို့ရောက်မှ ဖားကျသည်ကို မြင်ဖူးသည် ရေထဲတွင် ဖားများ အတွဲလိုက် ကောက်ယူရုံပင်။ အများမှ အများကြီးပဲဖြစ်သည်။ ဖားအမက ကြီးပြီး၊ ဖားအထီးက သေးသည်။ နှစ်ကောင်တစ်တွဲဖြစ်နေကြသည်မှာလည်း အများပင်ဖြစ်သည်။ အမှန်ကတော့ သူတို့ ဘာသာဘာဝပျော်နေကြခြင်းပင်။ ကျွန်တော်တို့က စားဖို့ လာယူကြသည်။ ယခုပြန်တွေးတော့ စိတ်မကောင်းပါ။ ထိုစဉ်ကလည်း စိတ်မကောင်းစရာရှိပါသေးသည်။ ကောက်ယူလာသော ဖားများကို အိမ်အရောက်တွင် ပွက်ပွက်ဆူနေသော ရေပူတွင် နစ်ကာ သတ်ရကြောင်း သိရသော အချိန်တွင်ဖြစ်သည်။ ထိုအချိန်မှ စ၍ ဖားရိုက်၊ ဖားဖမ်းရန်ကျွန်တော် ဘယ်တော့မှ စိတ်မကူးတော့ပါ။ အဖေ ပညာပေးလိုက်ခြင်းလားမသိပါ။ နောက်နှောင်လည်း ဘယ်သော အခါမျှ ဖားရိုက် ဖားမီးထွန်း မထွက်ဖြစ်ကြတော့ပါ။
အမေဈေးမှ ၀ယ်ဝယ်လာတတ်သော ဖားများဘယ်လိုရလာကြောင်းကောင်းကောင်း ကျွန်တော်သိသွားသည်။ ဖားရှာစားရသူကိုရော ဖားများကို ရောကျွန်တော်ကရုဏာသက်မိသည်။ ခုလည်း စိတ်မကောင်းပါ။ ဖားရိုက်သူလည်းရှိဆဲ ဖားများလည်းရောင်းဆဲပင်ဖြစ်သည်။
အမှတ်ရရ တခုရှိ၍ ရေးချင်သေးသည် ထိုစဉ်က ကျွန်တော်တို့ ဗန်းမောက်တွင် ကတ္တရာလမ်းခင်းစဖြစ်သည်။ ထူးဆန်းစွားပင် ထိုလေ နှင့် ထိုမိုးတွင် ကတ္တရာများ လမ်းပေါ်မှ အလွှာလိုက် ပျောက်ခြင်းမလှပျောက်သွားခြင်းပင်ဖြစ်သည်။ ထိုလေ ထိုမိုးတွင် သစ်ပင်ကြီးများလည်းကျိုးသည်။ အိမ်အချို့ပြိုသည်။
ယခု နာဂစ်သတင်းကြားရတော့ ကျွန်တော်စိတ်မကောင်း၊ သူတို့ကြုံမည့် ဒုက္ခကို ကျွန်တော် မျက်စိထဲ ပုံဖော်ကြည့်၍ရသည်။ တောင်သူများ၏ ဓလေ့နှင့် သဘာဝကို ကျွန်တော်သိသည်။ လူရိုးများ၊ လူအများဟုပင် ခေါ်နိုင်သည်။ သို့သော် သူတို့ကို ကျွန်တော်ချစ်သည်။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်ပင် တောင်သူမှ ပေါက်ဖွားလာသော တောသား တစ်ယောက်ဖြစ်သောကြောင့်ပင်။
မိုးအကြောင်းကိုတွေးတိုင်း မန္တလေးတွင် ကျောင်းတက်စဉ်က ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းမိုးကြီး မိုးရေထဲ အားရအောင် ပြေးဖူးကြသည် ကို အမှတ်ရသည်။ အကြောင်းတိုက်ဆိုင်လျှင် သူလည်း မှတ်မိဦးမည်ပင်။ ငယ်ကြတော့သော အရွယ်တော့ မဟုတ်ပါ။ စက်မှုတက္ကသိုလ် စတုတ္ထနှစ်လောက်တွင်ဖြစ်မည်။ အချိန်ကာလအားဖြင့် ၂၀၀၁ ခုနှစ်လောက်ဖြစ်မည်ထင်ပါသည်။ သူရောကျွန်တော်ပါ မိုးရေ တစ်ကိုယ်လုံးရွဲသည်။ ထိုခဏတော့ ကျွန်တော်တို့ပျော်ပါသည်။ ယခုပြန်စဉ်းစားရင်းပင်ပြုံးမိသည်။