November 30, 2008

ဟောင်ကောင်သို့ တစ်ကိုယ်တော်ခရီး (၁)

ကျွန်တော် ဟောင်ကောင် ရောက်ဖြစ်သောအကြောင်းကတော့ အနည်းငယ်ဆန်းသည်။ ကောင်မလေးတစ်ယောက်ကျွန်တော့်ကို စိတ်ကောက်သည်။ သူ့ကိုချော့ရန်သွားခြင်းဖြစ်သည်။ သူနှင့်ကျွန်တော် တွေ့ဖူးကြသူများမဟုတ်ပါ။ မြင်ဖူးကြသည်။ စကားတွေ ရက်ဆက်ပြောခဲ့ကြသည်။ ရက်ပေါင်းများစွာ နှစ်သို့ပင် ချဉ်းလုလု ဖြစ်သည်။ ကျွန်တော် သံယောဇဉ် ကြီးရသောကောင်မလေးတစ်ယောက်။ သူကျွန်တော့်ကို စိတ်ကောက်သည်။ အကြောင်းကို မမေးပါနှင့် ရိုးသာစွာ စိတ်ကောက်ခြင်းဖြစ်သည်။ သူစိတ်ရှုပ်နေစဉ် ကျွန်တော့်ဆီ ဆက်သွယ်မှုရရန်ကြိုးစားခဲ့ခြင်း ကြောင့်ဖြစ်သညိ။ ကျွန်တော်ဆက်သွယ်မှုရခဲ့သည်။ သို့သော် သူကျွန်တော့် အပေါ် ခွင့်လွတ်နိုင် မလွတ်နိုင်ကား မသေချာသော အဖြစ်ပင်။ ကျွန်တော်၏ လေးနက်သော သံယောဇဉ်ကို သူသိမြင်မှသာလျှင်၊ ခံစားနားလည်နိုင်မှသာလျှင် ....
နိုဝင်ဘာ ၂၀၀၈ အတွင်း ဟောင်ကောင်သို့သွားရန် ကျွန်တော့်အလုပ်မန်နေဂျာထံတွင် ကျွန်တော် ခွင့် ၃ ရက်တောင်းသည် မရပါ။ နောက်နှစ်ရွေ့လိုက်ရန်ပြောသည်။ နောက်နှစ်ဆိုသည်မှာ ၂၀၀၉ ဖြစ်သည် သိပ်တော့ မလိုတော့ပါ။ ၁ လခွဲ လောက်ကြာဦး မည်ဖြစ်သည်။ ကျွန်တော့်အတွက် အလွန်အရေးကြီးပြီး၊ သွားလိုစိတ်ပြင်းထန်လွန်းသောကြောင့် နောက် ၃ ရက်လောက် အကြာတွင် သောကြာတစ်ရက်သာ ခွင့်ပေးရန် ထပ်တောင်းဆိုမိသည်။ မန်နေဂျာ သနားသွားသည်လားမသိ။ ကျွန်တော့်ကို ခွင့်တစ်ရက်ပေးသည်။ စနေတစ်ရက်ပိတ်သော အပတ်ဖြစ်သည့် အတွက် ကျွန်တော် ဟောင်ကောင်တွင် ၃ ရက်နေနိုင်သည်။ ခွင့်ရတော့ ကျွန်တော် လေယာဉ်လတ်မှတ်ကြိုမှာသည်။ စင်ကာပူဒေါ်လာ ၆၇၀ ကျပါသည်။ ၂၀ ရက်နေ့ ညနေ ၆း၃၀ ထွက်မည့်လေယာဉ်ဖြစ်သည်။ ကျွန်တော် နိုဝင်ဘာ ၂၀ရက် ကြာသပတေးနေ့ညနေ စီးရမည်ဖြစ်သည်။ ထိုနေ့က ကျွန်တော် အ၀တ်အစားနှင့် ကျွန်တော့် လက်တော့ပ်ကွန်ပျူတာလေးကို အလုပ်သို့ တစ်ခါတည်းယူလာခဲ့သည်။
ကျွန်တော် ထိုနေ့က အလုပ်လုပ်စရာများသည်။ Drawings အတော်များများကို ပြင်ပြီး ရုံးချုပ်သို့ အီးမေးလ်ဖြင့်ပို့ရသည်။ မန်နေဂျာက ကျွန်တော့်အား သည်တစ်ပတ်အတွင်း အပြီး လုပ်ခိုင်းထားခဲ့သောကြောင့်ပင်။ ထိုနေ့တွင် မန်နေဂျာက ကျွန်တော်အား အလုပ်စောစောဆင်းပြီး လေယာဉ်ကွင်းသို့ သွားခွင့်ပေးသည်။ သွားခါနီးတွင် မန်နေဂျာထံဖုန်းဝင်လာသည်။ အရေးပေါ် ဓာတ်ပုံပို့ရန်လိုအပ်သည်။ ဓာတ်ပုံက သူ့ဖုန်းထဲမှာ။ ကွန်ပျူတာသို့ ဒေတာပို့စရာ USB ကြိုးမရှိ။ ထို့ကြောင့်ကျွန်တော့် ဖုန်းဆီ Bluetooth ဖြင့်အရင်ပို့ခိုင်းပြီး ကျွန်တော့် လက်တော့လေးထဲပြောင်းကာ လက်တော့ပ်မှ တစ်ဆင့် သူ့ဆီ အီးမေးလ်ပို့ပြီး ဖြေရှင်းလိုက်ရသည်။ ထိုကိစ္စပြီးလျှင် သွားတော့ဟု ခွင့်ပေးသည့် အတွက် ကျွန်တော် အီးမေးလ် ပို့ပြီးသောအခါ အင်္ကျီလဲပြီး လေယာဉ်ကွင်းသွားရန် ပြင်ရသည်။ အင်္ကျီလဲ၊ ပစ္စည်းများပြင်ပြီးသောအခါ ၅ နာရီထိုးပြီ။ နေ့လည်ကမှ ၀ယ်လာသော Pentax ဒီဂျစ်တယ်ကင်မရာကို ရိုက်တတ်အောင် လမ်းလျှောက်ရင်း လေ့လာရသေးသည်။
လေယာဉ်ကွင်းသို့ ရထားစီးပြီးသွားရသည်။ ကျွန်တော် အလုပ်မှ လေယာဉ်ကွင်းသို့ ရထားစီးရသည် မှာ ၁ နာရီလောက်ကြာမည်ဟု ကျွန်တော် မထင်ခဲ့ပါ။ နာရီထက်လောက်ပဲဟု ထင်ထားခဲ့သည်။ အဲ အထင်တော့ မှန်ပါသည်။ ကျွန်တော့် အလုပ်မှ ဘူတာသို့အလာ နည်းနည်းအချိန်ကြာသွားသည်။ လေယာဉ်ကွင်းသို့ရောက်တော့ လေယာဉ်ထွက်ရန် နာရီဝက်ကျော်ကျော်သာလိုတော့သည်။ မြန်မာပြည် ပြန်သည့်ဖက်သာ ကျွန်တော် သွားဖူး၊ လိုက်ပို့ဖူးသည့် အတွက် ဟောက်ကောင်သွားသည့် Terminal (1) ကို ကျွန်တော် မရင်းနှီးမကျွမ်းဝင်ပါ။ ကောင်တာတွင် Check In ၀င်ရန်မေးသောအခါ၊ ကျွန်တော် စီးမည့်လေယာဉ်မှာ ကောင်တာ မဖွင့်သေးဟု ပြောသည်။ လေယာဉ်က ၆း၃၀ တွင်ထွက်မည့် အကြောင်းပြောသော အခါမှ ထပ်စစ်ပေးသည်။ ထိုအခါမှ ပျာပျာသလဲဖြင့် ကောင်တာနံပါတ် ၁၀ ကို မြန်မြန်သွားဟု ပြောသည်။ ထိုကောင်တာကို ရှာမတွေ့ ထို့ကြောင့် တွေ့ရာကောင်တာဝင်ပြီး ထပ်စုံစမ်းမေးမြန်းကာ ဘယ်လိုသွားရမည့် အကြောင်း ထပ်မေးသည်။ ထိုကောင်တာတွင် ကောင်တာထိုင်စာရေးက "ခုချိန်မှ လာရသလား၊ လေယာဉ်မထွက်ခင် ၁ နာရီကြိုရောက်ရတယ်ဆိုတာ မသိဘူးလား။ စီးလို့မရတော့ဘူး" ဟု ဆီးဟောက်ပြီး ကျွန်တော့်ကို ကောသည်။ ကျွန်တော်က အလုပ်ဆင်းမှသာ လာနိုင်သည့်အတွက် နောက်ကျရကြောင်း တခြားကောင်တာမှ သွားစီးနိုင်သည့် အကြောင်းပြောလိုက်ပြီး ဖြစ်ကြောင်း ထပ်ပြောပြီး ကြိုးစားကြည့်သည်။ ထိုကောင်တာမှ စာရေးမလေးများက စစ်ပေးပြီး ကိုယ်တိုင်လိုက်ပို့ပေးသည်။ စစ်ဆေးရေးတွင်လည်း သူပင်ကြည့်ပြောပြီး တစ်ခါတည်း လုပ်ပေးလိုက်သည် လေယာဉ်ရှိရာ Terminal (1) သို့ ၀င်ရာ ရောက်သွားတော့သည်။ ဖော်ရိမ်နာများနှင့်အတူ ကျွန်တော်လည်း လမ်းညွှန်စာဖတ်လိုက်၊ ရောယောင်လိုက်သွားလိုက်သည်။ လေယာဉ်ပေါ်ရောက်တော့ထွက်ရန် ၁၀ မိနစ်လောက် အလိုဖြစ်သည်။ ထိုအချိန်မှ ဟောင်ကောင်ရောက်ရန် သေချာသွားသောကြောင့် သက်ပြင်ချနိုင်တော့သည်။ "သြော် ဟောင်ကောင်ကိုတော့ ၁၀ နာရီခွဲဆိုရောက်ပြီး"။ စင်ကာပူမှ ဟောင်ကောင် လေယာဉ်စီးရသည့် အချိန်မှာ ၃း၃၀ ကြာသည်။ လေယာဉ်ပေါ်တွင် ကျွေးသည့် စားစရာသောက်စရာများ စားပြီး လိုက်လာခဲ့သည်။ လေယာဉ်တက်စတွင် စင်ကာပူနိုင်ငံကို ကောင်ကင်မှ အပေါ်စီးမြင်ရသေးသော်လည်း နောက်ပိုင်းတွင် မှောင်လာပြီး ဘာမျှ မမြင်ရတော့သည့် အတွက် လေယာဉ်ထိုင်ခုံတွင်ပါသည့် ဗွီဒီယိုမှ ကာတွန်းကားလေးကို ဖွင့်ကြည့်ရင်း လိုက်ပါခဲ့တော့သည်။

November 28, 2008

ကျွန်တော့်ရွာကမူလတန်း (၃)

ကျွန်တော်ချစ်သော ကျွန်တော့်ရွာကမူလတန်းလေးတွင်း မူလတန်းပြီးသည် အထိ ကျွန်တော် မနေခဲ့ရပါ။ သူငယ်တန်းမျှသာ နေခဲ့ရသည်။ သူငယ်တန်းတွင် ကျွန်တော် ၂ နှစ်နေခဲ့ရသည်။ ပထမနှစ်တွင် စာမေးပွဲ ဖြေသည်ကို မသိပဲ အဖေတို့နှင့် အတူ နယ်ဖက်မှ ရှင်ပြုပွဲကို လိုက်သွားခဲ့သည်။ ကျွန်တော် ထိုနှစ်သူငယ်တန်းမအောင်ပါ။ ထိုခရီး ကတော့ နွားလှည်းဖြင့်သွားခြင်းဖြစ်သည်။ ပျော်စရာ ကောင်းပါသည်။ လှည်းဘီးလှိမ့်သည့် အသံသည် လူကိုချော့သိပ်သလိုရှိသည် ခရီးတစ်လျှောက် အိပ်လိုက်သွားရုံပင်။ တောကြားထဲမှ လမ်းများဖြစ်ပါသည်။ နေအေးအေးဖြင့် အေးအေးဆေးဆေး သွားကြရခြင်းဖြစ်သည်။ ကျွန်တော်တို့ဖက် ရှင်ပြုပွဲတွင် ကြီးကျယ်သောရှင်ပြုပွဲများဖြစ်ပါကြ ဇာတ်ပွဲများပါလေ့ရှိသည်။ ကျွန်တော်တို့သွားသော ထိုရွာရှင်ပြုပွဲမှာ တောသူဌေးများ၏ ပွဲဖြစ်သောကြောင့် ဇာတ်ပွဲပါသည်။ ဘာဇာတ်အဖွဲ့ ဟုကား ကျွန်တော် မမှတ်မိတော့ပါ။
ထိုစဉ်က ပွဲဈေးတန်းလျှောက်သည်ကို အဦးဆုံးမှတ်မိသည်။ ပွဲဈေးတန်းလျှောက်စဉ် ရဟတ်ယာဉ်ရုပ်ကလေးများတွေ့သော အခါ ကျွန်တော် အလွန်လိုချင်သည်။ ကျွန်တော် မပူဆာရဲပါ။ ပွဲဈေးတန်းကို အပတ်ပေါင်းများစွာပတ်နေစဉ် စိတ်ထဲ၌ ခဏခဏ တောင်းကြည့်သည်။ ပါးစပ်မှ ထွက်မလာ။ နောက်ဆုံး အပတ်လောက်တွင်မှာ အရဲစွန့်ပြီး တောင်းကြည့်သည် အဖေနှင့် အမေ ၀ယ်ပေးပါသည်။ ထိုကဲ့သို့ပူဆာလျှင် ၀ယ်ပေးမှန် ကျွန်တော် အမှန်ပင်မသိပါ။ ထိုရဟတ်ယာဉ်ရုပ်လေးကို ကြိုးနှင့်ဆွဲရသည်။ ဆွဲသောအခါ အပေါ်မှ ပန်ကာလေးက လည်ပြီး ဆွဲရာနောက်လိုက်သည်။ ကျွန်တော် အလွန်ပျော်ခဲ့ပါသည်။ ထိုစဉ်က ညီလေးလည်းပါသည်။ သူတော့ ဘယ်လို ခံစားရမည်မှန်း ကျွန်တော် မမှတ်မိတော့ပါ။ ထိုအကြောင်းနှင့် ပတ်သက်၍ လည်း ခုအသက် အရွယ်ထိ စပ်မပြောမိကြပါ။ သူ မှတ်မိကောင်းမှ မှတ်မိပါလိမ့်မည်။
ထိုပွဲသွားရာလမ်းခရီး တစ်နေရာတွင် အဖေ ပြောပြသော တောတွင်းတစ်နေရာကို မှတ်မိသေးသည်။ ထိုနေရာတွင် အရူးတစ်ယောက်နေပြီး ဖားစိမ်းငါးစိမ်းစားကာ နေထိုင်သည်ဟု ဆိုပါသည်။ ထိုမျှသာ မှတ်မိသည်။ နောက်ထပ်လည်း ဘာမျှပိုမသိပါ။ နောင်ကျွန်တော် ၁၀ တန်းအောင်ပြီး ထိုနယ်ဖက် ထွက်ရသောအခါ ကျွန်တော် ထိုနေရာကို ရှာကြည့်မိသည် နေရာကို သိသလိုလိုရှိသည် ဘာမျှ မသဲကွဲတော့ပါ။
ကျွန်တော် မူလတန်းကျောင်းလေးတွင် ထိုတစ်နှစ်ကျပြီး နောက်တစ်နှစ်နေသည်။ ထိုနှစ်ကို လည်း ထူးထူးခြားခြားမှတ်မိနေသည်။ ကျွန်တော့် သူငယ်ချင်း ကျားကြီးဖုန်းနိုင်နှင့် ကစားခဲ့ရသောရက်များ ရှိသောကြောင့်ပင်။ ကျားကြီးဖုန်းနိုင်သည် ကျွန်တော့် အဖေ၏ သူငယ်ချင်း၏ သားဖြစ်သည်။ သူသည် ဘ၀ပေးကုသိုလ်ကံမကောင်းပါ။ ခန္ဓာကိုယ်တွင် အကြေးကွက်များ အဖတ်အဖတ်ဖြင့် ဖြစ်နေသည်။ အတော်တော့ သနားစရာကောင်းပါသည်။ ခြေတစ်ဖက်မသန်ပါ။ လက်တစစ်ဖက်မသန်ပါ။ သို့သော် သတ္တိကားအလွန်ရှိသည်။ သူကကျွန်တော့်ထက်အသက်ကြီးပါသည်။ ကျောင်းတွင် စတွေ့ကြသည်ဟု ထင်ပါသည်။ ဘာမှန်းတော့ မမှတ်မိတော့ပါ သူနှင့်တူတူထင်ပါသည်။ ကျောင်းချိန်တွင် နာနာသီးခင်းထဲပုန်းဖူးသည်။ အရိုက်ခံရသည်ဟုထင်သည်။ သူနှင့်လိုက်သွားပြီး သူ့အိမ်တွင် လည်နေသောကြောင့် ကျောင်းပျက်ဖူးသည်။ အိမ်တွင်လည်း အရိုက်ခံရသည်၊ ကျောင်းတွင်လည်း အရိုက်ခံရသည်။ သူငယ်တန်း ဒုတိယနှစ်တွင် ကျွန်တော် ကျောင်းပြေးဖူးသည်ဟု ဆိုရပါမည်။
ကျွန်တော် သူငယ်ချင်း ကျားကြီးဖုန်းနိုင်နှင့်ပေါင်းကာ မတော်တရော်ဆော့သည်များရှိသည်။ ပုတ်သင်ညိုအသေကောင်ကို အလောင်းထိုးတမ်း ကစားမိခြင်းဖြစ်သည်။ ကစားရသည့် အကြောင်းကလည်းရှိသည်။ ကျွန်တော်တို့ဖက်မှ မသာချလျှင် ဗုံတီးပြီး အလောင်းကစားကြကာ ချသောအလေ့ရှိပါသည်။ သချိုင်းကုန်းမရောက်မီ အလောင်းစင်ကို ထမ်းရင် တွန်းကြဆွဲကြ ကစားကြသည်။ ထိုသည်ကို အမှတ်ရပြီး ကစားလိုခဲ့ဟန် လူကြီးများလုပ်သည်ကို လိုက်တုခဲ့ဟန်တူပါသည်။ အဖေမကြိုက်ပါ။ အဖေတို့ မိသွားသည် ထိုသို့ကစားနေစဉ် ဖြစ်သည်။ အဖေခရီးသွားခါနီးလည်းဖြစ်သည်။ အတတ်နမိတ်ကောက်တတ်သော အဖေ ခရီးမသွားလို့၊ ခရီးမသွားမီ သွေးထွက်သံယို မြင်လျှင် အဖေခရီးသွားလေ့မရှိပါ။ ထိုနေ့က အဖေ ခရီးမသွားမဖြစ်သောကြောင့် သွားခဲ့ရသည်။ လမ်းတွင် ကားမှောက်သည်။ ကံကောင်းထောက်မ၍ အဖေ မထိမခိုက်ခဲ့ပါ။ ကံကြီးသည်ဟုပင်ဆိုရပါမည်။့ ကျွန်တော်လည်း နှောင်တွင် ပေါက်ကရ မကစားရဲတော့ပါ။
ထိုမသာချစဉ်တီးသော ဗျောသံကြီးကိုလည်းကြောက်ပါသည်။ အကြောင်းမှာ ထိုဗျောတီးလျှင် လူတစ်ဦးဦး သေပြီဆိုသည်မှာ သေချာပြီး။ သေသော မသာကို ကျွန်တော်တို့ မူလတန်းကျောင်းလေးတောင်ခြေနားတွင် အလောင်းစင်ပြင်ကာ ထားလေ့ရှိသည်။ ကျောင်းအဆင်း ထိုအလောင်းစင်ကို ဖြတ်ပြန်ရတိုင်း ကြောက်သည်။ ထိုဖက်မှ မျက်နှာမလွဲရဲပါ။ တွန့်တွန့် တွန့်တွန့်ဖြင့် ထိုနေရာကျော်အောင် ပေစောင်းစောင်းလျှောက်ပြီး ကျော်လျှင် အိမ်အရောက် တန်းနေအောင်ပြေးပါတော့သည်။ ကျွန်တော် ၅ တန်း၊ ၆ တန်း ရောက်သည် အထိ ထိုနေရာကို ကြောက်ခဲ့သည်ဟု ထင်ပါသည်။
ကျားကြီးဖုန်းနိုင်တို့အိမ်ဝင်းသည် အလွန်ကျယ်သည်။ ၀ါးနက်ပင်များရှိသည်။ သစ်အယ်ပင်များရှိသည်။ ကြိမ်ပင်များရှိသည်။ ကြိမ်ဖူးစားသောကြိမ်ပင်များဖြစ်သည်။ ထိုဝါးနက်ရုံများအောက်တွင် ကျွန်တော်တို့ ကစားခဲ့ကြသည်။ ဓားတိုက်တမ်းကစားသည် ကတော့ ပြန်စဉ်းစာကြည့်မိတိုင် ကြက်သီးထသည်။ ကျွန်တော်တို့သည် ၀ါးနက်များကို ခုတ်ပြီး ၀ါးနက်ကို ထက်ခြမ်းခွဲကာ ဓာလုပ်သည်။ အသွားတစ်ဖက်မှာ ၀ါးကြောပေါ်အောင် လုပ်ထားသောကြောင့် မြိနေအောင်ထက်သည်။ ထိမိလျှင် စွိခနဲ ရဲခနဲ သွေးများဖြာသွားသည်။ ထိုဝါးဓာဖြင့် ဓားလုပ်ပြီး ဓားတိုက်တမ်းကစားကြသည်။ မျက်စိထိုးမိနိုင်သည်။ ပါးရှမိနိုင်သည်။ ထိုစဉ်က မသိပါ။ ပျော်ဖို့ ကစားဖို့လောက်သာသိသည်။ ကြောက်ရမှန်းမသိ။ မိုက်မိုက်မဲမဲဖြင့် အသေအကြေကစားခဲ့ဖူးသည်။
သူတို့အိမ်နှင့် မလှမ်းမကမ်းတွင် ချယားပင်ရှိသော သူငယ်ချင်းကိုဌေးတို့အိမ်ရှိသည်။ ထိုချယာပင်အောက်တွင် ချယားသီးမှည့် အကြွေကောက်စားကြရင် ခွေးရူးလိုက်တမ်း ကစားခဲ့ကြသည်ကိုလည်း လွမ်းမိသည်။ ကျွန်တော်တို့ အသက် ၈ နှစ် ၉ နှစ်ခန့်တွင်ဖြစ်မည်ထင်သည်။ ကိုဌေးတို့အိမ်မီးလောင်သည်။ အကြောင်းမှာ မီခြစ်ဆံကို မီးခြစ်ဆံဘူးတွင် တပ်ပြီး လက်နှင့်တောက်ကာဆော့စဉ် အိမ်မိုးထားသော သက်ငယ်ကြားညှပ်ကြာမီးစွဲသွားသောကြောင့်ပင်။ ကျောင်းနှင့် မလှမ်းမကမ်းတွင် ပြောင်းလာသော ကရင်မိသားစုလည်းရှိသည်။ မျိုးကြီးနှင့် မျိုးလေးတို့ညီအစ်ကို သူတို့က ကျွန်တော့်ညီနှင့် ပိုခင်သည်။ သူတို့အိမ် မီးလောင်းရခြင်းမှာ လည်းထူးဆန်းသည်။ လေတံခွန်လွတ်သောရာသီတွင် စက္ကူလေတံခွန် ကိုယ်ဟာကိုယ်လုပ်ပြီး အိမ်ထဲတွင် လွတ်ကြည့်ကြသည်။ သူတို့ညီနောင် နှစ်ဦးဖြစ်သည် ကျွန်တော်တို့မပါပါ။ လေတံခွန်သည် ပျံဝဲသွားပြီး မီးဖိုတွင်းကျကာ မီးစွဲသည်။ မီးစွဲနေစဉ် မျိုးကြီးတို့ညီနောင်နှစ်ဦးက လေးတံခွန်ကြိုးကို ဆွဲပြေးသောကြောင့် အိမ်ခေါင်မိုး တက်ချိတ်ကာ မီးစွဲလောင်ခြင်းဖြစ်သည်။
ထူးထူးခြားခြား မှတ်မိနေသော ကိစ္စတစ်ခုရှိသေးသည်။ ကျွန်တော်တို့ ကျောင်းလေးသည် တောင်ကုန်းထိပ်တွင်ရှိခြင်းကြောင့် လေအတော်လေးတိုက်ပါသည်။ စက္ကူစွန်များခေါက်ကာ ပစ်ပေါက်ကစားကြသည်။ ထိုအထဲမှ အတန်းကြီးမှ အစ်ကိုတစ်ယောက်ပစ်လိုက်သော စွန်တစ်ခုမှာ လေကြောသင့်ကာ အောက်ပြန်မကျလာတော့ပဲ ဝေဟင်ထဲ တရွေ့ရွေ့ မြင့်တက်ပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော် မျက်စိတစ်ဆုံးငေးကြည့်နေခဲ့မိသည်။ ထိုအချိန်က မိုးလေးဝသတိုင်းသော ပူပေါင်းများကို တစ်ခါတစ်ခါ တွေ့ရတတ်သည်ကို လည်းအမှတ်ရသည်။ နှောင်တွင် လုံးဝ မမြင်မတွေ့ရတော့ပါ။ ခေတ်ကုန်သွားတာလား မလိုအပ်တော့တာလား ဘာမျှသေချာမသိပါချေ။
အနှီးအားဖြင့် ကျွန်တော်၏ အပေါင်းအသင်းများ ထိုမူလတန်းကျောင်းလေးတွင်များလာသည်။ စာတတ်သည်လား မတတ်သည်လားကျွန်တော်မမှတ်မိပါ။ အဖေက ကြက်ခြေနီ ဆေးထုတ်ကလေးမှ စာကို သူ၏ ဧည်သည်များရှေ့တွင် ဖတ်ခိုင်းရာ ကျွန်တော်မဖတ်တတ်ခဲ့သဖြင့် အဖေအရှက်ကွဲခဲ့မည်ဟုသာ မှတ်မိပါသည်။
သူငယ်ချင်းကျားကြီးဖုန်းနိုင်ဆီမှ ထူးဆန်းသောဝေါဟာရများကို သင်ယူတတ်မြောက်ခဲ့သည်။ အဆဲများပင်။ ကျွန်တော်မကြားဖူးသော စကားများဖြစ်သည်။ ထူးခြားသောဆဲနည်းများဖြစ်သည်။ သူသင်ပေး၍ ဆဲတတ်လာခဲ့သည်။ ကျောင်းများလည်းပျက်၊ အကျင့်လည်းပျက်လာခဲ့သောကြောင့် ဖြစ်ဟန်တူပါသည်။ နောက်နှစ်တွင် ကျွန်တော့်ကို အင်းတော်ကျောင်းသို့ ကျောင်းပြောင်းလိုက်တော့သည်။ ထိုစဉ်မှ စကာ ကျွန်တော်ချစ်သော မူလတန်းကျောင်းလေးနှင့် ကျွန်တော် ဝေးခဲ့ရပါတော့သည်။ ကျွန်တော့်မူလတန်းကျောင်းလေး ယခုထိ မတိုးတက်နိုင်သေးပါ။ ထိုကျောင်းထွက်ထဲမှ ကျွန်တော်မှ တစ်ပါ ဆေး၊ စက်မှု မီအောင်ရောင်လာသူလည်း တစ်ယောက်မျှရှိမလာခဲ့ပါ။ ကျွန်တော့်ကို ထိုကျောင်းမှ ကျောင်းသားအဖြစ်ရလိုက်ခြင်းမှာ အင်ဂျင်နီယာ တစ်ဦး တို့ကျောင်းက ထွက်ဖူးတယ်ဟု ပြောရရုံတော့ ရာဇ၀င်တွင်ခဲ့ပေမည်။ ကျွန်တော်သည် ထိုမူုလတန်းကျောင်း၏ ကျောင်းသားကောင်း တစ်ယောက်၊ ကျောက်ကောင်းတစ်ပွင့်ပေလော။ ကျွန်တော့်ကျောင်းလေးကို ကျွန်တော် ကျေးဇူးဆပ်ရဦးမည်။ သည်တစ်ခါပြန်လျှင် လှူဒါန်းသင့်သော ကျောင်းတွင်းလိုအပ်မှု့များကို ကျွန်တော်၏ ချွေးနည်းစာဖြင့် လုပ်ကျွေးသမှုပြုရပါဦးမည်။

November 24, 2008

ကျွန်တော့်ရွာက မူလတန်း (၂)

အလုပ်များနေခြင်းနှင့် ခရီးသွားလိုက်ခြင်းကြောင့် စာမရေးနိုင် ဖြစ်ခဲ့ရပါသည်။ ထွက်ခဲ့သော ခရီးမှ စာရေးစရာတစ်ပုံ တစ်ပင် ထွက်လာသည်။ အဆင်သင့်လျှင် ရေးပါမည်။ "ဟောင်ကောင်ကျွန်းသို့ တစ်ကိုယ်တော်ခရီး"
မူလတန်းကျောင်းလေးအကြောင်းဆက်ပါဦးမည်။
ကျွန်တော်တို့ကျောင်းလေးတွင် ကျွန်တော်ကျောင်းတက်စဉ်က ကစားစရာ လျောများ၊ ဒန်းများမရှိပါ။ သို့သော် လျှောစီးစရာရှိသည်။ မြန်မာတစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးတွင် ကျွန်တော်တို့ ကျောင်းတွင်သာရှိခြင်းပင် ဖြစ်နိုင်သည်။ ထိုလျှောစီးစရာမှာ သဘာဝ ရှိနေသော ဆင်ခြေလျှောလေးကို ကျွန်တော်တို့က စီးစရာလျှော လုပ်လိုက်ခြင်းဖြစ်သည်။ သည်အတိုင်းစီး၍တော့မရပါ။ ပျဉ်တို တစ်ချပ်ကို ဖင်အောက်တွင်ခု၍ စီးရပါသည်။ စီးပါများသော အခါ ပျဉ်ချပ်မှာ လျှောနေသည်။ ပျဉ်ချပ်နည်းနည်းရှည်လျှင် ၂ ယောက်ပူးတွဲစီးနိုင်သည်။ လျှောလမ်းကို ကျွန်တော်တို့ ဖာသာဖောက်သည်။ ကုန်စောင်းလေးတွင် ပထမ လျှောစီးစရာ လမ်းကြောင်းမရှိပါ။ စီးစတွင် မြေကြီးများဖြင့်ကြမ်းနေသည်။ ဝေးဝေးရှည်ရှည်လည်း စီး၍ မရပါ။ အဲ လျှောစီးပုံ၊ လျှောစီးလမ်းဖောက်ပုံကို မြင်အောင်ပြောမှ ဖြစ်မည်။ ပြောပြလိုဇောဖြင့် ရေးလျှင် မရှင်း မရှင်း ဖြစ်သွားနိုင်သည်။
ကုန်းလျှောစောင်းလေးတွင် သစ်ပင်များကင်းရာ မြေကြောလေးကို ရွေးရသည်။ ထိုမြေကြောတွင် ကုန်းစောင်း ထိပ်မှ စကာ ဖင်အောက်တွင် ပျဉ်ချပ်တိုလေးကို ခုပြီး လျှောဆင်းရသည်။ စစီးစတွင် ပေအနည်းငယ်သာရောက်သည်။ လမ်းကြောင်းကလည်း မသေချာ သွားချင်သလို သွားသည်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ၊ လေးခါ၊ ငါးခါ .... ထောင် .... ပေါင်းများစွာ တစ်ယောက်ပြီးတစ်ယောက် ပျဉ်တိုလေးခုခုပြီး စီးကြသည်။ လမ်းကြောင်းလေး ကုန်းစောင်းပေါ်တွင် ပေါ်သထက် ပေါ်လာသည်။ စီးသထက်စီးကောင်းလာသည်။ လမ်းကြောင်းကလည်း ရှည်သထက် ရှည်လာသည်။ အဆုံးထိမစီးရဲ၍ လမ်းတစ်ဝက်တွင် ဘေးထွက်နားလိုက်ရသည်လည်း ရှိသည်။ မြေနီတောင်ကုန်းဖြစ်သောကြောင့် ကျောင်းကပြန်လျှင် ဘောင်းဘီတို လေးမှာ ဖင်ဖက်တွင် မြေနီတို့ ပေလျှက်ရှိသည်။ ကျွန်တော်တို့ ဘောင်ဘီများ ပါးပါးပြီး ဖင်နှစ်ဖု အခြမ်းတွင် ရိရိလေးပေါက် သွားကြသည်။ ငယ်စဉ်က ကျောင်းသွားပျော်၊ နေပျော်ခဲ့သည်မှာ စာတော်လို၍မဟုတ်၊ စာတော်၍လည်းမဟုတ်။ ကျောင်းမတက်မီ ထို မြေလွှာလျှော စီးရသည်ကို အလွန်နှစ်ခြိုက်သောကြောင့်ပင်။ မြေနီတောင်ကုန်း ကျွန်တော်တို့ ကျောင်းဝင်းလေးတစ်ဝိုက် ပြေးလိုက် လွှားလိုက်ဖြင့် သူငယ်ချင်းတစ်သိုက်နှင့် ကစားရသည်မှာ မိုက် (ကောင်း) သောကြောင့်ပင်။
ကျွန်တော်တို့ ကျောင်းကုန်းသည် တောင်ကုန်းပေါ်တွင် ရှိခြင်းကြောင့် ကျွန်တော်တို့ ကျောင်းကုန်းဟုပဲ ခေါ်ကြသည်။ ရွာထိပ်တည့်တည့်တွင်ရှိခြင်းကြောင့် တောကျကျ ကျွန်တော် တို့မြို့အတွက်မူ ညအခါတွင် တောသတ္တ၀ါများ ကျက်စား၍ ကောင်းဆဲရှိသော မြေနေရာလည်း ဖြစ်သည်။ ကျောင်းတစ်ကုန်းလုံး တောယုန်တို့၏ ချီးတုံး လုံးလုံးမဲမဲလေးများဖြင့် ပြည့်နေသည်။ တောင်ထိပ်ကွင်းကောင်းကောင်းတွင် တောယုန်များ ကျွန်တော်တို့လိုပင် ညအခါ ပြေးတမ်းလိုက်တမ်း ကစားကြပုံရသည်။
ကျွန်တော်တို့ကျောင်းလေးသည် တောင်ကုန်းထိပ်တွင်ရှိပြီး တောင်အောက်ခြေ ပတ်ပတ်လည်မှာ ကျောင်းသို့လာသည့် တောင်တက်လမ်းလေးများမှ အပ သစ်ပင်ငယ်တို့ဖြင့် ဖုံးလွမ်းနေသည်။ တူတူပုန်းတမ်း အလွန်ကစား၍ကောင်းသည် မြွေများ ကင်းများမရှိသည့် အတွက် မည်သည့်နေရာတွင်မဆို ပုန်းနိုင်သည်။ ကျောင်းလေးဖက်လေးတန် ချုံများ၊ ကမ်းပါးများ၌ ပုန်းလိုသောနေရာတွင်ပုန်း။ စိန်ပြေတမ်း ကစားလျှင်လည်း ကျောင်းတစ်ပတ် ချုံတောများအတွင်း ပြေး၍ ကောင်းလိုက်သည့် ဖြစ်ခြင်း။ ယခုပင် ပြေးချင်ချင် ဖြစ်လာသည်။ လိုက်မရှာပဲ ချုံအကွယ်တွင် ပုန်းနေပြီး ပေါ်လာသူကို ဖမ်းသူလည်းရှိသည်။
မြေနီ၊ မြေဖြူမြေစေးများရှိသောကြောင့် လောက်စာလုံး လုံးပြီး လောက်စာလုံး လှိမ့်တမ်း ကစားကြသူလည်းရှိသည်။ ကျွန်တော်ကတော့ လောက်စာလည်း မလုံးတတ်သေးပါ။ ကျွန်တော်မှာ အတော်ငယ်သေးသောကြောင့် ကျွန်တော်လုံးသော လောက်စာများမှာ လုံးမလာဘဲ ဘဲဥဖြစ်သွားလေ့ရှိပါသည်။ လုံးပြီးလျှင်လည်း ခြောက်အောင် နေပူလှန်းရန် စိတ်မရှည်လှပါ။ ခြောက်ပြီးလားဟု ခဏခဏ ယူယူကြည့်တတ်သောကြောင့် လောက်စာလုံးမှာ အပိန့် အပိန့်များဖြင့် အတော် အကြည့်ရဆိုးပါသည်။ အတော်များများမှာ နေလှန်းရသည်ကို စိတ်မရှည်သည့် အတွက် မီးဖုတ်သောကြောင့် ကွဲကုန်ပါသည်။
လောက်စာလုံးများကို အပုံပုံလေးများလုပ်ပြီး လောက်စာလုံး ဖြင့် အဝေးမှ လှမ်းလှိမ့်ပြီး ပစ်ရသည်။ လောက်စာလုံးပုံပုံမှာ အောက်ခြေတွင် လောက်စာသုံးလုံးကို အခြေပြုပြီး။ တစ်လုံးကို ထိပ်တွင် ဖိတင်ကာပုံခြင်းဖြစ်သည်။ လေးလုံးကို တစ်ပုံဖြစ်သည်။ ကျွန်တော် ကောင်းကောင်း မကစားတတ်ပါ။ အဖေမကြိုက်သောကြောင့် ဖြစ်မည်ထင်သည်။ လောင်ကစားလုပ်သည်ကို အဖေတားမြစ်ပါသည်။ ဘာကြောင့်မှန်း ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ပါ။ လောက်စာပစ်တမ်း ကောင်းကောင်း မကစားဖြစ်ခဲ့သည် ကတော့ သေချာသည်။ လောက်စာမလုံးတတ်၍လည်း ဖြစ်နိုင်ပါသည်။ အချို့က လောက်စာလုံးကြီးကြီးတစ်လုံးကို "ဂိုင်" လောက်စာလုံးအဖြစ်လုံးထားကြသည်။ ထိုလောက်စာလုံးကို မတည်ပါ။ လက်ကိုင် အဖြစ်ထားကာ ပစ်ရာတွင် သုံးသည်ကို မှတ်မိသည်။
ကျွန်တော်တို့ ဒေသတွင် ဒိုးပင်များရှိသည်။ ကျွန်တော့် အစ်မ၀မ်းကွဲများ အစ်ရီးများ ဒိုးပစ်တမ်း ကစားသည်ကို အမှတ်ရသည်။ ခြေဖြင့်ညှပ်ပြီး တည်ထားသော ဒိုးကို ခေါက်ရသည်။ ခြေမိုးပေါ်တင်ပြီး ပစ်ချရသည်။ ဖြေတစ်ပေါင်ကျိုးဖြင့် ခုန်ဆွခုန်ဆွသွားရသည်။ ပထမ ခြေမနှင့် ခြေညှိုးကြားတွင် ဒိုးကို ညှပ်ပြီး ခုန်ဆွခုန်ဆွသွားရသည်။ ဒိုးတည်ရာသို့ရောက်လျှင် ခြေဖြင့်ညှပ်ထားသောဒိုးဖြင့် တည်ထားသော ဒိုးကို ခေါက်ရသည်။ မှန်လျှင် နောက်တစ်ဆင့်တက်ရသည်။ မမှန်လျှင် ဒိုးတည်သူကို အလှည့်ပေးပြီး မိမိက ဒိုးတည်ရသူ အဖြစ် အလှည့်ပြောင်းသည်။ ဒုတိယဆင့်တွင် ခြေကျင်းဝတ်နှင့် ခြေဖမိုးကြားတွင်ညှပ်ကာ ခုန်ဆွခုန်ဆွ၊ တတိယဆင့်တွင် ခြေဖမိုးပေါ် တံထွေးဖြင့်ကပ်ပြီး ခုန်ဆွခုန်ဆွ၊ စတုတ္ထဆင့်တွင် ဒူးပေါ်၊ ပဉ္စမဆင့်တွင် ပခုံးပေါ်၊ ဆဌမ အဆင့်တွင် နဖူးပေါ် စသဖြင့် ခုန်ဆွခုန်ဆွဖြင့် ဒိုးတည်ရာဆီရောက်အောင်သွားပြီး ဒိုးကိုမှန်အောင်ပစ်ရသည်။ အဲ လမ်းတွင်ကျလျှင် ကျသည့်နေရာမှ လက်ညှိုးကို မောင်းခလုတ်လို အခြားလက်တစ်ဖက်ဖြင့်ဆွဲပြီး။ ဒိုးဆီမှန်းကာ မှန်အောင်ပစ်ရသည်။ ဒိုးကြီး (ဒိုးအနက်ကြီးများ) နှင့် ကြက်ဒိုး (ဒိုးကြားကြားလေးများ) ရှိသည်။ ဒိုးကြီးကို သာ ဒိုးကစားရာတွင် သုံးကြသည်။ ကြက်ဒိုး အသုံးမှာ သိပ်မတွင်ကျယ်ပါ။ ကလေးများအတွက် စိတ်ဖြေရာ ပေးကစားရုံမျှသာ။

November 16, 2008

ကျွန်တော့်ရွာက မူလတန်း (၁)

ကျွန်တော်ကျောင်းစတက်သောနေ့
ဗန်းမောက်မြို့ အောင်သာကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းကလေး။
ကျွန်တော် ပညာရင်နို့သောက်စို့ခဲ့ရာ
အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း အစိတ်က ကျွန်တော်နှင့် ကျွန်တော့်ညီ လွယ်အိတ်ကိုယ်စီလွယ်ကာ ကျောင်းသွားခဲ့ကြသည်။ အမေလိုက်ပို့သည် မုန့်ထုတ်ကလေးများပါသည်။ ဆရာမထံအပ်သည်။ စာသင်လိုသောကြောင့် ကျွန်တော်ပူဆာခြင်းလည်းမဟုတ်။ အမေတို့က ကျွန်တော် ၅ နှစ်အရွယ်ရောက်၍ ကျောင်းထားခြင်း ဖြစ်သည်။ စာသင်လိုစိတ်လည်း ကျွန်တော်မရှိပါ။ တတ်လိုစိတ်လည်း ကျွန်တော်မရှိပါ။ စာဆိုတာ စာရွက်ထဲပါသော ကျွန်တော်နားမလည်သော အရာများဟုသာ ကျွန်တော်သိသည်။ ကျွန်တော်တို့ကျောင်းလေး အကြောင်းတော့ ပြောပြလိုသည်။ အကြောင်းမှာ ထိုကျောင်းလေးကို ကျွန်တော်ယနေ့တိုင် ချစ်ဆဲမြင်လိုဆဲ ဖြစ်နေခြင်းကြောင့်ပင်။
ကျွန်တော်တို့ ဗန်းမောက်မြို့တွင် ယနေ့တိုင် အ.ထ.က တစ်ကျောင်းတည်းသာရှိပါသည်။ ထို အ.ထ.က တွင်ကျွန်တော်မနေဖူးပါ။ ကျွန်တော့်ညီများ၊ ညီမများသာနေဖူးသည်။ ကျွန်တော်ချစ်သော မူလတန်းကျောင်းလေးတွင်ပင် ကျွန်တော် ၂ နှစ်သာနေဖူးသည်။
အောင်သာကုန်းကျေးရွာ မူလတန်းကျောင်းလေးသည် မြို့အ၀င်တောင်ကုန်းလေးပေါ်တွင်ရှိသည်။ မြို့ဝင်ဝင်ချင်း ကျောင်းလေးကို အဦးဆုံးတွေ့ရသည်။ ကျောင်းကလေးမှာ တောင်ထိပ်တည့်တည့်တွင် ဆောက်ထားခြင်းဖြစ်သည်။ တောင်ကုန်းမှာ မြေနီတောင်ကုန်း၊ တောင်အောက်ခြေတွင်မူ ကေအိုလင်ခေါ် မြေစေးအဖြူဖြစ်သည်။ တောင်ထိပ်ပိုင်းလေက မြေနီ။ ပေ အဘယ်မျှမြင်သည့်ကို ကျွန်တော်လည်း မမှတ်သားဖူးပါ။ အရှေ့မြောက်ဖက်မှ ကျောင်းသို့တက်စရာ မြေနီလမ်းရှိသည်။ အရှေ့တည့်တည့်တွင်မရှိ။ မြောက်ဖက်တွင် မတ်စောက်သော မြေနီလမ်းသွယ်ရှိသည်။ အနောက်ဖက်တွင် ရွာတန်းထဲမှ ဖြတ်တက်လာသော မြေနီလမ်းရှိသည်။ ကျွန်တော်တို့ ထိုရွာလမ်းမှ ဖြတ်တက်သော လမ်းကလေးမှ လာလေ့ရှိပါသည်။ Google မှ ကျွန်တော်တို့မြို့လေးကို ကျွန်တော်ရှာဖူးသည်။ ကျွန်တော်တို့မြို့လေး၏ မြေပုံ အသေးစိတ်နီးပါးဖော်ပြထားသည်ကို တွေရသည်။ အကြောင်းမှာ ကျွန်တော်တို့မြို့သည် သတ္တုကုမ္ပဏီများ၏ တိုင်းတာ မှတ်သားထားချက်များ၊ အခြားစိတ်ဝင်စားဖွယ်များ ရှိ၍ ဖြစ်ပါလိမ့်မည်။ ကျွန်တော် မြေပုံနှင့်တကွတင်ပြပါမည်။ လောလောဆယ် ကျွန်တော်တို့မြို့လေးရှိရာကို သိနိုင်ရန် Yahoo မှ ရှာဖွေတင်ပြလိုက်ပါသည်။



ကျွန်တော်တို့မြို့လေးသည် စစ်ကိုင်းတိုင်းအတွင်းရှိသည် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ဖြစ်ပါသည်။ ရှမ်းနီ၊ ကတူး၊ ကနန်းလူမျိုးများနေထိုင်ကြသည်။ စကားပြောရာတွင် "ညယ်" နှင့် "မောင်" ဟူသော အာလုတ်စကား ပါလေ့ရှိပါသည်။ ဥမမာ။ "ဘယ်သွားမှာလဲ" ဟုမေးရာတွင် "ဘယ်သွားမှာလဲမောင်"၊ "ဘာဟင်းစားလဲ" ဟုမေးရာတွင် "ဘာဟင်းလဲမောင်" ဟု ပြောလေ့ရှိပါသည်။ "ညယ်" ဟူသော စကားမှာ အညည်း နည်းနည်းဆန်သည် "မင်းကလည်းညယ် မသွားပါနဲ့" ၊ မင်းလုပ်တာနဲ့ပါညယ် ငါ့ဥစ္စာတွေ ပျက်ကုန်ပြီ" စသည်ဖြင့် ပြောလေ့ရှိပါသည်။ ထို မောင်သံ၊ ညယ်သံ ကြားလျှင် ဗန်းမောက်နယ်ဖက်မှ ဟု ကောက်ချက်ချနိုင်ပါသည်။ အင်းတော်၊ မဲဇာ စသည့် ဒေသများတွင်လည်း ထိုအသုံးများမှာ ကျန်နေဆဲပင်ဖြစ်ပါသည်။ ရှမ်းစကားတော့ ပျောက်သလောက်ပင် ဖြစ်လာပါပြီ။ ရေးစရာက အတော်များသည်။
ကျောင်းကလေးအကြောင်းဆက်ဦးမှ ဖြစ်ပါမည်။
ကျွန်တော်ကျောင်းတက်စတွင် ကျွန်တော်တို့ကျောင်းလေးမှာ ထရံကာ သက်ငယ်မိုးကျောင်းမှ သွပ်မိုးထရံကာ အဆင့် တက်လာသော ကာလဖြစ်သည်။ အောက်ခင်းမှာ သမံတလင်း မဟုတ်သေးပါ။ မြေနီကို ပြောင်အောင် လှည်းကျင်း၍ စာသင်ခုံများစီကာ သင်ကြားပေးခြင်းဖြစ်သည်။ ကျွန်တော်တို့ ကိုယ်နေရာကိုယ်ပြောင်အောင် လှည်းကျင်းကြသည်။ ဖုန်မှုန့်ကအစမရှိအောင် လေဖြင့် ကုန်မှုတ်ပြီး အပြိုင်သန့်ရှင်းရေ လုပ်ကြသည်။ :D ထို့ကြောင့် စာသင်ခုံများ၏ အောက်ခြေမှာ ပြောင်သလင်ခါနေပါသည်။ ဖိနပ်မစီးဘဲ လျှောက်လျှင်ပင် မြေမှုန့်မလူးနိုင်ပါ။
သောက်ရေအတွက် ရေခပ်ရသည်ကတော့ ပင်ပန်းပါသည်။ တောက်အောက်ခြေတွင် သံချောင်ပုံးဖြင့် သွားခပ်ရသည်။ ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ဦးပဲ့ထမ်းပြီးခပ်ရသည်။ လမ်းတွင်လဲလျှင် ရေအကုန် ကုန်သည် နောက်တစ်ခေါက်ပြန်ခပ်ရသည်၊ သယ်ရ ထမ်းရသည်။ ၅ နှစ် ၆ နှစ် အရွယ် ကလေးအတွက် ရေတစ်ပုံး သူ့နေရာ သူရောက်လာဖို့ အတော် မလွယ်သော ကိစ္စဖြစ်ပါသည်။
ကျွန်တော်တို့ မူလတန်းကျောင်းကလေးတွင် ကစားကွင်းအလွန်ကျယ်သည်။ ထိုအရာက ကစားမက်သော ကျွန်တော့်ကို အမှတ်ရစေခြင်းဖြစ်မည်။ အဆော့သန်သော ကျွန်တော် လူအေးတစ်ယောက်ဖြစ်ခြင်းကတော့ ဆန်းပါသည်။ ထိုအကြောင်းလည်း ရေးရဦးမည်။
ကျောင်းတွင် စီးစရာ စီးစောမရှိပါ။ ဒန်များမရှိပါ။ သို့သော် ကျွန်တော်တို့ ကစားစရာအတွက်လုံးဝ ပူစရာမလိုပါ။ ကျောင်းတွင် သစ်ပင်များပေါသည်။ ကျွန်တော်တို့ ခွေးရူးလိုက်တမ်းကစားသည်။ ခွေးရူးဟု သတ်မှတ်သူက ကျန်အဖွဲဝင်များကို လိုက်ရသည်။ ခွေးရူး၏ လက်ဖြင့်ထိသူသည် ခွေးရူးဘ၀ပြောင်းပြီး။ ခွေးရူးက ဘ၀ကျွတ်ကာ ပြေးသူ ဖြစ်လာသည်။ အမိခံရသူက ခွေရူးဖြစ်ကာ လိုက်ဖမ်းသည်။ အမှန်မှာ ခွေးရူးရော ခွေးရူးမဟုတ်သူပါ မောနေအောင်ပြေးရပါသည်။ ထိုအချိန်က အတော်ကြီးကို ပျော်စရာကောင်းသည်။ တချိန်လုံးပြေးနေရသည်။ နားနေရသည်မရှိ။ ယခုချိန် ကစားလျှင် :D ချစ်သူနှင့်အတူ ကစားရသည်မှာ တစ်ပါး အထူးပျော်စရာကောင်းနိုင်မည်မဟုတ်ပါ။
ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ မြေနီတောင်ကုန်းပေါ်တွင်ရှိခြင်းကြောင့် ကျောက်စရစ်သေးသေးလေးများ မြေကြီးပေါ်တွင် ပါးပါးလေးခင်းထားသလိုရှိသည်။ ပြေးရင်းလိုက်ရင်း မှောက်ရက်လဲလျှင် အတော်ကြီးကို အီသည်။ ဒူးခေါင်းတွင် သွေးရဲရဲဖြင့် အလဲလဲ အကွဲကွဲနေ့များသည် ပျော်စရားများ ဖြစ်ခဲ့ကြသည်။ တံတောင်ဆစ်ပွန်းတာ၊ ပဲတာလောက်တော့ စာပင်မဖွဲ့တော့ပါ။ အနားကျက်ပြီး အနားဖေးများကို ခွာသောအခါ ရင်ခုန်စရာကောင်းသည်။ လုံးဝပျောက်နေတာလည်း ဖြစ်နိုင်သည်။ အနာဝနည်းနည်း ကျန်ပြီး အနာတဖန်ပြန်ဖြစ်လာသည်လည်းရှိသည်။ ကျွန်တော်ပင် ဘယ်နှစ်ကြိမ်ဒူးကွဲ၊ တံတောင်ပြဲဖြစ်ခဲ့မှန်း မရေနိုင်ပါ။ ယခုစဉ်းစားမိတော့ ထိုကလေးဘ၀ ပေါ့ပေါ့ပါးပါး ပြေးလွှားခဲ့သည်ကို ပင်လွမ်းမိသလိုလို။ ချစ်သူနှင့်သာ လက်တွဲပြီး ပြေးပစ်လိုက်ချင်မိသည်။ သူ့ကို ကျွန်တော်ဖမ်းမည်။ သူကျွန်တော့်ကို ဖမ်းမည်။ နောက်ဆုံးတော့ ကျွန်တော်ပင် အရှုံးပေးပါမည်။ :D
ရေးပါဦးမည် .......

November 15, 2008

အမှတ်တရ ကားလမ်း (၃)

ကျွန်တော်တို့ ကားလမ်းလေးအကြောင်းမပြီးသေးပါ။ ဆက်ရပါဦးမည်။ ကျွန်တော်တို့ ကားလမ်းနံဘေးရှိ သစ်တောကြိုးဝိုင်း အချို့အကြောင်းကို ပြောလိုသည်။ "သစ်တောကြိုးဝိုင်း မည်သည့်အပင်မျှမခုတ်ရ၊ တောမီးမရှို့ရ" ဟူသော စာတန်းများကို သစ်ပင်များကြားတွင် ဆိုင်ဘုတ်ထူ ကြေငြာထားသည်ကို တွေရသည်။ ကျွန်တော် ထူးထူးခြားခြား သတိပြုမိသည်မှာ "ဤတောကို ရုက္ခစိုးစောင့်သည်" ဟူသောစာတန်းဖြစ်သည်။ ကျွန်တော်ထိုစာတန်းကို ဖတ်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။ စာတန်းကပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံရွာသားများအား ခြောက်လှန့်လိုသောကြောင့် ရေးထားဟန်တူပါသည်။ သို့သော် မြန်မာစာတတ်သော နိုင်ငံခြားသားတစ်ယောက်ဖတ်မိပါမူ အလွန်အံသြမည်ဟု ကျွန်တော်ထင်ပါသည်။ ရုက္ခစိုးနတ်ကို တွေ့လိုတွေ့ငြား CCTV ဖြင့် စောင့်ကြည့်ကောင်း စောင့်ကြည့်ကြပါလိမ့်မည်။ နတ်ပုံရိပ်ကို CCTV ဖြင့် အမှန်တကယ်ဖမ်းမိပါက ကမ္ဘာကျော်နိုင်ခြင်းကြောင့်ပေးတည်း။
ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါသည် ကျွန်တော်တို့ အင်းတော်-ဗန်းမောက်ကားလမ်းသည် မိုးအားကြီးလျှင် တံတားကျိုးတတ်ကြောင်း။ ထိုတံတားကျိုးလျှင် တစ်မိုးလုံး ပြင်၍ မပြီးပါ။ ကုတို့ဖြင့် ကုန်ကိုကဲ့ရပါသည်။ ကုန်ဈေးနှုန်းတက်တော့သည်။ အလုပ်သမားခ၊ လှေခ ပိုကုန်သောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ တံတားနှစ်စင်းကျိုးသဖြင့် ကားလမ်းပိုင်းတွင် ကားကြီးမ၀င်နိုင်တော့ပဲ ထော်လာဂျီဖြင့် ကျဲရသည့်နှစ်လည်းရှိသည်။ မန္တလေးမှ ကုန်ကို ရထားဖြင့် အင်းတော်ထိသယ်၊ အင်းတော်မှ ပထမ တံတားကျိုးသောနေရာသို့ကားဖြင့်၊ တံတားကျိုးသည့်နေရာတွင် ကုန်တင်ကုန်ချ အလုပ်သမားလခ၊ လှေခ၊ နောက် ထော်လာဂျီဖြင့်သယ်၊ ဒုတိယတံတားကျိုးသည့် နေရာရောက် ထိုနေရာတွင်လည်း ကုန်တင်ကုန်ချ အလုပ်သမားလခ၊ လှေခ၊ နောက် ဗန်းမောက်ထိသယ် အတော်ကုန်ကျစားရိတ်များပါသည်။ တံတားကျိုးသည့် နှစ်များတွင် ဗန်းမောက်တစ်နေရာထဲကွက်၍ ကုန်ဈေးနှုန်တက်တတ်ပါသည်။
တုန်စီတံတား၊ နံ့သာတံတားနှင့် အင်းတော်မြို့အထွက် အင်းရွာတံတားတို့မှာ နှစ်စဉ်လိုပင်ကျိုးသည်။ ကျွန်တော်မမွေးခင်ကတည်းကစ၍ ယခုထိ မဆုံးနိုင်သေးပါ။ ကျိုးကောင်းမြဲ ကျိုးကောင်းဆဲပင်။
လမ်းဘေးဝဲယာ တလျှောက်မှာ အလွန်စိုပြေပါသည် သစ်တောများဖုံးလွမ်းဆဲပင်ရှိပါသေးသည်။ သို့သော် ယခုတော့ တောပြုန်းစ ပြုလာပြီဖြစ်သည်။ ထိန်းသိမ်းကြဖို့လိုပါပြီ။ ထိုသို့မဟုတ်လျှင် ကျွန်တော်တောင်ကြီးရောက်စဉ် တောင်ကြီးနယ်ခံတစ်ယောက်ကို ချယ်ရီပင် မြင်ဖူးလို၍ " ပြပါဦးချယ်ရီပင်" ဟုဆိုရာ ချယ်ရီပင် ရှာမရသလို ဖြစ်သွားနိုင်ပါသည်။ ကျွန်တော်တို့ဖက်တွင် ကျွန်း၊ အင်၊ ကညင်စသည့် သစ်များပေါသည်။
အင်ဥပေါ်သည့်ရာသီတွင် အင်ဥ အလွန်ထွက်သည်။ ကျွန်တော်တို့ကတော့ မှိုဥဟုခေါ်ပါသည်။ မှိုဥပေါ်သောရာသီတွင် မှိုဥကုန်ကူးသူများပင်ရှိသည်။ ကျွန်တော်တို့အခေါ်မှိုဥမှာ အင်ပင်များအောက်ခြေတွင် မြေကြီးပေါ်၌ မြေမြုပ်ရုံတည်ရှိနေကြသော မှိုတစ်မျိုပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ကတော့ မှိုဥဟုသာခေါ်သည်။ ကြော်စား၊ ချက်စား အလွန်းကောင်းသည်။ နောက်ဒေသထွက် စားစရာ တစ်မျိုးမှာ ဂုံးစေ့ဖြစ်သည်။ အတော်ဆိမ့်ပါသည်။ လှော်စားရခြင်းဖြစ်သည်။ အသီးမှာမူဆူးများဖြင့် ဖြစ်သည်။ တက်နင်းမိလျှင် လုံးဝလွယ်မည်မဟုတ်။ အတွင်းမှ အစေ့အဆံမှာ အတော်ကို ချိုဆိမ့်ပါသည်။ ကျွန်တော်တို့ဖက်ရောက်လျှင် ဂုံးစေ့လှော် တစ်အိုးလောက်တော့ လှော်ကျွေးချင်သည်။ ကြိုက်မည်မှာ မြေကြီးလက်ခတ်မလွဲ ဟုပင်ဆိုချင်သည်။
ဤကားလမ်းကို အဓိကအားဖြင့် နွေရာသီတွင်သာ ကောင်းကောင်းသုံးနိုင်ပါသည်။ မိုးအကုန်ဆောင်းဝင်သည်နှင့် လမ်းပြင်တော့သည်။ တစ်နွေရာသီလုံး သစ်တိုက်သည်။ နွေရာသီတွင် ကားပေါလေ့ရှိသည်။ အကြောင်းမှာ သစ်တိုက်သော အီဇူးစူးကားကြီးများပေါသောကြောင့်ပင်။ ထိုသစ်ကားများနှင့် လိုက်ရသည်မှာလည်း အန္တရာယ်ကြီးပါသည်။ တစ်ခါက သစ်လုံးတွင်းမှ ပါလာသော မြေကိုက်ကာ အမျိုးသမီးတစ်ဦး သေဆုံးဖူးသည်။ သစ်လုံးတင်ကားကြီးများမှောက်လျှင် အသေအပျောက်ပိုဆိုးသည်။ ကျွန်တော့် ဦးလေးတစ်ယောက်မှာ သစ်တိုက်ကားမှောက်စဉ် ဆုံးပါးခဲ့သည်။ ကျွန်တော်ငယ်စဉ်က ချီကြပိုးကြသော ဦးလေးများထဲက တစ်ဦးဖြစ်သည်။
ထိုအင်းတော်-ဗန်းမောက်ကားလမ်းကို ကျွန်တော် ခြေလျင်ပြန်ဖူးသည်။ ၂၈ မိုင်ခရီး တစ်ခါမျှ မလျှောက်ဖူးပါ။ ပထမဆုံး ခရီးရှည်းလမ်းလျှောက်ခြင်းပင်။ မန္တလေး မှာလို ၂၈ မိုင်ခရီးမဟုတ်ပါ။ အတော်ပင်ပန်းပါသည်။ ဖြတ်လမ်းသုံးပြီးသွားရာ မှားသည်လား မှန်သည်လား မသိဘဲ ရောက်လိုရာရောက်လျှောက်လိုက်သေးသည်။ လမ်းလျှောက်ရသည့် အကြောင်းမှာ သင်္ကြန်တွင်းဖြစ်၍ ကားများပြေးဆွဲခြင်းမရှိဘဲ ပိတ်သောကြောင့်ဖြစ်သည်။ မနက်စောစော ၆ နာရီလောက်မှ စလျှောက်သည် ညနေ ၅ နာရီလောက်မှ ဗန်းမောက်ကိုရောက်ပါသည်။ လမ်းတွင် ရေဆာလျှင် ချောင်းရေသောက်ရသည်။ နွေရာသီဖြစ်၍ အတော်လည်း ပူပါသည်။ သစ်ရွက်များကကြွေနေသည်။ တိုက်လာသည့် လေမှာ လေပူ။ သောက်လိုက်ရသည်ရေမှာ ရေဆာလွန်းမှ ရှာသဖြင့် အလွန်ချိုသည်ဟု အထင်ရှိမိသည်။ရေဗူးလည်း ယူမလာသဖြင့် ရေဆာ ရေငတ်သည့် ဒုက္ခကိုကောင်းကောင်းကြုံသည်။ ချောင်းမြောင်းပေါ၍သာတော်တော့သည်။ "ရေဗူးမပါ နွေခါမှသိ" ဆိုသည့် စကား အလွန်းမှန်ကြောင်း ကောင်းကောင်းကြီးသိခွင့်ရခဲ့သည်။
ကျွန်တော်တို့ဒေသ ကားလမ်းလေး အတော်တော့တိုးတက်လာပါသည်။ သိပ်ကြီးတော့မဟုတ်ပါ။ ကတ္တရာလမ်းခင်ရန်ပြင်ဆင်မှုကြောင့် ကတ္တရာလမ်းကြီး ပီပီပြင်ပြင် မပေါ်ခဲ့သော်လည်း ကျောက်ကြမ်းလမ်းတော့ ဖြစ်ခဲ့သည် ကားများအတွက် အတော်အဆင်ပြေသွားပါသည်။ တံတားများတိုးတက်လိမ့်ဦးမည်ဟု မျော်လင့်မိသည်။ ထိုတံတားများကို ကျွန်တော်ဖြတ်ပြန်ရတိုင်း ကျွန်တော် ဆန္ဒပြင်စွားဖြစ်မိသည်။ ဤတံတားများကို တစ်နေ့တွင် အခိုင်အမာတည်ဆောက်နိုင်လိမ့်ဦးမည်ဟု။

November 14, 2008

အမှတ်တရကားလမ်း (၂)

ကျွန်တော် အင်းတော်မြို့တွင်ကျောင်းတက်သောကြောင့် မိုးအ၀င်ဇွန်လရောက်ခါနီးတိုင်း အင်းတော်သို့ ကားဖြင့် သွားရကြောင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် နှစ်စဉ် အဆင်ချောချော ကားဖြင့် သွားနိုင်ခဲ့သည်ချည်းမဟုတ်ပါ။ တစ်ခါတရံ စက်ဘီးဖြင့် သွားရသည်လည်းကြုံခဲ့ရပါသည်။ ကျွန်တော့်ကြီးကြီးအေး (အဖေ၏အစ်မ) တို့ငယ်စဉ်ကမူလှည်းဖြင့် သွားရသည် ဟုပြောပါသည်။ ကျွန်တော် တစ်ခေါက်မျှ မသွားဖူးပါ။ ကြီးကြီး၏ ငယ်စဉ်က အကြောင်းကလည်း အတော်စိတ်ဝင်စားစရာ ထူးဆန်းထွေလာလေးများရှိသည်။ ကျွန်တော်တို့ကြီးကြီးများ အင်းတော်လာစဉ်က အဖိုးနှင့်အတူ လိုက်လာသည်ဟုဆိုပါသည်။ ထူးခြားဖြစ်စဉ်မှာ အင်းတော်ဘူတာတွင် မီးရထားဝင်လာစဉ်ဖြစ်သည်။ ထိုစဉ်က မီးရထားများမှာ ယခုကဲ့သို့ ဒီဇယ်စက်ခေါင်းများမဟုတ်ဟုဆိုပါသည်။ ကျွန်တော့်ကြီးကြီးပေါက်စ တောသူမလေးမှာ ထိုမီးသွေးခေါင်း (ရေနွေးငွေ့ဖြင့်မောင်းသောရထားစက်ခေါင်းကိုခေါ်ပါသည်) ကြီး ဥသြသံ တညံညံဖြင့် သံလမ်းအတိုင်းဝင်လာစဉ် အထူးအဆန်း အဖြစ်သွားကြည့်သည်။ ရှူး.....ရှူး ... ရှဲ...ရှဲ....ဖြင့် ကဆုန်ပေါက် ပြေးဝင်လာသော မီးသွေးခေါင်းကြီးကို မြင်သောအခါမှ "အဘရေ ... လာပါဦး ဒီမှာ ဘာကောင်ကြီးလဲ မသိဘူးပြေးလာ နေပြီ၊ အဘရေ ...လာပါဦးလေး ... ကယ်ပါဦးလေး .... အဘရေ ... အဘ ...အီး...ဟီး....ဟီး...." ဟု ကြူကြူပါအောင် ငိုကာ သိတ္တိစွမ်းပြခဲ့သူဖြစ်သည်။ ကျွန်တော့်ကြီးတော်မှာ အာပြဲ၊ ဒေါသကြီးသလောက် အကြောက်လည်းကြီးသူဖြစ်သည်။ သူ့သားနှစ်ယောက် ဖြစ်သော ကျွန်တော့် အစ်ကို ကိုမောင်ဦးနှင့် ကိုမောင်မြင့် ကိုလည်း ညီအစ်ကိုချင်းရန်ဖြစ်ရမလားဟု အရွဲ့တိုက် ကာ တစ်နေကုန် နပမ်းသတ်ခိုင်းထားဖူးသူဖြစ်သည်။ ကျွန်တော့် အစ်ကို နှစ်ယောက်လည်း ထိုကတည်းက နောက်နောင် ထိုးကြိတ်ရန်မဖြစ်ရဲကြတော့ပါ။ စံတင်လောက်သည့် ကြီးကြီးဖြစ်သည်။
ကားလမ်းအကြောင်းဆက်ပါဦးမည်။ ကျွန်တော်တို့ကားလမ်းမှာ တစ်ခါတစ်လေ မိုးကြီးလွန်း၍ ကားမသွားနိုင်လောက်အောင်ရွံ့ထူသောအခါ စက်ဘီးဖြင့် သွားကြရပါတော့သည်။ ကျွန်တော့်အား ကျောင်းအပ် နောက်ကျမည်စိုးသောကြောင့် စက်ဘီးဖြင့်လိုက်ပို့ကြသည်။ ကျွန်တော်က နောက်ခုံမှ ထိုင်လိုက်ရသည်။ သက်သက်သာသာပင် နောင်ကျွန်တော် စက်ဘီးဖြင့်ခရီးထွက်၍ မိုးတွင်း၌ ရွံ့တွင်းဗွက်တွင်း၌ အဘယ်မျှရုန်း၍ နင်းရကြောင်းသိသောအခါမှ ကျွန်တော့် အစ်ကိုများ၊ ကျွန်တော့် ဘကြီးများ၊ ကျွန်တော့်အဖေများ ကျွန်တော့်အားချစ်၍ လမ်းပင်မလျှောက်စေပဲ တစ်လမ်းလုံး စက်ဘီးပေါ်တင်ကာ နင်းတစ်လှည့် တွန်းတစ်လှည့်ဖြင့် အင်းတော်အရောက်ကျောင်းပို့ကြပုံကို ယခုပြန်စဉ်စားမိသောအခါ မျက်ရည်ပင်လည်မိပါသည်။
မိုးရာသီစက်ဘီးစီးရသည်မှာ အလွန်ဒုက္ခရောက်ပါသည်။ မြေနီရွံ့စေးလမ်းကို ဖြတ်ရလျှင် သေချင်လောက်အောင် ပင်ပန်းသည်။ မြေနီရွံ့စေးများ စက်ဘီးခွေတွင်ကပ်လျှင် တွန်းမရပြုမရ ထမ်းမှရတော့သည်။ စက်ဘီကို လူကမစိးရဘဲ စက်ဘီးကလူပြန်စီးသော ခရီးဖြစ်သည်။ လမ်းကချော်၊ ဖိနပ်လည်းမစီးနိုင်တော့ပါ။ ဖိနပ်ကို စက်ဘီးလက်ကိုင်တွင် ကွင်းလျှိုထည့်ကာ ထမ်းရတော့သည်။ ချောင်းကူးရလျှင်လည်း စက်ဘီးကို ခေါင်းပေါ်ကျော်သည်အထိ မတင်ကာ ဖြေးဖြေး ဖြေးဖြေးဖြင့် စမ်းတ၀ါးဝါး ကူးရသည် ချောင်းရေရုတ်တရက် နက်သွားလျှင် လူရော၊ စက်ဘီးရောမြုပ်သွားတော့သည်။
အင်းတော်-ဗန်းမောက်ကားလမ်း တစ်နေရာတွင် ကားဖြင့်မသွားဘဲ စက်ဘီးဖြင့်သွားလျှင် ဖြတ်လမ်းတစ်ခုရှိသည်။ ကျွန်တော် နေရာကိုကား ကောင်းကောင်းမမှတ်မိပါ။ သစ်သားတံတားရှည်လေးကို လယ်ကွင်းထဲဖြတ်ဆောက်ထားသည်။ အတော့်ကိုရှည်ပါသည်။ မန္တလေးဦးပိန်တံတားေ လျှာက်မိသောအခါ ထိုတံတားလေးကို အမှတ်ရသည်။
ယခုအင်းတော်-ဗန်းမောက်ကားလမ်းသည် ကျွန်တော်တို့ဗန်းမောက် အနောက်ဖက်ဒေသမှ ရှမ်းများ လယ်မြေရှာပါးမှုကြောင့် လယ်မြေပေါရာ အင်းတော်ကြီးဒေသဖက်တို့ ပြောင်းရွေ့ကြရာလမ်းလည်းဖြစ်သည်။ ကျွန်တော်တစ်ခါကြုံဖူးသည်။ မိသားစုအလိုက်ပြောင်းလာကြခြင်းဖြစ်သည်။ လှည်းဖြင့်ပြောင်းလာခြင်းဖြစ်သည်။ ဓား၊ လွှ၊ စူးဆောက် များပါသည်။ နေ့ခင်းနွားကျောင်းလိုက်၊ ညဖက်ခရီးနင်လိုက်ဖြင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသထိ ခရီနင် နယ်ပြောင်းကြသည်။ နွားလှည်းဖြင့် ခရီးသွားခြင်းသည် နံနက်စောစောနှင့် ညပိုင်းသာ သွားကြကြောင်းလည်း သိသူနည်းမည်ထင်ပါသည်။ နေ့လည်ပိုင်းတွင် ချက်ပြုတ်စားကြ နွားကို စားကျက်တွင် လှန်ထာကြသည်။ (လှန်သည်ဆိုသည်မှာ ကြိုးတစ်ချောင်းဖြင့်ချည်ထားပြီး သိပ်ဝေးဝေး မသွားနိုင်စေရန် လှန်တံဖြင့်သော်လည်းကောင်း၊ တုံးဆွဲ၍သော်လည်းကောင်း နွားကျောင်းခြင်းပင်ဖြစ်သည်။) ချက်ပြုတ်စားသည်ဆိုသည်မှာလည်း အထွေအထူး မဟုတ် ဆန်၊ ဆီ၊ ဆား၊ ငါးပိ သာယူလာခြင်းဖြစ်သည်။ လမ်းမှာ တွေ့သမျှ အရွက်၊ မှို၊ ဥ အားလုံးစားစရာဖြစ်သည် ဟင်းအတွက် လုံးဝမပူရပါ။ သွားရေစာ လမ်းဘေး အလေ့ကျပေါက် ကနစို၊ စသည့် စသည့် သရေစာများစားနိုင်သေးသည်။ ကျွန်တော်တို့နယ်သည် စားစရာ အလွန်ပေါဆဲပင်ရှိပါသေးသည်။

November 12, 2008

အမှတ်တရ ကားလမ်း (၁)

ဤဘ၀တွင် ကျွန်တော် အစောဆုံးမှတ်မိသော ခရီးထွက်ခြင်းမှာ အမေနှင့်တူတူဖြစ်သည်။ စပါးအိတ်များတင်ထားသော ကားပေါ်တွင် စီးရခြင်းကို မှတ်မိသည်။ အိပ်မက်လိုလိုဖြစ်သည်။ အမေပြန်ပြောပြသည်မှာ အဖေနှင့် အမေ ညားကာစ ကသာသို့ စပါးကုန်ကူးကြသောအချိန်ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော် ၁ နှစ်သားလား၊ ၂ နှစ်သားလား မကွဲပြားပါ။ ၃ နှစ်သားနောက်ပိုင်းများကို ကျွန်တော် သဲသဲကွဲကွဲမှတ်မိသည် ထိုထက်စောသော အဖြစ်အပျက်များကို ကျွန်တော် ရိုးတိုးရိတ်တိတ်မျှသာ၊ ရှင်းလင်းရေရာစွာ မမှတ်မိတော့ပါ။ ထိုစပါးအိတ်များပေါ်တွင် ကျွန်တော်က ဟိုနားသွားချင် သည်နားသွားချင်ဖြစ်နေသည် အမေက လိုက်ထိန်းသည်ကို မှတ်မိသည်။ အင်းတော်မြို့ အ၀င်ကို မှတ်မိသည်။ ကျွန်တော့် သူငယ်ချင်းဖြစ်လာသည့် မောင်အေးမင်းတို့ အိမ်လမ်းကြားဖက်မှ ကုန်ကားတစ်စင်းထွက်လာသည်ကို မှတ်မိသေးသည်။ ကျွန်တော့် ဘကြီး ဦးကံညွန့်အိမ်တွင် မွေးထားသော ဘဲဖြူဖြူလေးများကို အမှတ်ရသည်။ ထိုဘဲများသည် ကျွန်တော် အင်းတော်တွင် ကျောင်းလာတက်သောအခါ ကျောင်းရသော ဘဲများ၏ ဘိုးအေ ဘွားအေများဖြစ်ပေမည်။
ကားလမ်းအကြောင်းဆက်ပါဦးမည်။ အင်းတော်-ဗန်းမောက်ကားလမ်းမှာ ၂၉ မိုင်သာရှည်ပါသည်။ ကျွန်တော်ငယ်စဉ်ကမူ အတော်စွန့်စွန့်စားစား သွားရသောခရီးတစ်ခုပင်ဖြစ်သည်။ နွေရာသီလမ်းဟုသာ ပြောနိုင်ပါသည်။ မိုးတွင်း၌ ဗွက်များထကာ ကားမောင်းမရလောက်အောင် ကားလမ်းပျက်ပါသည်။ ထို့ ကျွန်တော် အရွယ်ရောက်၍ သီချင်းနားထောင်တတ်သောအခါ ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်၏ မူဆယ်နမ့်ခမ်းလမ်း သီချင်းသည် ကျွန်တော်တို့ အင်းတော်-ဗန်းမောက်ကားလမ်း ကိုများ ရေးထားလေသလား ဟုပင် ထင်မိသည်။
ဤအင်းတော်-ဗန်းမောက်ကားလမ်းကို ကျွန်တော် ကြောက်ရသည်မှာလည်း အကြောင်းရှိသည်။ အင်းတော်-ဗန်းမောက် ကားလမ်းအတွင်း ကျွန်တော် ငယ်ငယ်က ကားမှောက်သည်ကို ခဏခဏကြားရသည်။ တုန်စီ-နံ့သာ ချောင်းကူးတံတားကားမှောက်မှုတွင် အဖေပါသည်။ သေကံမရောက် အသက်မပျောက်ခဲ့ပါ။ ကြီးကြီးမားမား ထိခိုက်မှုလည်း မရှိခဲ့ပါ။ သို့သော် ကျွန်တော် ကားစီးရမှာ အလွန်ကြောက်သွားခဲ့သည်။ ထိုအချိန်က အဖေ သေဆုံးခဲ့လျှင် ကျွန်တော် ဤဘလော့ဂ်ကို ရေးနိုင်သည် အထိ စာတတ်ချင်မှ တတ်ပါလိမ်မည်။ အဖေ့ကျေးဇူး အလွန်းကြီးသည်။ ငွေရှာရသော အခက်အခဲ၊ ထောက်ပံ့လိုသော ဆန္ဒတို့ကို သိမြင်လာသော အခါ အဖေ့အနစ်နာခံမှု၊ ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ အမြော်အမြင်ကြီးမှုတို့ကို ပိုလေးစားမိသည်။
အဖေ့အကြောင်း ဖြစ်သွားတော့မည် ကားလမ်းအကြောင်းဖက်လှည့်ဦးမည်။
ဘယ်နေရာတွင်ကားမှောက်သည် ဘယ်နှစ်လောင်းသေသည် စသည်ဖြင့် ကြားရသော အခါ စိတ်အလွန်ခြောက်ခြားသည်။ "အစိမ်းသေ" ဟူသော စကားလုံးကြီးသည် အလွန်အကျဉ်းတန်သည်ဟု ကျွန်တော်ထင်သည်။ ထိုအချိန်များလောက်မှ ထိုဝေါဟာရကို စကြားဖူးခြင်းဖြစ်သည်။ စိတ်ထဲတစ်မျိုးကြီးဖြစ်သည်။
ထိုစဉ်က အင်းတော်-ဗန်းမောက်ပြေဆွဲသော ကားများမှာ ဂျီအမ်စီ နှင့် ဟီးနိုးကားဟောင်းကြီးများဖြစ်သည်။ ကုန်တင်ကားများဖြစ်သည်။ လူများက ခိုကပ်တွဲလိုက်ကြရသည်။ စိတ်ပျက်စရာအလွန်ကောင်းပါသည်။ ကားလမ်းမှာ ချိုင့်များ၊ ကျင်းများနှင့် ပြည့်နေသောကြောင့် နည်းနည်းမောင်းလိုက် ဟိုးဖက်ယိမ်းလိုက် "ညွတ်ခနဲ" ၊ သည်ဖက်ယိမ်းလို့က် "သိမ့်ခနဲ" မှောက်များ မှောက်သွားလေမလားဟု ရင်တမမဖြင့် ဘုရားတနေရပါသည်။
ကျွန်တော်တို့ဒေသမှာ တောင်ကျချောင်းများ၊ မြောင်းများ အလွန်ပေါသောဒေသဖြစ်သည်။ တောင်ကြောတစ်ခုပြီးလျှင် ချောက်တစ်ခုရှိသည်။ ချောက်အနက်ကြီးများကား မဟုတ်ပါ။ ထိုချောက်များကို ကူးရန်တံတားဆောက်ထားကြသည်။ ဆောက်ထားသော တံတားများမှာ သစ်သားတံတားများသာ ကားအတော်ဖြတ်မောင်းပြီးလျှင် ကျိုးကြေနေကြပြီဖြစ်သည်။ ထို့ကြောင့် တံတားအကူးတွင် အထူး ဘုရားအားရုံပြုရသည်။ အသက်ပင်မရှူအား၊ အောင့်ထားရသည်။ သစ်သားကျိုးသံ "ဖြောင်းခနဲ" ကြားလျင် သေပြီထင်တယ်ဟု မျက်လုံးစုံမှိတ်ပြီး ဘုရားတလိုက်ရသော အကြိမ်လည်း မနည်းပေ။ တံတားဖြတ်တိုင်း ကြုံရသည်။ တံတားဖြတ်ရာတွင် တစ်နေရာတော့ စိတ်ချမ်းသာသည်။ ထိုနေရာမှာ အဖေတို့ ချွေးနှင့်ရင်း၍ ဆောက်ခဲ့သော ကျွဲကောကြီးခေါ် သံကူကွန်ကရစ်တံတားကို ဖြစ်ရသော အခါပင်ဖြစ်သည်။
မိုးကြီးသောအခါများတွင် အချိ့ချောင်းကူးတံတားများ ရေပါသွားကြသည်။ ထိုတံတားများလည်း သံကူကွန်ကရစ်တံတားများဖြစ်သင့်ပါသည်။ ဖြစ်လာဖို့လည်း ကျွန်တော်မျော်လင့်သည်။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ခုထိ ဖြစ်မလာသေးပါ။ ကျွန်တော်ပင်လျှင် ယခု အသက် ၃၀ ရှိပြီ၊ ထိုတံတားများမှာ မိုးရာသီတွင် ကျိုးမြဲကျိုးဆဲပင်။ တစ်ခါတစ်ခါလည်း ၀မ်းနည်းမိသည်။ ကျွန်တော်တို့ဒေသထွက် ကျွန်းနှင့်ရွေများမှ ရသည့်ငွေဖြင့်ဆောက်ပေးမည်ဆိုလျှင် အင်းတော်-ဗန်းမောက်ကားလမ်းမှာ နိုင်လွန်ကတ္တရာလမ်းပင်ဖြစ်သင့်နေပေပြီင်္။ တံတားကြီးများဖြင့် ဦးဒဟိုးမောင်းနိုင် ပြေးဆွဲနိုင်သော လမ်းများ ဖြစ်သင့်ပေပြီ။ အိပ်မက်ကတော့ ဝေးဆဲပင်။
အင်းတော်-ဗန်းမောက်ကားလမ်းကို ၆ နှစ်သား အရွယ်မှ ၁၀ တန်းအောင်ပြီးသည် အထိ နှစ်စဉ် မိုးဦးကျစ ဇွန်လ၀င်ခါနီး ကျောင်းဖွင့်ချိန်တွင် ကျွန်တော်ကားစီးပြီး ခရီးသွားရသည်။ သွားရတိုင်း ကျွန်တော်ရင်ခုန်မြဲ၊ ရင်တုန်မြဲပင်။ ၆ တန်း၊ ရ တန်း အရွယ်တွင်မူ ကျွန်တော်သည် ယိုင်လဲလုလု ကားပေါ်တွင် စာဖတ်မပျက် စီးလာနိုင်ခဲ့သည်။ ကျွန်တော်သည် ကား၊ ရထား၊ သင်္ဘောမူးလေ့ရှိသူ မဟုတ်ပါ။ စင်ကာပူုသို့ လာမှ လေယာဉ်စီးဖူးသည်။ လေယာဉ်များမူးဦးမည်လားဟု တောကျကျ ပင်တွေးမိသည်။ လေယာဉ်လည်း မမူးပါ။ လေယာဉ်ပေါ်တွင် အတွေ့အကြုံ ဟုတွေးကာ ရှူရှူးပင် ၀င်ပေါက်ခဲ့ပါသေးသည်။
တစ်ခါ အဖေနှင့် ကျွန်တော် အတူတူ အင်းတော်သို့ ကျွန်တော်ကျောင်းတက်ရန် အပြန် ကားစီးပြီး အင်းတော်-ဗန်းမောက် ကားလမ်းကို ကားစီးခရီးထွက်ရတော့သည်။ ကားမှာ ဟီးနိုးကုန်တင်ကားကြီးဖြစ်သည်။ ဘော်ဒီကို ကုန်များများတင်နိုင်ရန် ရှည်ရှည်ပြုလုပ်ထားသောကြောင့် ကားမှာ လမ်းနည်းနည်းဆိုးလျှင် အတော်ခါပြီးယမ်းပါသည်။ မှောက်လွယ်သောကားဖြစ်သည်။ ထိုကားကြီးဖြင့် ခရီးထွက်အလာ လမ်းတစ်နေရာအရောက်တွင် ရွံ့ပြည့်နေသောချိုင့်တစ်ခုကို အဖြတ်တွင် ဘယ်ဖက်ခြမ်းသို့တအားယိမ်းပြီး ယိုင်သွားသည်။ ကံကောင်းသည်မှာ ကားကို ဘီးလှိမ့်ရုံမောင်းနေခြင်းကြောင့် မမှောက်ခြင်းဖြစ်သည်။ ကားမှာ ရပ်သွားပြီး တစ်ဖက်စောင်းနေသည်။ အဖေက ကားစစီးကတည်းက ကျွန်တော့အား စိုးရိမ်၍ ကားခေါင်းခန်းထဲတွင်စီးခိုင်းသည်။ သူ့အတွေ့အကြုံအရ ကားခေါင်းခန်းတွင် စီသူမှာ သေလေ့မရှိဟု ဆိုပါသည်။ အဖေက ကားပေါင်းမိုး (ကားအမိုးကိုင်း) ပေါ်တွင် တွယ်စီးသည်။ ကားစောင်းနေစဉ် ကျွန်တော်က ခေါင်းခန်းထဲမှ လူကြီးတစ်ဦး၏ ပြောဆိုမှုကြောင့် ကားခေါင်းထဲမှ ထွက်လာပြီး ကားစောင်းနေသော ဖက်သို့ ခုန်ဆင်းမိသည်။ ထိုအချိန် ကားဆက်စောင်းသွား မှောက်သွားလျှင် ကျွန်တော် ထိုနေရာတွင် သေပေလိမ့်မည်။ ကျွန်တော် မယောင်မလည်ဖြစ်နေစဉ် အဖေ ကားပေါင်းမိုးပေါ်မှ ခုန်းဆင်းလာကာ ကျွန်တော်ကို စွေ့ခနဲပွေ့ပြီး စိုးရိမ်တကြီး လွတ်ရာကို ပြေးကြသည်။ ထိုအချိန် ကားဆက်စောင်းလျှင်လည်း သားအဖနှစ်ဦး ကားအောက်တွင် ပြားသွားပေမည်။ ကံကောင်းထောက်မှ စွာပင် ကားဆက်မစောင်းခဲ့ပါ။
ကားလမ်းကို ပြုပြင်ပြီး ကားကို ဆက်မောင်းလာခဲ့ကြသည် တစ်နေရာတွင်၊ တောင်စောင်း အဆင်းလေးဖြစ်ပါသည်။ ရွံ့ များထူးလျက်၊ လမ်းများပျက်လျက် ဖြစ်ချင်သလို ဖြစ်ပျက်နေသောလမ်းကလေး။ ကျွန်တော်တို့စီးလားသောကား အရှိန်ဖြင့် အဆင်းတွင် ကားပေါ်မှ တစုံတခု လမ်းပေါ်ပြုတ်ကျသွားသည်။ ကားလည်းတောင်ခြေလောက်တွင် ဗွက်ထဲနင်းရင်းရပ်သွားသည်။ ကားပေါ်မှ လူများ၏ အော်သံလည်း ဆူညံသွားသည်။ တစ်ခုခုတော့ဖြစ်ပြီးဟု ကျွန်တော် ယူဆမိသည်။ ကားပေါ်မှ လူများက "ကျော်ညွန့် ကျော်ညွန့် ဘာမှမဖြစ်ဘူးလား" ဟုမေးနေသံကြားရသည်။ ကျွန်တော်ထူပူနေသည်။ "ကျော်ညွန့်ပြုတ်ကျသွားလို့" ဟု အော်နေကြသည်။ ကျော်ညွန့် ဆိုသူမှာ ကျွန်တော့် အဖေ ကျွန်တော် စိုးရိမ်တကြီးကြည့်မိသည်။ ဘာမှ မဖြစ်ပါဘူး။ "ကားမှောက်ပြီ ထင်လို့ ကျွန်တော်ကြိုခုန်ချထားတာ" အဖေ့ဖြေသံကိုကြားရသည်။ ထိုခရီးဆိုးပါသည်။ သို့သော် အင်းတော်တို့ ညနေမိုးစုပ်စုပ် အချုပ်တွင် ဘေးကင်းစွာ ရောက်ရှိခဲ့ပါသည်။ မနက် ၉ နာရီခန့်မှ စစီးသော ၂၈ မိုင် ကားလမ်း ခရီးသည် ည ၉ နာရီမှ လိုရာရောက်သည် ဆိုလျှင် အင်းတော်-ဗန်းမောက် ကားလမ်း အဘယ်မျှ ကောင်းသည် ကို မှန်းကြည့်နိုင်ပေသည်။


November 11, 2008

မိုးတစ်နေ့

နေသာသောနေ့တစ်နေ့ဖြစ်ပါသည်။ ကျွန်တော် မိုးရွာမည်ဟု မျှော်လင့်မထားပါ။ ထို့ကြောင့် ထီးသော်လည်းကောင်း၊ ခမောက်သော်လည်းကောင်း ကျွန်တော်ယူမလာခဲ့ပါ။ ရွာမည်မှန်း သိလျှင်လည်း ကျွန်တော်ယူဆောင်လေ့မရှိပါ။ မိုးရွာ၍ မိုးမိသည်ကို သေနိုင်လောက်သည်ဟု ကျွန်တော်မယူဆပါ။ မိုးသည်းသည်းတွင် ပြေးရသည်ကို ကျွန်တော်ပျော်သည်။
ငယ်ငယ်က မိုးသည်းသည်းရွာတိုင်း အိမ်တွင် စောင်နှင့်ကွေးကွေးပြီးအိပ်ရသည်ကို ခဏခဏလွမ်းသည်။ လေထန်ထန်မိုးသည်းသည်းတွင် တဲကလေးထဲ၌ စောင်ကလေးနှင့် ခပ်နွေးနွေးကွေးရသည်မှာ ဇိမ်တစ်မျိုးပင်။ လေတိုက်တိုင်းယိမ်းယိမ်းသွားတတ်သော စပါးပင်စိမ်းစိမ်းတို့ကို အမှတ်ရသည်။ သူတို့ကို ကျွန်တော်မမြင်ရသည်မှာလည်း ကြာခဲ့ပါပြီ။
ကျွန်တော်တို့ အိမ်မှာ လယ်ကွက်ထဲတွင် ထီးထီးကြီး တစ်အိမ်တည်းဆောက်ထားသော အိမ်ဖြစ်သည်။ မြို့အကွက် စရိုက်စတွင် ကျွန်တော်တို့ အိမ်က ပထမဆုံးဆောက်သော အိမ်ဖြစ်သောကြောင့်ပင်။ ကျွန်တော်တို့အိမ်သည် ထိုစဉ်က လယ်ကွက်များ ပတ်ချာလည်ဝိုင်းနေသောကြောင့် မိုးရာသီတွင် ဖားအော်သံတညံညံဖြင့် အတော်စည်စည်ကားကားရှိသည်။
လေပြင်းပြင်းတိုက်လျှင်မှု နည်းနည်းကြောက်ရသည်။ လယ်ကွင်းပြင်ကြီးထဲ၌ ကျွန်တော်တို့အိမ်သာ ထီးထီးကြီးဖြစ်သောကြောင့် လေဒဏ်အတော်ခံရသည်။ မိုးရာသီလေပြင်းတိုက်တိုင်း ကျွန်တော်တို့ အိမ်ခေါင်မိုးသက်ငယ် မလှန်သောနှစ်မရှိပါ။ လေပြင်းတစ်ချက်ဝှေ့တိုင်း ၀ုန်းခနဲ ၀ုန်းခနဲ မြည်သည် ရင်ထဲတွင်လည်း ဟုန်းခနဲ ဟုန်းခနဲနေအောင်ခံစားရပါသည်။ အိမ်ပြိုသွားမည်စိုးသောကြောင့်ပင်။ အိမ်တိုင်ကို အဖေက မြေတွင်တွင်းတူးပြီး စိုက်ထားသည်မဟုတ်။ အင်္ဂတေအောက်ခံပေါ်တွင် ကျင်တွယ်ဖြင့်စွဲထားခြင်း ဖြစ်သည့်အတွက် အချိန်မရွေး နတ်ခေါင်းပြုတ်ထွက်ပြီး တိုင်လဲသွားနိုင်သည်။ ထို့ကြောင့် ငယ်ငယ်က လေပြင်းပြင်းတိုက်လျှင် နည်းနည်းတော့ စိုးရိမ်သည်။ တစ်ခါ မုန်တိုင်းကျသည် တစ်နာရီ မိုင် ၉၀ ကျော်သည် အချို့အိမ်ပြိုသည် ကျွန်တော်တို့အိမ်ဘာမျှ မဖြစ်ပါ။ ထိုအချိန်မှ စ၍ ကျွန်တော်ယုံကြည်သွားသည် ကျွန်တော်တို့အိမ်သည် တော်ရုံလေနှင့် မပြိုနိုင်ဟု။
ထိုလေပြင်းနှင့်ပတ်သက်၍လည်း အမှတ်ရစရာရှိသေးသည်။ ထိုမိုးသည်းသော လေပြင်းကြသည့်ညတွင် အဖေက ကျွန်တော်တို့ကို ဖားရိုက်ခေါ်သောကြောင့်ပင်။ ဤသည်မှာ အလွန်ထူးဆန်းသည်။ ကျွန်တော်တို့ အဖေသည် မုဆိုး၊ တံငါ စသည့် သားသတ်၊ ငါးသတ်အလုပ်ကို အားပေးသူမဟုတ်။ အမှန် မှာတော့ ကျွန်တော်တို့အိမ် စီးပွားရေးစကျနေစလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်ကောင်းကောင်းလည်း မမှတ်မိပါ။ ထိုအကြောင်းထားပါ။ ဖားရိုက်သော အကြောင်းဆက်ပါမည်။ ကျွန်တော့ တစ်သက် ဖားရိုက်တစ်ခေါက်မျှ မထွက်ဘူးပါ။ အဖေ၊ ညီလေးနှင့် ကျွန်တော် ကျွန်တော်တို့ဖက်အခေါ် ဂျုံအိတ် တစ်အိတ်ယူကာ ဓာတ်မီ တစ်လက်ဖြင့် ဖားမီးထွန်း (၀ါ) ဖားရိုက်ထွက်ခဲ့ကြပါတော့သည်။ ကျွန်တော်တို့ခြံစည်းရိုးနောက်ဖက်မှ စထွက်ခြင်းဖြစ်သည်။
ကျွန်တော်တို့ခြံမှ စထွက်ထွက်ခြင်း လယ်ကွင်းထဲရောက်သည်။ ကျွန်တော်က လယ်ကန်သင်းပေါ်မှ ဖားများကို ရိုက်ရသည် အထင်ဖြင့်ရိုက်သည်။ ညတွင် ဖားတို့သည် ဓာတ်မီးရောင်ကို ကြည့်ကာ ဘယ်မှ မပြေး မခုန်ပါ။ လွယ်လွယါလေးရိုက်ယူရုံပင်။ သို့သော် ထိုဖားများမှာ ကျွန်တော်တို့ စားနေကြ ဖားများ မဟုတ်ပါ။ အဖေ ပြောပြသည်မှာ ဖားချောင် ဟု ခေါ်သည်ဟု ဆိုပါသည်။ ပိန်ပိန်သေးသေး ဖားလေးများဖြစ်သည်။ တစ်ချို့ အကောင်ကတော့ကြီးပါသည်။
မိုးဦးပေါက်လျှင် ဖားသံနားစွင့်ရသည် ဖားကျလျှင် ဖားများအစုလိုက်အော်သံကို အဝေးမှ ကြားရသည် ထိုနေရာသို့ သွားရုံပင်ဖြစ်သည်။ ကျွန်တော်တို့ အိမ်နှင့် ဖားကျသောနေရာမှာ အတော်လှမ်းပါသည်။ ဖားကျသည့် နေရာမှာ ကျွဲကောကုန်းဟု ခေါ်သော ကျွန်တော်တို့အိမ်နှင့် ၃ မိုင်ခန့်ဝေးသော ရွားကလေးနားတွင်ဖြစ်သည်။
ထိုဖားသံကြားရာ နေရာသို့ အဖေနှင့်အတူ သုတ်ခြေတင်ကြသည်။ ထိုနေရာသို့ရောက်မှ ဖားကျသည်ကို မြင်ဖူးသည် ရေထဲတွင် ဖားများ အတွဲလိုက် ကောက်ယူရုံပင်။ အများမှ အများကြီးပဲဖြစ်သည်။ ဖားအမက ကြီးပြီး၊ ဖားအထီးက သေးသည်။ နှစ်ကောင်တစ်တွဲဖြစ်နေကြသည်မှာလည်း အများပင်ဖြစ်သည်။ အမှန်ကတော့ သူတို့ ဘာသာဘာဝပျော်နေကြခြင်းပင်။ ကျွန်တော်တို့က စားဖို့ လာယူကြသည်။ ယခုပြန်တွေးတော့ စိတ်မကောင်းပါ။ ထိုစဉ်ကလည်း စိတ်မကောင်းစရာရှိပါသေးသည်။ ကောက်ယူလာသော ဖားများကို အိမ်အရောက်တွင် ပွက်ပွက်ဆူနေသော ရေပူတွင် နစ်ကာ သတ်ရကြောင်း သိရသော အချိန်တွင်ဖြစ်သည်။ ထိုအချိန်မှ စ၍ ဖားရိုက်၊ ဖားဖမ်းရန်ကျွန်တော် ဘယ်တော့မှ စိတ်မကူးတော့ပါ။ အဖေ ပညာပေးလိုက်ခြင်းလားမသိပါ။ နောက်နှောင်လည်း ဘယ်သော အခါမျှ ဖားရိုက် ဖားမီးထွန်း မထွက်ဖြစ်ကြတော့ပါ။
အမေဈေးမှ ၀ယ်ဝယ်လာတတ်သော ဖားများဘယ်လိုရလာကြောင်းကောင်းကောင်း ကျွန်တော်သိသွားသည်။ ဖားရှာစားရသူကိုရော ဖားများကို ရောကျွန်တော်ကရုဏာသက်မိသည်။ ခုလည်း စိတ်မကောင်းပါ။ ဖားရိုက်သူလည်းရှိဆဲ ဖားများလည်းရောင်းဆဲပင်ဖြစ်သည်။
အမှတ်ရရ တခုရှိ၍ ရေးချင်သေးသည် ထိုစဉ်က ကျွန်တော်တို့ ဗန်းမောက်တွင် ကတ္တရာလမ်းခင်းစဖြစ်သည်။ ထူးဆန်းစွားပင် ထိုလေ နှင့် ထိုမိုးတွင် ကတ္တရာများ လမ်းပေါ်မှ အလွှာလိုက် ပျောက်ခြင်းမလှပျောက်သွားခြင်းပင်ဖြစ်သည်။ ထိုလေ ထိုမိုးတွင် သစ်ပင်ကြီးများလည်းကျိုးသည်။ အိမ်အချို့ပြိုသည်။
ယခု နာဂစ်သတင်းကြားရတော့ ကျွန်တော်စိတ်မကောင်း၊ သူတို့ကြုံမည့် ဒုက္ခကို ကျွန်တော် မျက်စိထဲ ပုံဖော်ကြည့်၍ရသည်။ တောင်သူများ၏ ဓလေ့နှင့် သဘာဝကို ကျွန်တော်သိသည်။ လူရိုးများ၊ လူအများဟုပင် ခေါ်နိုင်သည်။ သို့သော် သူတို့ကို ကျွန်တော်ချစ်သည်။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်ပင် တောင်သူမှ ပေါက်ဖွားလာသော တောသား တစ်ယောက်ဖြစ်သောကြောင့်ပင်။
မိုးအကြောင်းကိုတွေးတိုင်း မန္တလေးတွင် ကျောင်းတက်စဉ်က ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းမိုးကြီး မိုးရေထဲ အားရအောင် ပြေးဖူးကြသည် ကို အမှတ်ရသည်။ အကြောင်းတိုက်ဆိုင်လျှင် သူလည်း မှတ်မိဦးမည်ပင်။ ငယ်ကြတော့သော အရွယ်တော့ မဟုတ်ပါ။ စက်မှုတက္ကသိုလ် စတုတ္ထနှစ်လောက်တွင်ဖြစ်မည်။ အချိန်ကာလအားဖြင့် ၂၀၀၁ ခုနှစ်လောက်ဖြစ်မည်ထင်ပါသည်။ သူရောကျွန်တော်ပါ မိုးရေ တစ်ကိုယ်လုံးရွဲသည်။ ထိုခဏတော့ ကျွန်တော်တို့ပျော်ပါသည်။ ယခုပြန်စဉ်းစားရင်းပင်ပြုံးမိသည်။