ဟောင်ကောင်ခရီးဆက်ပါဦးမည်။
Disneyland တွင် လာလည်သူကို စတင်ဖမ်းစားလိုက်သူမှာ အဝေးကပင်မြင်နိုင်သော လေထဲဝဲပျံနေသည့် မစ်ကီမောက်ကြွက်ကလေးပင်။ အောက်ခံဝေလငါးလေးမှ ရေပန်းများ ထွက်နေသည်။ ရေပန်း၏ တွန်းအားဖြင့် မစ်ကီမောက်ကလေးကို ပင့်တင်ထားသည်။ အပေါ်သို့ တက်သွားလိုက် အောက်သို့ကျလာလိုက်ဖြင့် ရင်သပ်ရှုမောဖွယ် မြင်ကွင်းလေး။ ဤမြင်ကွင်းကပင် Disneyland ကို လည်ကို လည်ဖြစ်အောင် ဖမ်းစားနိုင်လွန်းသည်။ အထဲမှာဆို ဘာတွေများရှိမလဲ ဆိုပြီး စိတ်ကို ညှို့ယူဖမ်းစားခြင်း ခံရသည်။ ကာတွန်းကာများတွင် ပါဝင်သော နောက်ခံတီးလုံးများကလည်း လမ်းဘေးတစ်လျှောက် ခံစားမှုကို အားဖြည့်ပေးထားသည်။
ကျွန်တော်ကတော့ တောသားပီပီ လေထဲပျံနေသည့် မစ်ကီမောက်အား အပြတ်ငေးပြီး အားဖြစ်သည်။ ဘယ်လိုများ Balance ဖြစ်အောင် လုပ်ထာလဲ ဆိုသည်ကို လည်း အင်ဂျင်နီယာပီပီ အီကွေးရှင်းတွေ မြင်ယောင်လာသည်။ မစ်ကီမောက်ကလေးကတော့ သိမည် မဟုတ်။ ကျလိုက် တက်လိုက်ဖြင့် ၀ဲပျံနေသည်။ ခုန်ဆွ ခုန်ဆွ ဖြစ်နေပုံနှင့်လည်း တူသည်။ အမှန်တော့ မစ်ကီမောက်လေး စကိတ်စီးနေတာဖြစ်မည်။
ဖန်တီးထားသည် ဗိသုကာပညာကလည်း ဆွဲဆောင်မှုအပြည့်။ ရေပန်းများက တဖွားဖွား။ မစ်ကီမောက်လေးက ခပ်ကြွားကြွား။ မဆီမဆိုင် သွားစဉ်းစားမိတာ တစ်ခုရှိသည်။ သည်ကောင်သာ မြန်မာပြည်မှာ ဆို ၈ နာရီ တစ်ခါ ဒလိမ့်ခေါက်ကွေး ပြုတ်ပြုတ်ကျမှာဟု။ :D အကြောင်းမှာ သူလေထဲ ၀ဲနေစဉ် မီးပြတ်မှာ သေချာသောကြောင့်ပင်။ နောက်တာနော် .....
(အလည်လာသည့် ဂျပန်ဧည့်သည် တစ်စုကို အကူအညီတောင်းပြီး ရိုက်ယူခဲ့ပါသည်။)
မစ်ကီမောက်ကို ကျွန်တော် အတော်သဘောကျသည့်အတွက် သူနှင့် အမှတ်တရတော့ ဓာတ်ပုံရိုက်မှ ဖြစ်မည်ဟု ဆုံးဖြတ်သည်။ ထို့ကြောင့် ရိုက်ပေးမည့်လူ ရှာကြည့်ရာ ဂျပန်ခရီးသွားအဖွဲ့ကိုတွေ့သည်။ သူတို့ တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ပေးနေကြသည်။ သူတို့ပြီးအောင်စောင့်ပြီး ကျွန်တော်လည်း အနားကပ်ပြီး အကူအညီတောင်းရသည်။ အမှတ်တရရိုက်ပေးသွားသည်။
Thank you.
どうもありがとう。 Dōmo arigatō. (doh-moh ah-ree-GAH-toh)
どうもありがとう。 Dōmo arigatō. (doh-moh ah-ree-GAH-toh)
ဟုပြောလိုက်သည်။ သူတို့ ပြုံးသွားကြလေပြီ။
သူတို့ရိုက်ပေးသော တစ်ပုံလေးနှင့် ကျွန်တော်က အားမရ။ နောက်တစ်ပုံကို အမှိုက်ပုံး အကူအညီယူကာ ထပ်ရိုက်ပြန်ပါတော့သည်။ သြော် ဟောင်ကောင် အထင်ကရ မစ်ကီမောက်ပေးကိုး။
ထိုနေရာလွန်သောအခါ လက်မှတ်ရောင်းသောနေရာရောက်ပါသည်။ လက်မှတ်ရောင်းသောနေရာတွင် ကျွန်တော်သွားမေးသည်။
"သည်မှာ လက်မှတ် ၀ယ်ရတာလားခင်ဗျ"
"ဟုတ်ကဲ့ တစ်ယောက်တည်းလား တစ်စောင် ၃၅၀ ပါ"
"သြော် ဟုတ်ကဲ့ ခင်ဗျ။ သည်လက်မှတ် ၀ယ်ပြီးရင် ဘယ်နေရာ လည်လည်ရတာပဲလားဗျ"
"ဟုတ်ကဲ့ရှင့် တစ်နေကုန် သည် Disneland အတွင်း ဘယ်နေရာ လည်လည် လည်လို့ရပါတယ်"
"အထဲမှာ ထပ်ပေးစရာလိုသေးလားဗျ"
"မလိုတော့ပါဘူး။ ကြိုက်ရာ ကစား၊ ကြိုက်ရာကြည့်နိုင်ပါတယ်ရှင်"
"ဟုတ်ကဲ့ ခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ"
Disneyland နယ်မြေအတွင်းဝင်ရန် လက်မှတ်ကို ဘူတာတွင် ရထားစီးသလိုပင် လက်မှတ်ဂိတ်တွက် ထိုးထည့် လိုက်ရသည်။ ဟိုဘက်က ပြန်ထွက်လာသည်။ လက်မှတ်ကို ယူပြီး Disneyland အတွင်းပိုင်းသို့ ၀င်သွားရုံပင်။ လက်မှတ်ခ ၃၅၀ တွင်စားသောက်စရာအတွက် မပါပါ။ ဆာလျှင် ၀ယ်စားရန် ဆိုင်များရှိသည်။ အထဲတွင် ကောင်းစွာလည်ပတ်နိုင်ရန် Disneyland လမ်းညွှန်စာရွက်လေးများ ထားပေးထားသည်။ တရုတ်လိုစာရွက်များနှင့် အင်္ဂလိပ်လို စာရွက်များ ဖြစ်သည်။
လူဝင်ပြီး သရုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်နေကုန် လူများနှင့် ဓာတ်ပုံတွဲရိုက်ရသည်။ လူလဲပါသည်။ အချိန်ပိုင်းဖြင့် ဖြစ်သည်။ မလှမ်းမကမ်းတွင် လူလဲသောအဆောက်အဦးလေးရှိသည်။ ကျွန်တော်တို့ အမြင်မှာတော့ ဘဲကလေးတစ်ကောင်တည်းသာဖြစ်သည်။ အတွင်းမှ သရုပ်ဆောင်ရသည့် သူခများ ပမ်းရှာပေမည်။ တစ်နေကုန် မတ်တပ်။ မိနစ်ပင် မခြားရ ဓာတ်ပုံတွဲရိုက်နေရသည်။ ဧည့်သည်များက တန်စီပြီးစောင့်နေသည်။ အမှတ်တရ ဓာတ်ပုံရိုက်လိုသောကြောင့် ကျွန်တော် ကတော့ တန်းစီရန် ပျင်းသည့် အတွက် မရိုက်ဖြစ်တော့ပါ။ ရှိစေတော့ဟု သာ သဘောထားလိုက်သည်။ အဝေးမှတော့ အမှတ် တရ ရိုက်လိုက်သေးသည်။
ခရစ်စမတ်တီးလုံးများဖြင့် ကြည်နူးဖွယ်ဖြစ်နေသော နေရာမှာ ခရစ်စမတ်သစ်ပင်ကြီးရှိရာ။ တစ်ပင်လုံးပေါ်စေလိုသောကြောင့် ခပ်ဝေးဝေးမှ ရိုက်လိုက်ရသည်။
အရုပ်ကလေးများ ပြထားသောနေရာတွင်
ဤနေရာသို့ အ၀င်တွင် လူရိုင်းတို့ တုံးခေါက်သံ၊ အော်သံ များ ဆူညံနေသည်။ ကျွန်တော်လည်း ကြည့်လိုသည်နှင့် ၀င်ခဲ့တော့သည်။ သစ်ပင်ပေါ်တွင် ဆောက်ထားသော လူရိုင်းတို့၏ အိမ်ကိုလည်း မြင်နေရသည်။ လူရိုင်းတို့နေတတ်ရာ ကျောင်ဆောင်၊ ကျောက်တုံးများ ရေများ၊ စမ်းများ၊
သည်နေရာလေးရောက်တော့ ကျွန်တော့်တို့ မြို့လေး၏ မြောက်ဘက်ရှိ ဇလုံတောင်ခရီးကို သတိရသည်။ မွေးရပ်မြေကို လွမ်းမိသည်။ တောင်ကချောင်းကလေးများကို မြင်တိုင်း မြင်တိုင်း သတိရလွမ်းဆွတ်မိတတ်သည်မှာ ကျွန်တော်၏ မွေရပ်မြေကို ချစ်သောစိတ် ....
သစ်ပင်ပေါ်တွင်ဆောက်ထားသော လူရိုင်းတို့အိမ်ကို တွေ့သောအခါ ငယ်ငယ်က မန်ကျည်းပင်ပေါ်တွင် လင့်စင်ထိုးပြီး ကစားခဲ့သည်ကို အမှတ်ရသည်။ ကဲ လွမ်းပြန်ပြီတစ်ခါ .... ရွာသားဆိုတာ သည်လိုပါဗျို့ အခါ အခွင့် ကြုံတိုင်း ရွာနှင့် နှိုင်းနှိုင်းပြီး စဉ်းစားတတ်သည့် အကျင့်။ သည် အကျင့်က သေရာပါ ..... လွမ်းလိုက်ရပါသည့် ငါတို့ရွာ ......
လူရိုင်းတို့ ပွဲတော်ကျင်းပရာမြေတွင် ထို ကျောက်တိုင်များမှ ရေမှုန်ရေငွေ့များ ပန်းထွက်နေသည်။ ၀င်သွားလျှင်တော့ ဘာတွေ ထွက်လာမည်မသိပါ။ ကျွန်တော်လည်း ၀င်မကြည့်မိခဲ့။ စာဖတ်သူ ရောက်လျှင် ၀င်ကြည့်ပါ။ တိုင်ထဲမှ လျှို့ဝှက်မျှားများ ထွက်လာကာ Disneyland တွင် ထာဝရ နေခွင့်လည်းရသွားနိုင်ပါသည် .... :D
ဗုံအတိုလေးများရော။ ခေါက်စရာဝါး တူရိယာများရော အများကြီးဖြစ်သည်။ လွတ်လွတ်လပ်လပ် တီးနိုင်သည်။ စောင့်ကြည့်နေသူ ဘယ်သူမှမရှိ။ ကျွန်တော်ပင် ဗုံဝင်တီးပြီး ၂၁ ရာစု လူရိုင်းကြီး လုပ်လိုက်သေးသည်။ ဟုတ်သည် ကျွန်တော့်ကို အဆောင်တွင် ဘော်ဒါများက "တာဇံ" ဟုခေါ်သည်။ တောက လာသောကြောင့် တောကျကျနေသောကြောင့်၊ ထမင်းလွတ် နံပြား ၇ ပွဲစားသောကြောင့်၊ ကဲမှတ်ကရော၊ "တာဇံကွ"
လူရိုင်းတို့နေရာ ကြည့်ပြီးသောအခါ ဗိုက်က ဆာလာပြီ။ စားစရာရောင်းသည့် ဆိုင်သွားကြည့်ရာ ပြောင်းဖူးပြုတ်တွေ့သည်။ ကိုကာကိုလာတွေ့သည်။ ပေါင်မုန့်တွေသည်။ အတော်ကြီးကို သဘာဝကျချေပြီ။ ကိုလာတစ်ဗူးနှင့် ပေါင်မုန့် တစ်လုံးဆွဲကာ တာဇံကျွန်တော် စားတော်ခေါ်ပါတော့သည်။
စားပြီးသောအခါ အိတ်များချ၍ နားတုန်းလည်းဖြစ်သည့်အတွက် ပေါ့ပေါ့ပါးပါးရှိနေစဉ် ဓာတ်ပုံရိုက်ဦးမှ အိတ်မပါတဲ့ ပုံလေးရအောင်ဆိုပြီး ရိုက်သည်။ စားပြီး .... နားပြီးသော အခါ ..... စိတ်ဝင်စားစရာတွေက ကျန်နေဆဲ .... Disneyland သည် လျှို့ဝှက်မှုတို့ဖြင့် ကျွန်တော့အား နောက်တစ်နေရာသို့ ဆွဲခေါ်နေပြန်ချေပြီ။ ထိုနေရာကား ကျွန်တော် ဘယ်တုန်းကမျှ မစီးခဲ့ဘူးသော ရေနွေးခေါင်းဖြင့် မောင်းသည့် မီးရထားလေ .... ထိုခရီးသည် Disneyland တစ်ပတ် ... ဘာတွေများ ထပ်ထပ်တွေမှာ ပါလိမ့် .....
(ဆက်ရေးပါဦးမည်။)
2 comments:
ကိုစိုင်းပုံတွေကြည့်ပြီး သွားတောင် လည်ချင်လာပြီဗျာ။
www1016
giuseppe zanotti
ugg outlet boots
true religion
pandora outlet
christian louboutin shoes
oakley sunglasses
fidget spinner
pandora charms
supreme clothing
ugg boots
Post a Comment