March 28, 2010

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ

တရားအားထုတ်ခြင်းအကြောင်း

ပုဗ္ဗကိစ္စငါးပါး ပြုရခြင်းအကြောင်း နှင့် အကျိုး

(၁) မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းရခြင်း၏ အကြောင်း နှင့် အကျိုး

  • တရားအားထုတ်သောအခါတွင် မကောင်းသော အာရုံနိမိတ်များ ထင်၍ ကြောက်လန့်စိတ်များ ဖြစ်ပေါ်တတ်သည်။ ထိုကဲ့သို့ တွေ့ကြုံခဲ့လျှင် ငါ၏ ခန္ဓာကိုယ်အား မြတ်စွာဘုရားအားလှူဒါန်းထားသည် ယခုလို ကြုံတွေ့နေရသော်လည်း ငါမကြောက်ဟု ကြောက်လန့်စိတ်ကို ပယ်ဖျောက်ကာ တရားကို စူးစူးစိုက်စိုက် အားထုတ်နိုင်သည့် အကျိုးရှိသည်။ ထိုအကျိုးအတွက် လှူဒါန်းခြင်းအကြောင်းကို ပြုသည်။
(၂) တောင်းပန်ဝန်ချခြင်း၏ အကြောင်း နှင့် အကျိုး

  • ဘုရား၊ တရား၊ သံဃာ၊ ကောင်းသောအသက်မွေးဝမ်းကြောင်းကိုသင်ကြားပေးသောဆရာ၊ မိဘတို့အား ပြစ်မှား မိခဲ့ဖူးသည်ရှိသော် ထိုကျုးလွန်မိခဲ့သော အကုသိုလ်စိတ်အနှောက်အယှက်ကြောင့် ဘယ်လိုပင် တရားကျင့်သော်လည်း တရားအမှန်ကို မမြင်နိုင် ဖြစ်တတ်ပါသည်။ ထိုကဲ့သို့ ပြစ်မှား မိခဲ့ဖူးသည် ရှိသော် ထိုအပြစ်မှ ခွင့်လွှတ်ပေးရန် ၀န်ချတောင်းပန်ခြင်းပြုသည့် အတွက် စိတ်အေးချမ်းတည်ငြိမ်လာပြီး တရားအမှန်ကို မြင်လွယ်စေနိုင်သည်။
(၃) မေတ္တာပို့ရခြင်း အကြောင်း နှင့် အကျိုး

  • မေတ္တာပို့ခြင်းသည် ကြားရသူအပေါင်းအား အေးချမ်းနှစ်သက်မှုကို ပေးစွမ်းသည်။ မိမိတရားအားထုတ်မှုကြောင့် အနှောက်အယှက်ဖြစ်သည်ဟု ခံစားကြရသော လူ၊ နတ် သတ္တ၀ါအပေါင်း တို့အား မေတ္တာပို့ခြင်းကြောင့် မိမိတရားအားထုတ်ရာတွင် အနှောက်အယှက်ကင်းစေသည်။
(၄) ဆုတောင်းခြင်း အကြောင်း နှင့် အကျိုး

  • ဆန္ဒ သို့မဟုတ် ရည်မှန်းရာ အတိုင်း လူတို့ဖြစ်တတ်ကြောင်း သိကြပြီးဖြစ်သည်။ မိမိပြုခဲ့သော ကောင်းမှုတို့ အကျိုးအား နိဗ္ဗာန် ဟူသည့် ထာဝရ ငြိမ်းအေးကြောင်းတရားကို ရရန် အထောက်အပံ့ ဖြစ်ပါစေဟု ဆန္ဒပြု ဆုတောင်းခြင်းသည် မိမိလိုရာကို ဦးတည်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပိုမိုပီပြင်ပြတ်သားသော ဘ၀လမ်းကြောင်းကို ရည်မှန်းလိုက်ခြင်းဖြစ်သည့် အတွက် တရားမြန်မြန် ရစေသော အထောက်အပံ့ ဖြစ်စေသည်။
(၅) မရဏဿတိ သေခြင်းတရား အောက်မေ့ရခြင်း၏ အကြောင်း နှင့် အကျိုး

  • လူတို့သည် သေရမည့်အရေးကို ဆင်ခြင်တွေးတောခြင်းမရှိလျှင် မေ့လျော့နေတတ်ကြသည်။ မိမိလိုရာ တစ်နေ့တာကြုံနေရာ၊ ဖြစ်နေရာ ဆန္ဒနောက်ကို လိုက်ကာ သံသရာရှည်ကြောင်း (ဆင်းရဲရာ ဆင်းရဲကြောင်း)ကိုသာ ပြုမိနေတတ်ကြသည်။ ထိုသို့မဖြစ်စေရန်အတွက် သေခြင်းတရားကို မကြာမကြာနှလုံးသွင်း ဆင်ခြင်လျှင် အိုရ၊ နာရ၊ သေရမည့်အရေး သံသရာဘေးကြီးကို ငြီးငွေ့ကာ တရားအားထုတ်လိုစိတ် ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သေရမည့်အရေးကို ဆင်ခြင်ခြင်းသည်တရားကို ရနိုင်စေသည့် အထောက်အပံ့ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။



No comments: