အဖွားအကြောင်းဆက်ဦးမည်။ အဖွားသည် အသားဖြူသည်။ မျက်စိမှုန်သည်။ ငယ်ငယ်က စက်ချုပ်ပြီး အဖေတို့ မောင်နှမ တစ်တွေကို ရှာကျွေးခဲ့သည်။ အကြော်ရောင်းခဲ့သည်။ သူကြီးသမီးအဖွားသည် ဘိန်းစားအဖိုးကြောင့် အကြော်သည် တဖြစ်လဲခဲ့သည်။ အမှန်တော့ အဖိုးလည်း ဆင်းရဲသူမဟုတ်ပါ။ အဖိုးတို့ ညီအစ်ကို ၂ ယောက်တည်းတာရှိသည်။ထွန်းပွဲ နှင့် ထွန်းရှိန်၊ ညီအစ်ကို ၂ ယောက်။ ရှမ်းတို့ဘာသာအရ သားအကြီးကို အိုက် ထဲ့ခေါ်သောကြောင့် အဖိုးကို သူ့သူငယ်ချင်းများက အိုက်ပွဲ ဟုသာခေါ်သည်။အဖိုးတို့ ညီအစ်ကို ငယ်စဉ်က ကျွန်တော်တို့ အဘိုး ဘိုးငွေပြောင်းက ချစ်သည့်အတွက် ညီအစ်ကို ၂ ယောက် ဝေးဝေးမသွားစေရန် ခြေထောက်တွင် ခြူဆွဲပေးထားသည်ဟု ဆိုသည်။ ခြူသံဝေးသွားလျှင် လိုက်ခေါ်သည်
ဟုဆိုသည်။ အဖိုးတို့ ညီအစ်ကို က ဝေးဝေးသွားကစားလိုသည့် အတွက် ခြူထဲတွင် အ၀တ်များသိပ်ကာ အသံမမြည်အောင်လုပ်ပြီး ပြေးကြ၊ သွားကစားကြသည်ဟု ကြားဖူးသည်။ ဘမျိုးဘိုးတူ ဖြစ်ဟန်တူသည် ကျွန်တော်လည်း ဗန်းမောက်မျောက် အမည်တွင်ခဲ့ဖူးသည်တမုံ့။