December 8, 2008

ဟောင်ကောင်သို့တစ်ကိုယ်တော်ခရီး (၄)



၂၀၀၈ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၈ နာရီလောက်တွင် ကျွန်တော် ဟိုတယ်အခန်းရရန် လိုက်မေးပြီးချေပြီ။ ကြိုတင်မှာထားခြင်းမရှိသည့် အတွက် အခန်းမရပါ။ ပြည့်နေကြသည်။ ထိုကြောင့် ကျွန်တော် အေးအေးဆေးဆေး ထိုင်လို့ရသည့် နေရာရှုာသည်။ အထက်ပါ ရှုခင်းမျိုးရှိသည့် နေရာလေးတွင် ကျွန်တော်ထိုင်စရာခုံတွေသည့် အတွက် ကျွန်တော့်အိတ်များကိုချပြီး လက်တော့ပ်ထုတ်ကာ online ပေါ်တက်ရန်ကြိုးစားရသည်။ ၀ိုင်းယာလက် Access လိုက်ရှာရာ Unsecured Network ကိုတွေသည့် အတွက် ၀င်ချိတ်ပြီး Google ဖွင့်ကာ ဟိုတယ်အခန်းလွတ်လိုက်ရှာသည်။ အခန်းလွတ်ရှိသည့် ဟိုတယ်ကို ဖုန်းဆက်ပြီး အခန်းကြိုတင်မှာလိုကြောင်းပြောသည်။ ရသည်ဆိုသည်။ ၂၁ ရက်ည တစ်ရက်ပဲရမည်ဟု ဆိုသည်။ ကျွန်တော်လည်း တစ်ညဆိုလည်း မဆိုပါဘူးဟု ပိုင်းဖြတ်ကာ အခန်းယူမည့်အကြောင်း ပြောသည်။ ကျွန်တော့်ကို "ဘယ်နေရာ ရောက်နေတာလဲ" ဟုမေးသည်။ ကျွန်တော်က ဟောင်ကောင်ကို ဘယ်တုန်းကမျှ မရောက်ဘူးသည့် အတွက် ဘယ်ရောက်နေသည့် မသိသည့် အကြောင်း ပြောသည်။ ထိုအခါ ဟိုတယ်ဝန်ထမ်းက နံနက် ၁၀ နာရီထိုးအထိ ကျွန်တော့်ကို စောင့်မည့်ဟု သတိပေးသည်။ ထိုအချိန်ထက် လွန်သွားလျှင် အာမ မခံနိုင်ကြောင်းပါ ထပ်ပြောသည်။ ထိုကြောင့် ကျွန်တော် တက္ကစီငှားကာ ဟိုတယ်သွားရန် ပြင်ရတော့သည်။


ဟိုတယ်မရှာမီ မနက်ပိုင်းရိုက်ထားသောဓာတ်ပုံ


ဟိုတယ်မရှာမီ မနက်ပိုင်းရိုက်ထားသောဓာတ်ပုံ


ဟိုတယ်မရှာမီ မနက်ပိုင်းရိုက်ထားသောဓာတ်ပုံ

ကျွန်တော်ဟိုတယ်ကိုသွားရန် တက္ကစီငှားရာ ပထမတက္ကစီသမားက ကျွန်တော်သွားလိုသောနေရာကို မသိဟုဆိုသည်။ ကျွန်တော် အတော်အံ့သြသွားသည်။ လမ်းမသိဘဲ တက္ကစီမောင်းစားနေသည်ကို အထူးအဆန်းဖြစ်သွားသည်။ နောက်တစ်စီးကတော့ အဆင်ပြေသည်။ အင်္ဂလိပ်စကားကို ရေရေလည်လည်ပြောတတ်သည်။ သူ့ကိုလိပ်စာပြတော့ ကောင်းလုံကမ်းဖက်ကူးရမည်ဟု ပြောသည်။ သူလည်း လမ်းညွှန်မြေပုံစာအုပ်လေးထုတ်ပြီးမှ ရှာပြီးပြောခြင်း ဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် သိသည်ဆို၍ အဆင်ပြေပါသည်။ ဘယ်လောက်ကျနိုင်လဲဟု ကျွန်တော်မေးကြည့်ရာ ခန့်မှန်းခြေ ၁၈၀ လောက်ကျမည်ဟု ပြောသည်။ ကျွန်တော့် စိတ်ထဲတွင်တော့ "တယ်ဟုတ်တဲ့ ဘိုးတော်ပါလား" ဟု ဖြစ်သွားသည်။ ကျွန်တော် သူ့တက္ကစီကို ငှားပြီး ဟိုတယ်ရှိရာ ထွက်လာခဲ့သည်။
သူပြောပြသည်မှာ ဟိုးတုန်းက ဟောင်ကောင်မှ ကောင်းလုံသို့ ကူးလိုလျှင် ကူးတို့ဖြင့် ကူးရကြောင်း ၂ နာရီခန့်ကြာကြောင်း၊ ယခု ပင်လယ်ရေအောက်လမ်းဖောက်လိုက်မှ မြန်သွားကြောင်း ၁၅ မိနစ်လောက်သာ ကြာတော့ကြောင်း ပြောသည်။ ထိုရေအောက်လမ်းထဲဝင်သွားရာတွင် တယ်လီဖုန်း အဆက်အသွယ်ပြတ်ပါသည်။ ဘာ့ကြောင့် ကျွန်တော် သိသလဲဟု ဆိုလျှင် ကျွန်တော်ဖုန်းပြောနေစဉ် ထိုရေအောက်လမ်းအဖြတ်၌ ဖုန်းလိုင်း ပြတ်သွားသောကြောင့်ပင်။
ဟိုတယ်ရောက်ကာနီးလမ်းတွင် ပတ်ချာလည်နေသည်။ တက္ကစီဆရာက ကျွန်တော့်ကို ဟိုတယ်ရှေ့အရောက်ပို့ပေးလိုသည်။ လမ်းမှာ အလယ်တွင် လမ်းခြားအုတ်ရိုးရှိသောကြောင့် ဟိုတယ်ကို မြင်ရပြီးမှ မရောက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် သူပတ်မောင်းပြီး ထိုလမ်းကို ၀င်ရန်ကြိုးစားသည်။ မရောက်နိုင်ပါ။ ၅ ပတ်လောက်ပတ်ပြီးမှ သူလက်လျှော့ကာ ဟိုတယ် အနောက်ဖက် ကားလမ်းတွင် ကျွန်တော့်ကို ချပေးပြီး
"သည်ကနေ၀င်သွား ဟိုတယ်ရှေ့ကို ပတ်ဝင်လို့ မရဘူးဖြစ်နေတယ်။"
ဟုပြောကာ လမ်းပြရှာသည်။
ကျွန်တော်က
"သေချာလို့လားဗျာ။ ခု ၁၀ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ်။ ခင်းဗျာလွဲရင် ကျွန်တော်က အားလုံးရှုံးမှာ တက္ကစီခလည်းရှုံးမယ်။ ဟိုတယ် အခန်းလည်းရမှာ မဟုတ်ဘူး။"
ဟု ပြောရာ သူကသေချာကြောင်း။ သည်မှာစောင့်နေမည့်အကြောင်းပြောသည်။ ကျွန်တော်လည်း သူမျက်လုံးများကို ကြည့်ကာ ယုံကြည်လောက်သူဟု ယူဆသည့်အတွက် ဘာမျှ မပြောပဲ သွားလိုက်သည်။ ဟိုတယ်တွေပါသည်။ ထို့ကြောင့် ကျွန်တော် အခန်းကြိုတင်မှာထားသည့် အကြောင်းပြောကာ အခန်းငှားလိုက်သည်။ ဟဲ ဟဲ .... သည်တစ်ခါတော့ အဆင်ပြေပါသည်။ တောသားအကြံ ဟောင်ကောင်သား မခံနိုင်တော့ပါ။ ...
ဟိုတယ်တွင် ဖွင့်စရာသော့မပေးပါ။ ကဒ်ပြားလေးပေးသည်။ ထိုကဒ်ပြားကို ကျွန်တော့် သော့မှန်း အမှန်ပင်မသိပါ။ ကဒ်ပြားပါ နံပါတ်အတိုင်း ခပ်တည်တည် တက်သွားသည်။ တောသား ကျွန်တော် လူလည်ကြီး လုပ်သည်။ လမ်းတွင်တွေ့သည့် ဟိုတယ် ၀န်ထမ်းကို ခပ်တိုးတိုးတော့မေးရသည်။ ကဒ်ပြားပေါ်တွင် ရေးထားသော နံပါတ်မှာ ၁၂၀၄ ဖြစ်သည်။ ထိုကြောင့် ဘယ်လိုမှန်း ကျွန်တော်သေချာမသိ။ စင်ကာပူတွင် ပရောဂျက် စာဖိုင်နံပါတ်စဉ်သည်ကို သတိရ၍ အလွှာ ၁၂ ၊ အခန်း ၄ လား ဟုမေးရာ ကွက်တိမှန်နေသည်။
အခန်းရှေ့ရောက်မှ အခန်းတံခါးကို သေချာကြည့်ကာ ဘယ်လိုများဖွင့်လဲကွာ ဆိုပြီးစဉ်းစားသည်။ တံခါးတွင် ကဒ်ပြားထိုးထည့်စရာလေးတွေ့သဖြင့် ကဒ်ပြားကို သေချာပြန်ကြည့်ရသည်။ ကဒ်ပြားတွင် ဘယ်လိုဖွင့်ရကြောင်း လမ်းညွှန်လေး ရေးထားသည်။ ကဒ်ပြားလေးကို ထိုးထည့်ပြီး မီး အစိမ်းလေး လင်းလာလျှင် ခလုတ်ကလေးကို ဖိပြီး ဖွင့်လိုက်ရုံပင်။ ထို့ကြောင့် ကျွန်တော် ကဒ်ပြားကို အပေါက်ထဲ ထိုးထည့်ကြည့်သည် မီးအစိမ်းလေး လင်းလာသည် ခလုတ်ကို သူတို့လမ်းညွှန်ထားသလိုဖိကြည့်သည့် မရ။ ၄ ခါလောက်စမ်းကြည့်သည်။ မရ။ "ဟာ ဘာလဲကွာ" ဟု စိတ်ထဲဖြစ်လာသည်။ ထိုစဉ် ဟိုတယ် ၀န်းထမ်း အနားကို ဖြတ်လာသည့် အတွက် တံခါးဖွင့်ပေးရန် အကူ အညီတောင်းလိုက်သည်။ သူလည်း ကဒ်ပြားကို ထိုးထည့်လိုက်သည်။ မီးလေးစိမ်းလာသည်။ ပြီး ခလုပ်ကလေးကို ဖိလိုက်သည် တံခါးပွင့်သွားသည်။ "ဟာ" ဟု စိတ်ထဲထပ်ဖြစ်သွားသည်။ သူကဒ်ထိုးထည့်ပုံ ကို ကြည့်ရာ ကျွန်တော် ထိုးထည့်ပုံနှင့် မတူ ကျွန်တော် ထိုးထည့်သည်က မှောက်ခုံ၊ သူ က ပက်လက်။ မှောက်ခုံ နှင် ပက်လက် အလွဲကို အသေအချာ မှတ်လိုက်ရသည်။ :D
သူ့ထွက်မသွားခင် တံခါးပိတ်ပြီး နောက်တစ်ခါဖွင့် ကြည့်သည်။ ပွင့်သွားသည်။ "ကျေးဇူး" ဟု ပြောပြီး ပြုံးပြလိုက်ရသည်။

(ဗိုက်ဆာသလိုရှိသည် ရေခဲမှုန့်စားပါဦးမည်။)

1 comment:

တောင်ပေါ်သား said...

ကိုစိုင်းရေ ဟောင်ကောင် အတွေ့အကြုံလေးများကို ခံစားသွားပါတယ် ဆက်လက်စောင့်မျှော်နေပါတယ်ဗျို့