၂၀၀၉ ခုနှစ် ဒီဇင်ဘာအတွင်း အင်းတော်ကို ပြန်ရောက်ဖြစ်ခဲ့သည်။ အင်းတော်မရောက်မီ ကျွန်တော်တို့ ရှမ်းနီဒေသ၊ ဂတူးတို့ဒေသ ၏ ဆောင်းရှုခင်းများကို ကျွန်တော် အမှတ်တရ ဓာတ်ပုံရိုက်လာဖြစ်ခဲ့သည်။ ရထားပေါ်မှ မနက်စောစောမြင်ခဲ့ရသောရှုခင်းများဖြစ်သည်။ လွမ်းမောဖွယ်ကောင်းလေစွ။
နှင်းတောထဲတိုးဝင်နေသောရထားသည် ဆူဆူညံညံ အသံပေးလျက် တဂျုံးဂျူံးပြေးနေသည်။ စီးရသည်ကတော့ အဆင်မပြေလှပါ။ လူတွေက ကြပ်ဆဲ။ ခုံကြိုခုံကြားတိုးဝှေ့ စီးနေကြဆဲဖြစ်ပါသည်။ ရထားလမ်းက ကားလမ်းလို ကဆုန်ပေါက် ပြေးနေသည်ကို စီးဖူးလိုလျှင် မန္တလေး-မြစ်ကြီးနား ရထားကို စီးကြည့်နိုင်သည်။ ထမင်းပင် ကောင်းကောင်းစား၍ မရပါ။ ထမင်ထုပ်မှောက်ကျမည်စိုး၍ ရထားလမ်းနည်းနည်းကောင်းသည့် နေရာ ရောက်မှသာ စားကြရသည်။
ဆောင်းရာသီကို နှစ်ခြိုက်သော ကျွန်တော့်အတွက် ကတော့ ကျွန်တော်တို့ ဒေသကို အမှတ်အရစေဆုံး အချိန်များမှာ ဆောင်ရာသီ နံနက်ခင်းများဖြစ်သည်။ နံနက်စောစောတွင် နှင်းထူထပ်စွာ ကျဆင်းနေခြင်းကြောင့် ၆ ပေလောက် အဝေးဆို တစ်ဦးနှင့်တစ်ဦးသဲကွဲစွာ မမြင်ရ။ အဝေးမှ မီးဖိုကို မသဲမကွဲ မြင်ရတတ်သည်။ ချမ်းလွန်းသောကြောင့် မီးဖိုပြုလုပ်ကာ မီးလှုံကြရသည်။ စကားစမြည်းတွေပြောကြ။ ဒေသဖြစ် ပေါင်းတင်း၊ ခေါပုတ်တို့ကို ဖုတ်စားကြ၊ ကင်စားကြဖြင့် အတော်ပျော်စရာကောင်းသည်။
ကျွန်တော်တို့ဒေသတွင် ပေါင်းတင်းဖုတ်သောဝါးလည်းပေါသည်။ ထိုပေါင်းတင်းဖုတ်သောဝါးမှာ ၀ါးအသားပါးပြီ၊ အခေါင်းကျယ်သည်။ အချင်း ၂ လက်မခွဲ၊ ၃ လက်မလောက်ရှိသည်။ ၀ါးတစ်ဆစ်လျှင် အရှည် ၂ ပေခွဲ၊ ၃ ပေ ခန့်ထိရှိသည်။ ထို့ကြောင့် ထိုပေါင်းတင်းဝါးဖြင့် ဖုတ်လျှင် ပေါင်းတင်ကျည်လှလှပပ ထွားထွားကြီးများရသည်။ ကောက်ညှင်းကလည်း ဒေသထွက်ဖြစ်သောကြောင့် အတော်စေးပြီး ချိုသည်။ အချို့က မြေထောက်ပဲစေ့များပါ ထည့်ပြီး ဖုတ်သောကြောင့် ပဲပေါင်းတင်း၊ အုန်းသီးဆံများ ထည့်ပေါင်းသောကြောင့် အုန်းပေါင်းတင်း စသဖြင့်လည်း စားနိုင်သေးသည်။
ပေါင်းတင်းဖုတ်မည်ဆိုလျှင် ပေါင်းတင်းဝါးကို ၀ယ်လိုက ၀ယ်။ တောထဲမှ ခုတ်လိုက ခုတ်လာနိုင်သည်။ ၀ါးက အဆစ်ရှည်၊ အခေါင်းကျယ် သင်းဝါး။ ၀ါးမှာ ၀ါးကျည်ထောက် တစ်ဖက်ပိတ်ဖြစ်သည်။ ခပ်နုနုဖြစ်သည်။ ထို့ကြောင့် ပေါင်းတင်းဖုတ်ပြီး နောက်ပိုင်းဝါးအခွံကို ခွှာလိုက်လျှင် ပေါင်းတင်းအကာ ထူထူလေးကိုရသည်။ ၀ါးနံ့မွှေးမွှေးလေးက သင်းနေသည်။ ကောက်ညှင်ဆန်းကို ပေါင်းတင်းကျည်တောက်ထဲ ထည့်ပြီး ရေနှင့်စိမ်ထားရသည်။ ၆ နာရီလောက် စိမ်သည်ဟု ထင်သည်။ ထို့နောက် တစ်ဖက်ပွင့်နေသော အ၀ကို ငှက်ပျောဖက် သို့မဟုတ် အင်ဖတ်ဖြင့် ပိတ်ဆို့ပြီး မီးကောင်းကောင်းနှင့် ပေါင်းတင်းကျည် ဖုတ်တော့သည်။ ပေါင်းတင်းကျည်ကို တစ်ဖက်သတ် မီးမလောင်စေရန် ဂရုစိုက်ရသည်။ လှည့်လှည့်ပေးရသည်။ အရင်းအဖျားအကျက်ညီအောင် မျှပြီး ဖုတ်ရသည်။ ပေါင်းတင်း အတော်တင်းလာ ကျက်လာ ဆူလာလျှင် ပေါင်းတင်းဝါးကျည်ထောက်ထဲမှ ပိတ်မိနေသော ရေငွေ့များ ထွက်သွားစေရန် ဓားထက်ထက်ဖြင့် ပေါင်းတင်းကျည်ကို ဆတ်ခနဲ တစ်ချက် ခုတ်ဖောက်ပေးရသည်။ ထိုခုတ်ဖောက်လိုက်သော နေရာမှ ရေနွေးငွေ့များရှူးခနဲ ပန်းထွက်လာပြီး ပေါင်းတင်း အကျက်ညီစေရန်၊ ကောက်ညှင်းဆန်များ နှပ်သွားစေရန် မီးအေးအေးဖြင့် ဆက်ဖုတ်ကြသည်။ ရေနွေးငွေ့များ ပန်းထွက်ခြင်း နည်းသွားပြီး ပေါင်းတင်းအကျက်ညီသွားပြီဆိုပါက ပေါင်းတင်းဖုတ်တာ ရပ်လိုက်တော့သည်။ နောက်စားလိုသောအခါမှ ပေါင်းတင်းခေါင်းဖက်၊ အဆစ်ပိတ်နေသောဖက်ကို ပြောခြင်းဖြစ်ပါသည်။ ထိုခေါင်းဖက်ကို အဆစ်ကြေသွား၊ ကွဲသွားအောင် ထုနှက် ရိုက်ခွဲပြီး၊ ၀ါးကျည်တောက်တွင် ကပ်နေသော အကာများ ပေါင်းတင်း ကောက်ညှင်းသားတွင် ကပ်စေရန်အတွက် ပေါင်းတင်း တစ်ကျည်လုံးကို ခပ်ဆတ်ဆတ်လေး ထုထောင်းပြီး ၀ါးအခွံကို ခွာလိုက်သည်။ အထဲတွင် ၀ါးအကာဖွေးဖွေးလေး၊ ၀ါးရနံ့သင်းသင်းဖြင့် စားချင့်စဖွယ် ပေါင်းတင်းကို ရတော့သည်။
ထိုပေါင်းတင်းကို မီးသင်းသင်းလေးဖုတ်ပြီး စားလျှင် အလွန်ကောင်းသည်။ ငါးပိကောင်၊ ခရမ်းချဉ်သီး ပန်ထရေဖျော်၊ ပဲငါးပိကျော်၊ ပဲငါးပိဖုတ်၊ မျဉ်ချဉ်ကြော်၊ မိုးညှင်းမှ လုပ်သော ရှမ်းဆီတိုဖူး တို့ဖြင့် စားရလျှင် အလွန်ကောင်းသည်။ ပဲတို့ဖူးကြော်ဝါ၀ါလေးများဖြင့် လွှေးလိုက်ရလျှင်လည်း အလွန်ကောင်းသည်။ ပဲကြော်ပြားပြားများ၊ ဘယာကြော်များနှင့်လည်း ကောင်းသည်။ ရေးရင်းနှင့်ပင် သွားရည်ယိုလာပြီ။ ရွာပြန်ပြီး ပေါင်းတင်းထိုင်စားရလျှင်ဖြင့် ..... :D
ခေါပုတ်ကတော့ ကောက်ညှင်းဆန်ကို ထမင်းလို ပေါင်းသည်။ ကျွန်တော်တို့ ဒေသဖက်တွင် ရိုးရာမပျက် ထမင်းကို ပေါင်းစားကြသည်။ နောက်မှ ထမင်းကို အိုးဖြင့်တည်စားလာကြသည်။ ထမင်းပေါင်းရသည်က နည်းနည်း ကရိကထများပြီး မီးပိုကုန်သည်။ ကျွန်တော့်အဖိုးကတော့ ရှေးရှမ်းအဖိုးကြီးပီပီ သေသည်အထိ ထမင်းပေါင်းကိုသာ စားသွားခဲ့သည်။ သူသည် သူ့လယ်ထွက် ဆန်ပျော့ပျော့ကောင်းကောင်းကို မာတောက်တောက်ထမင်းနှင့် ကြက်သားဟင်းထက် ခုံမင်ခဲ့သူဖြစ်သည်။ ထမင်းပေါင်းမွှေးမွှေးကို ဆားဖြူးကလေးဖြင့် မနက်စောစော စားလိုက်ရသည်က ဘယ်အရာနှင့်မှ သူမလဲနိုင်။ လတ်ဆတ်သော၊ သန့်ရှင်းသော လယ်ယာဓလေ့နှင့် အပိုဆာလာ သိပ်မလိုတော့ တောဓလေ့ကို ပိုခုံမင်သော ကျွန်တော့်အဖိုး ဦးအိုက်ရွှေကတော့ ဘ၀ တစ်ပါးသို့ ပြောင်းသွားခဲ့ပါလေပြီ။
ခေါပုတ်အကြောင်းဆက်ဦးမည်။ ပေါင်းပြီးသော ကောင်းညှင်ပေါင်းကို သစ်သားဆုံတွင် ထည့်ပြီးထောင်းသည်။ သစ်သားကျည်ပွေ့ရှည်နှင့် ဆုံတွင် မကပ်စေရန် နှမ်းထောင်းကို သုံးသည်။ နှမ်းကိုလှော်ပြီး ညှက်အောင် ထောင်းထားသည်။ ခေါပုတ်ထောင်ရာတွင် ဆုံတွင်လူးထားပြီး၊ ဆုံနှင့် ကောက်ညှင်းလုံး ကပ်လျှင်သုံးသည်။ ကောက်ညှင်းလုံးနှင့် ကျည်ပွေ့ကပ်လျှင် သုံးသည်။ ထို့ကြောင့် ခေါပုတ်ထောင်းတစ်ခုလုံး နှမ်းထောင်းနှင့် ရောနေပြီး နှမ်းလှော်နံ့မွှေးနေသည်။ ထိုအနံ့ရလျှင် ကျွန်တော်တို့ အူတကြုတ်ကြုတ် ဖြစ်သည်။ တံထွေးတစ်မျိုမျို ဖြစ်သည်။ သြော်ရိုးရာ အစားအစာကို မေ့ဖို့တော့ ခက်ပေသည်။ စကားကို မေ့လိုက မေ့မည်။ ကိုယ့်လူမျိုးကို မေ့လိုက မေ့မည်။ ဓလေ့ကတော့ ပျောက်ဖို့ခက်ပါသည်။ ရှမ်းစကားမတတ်သော ကျွန်တော် အလှောင့်အထေ့ ခံရပါသည်။ ကိုယ်တိုင်ရှမ်းဖြစ်သော ဒေသခံရှမ်းတို့ကပင် ကိုယ့်လူမျိုးကို မေ့လာကြသည်။ ကိုယ့်လူမျိုးကို သရော်ကြသည်။ လှောင်နိုင်ပါသည်။ ပြောင်နိုင်ပါသည်။ သို့သော် ကျွန်တော်သည် ရှမ်းဖြစ်သည်။
လယ်ရှိလျှင် ရှမ်းရှိသည်ဟုတော့ ဆိုသည်။ ဟုတ်သည် မဟုတ်သည် ကျွန်တော်လည်း သန်းခေါင်စာရင်းကောက်မကြည့်၍ မသိပါ။ ကျွန်တော်တို့ ဒေသဖက်တော့ တောင်သူလုပ်သော သူကသာများသည်။ ခုတော့ အခြေအနေပြောင်းလာကုန်ပြီ ဖြစ်သည်။ တောင်သူတွေ ကြပ်နေကြသည်။ သားသမီး ကျောင်းထားဖို့ အနိုင်နိုင်။ သူတို့စိုက်သောစပါးသည် သူတို့မိသာစု ၀မ်းဝရုံအပြင် အနည်းငယ် ပိုရုံမျှသာရှိသည်။ ပညာရေးစားရိတ်ကို ကာမိဖို့မလွယ်။ အထူးသဖြင့် (၁၀) တန်း ထားလျှင် တောင်သူတွေ စုထားသမျှ ကုန်တော့သည်။ တစ်သက်လုံးလုပ်သမျှ သားရှင်ပြုနှင့် (၁၀) တန်းကျောင်းထားလျှင် စည်းစိမ်ကုန်တော့သည်။ လူတန်းစားထဲတွင် တောင်သူကို ကျွန်တော် အသနားဆုံးဖြစ်သည်။ သူတို့၏ ပညာရေးအများစုမှာ ဘုန်းကြီးကျောင်းဖြစ်ခဲ့ကြသည်။ ဘုန်းကြီးကျောင်းမှ စာရေးစာဖတ် အတွက်အချက် သင်ပေးလိုက်ကြသည်။ တစ်ချို့လည်း အတန်းပညာ ဆက်သင်ကြသည်လည်းရှိသည်။ ၆ တန်း၊ ၇ တန်းလောက်တော့ ရောက်တတ်ကြသည်။ ယခုခေတ် သူတို့သားသမီးတွေ လက်ထက်ကြတော့ ၆ တန်း၊ ၇ တန်းဖြင့် မပြီးကြတော့။ အနည်းဆုံး ၁၀ တန်းအောင်ရမည်။ တက္ကသိုလ် ထားဖို့ ဘာညာဆိုတာ သိပ်မတွေးကြပါ။ အောင်လာတော့မှ တက္ကသိုလ်ကျောင်းလျှောက်လွှာတွေ ကျလာတော့မှ ကမန်းကတန်း ကောင်းသည်ထင်တာလိုက်ဖြည့်ကြ လျှောက်ကြသည်။
အနှီးလို တောင်သူမိသားစုများကြားမှ ကျွန်တော့်လို အင်ဂျင်နီယာမျိုးဆက်များ မွေးထုတ်ပေးခဲ့ကြသည်လည်းရှိသည်။ ဆရာဝန်ဖြစ်ကြသူလည်းရှိသည်။ ဆိုင်ရာ ဆိုင်ရာ နေရာများတွင် အစားထိုးဝင်ရောက်လာကြပြီ။ ကျွန်တော်တို့ဒေသဖက်တွင် နာမည်ကြီးသော မြေတိုင်းဌာန၊ သစ်တော စသဖြင့် နီးစပ်ရာ နေရာဝင်ယူလာကြသည်။ ကျောင်းဆရာ၊ ဆရာမ ဖြစ်သူများလည်း ရှိနေကြပြီ။
5 comments:
Hi Ko Sai, I really admire you that you continuously posted the interesting articles.. and really thanks for sharing of knowledge...
I miss Inn Taw too.
Jamaica
ကြိုက်တယ် ကချင်ပြည်ကလာတယ။်
ညဘက်လာဖတ်မိတာ မှားတယ်. .. ဗိုက်အရမ်းဆာတယ်....
GOOD! I like your posts. I want to go back to Indaw.
Post a Comment