August 7, 2011

ကျွန်တော်နှင့်တောတွင်းကာလများ (၁၀)





ဒီတစ်ခေါက် မြန်မာပြည်ပြန်တော့ ကျွန်တော့မွေးရပ်မြေကို မရောက်နိုင်ခဲ့ပါ။ ကျွန်တော်ချစ်သော မြေကိုသာမက ကျွန်တော့ မိဖ ဆီလည်း မရောက်နိုင်ခဲ့။ ကျွန်တော်မကြိုက်သော အချည်အနှောင်ခံ ဝန်းထမ်းဘဝကို နှစ်အတိုင်းအတာ တစ်ခုထိတော့ ကျွန်တော် လုပ်ရဦးမည်။ လွတ်လပ်သော ဘဝကို ကျွန်တော်လည်း ပိုင်ချင်သည်။ လူတိုင်းလူတိုင်း၊ သတ္တဝါတိုင်း ပိုင်စေချင်သည်။ ခွင့်က တစ်ပါတ်သာရသည့် အတွက် ကျွန်တော့ လိုအင်ဆန္ဒက ချည်နှောင်သော ကြိုးတို့ကို ကျွန်တော် မရုန်းနိုင်ခဲ့ပါ။ တစ်ပါတ်သာ ကျွန်တော် နေခဲ့ရသည်။ ကျွန်တော့ သမီးလေးကိုလည်း ဝ အောင် မချီခဲ့ရ။ ကျွန်တော့သမီးလေးကို ဝအောင် ပင် မကြည့်ခဲ့ရ။ သြော် ... မွေးရပ် မြေကိုတော့ ပိုဝေးပေစွ။

နံနက် ပိုင်း ထွက်သော လေယာဉ်ဖြင့် ကျွန်တော်ပြည်တော်ပြန်ခဲ့သည်။ ကျွန်တော်တို့ နိုင်ငံပိုင် လေယာဉ်။ နိုင်ငံခြားပိုင် လေယာဉ်များနှင့်တော့ အတော်လေး ကွာပါသေးသည်။ သို့သော် တစ်နေ့တော့ သူတို့လို ဖြစ်လာမည်ဟု ကျွန်တော် ယုံကြည်ပါသည်။ လေယာဉ်မယ်လေးများလည်း မျက်နှာငယ်သည်။ လူတွေလည်း မျက်နှာငယ်သည်။ ဘေးကင်းစွာ မောင်းနှင်ပို့ဆောင် ပေးသည့် လေယာဉ်မှူးကိုရော၊ လေယာဉ်အို ကြီးကို ပါ  ကျွန်တော်ကျေးဇူးတင်ပါသည်။ လေယာဉ်မောင်မယ်များကို လည်းကျေးဇူးတင်သည်။ အတူခရီးသွားဖော် များကိုလည်း ကျေးဇူးတင်ရမည်။ ကျွန်တော်တို့တစ်တွေ အတူတကွ သွားကြ၊ လာကြလို့သာ သည်လို ဈေးချိုချို နှင့် သွားနိုင်၊ လာနိုင် ပေတာ ကိုး။

မြန်မာမြေဖက် နီးလာတော့ နေ့ခင်းဖက်ဖြစ်သည့် အတွက် မြစ်ဝကျွန်ပေါ် ဒေသကြီးကို အပေါ်စီးမှ ဆီးမြင်ရသည်။ မြေပြင်က ပြန့်ပြန့်၊ ချောင်းလေးများက အသွယ်သွယ်၊ မြစ်ငယ်တွေ အထွေးထွေး။ မြန်မာပြည်၏ ဆန်အိုးကြီး အဓွန့်ရှည် တည်တံပါစေ။ မြန်မာ့ပြည့်ဝမ်းစာကို ထောက်ပံ့မြဲ ထောက်ပံ့ နိုင်ပါစေဟု တခုတ်တရ ဆန္ဒ ပြုမိသည်။ နာဂစ် မုန်တိုင်းကြီးကျ စဉ်က ဤဒေသ ပေါ်လိမ့်တက်ခဲ့မည် ဖြစ်သော ပင်လယ်လှိုင်းလုံးများ၊ ဝါးမြိုသွားခဲ့ပြီးသော အသက်ဝိဉာဉ်များ၊ နားခိုရာ ရကြပါစေ။ အေးချမ်းကြပါစေ။ ကျန်ရှိနေခဲ့သော ခိုကိုးရာမဲ့ ဘဝလေးများ တည်ငြိမ်းအေးချမ်းကြပါစ။ တစ်ဝမ်းတစ်ခါ လွယ်လွယ်ကူကူ အသက်မွေးနိုင်ကြပါရဲ့လား တွေးမိသေးသည်။ သြော် ကျွန်တော်တို့ တက်နိုင် သလောက်တော့ ဖေးကူကြရဦးပေမည်။
တောကြိုတောကြားက ကျွန်တော် ၊ အိပ်မက်ပင် တကယ် မမက်ခဲ့ဘူးသော လေယာဉ်ပေါ်၊ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဘူးသော သူတစ်ပါးတိုင်းပြည်၌ တစ်ဝမ်းတစ်ခါးအတွက် ချစ်သောသူများနှင့် ခွဲလျက်လည်း အလုပ်လုပ်ခဲ့ ဖူးလေပြီ။

ရန်ကုန်မြို့ကြီးကို အနီးကပ်မြင်ရတော့ မွေးရပ်မြေဆီ ရောက်လိုသောစိတ်က ပေါ်ပြန်ပြီ။ လေယာဉ်ကွင်းဆီအနီးကပ် နိမ့်ဆင်းလာတော့ လေယာဉ်ကွင်း ခြံစည်းရိုးတစ်လျောက် နွယ်တက်လျက် မင်းမူနေသော ခြုံနွယ် ပိတ်ပေါင်းများကို သတိထားမိသည်။ အရင့် အရင်က မကြည့်မိ။ ဒါလေးတွေ ရှင်းလျင်တော့ ကောင်းမည်ဟု တွေးမိသေးသည်။ သူတို့ တိုင်းပြည်က လေယာဉ်ကွင်းတွေ က ရှင်းသန့်နေတာကိုး။ ကိုယ့်တိုင်းပြည် သူတို့ လာလျှင်လည်း ရှိတာလေးနှင့်တော့ ကြွားချင်စိတ် ဝင်သည်။ တစ်နေ့တော့ ရှင်းလိမ်မည် ဟု ထင်ပါသည်။
လေဆိပ်သည် အတော်တော့ သပ်ရပ်ပါသည်။ သိပ်ခေတ်အမှီကြီး မဖြစ်သေးတာ နှင့် ဝမ်းရေးအခဲကြောင့် အလုအယက် ပြေးဆွဲနေကြရရှာသော တက္ကစီ သမားများ၊ အထုတ်အပိုး သယ်သူများ နှင့် ကတော့ ရိုးရာမပျက် တွေ့ရသည်ဟု ဆိုရမလားပင် မသိပါ။
သူတို့ ဝမ်းရေးကို ကျွန်တော်တွေးတတ်လာသည်။ ကျွန်တော့မိသားစု ဘဝ တစ်ခု ဖြစ်ခွင့်နှင့် မိဘ၊ သားသမီး ဘဝကို နားလည်ခွင့် ပေးသော ချစ်ဇနီးကို လည်း ကျေးဇူးတင်ပါသည်။ အဖေ၊ အမေ ကိုလည်း သိပ်လွမ်းသည်။ ဒီတစ်ခေါက် ပြန်မရောက်နိုင်တာကို သိတော့ ဝမ်းလည်း နည်းမိသည်။ အဖေ နှင့် အမေ သည် ကျွန်တော့ မျက်နှာကို တွေ့ချင်၊ မြင်ချင်မည်။ ကျွန်တော့ပါးကို ထိချင်၊ ကိုင်ချင်မည်ကို ကျွန်တော် ကောင်းကောင်း ကိုယ်ချင်းစာတတ်ပါပြီ။
တက္ကစီကားခက ကားကြီးဝင်းထိ ၆၀၀၀ိ တောင်းသည်။ ကျွန်တော် စဉ်းစားသည်။ နည်းနည်းများလည်း သူ့မိသားစု အဆင်ပြေသွားမည်။ ငါပေးနိုင်တုန်း ပေးလိုက်မည်ဟု ဆုံးဖြတ်ကာ ဈေးမဆစ် ဖြစ်တော့ပါ။