November 16, 2010

သျှမ်းမော်ဒယ် (၄)

သျှမ်းမော်ဒယ် (၃)

သျှမ်းမော်ဒယ် (၂)


သျှမ်းမော်ဒယ်မလေးတစ်ဦး

သျှမ်းမော်ဒယ် (၁)


ယနေ့ စင်ကာပူရောက် သျှမ်းလူငယ်မောင်မယ်များ ဓာတ်ပုံရိုက်ကြသည့်အတွက် ကျွန်တော်လည်း အပျော်တမ်းသွားရိုက်ဖြစ်သည်။ ကင်မရာမင်းအဖြစ်။ မော်ဒယ် မောင် မယ်များကို တော်တော်များများရိုက်လာခဲ့သည်။ တိုက်ကြို တိုက်ကြား။ ကျွန်တော်ကတော့ တောကြို တောကြားပဲကြိုက်သည့် အတွက် တောကြို တောကြားပြောင်းပလိုက်သည်။ 
ကျွန်တော်ဟာ ကျွန်တော်တော့ အဆင်ပြေနေသည်။
နောက် သျှမ်းမောင်မယ် ပုံများလာဦးမည်။

October 4, 2010

သမီးလေးဖတ်ဖို့

သမီးလေး ....
သမီးလေးတောင် ၃ လ ပြည့်ပြီးသွားပြီ။ သမီးမေမေပြောပြတာ သမီးလေး မှောက်တတ်နေပြီတဲ့။ သမီးမေမေ နဲ့ သမီးလေး နေကောင်းကျန်းမာကြတာ သိရလို့ ဖေဖေ ဝမ်းသာပါတယ်။ ဟိုး  .. တစ်ပတ်လောက်ကပေါ့။ မှတ်မှတ်ရရ သမီးလေး ၃ လတိတိပြည့်တဲ့နေ့ပေါ့။ အားအင်ရှိလာတဲ့ သမီးက မှောက်ဖို့ကြိုးစားတော့။ ခေါင်းမနိုင်သေးတဲ့ သမီးကို သမီးမေမေက စိုးရိမ်တာပေါ့။ ညညဆို သမီးကို မအိပ်ပဲ စောင့်ကြည့်နေသတဲ့။ မေမေ အိပ်နေတုန်းသမီးလေး မှောက်ဖို့ကြိုးစားရင်း နှာခေါင်းပိတ်ပြီး သမီးလေး သေမှာ စိုးလို့တဲ့ သမီးလေးရေ။ အဲသမီးလေး ခုလေးတင် "သေ" ဆိုတဲ့ စကားလုံးကို သမီးအတွက် သုံးပြဖို့ ဖေဖေ တွန့်သွားတယ် သမီး။ ဒါပေမယ့် သမီးလေးကို ရင့်ကျက်စေချင်တယ်။ လူတိုင်း မရှောင်နိုင် မလွှဲနိုင်တဲ့ ကိစ္စကို ကြောက်တာတစ်ခုတည်းနဲ့ မသိစေဘူး ဆိုလည်း မဟုတ်သေးပါဘူးကွယ်။ ဖေဖေငယ်ငယ်ကဆို ဒီ သေ ဆိုတဲ့ စကားလုံးကို အတော်ကြောက်တာကိုး။ သေသွားတဲ့လူက ဖေဖေတို့ ဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ သိခဲ့ရတာကိုး။

ဒီနေ့ သမီးလေးအတွက် ဖေဖေ ဖတ်မိတဲ့ စာစုထဲက တစ်ချို့ကိုသမီးလေး ဖတ်မိစေချင်လို့ရေးထားတာ။ ဖေဖေတို့ ဗုဒ္ဓဘုရားရှင်က သူ့သားတော် ၇ နှစ်သားအရွယ် ရာဟုလာကို ဆုံးမတဲ့ စကားလေးသမီးရဲ့။ ဒီစာ ဒီစကားတွေ မပျောက် မပျက်အောင် နှစ်ပေါင်း ၂၅ဝဝ ကျော် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ သံဃာတော်တွေရဲ့ ကျေးဇူးကို သမီးလေး တစ်နေ့ နားလည်တတ်လာပါလိမ့်မယ်။ နားလည်အောင်လည်း ဖေဖေ ပြောပြဦးမယ်လေ။ သမီးလေး ..... ဗုဒ္ဓဘုရားက သူ့သားတော် ရာဟုဟာကို ဆုံးမတာ အဆီအနှစ်သိပ်ပြည့်ဝတယ်။ အတုယူဖို့ သိပ်ကောင်းတယ် သမီးလေး။ တစ်သက်လုံးအတွက် လိုက်နာရမယ့် နည်းလမ်းကို လွယ်လွယ်နဲ့ ရှင်းရှင်းလေးချပြတယ်။

အဲဒီအချိန်တုန်းက ရာဟုလာက ၇ နှစ်သားပဲရှိသေးတယ်။ ငယ်ငယ်လေးပေါ့။ ခုခေတ်နဲ့ပြောမယ်ဆို ဒုတိယတန်း အရွယ်ပဲ ရှိသေးတယ်။ သိပ်ငယ်လွန်းသေးတာပေါ့။
ကြေးမုံပြင်နဲ့ ဥပမာပေးပြီးဆုံးမတယ် သမီးလေး။ ဆုံးမပုံက ..

ဘုရားရှင် ။          ။ ရာဟုလာ ကြေးမုံပြင်သည် အဘယ်အကျိုးရှိပါသနည်း။
ရာဟုလာ ။          ။ အပြစ်ကို ဆင်ခြင်နိုင်ခြင်း အကျိုးရှိပါသည် ဘုရား။
ဘုရားရှင် ။          ။ ရာဟုလာ ဤနည်းအတိုင်းပင် ကိုယ်ဖြင့်လုပ်ရမည့်အလုပ်၊ နှုတ်ဖြင့် လုပ်ရမည့်အလုပ်၊ စိတ်ဖြင့်လုပ်ရမည့်အလုပ် တို့ကို လုပ်ရမည်။ ရာဟုလာ ကိုယ်ဖြင့် အလုပ်လုပ်မည်ရှိသောအခါ ငါပြုသော ဤကာယကံမှုသည် မိမိအတွက်လည်း ဆင်းရဲပင်ပန်း၊ သူတစ်ပါးအတွက်လည်း ဆင်းရဲပင်ပန်းဖြစ်မည်လား ဟု ဆင်ခြင်ရမည်။ ရာဟုလာ ဤသို့ဆင်ခြင်သောအခါ မိမိလည်းဆင်းရဲ သူတစ်ပါလည်း ဆင်းရဲဖို့ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေ၍ ဆင်းရဲသောအကျိုးရှိသည်ဟု သင်ထင်မြင်လျှင် ဤသို့သော ကာယကံကို သင်သည် မည်သည့်နည်းနှင့်မျှ မပြုသင့်။ ရာဟုလာ အကယ်၍ သင်ဆင်ခြင်သောအခါ မိမိလည်းဆင်းရဲ၊ သူတစ်ပါးလည်း ဆင်းရဲဖို့မဖြစ်။ ချမ်းသာခြင်းကို ဖြစ်စေ၍ ချမ်းသာသောအကျိုးရှိသည်ဟု သင်ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မချွတ်ပြုရမည်။ နှုတ်ဖြင့်ပြောသော ဝစီကံ၊ စိတ်ဖြင့်ကြံသော မနောကံ တို့ကိုလည်း ထိုနည်းတူပင် ပြုသင့်မပြုသင့် ဆင်ခြင်၍ မိမိသူတစ်ပါးဆင်းရဲခြင်းကင်း၍ ချမ်းသာခြင်းအကျိုးကိုဆောင်သော အမှုကိုသာ ပြုရာ၏။

လို့ ဆုံးမ သတဲ့ သမီးလေးရေ။
 ဖေဖေတော့ ဖတ်ဖတ်ပြီးချင်း သဘောကျသဗျ။ ကြေးမုံပြင်နဲ့ ဥပမာပေးတာက ကံ၊ ကံ၏အကျိုးကို ပြောပြချင်လို့ပဲသမီး။ ကြေးမုံလို့ခေါ်တဲ့ ကြည့်မှန်ဟာ သမီးလေးလို မိန်းကလေးတစ်ယောက် အနေနဲ့ နေ့စဉ် သုံးဖြစ်မယ့် အသုံးအဆောင်ပစ္စည်ပေပဲ။ သမီးလေး မှန်ကြည့်တုန်း သမီးလေးမျက်နှာ ပြုံးတဲ့အခါ မှန်ထဲက မျက်နှာလေးပြုံးမယ်။ သမီးလေးမဲ့လိုက်တဲ့အခါ မှန်ထဲက သမီးအရိပ်လည်း မဲ့မှာပေါ့ကွယ်။ သဘောကတော့ ကိုယ်ပြုခဲ့သလို ကိုယ်ပြန်ရမှာပါပဲ။ တစ်ချိန်ချိန်က မကောင်းမှုပြုခဲ့ဖူးရင် မကောင်းမှုအကျိုးကို ကိုယ်ပဲခံစားရလိမ့်မယ်။ ကောင်းမှုကို ပြုခဲ့ရင်လည်း ကောင်းမှုအကျိုးကိုယ်ပဲ စံစားရလိမ့်မပေါ့ကွယ်။ သမီးရေ လူတိုင်းလူတိုင်း ကောင်းမှု၊ မကောင်းမှု ပြုခဲ့ကြဖူးမှာချည်းပါပဲကွယ်။ မကောင်းမှု အပြစ်တွေကို သမီးခံစားရတဲ့အခါ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ ဆင်ခြင်တတ်ဖို့ လိုမယ်။ အဲဒီလို သူများ ဆင်းရဲစေမယ့် အလုပ်မျိုး မလုပ်မိစေဖို့ ကိုယ့်ကိုကိုယ် သတိပေးရမယ်သမီး။ မှန်ကြည့်တဲ့ အခါတိုင်း ဗုဒ္ဓ အဆုံးအမကို သတိရမိရင် သမီးလေး ကုသိုလ်စိတ် တစ်ခါ ဖြစ်ပါစေကွယ်။ ဒီလို မကောင်းမှုအကျိုးကို ခံစားရတိုင်းမှာလည်း နောင်တရဖို့လိုမယ်။ သြော်... ငါပြုခဲ့ဖူးတဲ့ မကောင်းမှုအကျိုး ငါခံရတယ်။ နောင်ဒီလို မကောင်းမှုမျိုးစေ့များများ မရှိဖို့ .. ဗုဒ္ဓ ဆုံးမတဲ့ တရားအတိုင်း
လုပ်တော့မယ့်အခါ၊ ပြောတော့မယ့်အခါ၊ ကြံတော့မယ့်အခါ မိမိရော သူတစ်ပါးပါ ဆင်းရဲကင်းပြီး ချမ်းသာခြင်း အကျိုးကို ဖြစ်စေမယ့် အလုပ်ကလေးတွေ လုပ်မိစေဖို့ သမီးလေး မှန်ကြည့်တိုင်း၊ ကြည့်တိုင်း ဆင်ခြင် နှလုံးသွင်းတတ်ပါစေကွယ် ...


September 15, 2010

ရေလိုနေသော ပျိုးပင်များ (၃)

 သူငယ်တန်း မှ စတုတ္ထတန်း ထိ ခန်းမကျယ်ကြီး တစ်ခုတည်းတွင် ပညာသင်နေသော ကလေးငယ်များ


မိဘတို့ ခွန်အားဖြင့် ပေါ်ပေါက်လာခဲ့သော ကျောင်းကလေး

မူလတန်းကိုပင် တွဲဘက် ကျောင်းအဆင့်ဖြစ်နေသေးသော ကျွန်တော်တို့ နယ်မှ ကျေးရွာများ

ထိုင်စရာကြမ်းခင်းရှိသည်က အတော်တိုးတက်လာသည်
ကျွန်တော်ငယ်ငယ်က မူလတန်းကျောင်းမှာ မြေကြီးပေါ်တွင် ခုံပုလေးများဖြင့်

အာရုံမထွေပြားဘဲ စူးစိုက်လေ့လာနိုင်ဖို့တော့ အထောက်အပံ့များလိုပေသည်
သူတို့လေးတွေ၏ လက်သည် တူဆောက်လွှတံစဉ်း ကိုင်သောလက်မဟုတ်သေး
အိုးပုတ်၊ ချိုးရုပ်နှင့် ကျောက်တံ၊ ခဲတံ ကိုင်တတ်စအရွယ်

တနေ့နေ့ တချိန်ချိန်မှာ သူတို့လေးတွေသည်
အုတ်စီသောကျောင်း၊ သံကူကွန်ကရစ်တံတားတို့ကို သူတို့ ကာယ၊ ဉာဏ အားဖြင့် ဆောက်နိုင်လာငြားအံ့

ကလေးတို့၏ စိတ်တွင် ကူညီတတ် ထောက်ပံ့တတ်သော မျိုးစေ့လေးများ သန္ဓေ စတည်ကောင်း တည်မိပေမည်

သူတို့လေးတွေ အတွက် ကလေးဖတ် စာပေလေးများလည်း လိုပေမည်

ကျောင်းဆင်းချိန် စာကြည့်တိုက်မှ စာအုပ်ကလေးများ ငှားကာ ဗဟုသုတကို ကိုယ်တိုင် ရှာတတ်သော အလေ့ ရလာခဲ့မူ ကောင်းလေစွ

သူနာပြုဆရာမ တစ်ယောက် ဖြစ်လာနိုင်သည်

ရည်မှန်းချက်တစ်ခုကို အစပျိုးပေးကြဖို့ ကျွန်တော်တို့ လှုံ့ဆော်နိုင်ပါသည်

ဆရာမ၊ အင်ဂျင်နီယာ၊ ဆရာဝန်မ သူတို့ ဖြစ်လာလေကြမလား


ပညာကို ဆုံးခန်းတိုင်သည်ထိ သူတို့ သင်ယူနိုင်ကြပါ့မလား

သူတို့ကလေးတွေ၏ အိပ်မက်သည် မပြေလည်သော စီးပွားရေးကြောင့်
တစ်စစီ ပျက်ကြွေသွားကြရလေးမလား

အခြေအနေမဟန်တော့သော ကျောင်းဆောင်လေးများသည်လည်း
ကျားကန်ပေးမည့် သူများကို မျှော်နေကြဆဲသာ


ကျောင်းတစ်ဆောင်ကို မိဘတို့ အပင်ပန်းခံ တည်ဆောက်ပေးနိုင်သည်
အသိဉာဏ်အရောင် တောက်ဖို့ကား ကျွန်တော်တို့တစ်တွေ၏ အသိဉာဏ်ဖက်သော
ကူညီမှုများ လိုများလိုလေနေမလားဟု ........

September 10, 2010

ရေလိုနေသော ပျိုးပင်များ (၂)

 အနာဂါတ်တွင် နေရာယူလာကြမည့် ကျောင်းသားလူငယ်လေးများ

အလင်းတစ်ပွင့်ကို ထွန်းညှိခြင်း


အနာဂါတ်တချိန်၌ သူတို့လေးတွေသည် ဤနေရာ ဤဒေသတွင်
ကိုယ်ထူကိုယ်ထ ကျောင်းလေး 

မိဘတို့ သွေးချွေးတို့ဖြင့် ထူထောင်ပေးခဲ့သောကျောင်း၌ အနာဂါတ်အတွက် 

ကျောင်းကလေး၏ အမိုး သွပ်မိုးဖြစ်လာဖို့ မိဘများစွာ မိုးထဲရေထဲ ချွေးစက်ပေါင်းများစွာ၊ လယ်လုပ်ယာလုပ်ရင် ထိမိခိုက်မိသော သွေးစက်ပေါင်းများစွာ အရင်းပြုပေးခဲ့သည်

လယ်လုပ် ယာလုပ်ပြီး တစ်မူးစု တစ်ပဲစုဖြင့် တည်ထောင်ပေးခဲ့သောကျောင်း

မိုးပျံကားလမ်း၊ ရထားလမ်းများကို အိမ်မက်ပင် မမက်ဖူးသေးသော ကျေးရွာများ
နွားလှည်း၊ ကျွဲလှည်းတို့၏ စွတ်ကြောင်းက ဒေသဆက်သွယ်ရေးကို မီးမောင်းထိုးပြနေပါသည်

အနာဂါတ်ပျိုးပင်များအတွက် ပုခုံးဖြင့် ထမ်းတင်မည့် လူငယ်များ

တနေကုန် တနေခန်း အင်တစ်ချပ်ဖြင့် ရွှေမှုံစုနေသော ရွှေကျင်နေသည့် ကျောင်းသားမိဘများ

ချောင်းကလေးသည် 
အသက်မွေးရာ နေရာတစ်ခု

ရေကြီးရေတက်သော်လည်း အားဆေးတစ်ခွက် တိုက်ဖို့ ပြုံးပျော်နေသူများ

ဤနေရာတွင် သိပ်မကြာမီ ချောင်းကူးတံတားကို ယခုစာသင်နေသော ကလေးများကိုယ်တိုင် ထိုးနိုင်ဆောက်နိုင်ကြလိမ့်မည်ဟု ယုံကြည်သည်

ဤလမ်းများကို တစ်နေ့ နိုင်လွန် ကတ္တရာ သူတို့ ခင်းကြမည်


ပျိုးပင်ကလေးများကို ရေလောင်းဖို့ ကျွန်တော်တို့တွင် အားအင်များရှိပါသည်။

September 9, 2010

ရေလိုနေသော ပျိုးပင်များ

သံဃာတော်အရှင်မြတ်တို့၏ ကျေးဇူးတော်များစွာ အနက်မှ ဗုဒ္ဓ၏ တရားတော်များကို နှစ်ပေါင်း ၂၅၀၀ ကျော်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာပေးသည့် ကျေးဇူးတစ်ခုတည်း ဖြင့်ပင် ရှိခိုးထိုက်သည်ဟု ကျွန်တော် ယုံကြည်မိသည်။ ထိုသံဃာတော် အရှင်သူမြတ်များထဲမှ သံဃာတော်တစ်ပါးဖြစ်သည့် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရေးသားတော် မူခဲ့သော ဒါန နှင့် သီလ အကြောင်းမှ စာသားအချို့ကို ဖော်ပြလိုသည်။

"လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသော အလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။ ဒါနအလုပ်နှင့် သီလအလုပ် ၂ မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။"
 ဟု ဆိုထားပါသည်။

ယခုကျွန်တော်တို့ လှူဖြစ်သည့် ဒါနလေးသည် ကျွန်တော်တို့အတွက် ကုသိုလ်ကြီးကြီးမားမား ရခြင်း၊ မရခြင်းကို ကျွန်တော်တို့ အလေးမထားပါ။ သို့သော် ကျွန်တော်တို့ လှူသော အလှူလေးသည် ညောင့်စေ့လေးပင် ဖြစ်သော်လည်း အလှူပစ္စည်းရရှိသူတို့သည် တစ်နေ့ ညောင်ပင်ကြီး ဖြစ်လာကြ စေလိုသည်။ ဖြစ်လည်း ဖြစ်လာကြပါမည်။ ဖြစ်လည်း ဖြစ်လာနေကြပြီ။ သူတို့တစ်နေ့ ထိုနေရာ ထိုဒေသကို။ သူတို့မိဘကို သူတို့ ညီ၊ ညီမလေးတွေကို၊ သားတွေ သမီးတွေကို၊ တဆင့်မြင့်အောင် ထမ်းတင်ပေးနိုင် လမ်းပြပေးနိုင်သည့် သူများ ဖြစ်လာကြစေလိုသည်။ ဖြစ်လာမည်ဟုလည်း ယုံကြည်ပါသည်။

ယခုတစ်ခေါက် မြန်မာပြည် ပြန်ခါနီး ရွာမှ မူလတန်းကျောင်းကလေးများကို မျက်စိထဲ မြင်မိသည်။ ဆင်းရဲချို့တဲ့စွာ ပညာသင်နေရရှာသော ဥမမယ်၊ စာမမြောက်သေးသည့် ကလေးငယ်များစွာ။ မိဘများကလည်း ဆင်းရဲလွန်းပါသည်။ စာအုပ်ဖိုး၊ ခဲတံဖိုးကို တကယ့်ကို အနိုင်နိုင် ဖျစ်ညှစ်ပေးနေကြရသည့် မိဘများ။

ထို့ကြောင့် မြန်မာပြည် မပြန်မီ သူငယ်ချင်းများထံမှ မူလတန်းကျောင်းကလေးများကို စာအုပ်၊ ခဲတံလှူမည် ဆန္ဒရှိလျှင် လှူပါဦး ဟု အလှူခံခဲ့သည့် ရင်းနှီးသည့် သူငယ်ချင်း အနည်းငယ်ထံမှ သာဖြစ်သည် များများတော့ အလှူမခံဖြစ်ခဲ့ပါ။
အချိန်မရသည့် အတွက် ကိုယ်တိုင်ကိုယ်ကျ မလှူနိုင်ခဲ့။ တပည့်ဟောင်းများက သွားလှူပေးကြသည်။ သူတို့သည် တစ်ချိန်က ပျိုးပင်၊ ယခုရေလောင်းသည့် လက်များ ဖြစ်လာကြသည်။ တစ်ချို့ ဆရာမလေးများမှာ ကျွန်တော့် တပည့်ဟောင်းလေးများဖြစ်သည်။ သူတို့သည် ပန်းပျိုးနေကြလေပြီ။