July 27, 2008

ဒို့နှစ်ယောက်ရဲ့  အိပ်မက်




ကောင်မလေးရေ ...


နင်ဟာ ငါ့ရဲ့  အိပ်မက်လေးတစ်ခု။


ငါ့အိပ်မက်မှာ ...


အပြာရောင်ကောင်းကင်ကြီးပါတယ်


ငွေရောင်တိမ်စိုင်တွေလည်းပါတယ်


ကြယ်တွေစုံတဲ့ညလည်းပါတယ်


နှင်းဝေတဲ့ နံနက်ခင်းပါတယ်


ပုဇွန်ဆီရောင်ညနေချမ်းလည်းပါတယ်


လေတ၀ူးဝူးနဲ့ ကမ်းနဖူးလေးလည်းပါတယ်။


ကောင်မလေးရေ ...


အပြာရောင်ကောင်းကင်ကြီးမှာ


ငှက်ငယ်လေးတွေ ကမြူး


စွန်တစ်ကောင်ကို ကြိုးဖြေလျော့ပြီး


သွားလိုရာသွားဖို့လွတ်


ပြန်လာဖို့ ဘီးကိုရစ်


သြော် .... ငါဖြစ်စေချင်သလို


သူပြန်လိုက်သွားလိုက်


ရေလိုက် ငါးလိုက်။


ကောင်မလေးရေ ...


ငွေရောင်တိမ်စိုင်တွေက


ဆင်ရုပ်ကြီးထင်တော့


နင့်ပျော်တယ်ပေါ့ 


ငါလေ နင်ပျော်စေဖို့


တိမ်တွေကို လိုရာစု


ချာလီချာပလင် အတုလုပ်ပြီး


နင့်ကို တိမ်ရုပ်ရှင်ပြချင်တယ်


နင်ပျော်မှာသေချာတယ်။


ကောင်မလေးရေ ...


ကြယ်တွေစုံတဲ့ညမှာ


နင်နဲ့ငါ ငါနဲ့နင်


ကြယ်တွေကို မရေနိုင်မှန်းသိပေမယ့်


ရေရေ ကြည့်ကြမယ်


၁ ကနေ စမယ်


၁၅၀၀ ပြည့်ရင် အကြည့်ချင်းဆုံရော


ကဲ နင်ရင်တွေခုန်နေရောမဟုတ်လား။


ကောင်မလေးရေ ...


နှင်းတွေဝေနေတဲ့ နံနက်


ကန်ဘောင်လေးတစ်ဖက်တစ်ချက်က


လမ်းသွယ်သွယ် သေးသေးမှာ


နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့


ဘေးချင်းယှဉ်ပြီး လမ်းတွေလျှောက်


ပန်းတွေကောက်


ပန်းတွေသီပြီး နင့်ကိုပေး


နင်ပြုံးပြုံးလေးနဲ့ပန်


ကဲ ဘယ်လောက်များ ကဗျာဆန်လဲ။


ကောင်မလေးရေ ..


ပုဇွန်ဆီရောင် ညနေချမ်းမှာ


သစ်ရိပ်အေးအေးမှာ


ငါကထိုင် ငါ့ရင်မှာနင်ကမှီ


တီတီတာတာတွေ နင်ကပြော


ငါတော့ အမောကိုပြေပါရော။


ကောင်မလေးရေ ...


လေတ၀ူးဝူးနဲ့ ကမ်းနဖူးလေးမှာ


တို့နှစ်ယောက် တူယှဉ်ရပ်


လက်တွေတွဲ လေတွေထဲဖြန့်လိုက် ဆန့်လိုက်


ရယ်လိုက် ပြောလိုက် ပြောလိုက် ရယ်လိုက်


ခုခါလေးမှာ ဘာကိုမှ ဂရုစိုက်ပါနဲ့


လောကရဲ့  သားနဲ့ သမီးငယ်


နင်ရယ်ငါရယ် ငါရယ် နင်ရယ်


အပူတွေ အဆူတွေ ခဏမေ့ပြီး


ပင်လယ်ကြီးနဲ့ အော်အော်ပြီး စကားပြောမယ်


ပင်လယ်ကြီးကို ချစ်တဲ့အကြောင်း


လောကကြီးကို ချစ်တဲ့အကြောင်း


နင့်ကို ငါချစ်ကြောင်း


ငါ့ကို နင်ချစ်ကြောင်း


ကဲ .... ဘယ်လောက်များ ကောင်းလိုက်လဲ။


နင်လည်း ငါ့အချစ်တွေသိတော့


ငါလည်း နင့်အချစ်တွေ သိရောပေါ့။


ဒါတွေ ဒါတွေက


နင်ပေးတဲ့ ငါ့အိပ်မက်


ငါပေးတဲ့ နင့်အိပ်မက်


ဒို့နှစ်ယောက်ရဲ့  အိပ်မက်ပဲပေါ့။



2 comments:

Anonymous said...

နှစ်ယောက်တစ်အိပ်မက်....

ရွှန်းမီ said...

:-)
Wish u accomplish your dreams!