ကျွန်တော် အင်းတော်မြို့တွင်ကျောင်းတက်သောကြောင့် မိုးအ၀င်ဇွန်လရောက်ခါနီးတိုင်း အင်းတော်သို့ ကားဖြင့် သွားရကြောင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် နှစ်စဉ် အဆင်ချောချော ကားဖြင့် သွားနိုင်ခဲ့သည်ချည်းမဟုတ်ပါ။ တစ်ခါတရံ စက်ဘီးဖြင့် သွားရသည်လည်းကြုံခဲ့ရပါသည်။ ကျွန်တော့်ကြီးကြီးအေး (အဖေ၏အစ်မ) တို့ငယ်စဉ်ကမူလှည်းဖြင့် သွားရသည် ဟုပြောပါသည်။ ကျွန်တော် တစ်ခေါက်မျှ မသွားဖူးပါ။ ကြီးကြီး၏ ငယ်စဉ်က အကြောင်းကလည်း အတော်စိတ်ဝင်စားစရာ ထူးဆန်းထွေလာလေးများရှိသည်။ ကျွန်တော်တို့ကြီးကြီးများ အင်းတော်လာစဉ်က အဖိုးနှင့်အတူ လိုက်လာသည်ဟုဆိုပါသည်။ ထူးခြားဖြစ်စဉ်မှာ အင်းတော်ဘူတာတွင် မီးရထားဝင်လာစဉ်ဖြစ်သည်။ ထိုစဉ်က မီးရထားများမှာ ယခုကဲ့သို့ ဒီဇယ်စက်ခေါင်းများမဟုတ်ဟုဆိုပါသည်။ ကျွန်တော့်ကြီးကြီးပေါက်စ တောသူမလေးမှာ ထိုမီးသွေးခေါင်း (ရေနွေးငွေ့ဖြင့်မောင်းသောရထားစက်ခေါင်းကိုခေါ်ပါသည်) ကြီး ဥသြသံ တညံညံဖြင့် သံလမ်းအတိုင်းဝင်လာစဉ် အထူးအဆန်း အဖြစ်သွားကြည့်သည်။ ရှူး.....ရှူး ... ရှဲ...ရှဲ....ဖြင့် ကဆုန်ပေါက် ပြေးဝင်လာသော မီးသွေးခေါင်းကြီးကို မြင်သောအခါမှ "အဘရေ ... လာပါဦး ဒီမှာ ဘာကောင်ကြီးလဲ မသိဘူးပြေးလာ နေပြီ၊ အဘရေ ...လာပါဦးလေး ... ကယ်ပါဦးလေး .... အဘရေ ... အဘ ...အီး...ဟီး....ဟီး...." ဟု ကြူကြူပါအောင် ငိုကာ သိတ္တိစွမ်းပြခဲ့သူဖြစ်သည်။ ကျွန်တော့်ကြီးတော်မှာ အာပြဲ၊ ဒေါသကြီးသလောက် အကြောက်လည်းကြီးသူဖြစ်သည်။ သူ့သားနှစ်ယောက် ဖြစ်သော ကျွန်တော့် အစ်ကို ကိုမောင်ဦးနှင့် ကိုမောင်မြင့် ကိုလည်း ညီအစ်ကိုချင်းရန်ဖြစ်ရမလားဟု အရွဲ့တိုက် ကာ တစ်နေကုန် နပမ်းသတ်ခိုင်းထားဖူးသူဖြစ်သည်။ ကျွန်တော့် အစ်ကို နှစ်ယောက်လည်း ထိုကတည်းက နောက်နောင် ထိုးကြိတ်ရန်မဖြစ်ရဲကြတော့ပါ။ စံတင်လောက်သည့် ကြီးကြီးဖြစ်သည်။
ကားလမ်းအကြောင်းဆက်ပါဦးမည်။ ကျွန်တော်တို့ကားလမ်းမှာ တစ်ခါတစ်လေ မိုးကြီးလွန်း၍ ကားမသွားနိုင်လောက်အောင်ရွံ့ထူသောအခါ စက်ဘီးဖြင့် သွားကြရပါတော့သည်။ ကျွန်တော့်အား ကျောင်းအပ် နောက်ကျမည်စိုးသောကြောင့် စက်ဘီးဖြင့်လိုက်ပို့ကြသည်။ ကျွန်တော်က နောက်ခုံမှ ထိုင်လိုက်ရသည်။ သက်သက်သာသာပင် နောင်ကျွန်တော် စက်ဘီးဖြင့်ခရီးထွက်၍ မိုးတွင်း၌ ရွံ့တွင်းဗွက်တွင်း၌ အဘယ်မျှရုန်း၍ နင်းရကြောင်းသိသောအခါမှ ကျွန်တော့် အစ်ကိုများ၊ ကျွန်တော့် ဘကြီးများ၊ ကျွန်တော့်အဖေများ ကျွန်တော့်အားချစ်၍ လမ်းပင်မလျှောက်စေပဲ တစ်လမ်းလုံး စက်ဘီးပေါ်တင်ကာ နင်းတစ်လှည့် တွန်းတစ်လှည့်ဖြင့် အင်းတော်အရောက်ကျောင်းပို့ကြပုံကို ယခုပြန်စဉ်စားမိသောအခါ မျက်ရည်ပင်လည်မိပါသည်။
မိုးရာသီစက်ဘီးစီးရသည်မှာ အလွန်ဒုက္ခရောက်ပါသည်။ မြေနီရွံ့စေးလမ်းကို ဖြတ်ရလျှင် သေချင်လောက်အောင် ပင်ပန်းသည်။ မြေနီရွံ့စေးများ စက်ဘီးခွေတွင်ကပ်လျှင် တွန်းမရပြုမရ ထမ်းမှရတော့သည်။ စက်ဘီကို လူကမစိးရဘဲ စက်ဘီးကလူပြန်စီးသော ခရီးဖြစ်သည်။ လမ်းကချော်၊ ဖိနပ်လည်းမစီးနိုင်တော့ပါ။ ဖိနပ်ကို စက်ဘီးလက်ကိုင်တွင် ကွင်းလျှိုထည့်ကာ ထမ်းရတော့သည်။ ချောင်းကူးရလျှင်လည်း စက်ဘီးကို ခေါင်းပေါ်ကျော်သည်အထိ မတင်ကာ ဖြေးဖြေး ဖြေးဖြေးဖြင့် စမ်းတ၀ါးဝါး ကူးရသည် ချောင်းရေရုတ်တရက် နက်သွားလျှင် လူရော၊ စက်ဘီးရောမြုပ်သွားတော့သည်။
အင်းတော်-ဗန်းမောက်ကားလမ်း တစ်နေရာတွင် ကားဖြင့်မသွားဘဲ စက်ဘီးဖြင့်သွားလျှင် ဖြတ်လမ်းတစ်ခုရှိသည်။ ကျွန်တော် နေရာကိုကား ကောင်းကောင်းမမှတ်မိပါ။ သစ်သားတံတားရှည်လေးကို လယ်ကွင်းထဲဖြတ်ဆောက်ထားသည်။ အတော့်ကိုရှည်ပါသည်။ မန္တလေးဦးပိန်တံတားေ လျှာက်မိသောအခါ ထိုတံတားလေးကို အမှတ်ရသည်။
ယခုအင်းတော်-ဗန်းမောက်ကားလမ်းသည် ကျွန်တော်တို့ဗန်းမောက် အနောက်ဖက်ဒေသမှ ရှမ်းများ လယ်မြေရှာပါးမှုကြောင့် လယ်မြေပေါရာ အင်းတော်ကြီးဒေသဖက်တို့ ပြောင်းရွေ့ကြရာလမ်းလည်းဖြစ်သည်။ ကျွန်တော်တစ်ခါကြုံဖူးသည်။ မိသားစုအလိုက်ပြောင်းလာကြခြင်းဖြစ်သည်။ လှည်းဖြင့်ပြောင်းလာခြင်းဖြစ်သည်။ ဓား၊ လွှ၊ စူးဆောက် များပါသည်။ နေ့ခင်းနွားကျောင်းလိုက်၊ ညဖက်ခရီးနင်လိုက်ဖြင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသထိ ခရီနင် နယ်ပြောင်းကြသည်။ နွားလှည်းဖြင့် ခရီးသွားခြင်းသည် နံနက်စောစောနှင့် ညပိုင်းသာ သွားကြကြောင်းလည်း သိသူနည်းမည်ထင်ပါသည်။ နေ့လည်ပိုင်းတွင် ချက်ပြုတ်စားကြ နွားကို စားကျက်တွင် လှန်ထာကြသည်။ (လှန်သည်ဆိုသည်မှာ ကြိုးတစ်ချောင်းဖြင့်ချည်ထားပြီး သိပ်ဝေးဝေး မသွားနိုင်စေရန် လှန်တံဖြင့်သော်လည်းကောင်း၊ တုံးဆွဲ၍သော်လည်းကောင်း နွားကျောင်းခြင်းပင်ဖြစ်သည်။) ချက်ပြုတ်စားသည်ဆိုသည်မှာလည်း အထွေအထူး မဟုတ် ဆန်၊ ဆီ၊ ဆား၊ ငါးပိ သာယူလာခြင်းဖြစ်သည်။ လမ်းမှာ တွေ့သမျှ အရွက်၊ မှို၊ ဥ အားလုံးစားစရာဖြစ်သည် ဟင်းအတွက် လုံးဝမပူရပါ။ သွားရေစာ လမ်းဘေး အလေ့ကျပေါက် ကနစို၊ စသည့် စသည့် သရေစာများစားနိုင်သေးသည်။ ကျွန်တော်တို့နယ်သည် စားစရာ အလွန်ပေါဆဲပင်ရှိပါသေးသည်။
No comments:
Post a Comment