July 13, 2008

အဖေပြောပြတဲ့ အဖေ့ပုံပြင် (၃)

ကျွန်တော် ၆ နှစ်သားလောက်က ကျွန်တော်တို့မြို့ ကို သွားတဲ့ အင်းတော်-ဗန်းမောက် ကားလမ်းဟာ တော်တော်ဆိုးပါတယ်။ ၂၈ မိုင်လို့သာပြောပေမယ့် တစ်နေကုန်အောင် ကားစီးရပါတယ်။ ကားတွေက ဂျီအမ်စီ ကုန်တင်ကားကြီးတွေ။ လူတွေက အမိုးပေါ်၊ ဘေးဖက်ကားနံရံတွေမှာ တွယ်လိုက်။ အတော်ကြောက်စရာကြီးပါ။ ကျွန်တော်တို့ မြို့ နဲ့ ၅ မိုင်လောက် အကွာမှာ ကျွဲကောကြီးလို့ခေါ်တဲ့ရွာရှိပါတယ်။ ဟိုး … ကျွန်တော်တို့ ဘိုးဘွားတွေ လက်ထက်က မိုးတွင်းရေများချိန် လှေ၊ ဖောင်ဆိုက်ကပ်ရာ ရွာလေးပေါ့။ အဖေဖက်က အဘိုး ဦးငွေပြောင်း ဆိုတဲ့ ကျွန်တော်တို့ အဘိုးက ၀ါးနဲ့ စပါး ကုန်သည်ပါ။ အဘိုးမှာ ထွန်းပွဲ (အဖေရဲ့  အဖေ၊ ကျွန်တော့် အဖိုး) နဲ့ ထွန်းရှိန် (အဖေ့ဘဒွေး၊ ကျွန်တော်တို့ အဖိုးလေး) ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ အဖိုးဦးထွန်းပွဲကို အိုက်ပွဲ လို့လည်း ခေါ်ကြပါတယ်။ ရှမ်းဘာသာမှာ “အိုက်” ဆိုတာ သားကြီးတွေအတွက် သုံးတာလေ။ လမ်းအကြောင်းပြောရင်းနဲ့ အဖိုးတွေ အကြောင်းရောက်သွားတယ်။ အဖိုးဦးထွန်းပွဲက သားအကြီး၊ အရွယ်ရောက်တော့ အဘိုးဦးငွေပြောင်းရဲ့  ၀ါးနဲ့  စပါးဖောင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ရတယ်။ ဗန်းမောက်ကနေ မန္တလေးထိ မိုးအခါ ဖောင်စုန်ပြီး စပါး နဲ့ ၀ါး သွားရောင်တာ။ စပါး နဲ့ ၀ါး က ဗန်မောက်နယ်ထွက်လေ။ ခုလည်း ထွက်တုန်းပါပဲ။ ၀ါးကို နွေအခါ တောင်ပေါ် တောထဲက ခုတ်ပြီး ချောင်းထဲ အရောက်သယ် ဖောင်ဖွဲ့ထားကြတယ်။ မိုးအခါရေတက်လာတော့ မဲဇာချောင်းအရောက်တဖြည်းဖြည်းဖောင်စုန်၊ အဲဒီက တဆင့်ဧရာဝတီမြစ်ထဲ … မန္တလေးရောက်တဲ့ အထိပေါ့ အကြာကြီးလေ။ အဖိုးဦးထွန်းပွဲဟာ ဖောင်မှာ ဦးစီးပြီးလိုက်ရင် ငြီးငွေ့ဖွယ်ကောင်တဲ့မြစ်ပြင်ကျယ်ရေရှည်ခရီးမှာ ဖောင်သမားတွေနဲ့ ပေါင်းမိပြီး ဘိန်းစွဲလာတယ်။ ဘိန်းဟာ အဖိုးဘ၀နဲ့ မိသားစု တစ်ခုလုံးကို မွဲပြာကျစေခဲ့တယ်။ ကျွန်တော်တို့ အဘိုးဦးငွေပြောင်း ရှာသမျှဟာ သားနှစ်ဦးဖြစ်တဲ့ ဦးထွန်းပွဲ နဲ့  ဦးထွန်းရှိန်လက်ထဲမှာ ပျောက်ပျက်ခဲ့ရတယ်။ ဦးထွန်းရှိန်ကလည်း ဖဲသမားဖြစ်ခဲ့တယ်လေ။ အဖေပြောပြလို့ သိရတာတွေပါ။ သင်ခန်းစာတွေပေါ့။
ဘိန်းစားသားဘ၀ ကျွန်တော်တို့ အဖေဘ၀ဟာ အတော်ကြမ်းတမ်းပါတယ်။ ပညာကို ကောင်းကောင်းသင်နိုင်ဖို့၊ ထမင်းနပ်မှန်အောင်မိသားစုကို ရှာဖွေကျွေးမွေးဖို့၊ လူတစ်လုံး သူတစ်လုံးဖြစ်လာဖို့ ….
အဖေတို့မှာ မွေးချင်းမောင်နှမ ၆ ယောက်ရှိပါတယ်။ ဘယ်သူမှ ဘိန်စား၊ ဆေးသမားအဖြစ်နွံမနစ်ကြပြန်တော့ဘူး။ သူတို့ အဖေ ကျွန်တော်တို့ အဖိုးရဲ့  ဘ၀ဟာ သူတို့ကို လိမ္မာစေခဲ့ပါတယ်။ အဖေပြောပြောပြတတ်တော့ လူပေါင်းအရေးကြီးတဲ့ အကြောင်း ကျွန်တော် ဆင်ခြင်လာတတ်ခဲ့ပါတယ်။ အဖေဟာ သူ့ဖေဖေ ဘိန်းစား ကျွန်တော့် အဖိုးကို တော်တော်ချစ်တယ်။ အဖိုး အကြောင်းတွေ တစ်ခါ တစ်ခါ လွမ်းလွမ်းဆွေးဆွေး ပြောပြတတ်တယ်။ သူတို့ သားအဖ ပြောခဲ့ကြ လုပ်ခဲ့ကြတဲ့ အကြောင်းလေးတွေ။

(ဆက်ရေးပါမည်။)