ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၁၀ နာရီတွင်ရောက်ပါသည်။ လေယာဉ်ပေါ်မှ အဆင်း မိမိတစ်ခါမျှ မရောက်ဘူးသော နိုင်ငံ၊ ဘာစကားကို အဓိက ထားပြောသည် မသိသောနိုင်ငံကို ရောက်ရှိခြင်း ဖြစ်သည်။ ကြုံသလိုကြည့်ရှင်းမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည့် အတွက် ဘာမျှ စိုးရိမ်စိတ်တော့ မရှိပါ။ လေဆိပ်မှ ထွက်နိုင်ရန် Immigration Checkpoint ဘယ်လိုဝင်ရမည်မှန်းမသိသေးပါ။ ထို့ကြောင့် ကျွန်တော် Checkpoint တွင် ကျွန်တော် သွားလိုသော လိပ်စာကို ပြကာ ဘယ်လိုသွားရလဲဟု သွားမေးကြည့်သည်။ စာရေးမက မျက်မှောက်ကုတ်ကြည့်ပြီး "ဒါကို ဖြတ်ပြီးသွားရမှာ သွား Visit ဖောင်ဖြည့် ဟု Form ရှိရာညွှန်ပြပြီး Form ဖြည့်ခိုင်းသည်။ ကျွန်တော်လည်း သူပြရာနေရာသွား။ Form လေးယူပြီး လိုအပ်တာဖြည့်လိုက်သည်။ ဖြည့်ရသည်မှာ ...
- နာမည်
- ပတ်ပိုစ့်နံပါတ်
- ပတ်ပိုစ့်ကုန်မည့်ရက်
- ဟောင်ကောင်တွင်နေမည့်လိပ်စာ
အဲဒီလောက် နည်းနည်းပါးပါးဖြည့်ရသည်။ ကျွန်တော်လည်း အလွတ်ရနေသည့် ကောင်မလေးလိပ်စာကို ထည့်ပေးလိုက်သည်။ ထို့နောက် Checkpoint သွားကာ ပေးလိုက်သောအခါ စစ်ဆေးပြီး တုံးထုပေးလိုက်သည်။ ဟောင်ကောင်ကို ၀င်ခွင့်ရသွားသည်။
Checkpoint ကျော်ပြီးသောအခါ ဘယ်လိုဆက်သွားရမလဲ စဉ်းစားရသည်။ ဘာဆိုဘာမျှ မသိပါ။ ထို့ကြောင့် အနီးနားတွင်တွေ့သည့် ရဲမေတစ်ယောက်ကို လှမ်းမေးရသည်။ ကျွန်တော်သွားလိုသော လိပ်စာနှင့် မြေပုံကို ပြသည်။ ဘယ်လိုသွားရမည့် အကြောင်းမေးသည်။ ရဲမေက အင်္ဂလိပ်စာကောင်းကောင်းကြီးတော့မရပါ။ ကံကောင်း၍ ကျွန်တော် ပြောသမျှတော့နားလည်သည်။ မြေပုံကို သေချာကြည့်ပြီး။ ဟောင်ကောင်ကျွန်းဖက်သို့ ရောက်အောင် အရင်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားလက်မှတ်သွားဝယ်ကာ ဟောင်ကောင်ထိ အရင်သွားပြီး ထိုရောက်မှ ဆက်မေးကာ သွားရန်လမ်း ညွှန်ပါသည်။
ကျွန်တော်လည်း ကျေးဇူးတင်စကားဆိုပြီး ထိုရဲမေလမ်းညွန်ရာအတိုင်း ရထားလက်မှတ်ဝယ်ရန် အရင်ကြိုးစားရသည်။ လက်မှတ်ရောင်းသည့် ကောင်တာလိုက်ရှာပြီး ဟောင်ကောင်သို့ သွားသည့်ရထားလက်မှတ် ၀ယ်လိုကြောင်းပြောသည်။ လက်မှတ်ရောင်းသည့် စာရေးက အသွားပဲလား (Single trip)၊ အသွားအပြန် (Round Trip) လားဆိုပြီးမေးသည်။ ကျွန်တော်လည်း ပြန်ရမှာပဲ ဆိုပြီး။ အသွားအပြန် လက်မှတ်ရောင်းပေးရန် ပြောလိုက်သည်။ ဟောင်ကောင်ဒေါ်လာ ၁၈၀ ကျသည်။ ထိုလက်မှတ်လေးကို ဓာတ်ပုံ ရိုက်လာသည့် အတွက် ဖော်ပြလိုက်ပါသည်။
ရထားရှိရာဖက်သို့ လမ်းလျှောက်လာစဉ် ဟောင်ကောင်ရဲနှစ်ယောက်က ကျွန်တော့်ကို တားပြီးမေးသည်။
"ဘာလာလုပ်တာလဲ"
"အလည်လာတာ"
"မင့်အိတ်ထဲက ဘာတွေလဲ"
"ဒါက ကျွန်တော့် လက်တော့၊ ဒါက ကျွန်တော့် ကင်မရာ"
"ဟာ မင်း အ၀တ်ဝတ်ဖို့ကရော၊ မင်းရေမချိုးတော့ဘူးလား"
"ဟာ နောက်ကျောပိုအိတ်ထဲပါတယ်ဗျ"
"ဘယ်လောက်ကြာမှာလဲ"
"23 ရက်နေ့ပြန်မှာဗျ"
"အိုကေ ... အိုကေ"
သူတို့ကိုဖြတ်ပြီး ရထားရှိရာရောက်အောင်လာခဲ့သည်။ ရထားနားရောက်သောအခါ အနီးရှိ အနောက်တိုင်းသား များကို မေးရသည်။
"ဒီရထား ဟောင်ကောင်ရောက်လားဗျ၊ ဒီရထားပဲစီရမှာလား"
"ဟုတ်တယ် ဒီရထားပဲစီးရမှာ၊ တို့လည်း စီးမှာပဲ"
"ကျေးဇူးဗျာ"
နောက် ၃ မိနစ်လောက် အကြာတွင် ရထားရောက်လာသည်။ သည်ရထားကတော့ စင်ကာပူ MRT ထက် အတော်ကြီး သားနားသည့် အတွက် ဟောင်ကောင်သည် စင်ကာပူထက် တိုးတက်မှာ သေချာသည်ဟု ထင်မိသည်။ Airport Express ကို ဓာတ်ပုံရိုက်ထားခဲ့သည်။
ဟောင်ကောင်ဘူတာရောက်သောအခါ တက္ကစီငှားလိုက်သည်။ ကျွန်တော် သွားလိုသော သူ့လိပ်စာကို ပြသည်။ မသိသလိုဖြစ်နေသောကြောင့် ကြိုတင် ပြင်ဆင်ခဲ့သည့် အတိုင်း မြေပုံပါပြလိုက်သည်။ ဒရိုင်ဘာနားလည်သွားသည်။ ကျွန်တော် သွားလိုရာသို့ ၁၁း၄၅ လောက်တွင်ရောက်သည်။ ကျွန်တော်ထိုအိမ်ရာရှိရာသို့ ၀င်သွားပြီး လိုက်ရှာသည့် တန်းတွေ့ပါသည်။ ထို့ကြောင့် ကျွန်တော် ဓာတ်လှေကားရှိရာရှာရသည်။ စင်ကာပူနှင့် တူမည်ဟု ယူဆသောကြောင့်ပင်။ သို့သော် စင်ကာပူမှာလို မဟုတ်ပါ။ အစောင့်ရှိသည်။ ဓာတ်လှေကားနားတွင် စောင့်သည့် အစောင့်ထွက်လာပြီး ကျွန်တော့်ကို မေးသည်။ ကျွန်တော်က အခန်းနံပါတ်နှင့် Flat နံပါတ်ပြောပြီး ထိုနေရာသို့ သွားလိုကြောင်းပြောပြလိုက်သည်။ အစောင့်က သဘောကောင်းပါသည်။ ကျွန်တော့်ကို လည်း မြင်မြင်ချင်း ခင်သွားပုံရသည်။ ကူညီရှာပါသည်။ လိုက်ပို့၍တော့ရဟန်မတူပါ။ ဖုန်းဆက်၍ ခေါ်ပေးသည်။
ကျွန်တော့်ကိုလည်း ဖုန်းတိုက်ရိုက်ပြောခိုင်းသည်။ ကျွန်တော်ကတော့ ကျွန်တော်သံယောဇဉ်ကြီးရသော ကောင်မလေးဖြစ်လိမ့်မည်ဟု ထင်ထားသည်။ ကြားလိုက်ရသည်မှာ တရုတ်ကြီးအသံ ကျွန်တော်လည်းနားမလည် သူလည်းနားမလည်။ အစောင့်ကို ဖုန်းပြန်ပေးရသသည်။ ပြီးဓာတ်ပုံထုတ်ပြ၍ သူ့ကို တွေ့လိုကြောင်းပြောသောအခါ အစောင့်က သိသည့်အတွက် ကျွန်တော် မလွဲကြောင်းသေချာသွားသည်။ ဆင်းလာလိမ့်မည်ဟု အစောင့်ကပြောသည်။ အမှန်မှာ သူလည်း အင်္ဂလိပ်စာကို လည်လည်ဝယ်ဝယ် မတတ်ပါ။ သူအင်္ဂလိပ်စကား ကောင်းကောင်း မပြောနိုင်ကြောင်းလည်း ပြောရှာသည်။ ထိုင်စရာနေရာပေးပြီး ကျွန်တော့်ကို ထိုင်စောင့်နေရန်ပြောသည်။ ၇ မိနစ်ခန့် သူညွှန်ပြရာ ထိုင်စရာ အုတ်ခုံလေးတွင် ထိုင်စောင့်ပြီးသော အခါ တရုတ် သားအဖနှစ်ယောက် ဆင်းလာသည်။ ကျွန်တော်သံယောဇဉ်ကြီးရသောကောင်မလေး မဟုတ်ပါ။ သူကတရုတ်လိုပြောသည်။ ကျွန်တော်က အင်္ဂလိပ်လိုပြောသည်။ အဆင်မပြေ။ "ဝေါ်ပုကျိတောက်" ဟု တရုတ်လိုတစ်လုံးတော့ ကျွန်တော် ပြောလိုက်သည်။ ထို့နောက် စင်ကာပူတွင် ရိုက်ထားသော သူ့ဓာတ်ပုံကို ကျွန်တော်ထုတ်ပြပြီး။ သူ့ကို တွေဲလိုကြောင်း ပြောသောအခါ သူသဘောပေါက်သွားပုံရသည်။ သူဖုန်းခေါ်သည်။ ကျွန်တော့်အထင် သူတစ်နေရာရာ သွားနေ၍ဟု လည်းတွေးသည်။ နောက်ထို တရုတ်ကြီး ကကျွန်တော့်အားဖုန်းပေးသည်။ ကျွန်တော့် သံယောဇဉ်မလေး အသံကြားရပါသည်။
"ကဲပြော ...."
" ..... ဆင်းခဲ့တော့ကွာ၊ အခုဟောင်ကောင်ရောက်နေပြီ၊ အိမ်အောက်မှာ ဘယ်သွားနေတာလဲ"
" ..... ပြင်းဦးလွင်ရောက်နေတာ၊ ပြန်တော့"
"ဟာ မနောက်နဲ့ စိတ်ဆိုးတာရှိလည်းပြေတော့ကွာ၊ ခုတကယ် အိမ်အောက်ရောက်နေတာ၊ ဆင်းခဲ့တော့ကွာ၊ စိတ်ဆိုးတာတွေရှိလည်း ကျေနပ်အောင်တောင်းပန်မယ်ကွာ၊ ဆင်းလာခဲ့ပါ။"
"ဟာ ပြင်ဦးလွင်ရောက်နေပါတယ်ဆို၊ ခု IDD နဲ့ခေါ်ထားတာ။ သူများကို အားနာစရာ၊ ပြန်တော့ တကယ်ေ ဟာင်ကောင်မှာ မရှိဘူး၊ ကဲ သူကို ဖုန်းပြန်ပေးလိုက်ဦး။"
သူနဲ့ တရုတ်ကြီး တရုတ်လိုပြောကြသည်။ တရုတ်ကြီးက ကျွန်တော့်ကို ဖုန်းပေးပြန်သည်။
"အင်း ကဲဗျာ ... အဲဒါကြောင့်ပြောတာ အဆက်အသွယ်မလုပ်ပဲပစ်ထားတာကို၊ ခုတော့ တလွဲတွေဖြစ်ကုန်ပြီး။ ဘာလုပ်ရမလဲ။ စိတ်ဆိုးတာရှိလည်း ကျေလိုက်တော့ကွာနော်။ ..... သံယောဇဉ်ကို နားလည်သင့်ပါပြီ။ စိတ်ဆိုးပြေတော့နော်"
"ကဲ ကဲ အီးမေလ်းပို့ထားမယ်၊ ခု ပြင်ဦးလွင်ရောက်နေတယ်၊ သူများအနှောက်အယှက်ဖြစ်တယ် ပြန်တော့၊"
"အေးပါကွာ။ အဲတာတွေနားလည်ပါတယ်။ ဘာဖြစ်ဖြစ်စိတ်ဆိုးတော့ပြေတော့ကွာနော်။ အီးမေးလ် မနက်ဖြန်ပို့ထားမှာလား။ ပို့ဖြစ်အောင်ပို့နော်"
"အင်းအင်း"
"မနက်ဖြန်ဖုန်းဆက်လို့ ရမှာလား၊ ရမယ့်နံပါတ်ပေးကွာ"
"မရဘူး၊ ဒါသူများဆီက ငှားထာတဲ့ဖုန်း မနက်ဖြန် မန္တလေး သွားမှာ။ ဒီမှာရှိမှာ မဟုတ်ဘူး။ မဆက်နဲ့"
"ဟာကွာ .... စကားမပြောရတာလည်းကြလှပြီ၊ ကဲပါ ဘာဆိုဆို စိတ်တော့ မဆိုးနဲ့တော့နော်၊ ကျေနပ်တော့ကွာနော်။"
"အင်းအင်း အီးမေးလ်ပို့ထားလိုက်မယ်"
စကားပြောရတာ မ၀သေးပါ။ IDD call ဖြစ်သည်ဆိုသည့် အတွက် အားနာသောကြောင့် တရုတ်ကြီးကို ပြန်ပေးလိုက်သည်။ ပြီး နံပါတ်ကို မှတ်ထားလိုက်သည်။
နံပါတ်မှတ်ပြီးနောက် လုံခြုံရေးအစောင့်နှင့် တရုတ်ကြီးတို့ကို နှုတ်ဆက်ပြီး။ သွားရန်လုပ်သည်။ လုံခြုံရေးအစောင့်က ဟိုတယ်ရရန်အတွက် စာအုပ်လှန်ပြီး ဘွတ်ကင်လုပ်ပေးရန် ကြိုးစားသည်။ ကျွန်တော်က ကျွန်တော့ဟာ ကျွန်တော်ရှာလိုက်မည့် အကြောင်းပြောပြီး။ ကျေးဇူးတင်ကြောင်းပြောကာ ထွက်လာခဲ့သည်။ အပြင်တွင် တက္ကစီသမားကို တားကာ အနီးဆုံး ဟိုတယ်ကို ပို့ပေးရန်ပြောရသည်။ တက္ကစီသမားကလည်း လိုက်ပို့သော ဟိုတယ်တွင် အခန်းလွတ်မရှိတော့ပါ။ ထို့ကြောင့် ထိုဟိုတယ်တွင် အနီးနား တစ်ဝိုက်ရှိ ဟိုတယ် ရှိလျှင် လမ်းညွှန်ပေးရန်ပြောရသည်။ ဟိုတယ်ဝန်ထမ်း၏ လမ်းညွှန်ချက်အတိုင်း ဆက်ရှာရာ ဟိုတယ်တွေ့သည်။ အခန်းလွတ်မရှိပါ။ နောက် ဟိုတယ် ၄ ခုလောက်ဆက်မေးကြည့်သည် မရ။ ထို့ကြောင့် လမ်းတွင် တွေ့သည့် ဆဲဗင်းအလဲဗင်း ဆိုင်တွင် ၀င်ပြီး Sim ကဒ် ၀ယ်လို့ရလားဟု မေးကြည့်ရာရသည်။ ဟောင်ကောင်ဒေါ်လာ ၆၀ ပေးရသည်။ မှတ်လားခဲ့သော ဖုန်းနံပါတ်ကို ခေါ်ပြီး။
"ဒီမှာ ဟိုတယ်တွေ လိုက်မေးကြည့်တာ အခန်းလွတ်မရှိဘူးတဲ့ကွာ။ မနက်မိုးလင်းတဲ့ထိ နေလို့ရတဲ့ ဆိုင်ရှိရင် ပြောပါဦး"
"ကိုယ်ဟာကိုယ်ရှာ၊ ဒီမှာ ညနက်နေပြီ။ ပြင်ဦးလွင်ရောက်နေတာ။ ဖုန်းက သူများဆီက ငှါးထာတာ ခေါ်မနေနဲ့။"
"အေးပါကွာ။ အီးမေးလ် ပို့ထားလိုက်နော်။"
ကျွန်တော် ဖုန်းချပြီး အဆင်ပြေမည့် နေရာလိုက်ရှာရသည်။ လမ်းလျှောက်ရင်း စင်ကာပူမှ သူငယ်ချင်းထံ အဆင်ပြေကြောင်းဖုန်းဆက်သေးသည်။ ဟိုတယ် တစ်ခု တွင် ဆက်မေးရာ အခန်းလွတ်မရှိတော့ကြောင်းပြောသည်။ ထို့ကြောင့် ကျွန်တော်က "တစ်ညတာ မနက်ထိနေနိုင်သော နေရာ ဘယ်နားရှိလဲဗျာ" ဟု မေးကြည့်ရာ "အနှိပ်ခန်းသွားနေ ဒီလမ်းအတိုင်းလျှောက်သွား။ ကောင်မလေးတွေလည်းရှိတယ်။" ဟု ပြန်ဖြေသည်။ ကျွန်တော် ရယ်ချင်သွားသည်။ ထို့ကြောင့် ဆက်မေးလည်း မထူးလောက်တော့ဟု ယူဆကာ ခြေဦးတည့်ရာ ခဏလျှောက်လိုက်သည်။ Mcdonald ဆိုင် တစ်ခုကို တွေသည်။ ဗိုက်ဆာသလိုရှိသည်နှင့် ၀င်ပြီး အာလူးကြော်နှင့် ကိုကာကိုလာ ၀ယ်သောက်နေလိုက်သည်။ သောက်နေရင်း သတိထားကြည့်မိရာ ၂၄ နာရီဖွင့်သော ဆိုင်ဖြစ်ကြောင်းတွေ့ရသည်။ ထို့ကြောင့် အေးဆေးထိုင်ပြီး အချိန်ဖြုန်းနေနိုင်သောကြောင့် တစ်ညတာ ပူစရာ မလိုမှန် သိလိုက်သည်။ စားစရာကုန်သွားသော အခါ အားလူးကျော်နှင့် ကိုကာကိုလာ ထပ်မှာပြီး အေးဆေးစားနေသည်။ ကင်မရာကတ်တလောက် ယူလာသောကြောင့် ထုတ်ဖတ်ပြီး။ အော်တိုရိုက်သည့် စနစ်ကို လေ့လာကြည့်သည်။ သိသောအခါ အမှတ်တရ ရိုက်ထားဦးမှ ဟု ဆုံးဖြတ်ကာ အောက်မှ ပုံကို အမှတ်တရ ရိုက်ထားလိုက်သည်။
Mcdonald ဆိုင်းတွင်းမှ အမှတ်တရ
ပထမတစ်ညတာ အချိန်ကုန်ဆုံးစေခဲ့သော ၂၄ နာရီဖွင့်သည့် Mcdonald ဆိုင်ကလေး
Mcdonald ဆိုင်ကလေးထဲတွင် အင်တာနက် သုံးလိုသောကြောင့် လပ်တော့ပ်ဖွင့်ပြီး ၀ိုင်ယာလက်နက်ဝပ်ရှာကြည့်သည်။ Wi Fi စနစ်ဖြင့် လွင့်ထားသော Network ကိုတွေ့ပါသည်။ အတော်များသည်။ ၀င်ချိတ်ကြည့်သော အခါ အင်တာနက်သုံးရန်အတွက် User Name နှင့် Password တောင်းသည်။ ကျွန်တော် လက်လျှော့လိုက်သည်။ အနောက်တိုင်းသားလူငယ်တစ်ယောက်လည်း လက်တော့ပ် တစ်လုံးထုတ်ခါ ကလိနေသည်ကို တွေ့သည်။ သူက ဘာလုပ်နေမှန်းမသိ။ ၃ နာရီလောက်ထိုးသောအခါ ဆိုင်ထဲတွင် ထိုင်ရသည်မှာ ပျင်းလာသောကြောင့် အပြင်ဖက် ထွက်ရန် ဆုံးဖြတ်ပြီး။ ညဖက် အပျင်းပြေ ဓာတ်ပုံလိုက်ရိုက်သည်။
ဟောင်ကောင် ညခင်းရှုခင်းဟောင်ကောင် ညခင်းရှုခင်း
လမ်းတွင်တွေ့သော ကာမှတ်တိုင်ရှိ ထိုင်စရာ ခုံလေးတွင် အမှတ်တရ
ဟိုဟို သည်သည်လျှောက်သွားရင်း ရှုးရှုးအရမ်းပေါက်ချင်လာသည်။ ကိုကာကိုလာတန်ခိုးလည်ဖြစ်မည်။ ဟိုတယ်ရလျှင် ဟိုတယ်တွင် ကိစ္စရှင်းရန် ဆုံးဖြတ်ထားသော်လည်း အထမမြောက်ခဲ့။ ထို့ကြောင့် အိမ်သာ တွေ့လိုတွေ့ညား လိုက်ရှာကြည့်သည်။ တစ်လမ်းဝင် တစ်လမ်းထွက်။ စင်ကာပူတွင် ဘူတာတိုင်း၌ အိမ်သာရှိသောကြောင့် ဘူတာလိုက်ရှာသည်။ သင်္ကေတကို နားမလည်သေးသောကြောင့် ဘူတာကို ဘူတာမှန်းလည်းကောင်းကောင်း မသိပါ။ ပိတ်ထားသည် ဟုလည်း ထင်ပါသည်။ ရထားဘယ်အချိန်ပိတ်မှန်းလည်း ကျွန်တော် မဖတ်ခဲ့ပါ။ ကြိုတင်ကြည့်ခဲ့လျှင်ရပါသည်။ ထို့ကြောင့် ကင်မရာအတွက် ဓာတ်ခဲလိုသောကြောင့် ဓာတ်ခဲဝယ်ထားမည်ဟု ဆုံးဖြတ်ကာ ဆဲဗင်းအလဲဗင်းဆိုင်တွင် ၀င်ဝယ်သည်။ ထိုဆိုင်တွင် တရုတ်ကလေးရောင်းသည်။ ကျွန်တော်က အနီးအနားတွင် အိမ်သာရှိသလားဟု မေးကြည့်ရာ သူနားမလည်ပါ။ သူကြည့်ရသည်မှာ ကျွန်တော့်ကို ကူညီချင်နေဟန်တူသည်။ စာအုပ်ကလေးနှင့် ဘောပင်ယူလားပြီး စာရေးပြရန်ပြောသည်။ ကျွန်တော်ရေးပြလိုက်တော့ သူနားလည်သွားသည်။ ခဏစဉ်းစားပြီး ဆိုင်းအတွင်းဖက်ရှိ အိမ်သာတွင် ကိစ္စရှင်းရန်ကူညီပေးသည်။ ကျွန်တော်လည်း အိတ်ကို အပြင်တွင် ထားခဲ့ပြီး။ ရှုးရှုးပေါက်ရန် သူနှင့် အတူဝင်သွားသည်။ အင်း ခုမှပဲအေးတော့တယ်ဟု တွေးကာ သူခေါ်ရာလိုက်သွားသည်။ အိမ်သာသို့ မရောက်သေးပါး သူခေါ်ရာ အခန်းထဲဝင်စဉ်မှာပင် ပြဿနာစတော့သည်။ သူတို့အိမ်သာမှာ အခန်းထောင့်တွင် အခန်းနှင့်တွဲလျက် ဆောက်ထားခြင်းဖြစ်သည်။ ကံဆိုးသည်က အိမ်သာထဲတွင် တရုတ်မ အဖွားအိုကြီးက အိမ်သာတံခါးမပိတ်ပဲ အိမ်သာတက်နေသည်။ ကျွန်တော့်ကို မြင်တော့ တရုတ်လိုအော်တော့သည်။ ကျွန်တော် နားမလည်ပါ။ ကျွန်တော့်ကို ခေါ်လာသော တရုတ်ကလေးလည်း ပျာပျာသလဲဖြစ်သွားတော့သည်။ ကျွန်တော်လည်း ကမန်းကတမ်းအပြင်ပြန်ထွက်ကာ အိတ်ကောက်လွယ်ပြီး ထွက်ရန်ပြင်ရတော့သည်။ ဘာဖြစ်ဖြစ် တရုတ်ကလေးကိုတော့ "ရှဲရှဲနိ၊ Thank you very much" ဟုတော့ ပြောလိုက်ပါသည်။ သူ့ကို ကျွန်တော် တကယ်ကျေးဇူးတင်ပါသည်။ သူကို တော့ ကျွန်တော် အားနာမိသည်။ သနားလည်း သနားပါသည်။ ကျွန်တော် ဆိုင်ပြင်ထွက်လာချိန်တွင် တရုတ်အဖွားကြီးထွက်လာကာ သူကို ဆူနေသည်။ သူက မျက်နှာငယ်လေးဖြင့် ရှင့်ပြနေရှာသည်။ ကျွန်တော် ထိုတရုတ်လေးကို အားနာလိုက်သည့် ဖြစ်ခြင်း။ တရုတ်အဖွားကြီးကတော့ ရှက်ရမ်းရမ်းပြီး ဒေါသထွက်ကာ ဆူနေလေပြီ။
ထိုနောက်ရောက်လိုရာရောက် လမ်းဆက်လျှောက်သည်။ တစ်နေရာတွင် ထိုင်စရာတွေ့၍ အေးဆေးထိုင်နေလိုက်သည်။ တက္ကစီများ ပတ်ကင်ထိုးသော နေရာဖြစ်သည်။ ဘတ်စ်ကားဂိတ်လည်း ဖြစ်သည်။ ထို အနီးနားရှိ အမှိုက်ပုံးလေးပေါ် ကင်မရာကို တင်ပြီး အမှတ်တရိုက်ထားလိုက်သည်။ မိုးလည်း လင်းလုပြီဖြစ်သည်။
မိုးလင်းခါနီး ထိုင်ခဲ့သည့် ဘတ်စ်ကားမှတ်တိုင် မိုးလင်းခါနီး ထိုင်ခဲ့သည့် ဘတ်စ်ကားမှတ်တိုင်မှ ကြော်ငြာနောက်ခံနှင့်အတူ
ထိုကားမှတ်တိုင်တွင် အင်တာနက် လှမ်းချိတ်ကြည့်ရာ ရသည်။ Gmail မှ တဆင့် သူငယ်ချင်းများထံ နှုတ်ဆက်ပြီး။ လျှောက်လည်မည့် အကြောင်း မက်ဆေ့ဂ် ချန်ထားသည်။ အွန်လိုင်းပေါ်တွင် ကိုကျော်စွာမြင့်ကို တွေ့သည့် အတွက် အကျိုးအကြောင်းလေးပြောပြဖြစ်သည်။
ထိုကားမှတ်တိုင်တွင် အင်တာနက် လှမ်းချိတ်ကြည့်ရာ ရသည်။ Gmail မှ တဆင့် သူငယ်ချင်းများထံ နှုတ်ဆက်ပြီး။ လျှောက်လည်မည့် အကြောင်း မက်ဆေ့ဂ် ချန်ထားသည်။ အွန်လိုင်းပေါ်တွင် ကိုကျော်စွာမြင့်ကို တွေ့သည့် အတွက် အကျိုးအကြောင်းလေးပြောပြဖြစ်သည်။
ကာဂိတ်တွင် မနက်မိုးလင်ခါနီး အင်တာနက် ခဏသုံးနေစဉ်
(ဤပုံရိုက်ပြီးသောအခါ ၇ နာရီထိုးပြီဖြစ်သောကြောင့် ဟိုတယ်ရှာရန် ထွက်လာခဲ့တော့သည်။)
လမ်းတွင်တွေ့ရသော ဟောင်ကောင် အဆောက်အဦးများ
အချိန်ကလည်း ၇ နာရီရှိပြီဖြစ်သောကြောင့် ဟိုတယ်ရှာရန် တစ်ခါ လုံးပမ်းရပြန်သည်။ ဟိုတယ် ၆ ခုခန့်လိုက်မေးသည် အားလုံးပြည့်နေသည်။ "ဟုတ်ရော ဟုတ်လို့လားကွာ" ဟု စိတ်ထဲဖြစ်လာသည်။ မိမိ ငှားသည့် ပုံစံ လွဲနေနိုင်သည် ဟုလည်း စဉ်းစားမိသည်။ ထို့ကြောင့် ပုံစံပြောင်းရန်စဉ်းစားသည်။ ထိုကိစ္စကို ဘယ်လိုရှင်းလျှင်ရသည်ကို သိသည့်အတွက် ခဏထားလိုက်သည်။ လောလောဆယ် ရှုးရှုးပေါက်ရန် အရင်ရှာရမည်။ အိမ်သာရှာသည့် နည်းလမ်းလည်း ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ မနက်လည်း လင်းပြီ ဖြစ်သောကြောင့် ဆိုင်အချို့လည်း ဖွင့်ကြပြီ။ တစ်နေရာတွင် ဈေးတန်းလိုလို နေရာတွေ့သည်။ အိမ်သာရှိတတ်သော အနေအထားတွေသည့် အတွက် စွတ်ရွတ်ဝင်သွားလိုက်သည်။ သည်တစ်ခါတော့ ကျွန်တော်ကံကောင်းသွားသည်။ အိမ်သာ တကယ်တန်းတွေ့သည်။ ကိစ္စရှင်းစရာ ရှင်းလိုက်သည်။ အားလုံး အိုကေ ပေါ့ပါးသွားတော့။ လူလည်း အားရှိပြီး လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ ထို့ကြောင့် အပျင်းပြေ ဟောင်ကောင်လမ်းတစ်လျှောက် ကုန်းကြောင်းလျှေက်ရင်း ထိုတစ်ညတာကုန်လွန်ခဲ့ပုံကို ပြုံးမိသည်။ ...
3 comments:
ဟားဟား.. ဖြစ်မှဖြစ်ရလေကိုစိုင်းရယ်..ချစ်တော့လဲဒီလိုပဲပေါ့.. ကိုယ်ချင်းစာပါတယ်ဗျာ..
တော်တော်ရက်စက်တဲ့ကောင်မလေး..
zzzzz2018.8.16
pandora charms outlet
red bottom
dsquared2
pandora charms
coach outlet
christian louboutin shoes
salomon
dsquared
ugg boots
off white shoes
Post a Comment