ညနေကျောင်းဆင်းချိန်။ ကောင်းကင်တစ်ခုလုံးက တိမ်ညိုများဖုံးလျက်။ နေရောင်လည်းပျောက်နေသည်။ နေ၀င်ချိန် ဆည်းဆာကို မမြင်သာတော့။ တိမ်ကြို တိမ်ကြားမှ ကျလာသော အလင်းတန်းတို့ကပင် ရင်ထိတ်စရာ အသွင်ကို ဖြစ်စေသည်။ ပတ်ဝန်းကျင်ကလည်း အအေးဖက်လုနေသည်။ လေတို့က တ၀ူးဝူးတိုက်လျက် မကြာမီ မိုးသည်းသည်းမည်းမည်း ရွာချလိုက်ရန် တာစူနေပြီ။
ကောင်းကင် တစ်ခွင်လုံးလည်း မှောင်မိုက်နေသည့် အတွက် ကျောင်အပြန် သားသမီးလာကြိုကြသည့် မိဘတို့က မရှား။ သားငယ် သမီးငယ်တို့ကို ထီးကိုယ်စီ မိုးကာ ကိုယ်စီဖြင့် လာကြိုနေကြသည်။ မကြို၍ မဖြစ် အင်းတော်မိုးက မိပြီဆိုလျှင် မရွဲတာမရှိ။ ကြွက်ကလေးရေနစ်သလို တစ်ကိုယ်လုံး ရွဲရွဲစိုသည်။ ထီးလောက် ခမောက်လောက်နှင့် အဆင်မပြေ။ မိုးကာလည်း သိပ်မနိုင်ပါ။ မိုးရွာချိန် အိမ်ထဲ နေသည်ကသာ အကောင်းဆုံး။
မိဘနှင့် ဝေးနေသော ကျွန်တော့်ကိုတော့ လာကြိုသူလည်းမရှိပါ။ သို့သော် မိုးရွာသည် မိုးသည်းသည်ကို ကျွန်တော်ကလည်း ကြောက်စရာဟု မထင်ပါ။ မိဘတွေ လာကြိုကြသည့် သူငယ်ချင်းများကို ပင် ကလေးပိစိကွေးလေးတွေလို ထင်မိသည်။ မိုးစိုစို အ၀တ်ဖြင့် မိုးရေထဲပြေးရသည်ကပင် ကျွန်တော့်အတွက် ပျော်စရာ၊ ကစားရတာတစ်မျိုး။ ကြက်ပေါင်ဖိနပ်လေး နှစ်ဖက်ကို လက်ကောက်ဝတ် တစ်ဖက်တစ်ချက်စီတွင် စွပ်ပြီး အိမ်ရောက်သည် အထိ သူငယ်ချင်းနှင့် အပြိုင်ပြေးရသည်က မမောနိုင် မပန်းနိုင်။ လဲရင်လည်း မိုးရေထဲ။ ခြေချော်မသွားအောင်ထိန်းပြေးရသည်ကလည်း ပညာ။ ခြေချရာ ရေစက်ကလေးများ ဖြာခနဲ ဖြာခနဲ လွင့်စင် သွားကြသည်ကပင် မိမိကိုယ် မိမိကိုယ် ရုပ်ရှင်ထဲကလို စလိုးမိုးရှင်း ပြေးနေရသလို မြောက်ကြွကြွဖြစ်စေသည်။ ဟိုတစ်နေ့ကတင် ညီမလေးတစ်ယောက် ပြောပြတာ ကြောင့် သတိရသည်။ ငယ်စဉ်က မိုးရေထဲ ရေချိုးတာ။ မိုးရေချိုးလျှင် မိတ်ဖု ပျောက်သည် ဟုဆိုကာ ချိုးကြသည်။ တကယ်ပျောက် မပျောက် ကျွန်တော် မသိပါ။ မိတ်ဖုဆိုတာ ငယ်ငယ်က ၅ နှစ် ၆ နှစ် သားလောက်ထိသာ ပေါက်ဖူးပြီး နောက်ပိုင်း ဘယ်တော့မှ မပေါက်တော့သည့် အတွက် မိတ်ဖု ယားတာကို လည်း မေ့ချင် သလိုသလို ဖြစ်နေပြီ။ မိတ်ဖုထွက်လျှင် အတော်ယားတာမှတ်မိသည်။ ချွေးထွက်လျှင် စပ်တာမှတ်မိသည်။ လက်ဖြင့် စမ်းလျှင် အဖု အဖု ဖြင့် အသားမှာ ကြမ်းထော်ကြီး ဖြစ်နေတာ မှတ်မိသည်။ မိဖု ယားလို့လား မသိပါ ကျွန်တော် ငယ်ငယ်က အိပ်ယာထဲ အိပ်လျှင် အဖေက ကျွန်တော် မအိပ် မချင်း ၀ါးယပ်တောင် ဖြင့် ယပ်ခပ်ပေးရသည်။ ကျွန်တော့် တစ်ကိုယ်လုံး အေးစက်နေတော့မှ ကျွန်တော် အိပ်ပျော်သည် ဟု အဖေပြောဖူးသည်။ စာရေးရင်းပင် အဖေ့ကျေးဇူးကို လွန်းစွာ ခံစားမိလာသည်။ တွေးမိတော့ မျက်ရည်ပင်ကျလုလု အဖေ့ကို လွမ်းလာသည်။ စကား မပီကလာ ပီကလား ပိစိကွေး ကျွန်တော်။ အသက် ၂၈-၂၉ နှစ် အရွယ် ကျွန်တော့်ဖေဖေ။ ကျွန်တော့်ကို အပူအပင်ကင်းကင်း နှစ်ခြိုက်စွာအိပ်စက်စေလိုသည့် သူ့စေတနာ။ စိတ်မျက်စိထဲ အကွင်းလိုက်ပေါ်လာသည်။ အဖေ့ရင်ထဲမှ မေတ္တာကို ထုနှင့်ထည်နှင့် မြင်မိသည်။ ဖုန်းဆက်ရခက်သော ကျွန်တော့်မွေးရပ်မြေကို မရ အရခေါ်ကာ အဖေနှင့် စကားပြောရဦးမည်။ အဖေကျွန်တော့ကို လွမ်းတော့မည်။ ကျွန်တော် အဖေ့ကို လွမ်းနေပြီ။
အင်းတော်အ.ထ.က ကျောင်းမှ ကျောင်းဝင်းအလယ် မြက်ခင်းပြင်ကြီးသည်။ လွတ်လပ်စွာပြေးရာ လွားရာ ကစားရာ။ မြက်ခင်းပြင်ကြီးကို ဖြတ်အပြီး လမ်းမပေါ်ရောက်သည်။ ကျွန်တော် အင်းတော်ရောက်စက ထိုလမ်းက ကတ္တရာ မခင်းသေး။ ကျောက်ခင်းလမ်း။ ထိုအချိန်ကတော့ ခြေဖ၀ါးများကလည်း အကြမ်းခံသည်။ တော်ရုံကျောက်ခဲမစူး။ သဲရှပ်ရှပ် ကျောက်တုံးတရကြမ်းမြေပြင်တွင်ပင် ပြေးသည်၊ လွှားသည်၊ ကစားသည်။ ဖိနပ်ပျောက်မှာစိုးသည့်အတွက် ဖိနပ်ကလေးနှစ်ဖက်ကိုတော့ ဘယ်ညာလက်ကောက်ဝတ်တွင် လက်ကောက်စွပ်သလိုစွပ်ထားရသည်။ ကျွန်တော် ငယ်ငယ်က ဖိနပ်မေ့ကျန်ပြီး အိပ်ပြန်ပြန်လာတာများသည်။ လှေကားရင်းရောက်မှ ကစားရာနေရာအရောက် ပြန်ပြေကား ဖိနပ်ပြန်ရှာရသည်က စိတ်ညစ်စရာကောင်းသည်။
အိမ်ပြန်ရောက်လျှင် မိုးရွာမည်ဖြစ်သည့်အတွက် အိမ်အပြင် မထွက်တော့။ မိုးရေစင်သွားအောင် ရေချိုးပြီး ရေအမြန်သုတ်ကာ စောင်ခြုံနှင့်ကွေးတော့သည်။ ဘကြီးတို့ ထမင်းစားမယ် ခေါ်မှ ညနေစာထမင်းစားကာ ဧည့်ခန်းတွင် ဘကြီးတို့တွေ ပြောသမျှ ဟောသမျှ အလာပသလာပ အကုန်နားထောင်သည်။ လူကြီးတို့၏ စကားတို့သည် ကျွန်တော်တို့ကို တစ်မျိုးရင့်ကျက်စေသည်။ သူတို့၏ အတွေအကြုံများ၊ သူတို့၏ လူမှုသူမှု ဒုက္ခများ၊ ကြားလာခဲ့သမျှ အတင်းအဖျင်းများကအစ အကုန်မှတ်သားရသည်။ ဘကြီး၏ အိမ်နီးချင်း ရှေးရိုးစွဲအဖိုးကြီးများ၏ ခေတ်မမှီသော အစွဲအလွဲအများကိုလည်း မှတ်သားရသည်။ သူတို့၏ ဘ၀နှင့်ရင်းကာ သိလာမှတ်လာကြသည့် ဆင်ခြင်ဖွယ်များကိုလည်း ပုံပြင်သဖွယ် နားထောင်ခဲ့ရသည်။
အင်းတော်မိုးက မိုးချုပ်စလောက်ကစရွာတတ်သည်။ တောင်လုံးညိုဟု သူတို့ခေါ်သည့် အရှေ့တောင်ထောင့်ဖက်မှ မိုးသားထုသာ ပြိုဆင်းလာလျှင် မိုးသည်းသည်း မည်းမည်းချတော့သည်။ တစ်ညလုံး၊ မိုးကြိုးတွေ တဒုန်းဒုန်း၊ လေသံတွေ တဖုန်းဖုန်း။ မိုးနှင့်လေအရော တဝေါဝေါညံနေသည်။ ကျွန်တော်ကတော့ မိုးရွာရွာ စောင်ကလေးနှင့် ခပ်ကွေးကွေးအိပ်ရတာကို နှစ်ခြိုက်သည်။ ကလေးဘ၀ ပူစရာက နတ္ထိကိုး။ အလုပ်ပျက်တာ ဘာညာမရှိ။ မိုးကြီးလွန်း၍ ကျောင်းပတ်လျှင် သာ၍ပင် ပျော်စရာကောင်းသေးသည်။ မိုးကြီး၊ ရေကြီးလျှင် အင်းတော် အ.ထ.က က ကျောင်းပိတ်နေကြ။ အိပ်ကောင်းကောင်းနှင့် အိပ်ပလိုက်သည်။ မနက်နှိုးလာလျှင်တော့ အသံကြားရပြီ။ အိမ်အောက်ရေ၀င်နေသည့် အသံများ။ လမ်းလျှောက်လျှင် ပလုံ ပလုံ ဗွမ်းဗွမ်း သံတွေညံနေသည်။ အများအားဖြင့် ရေဒူးဆစ်လောက်ရောက်နေတတ်သည်။ မိုးသည်းလွန်းလျှင် ခါးလောက်ထိရောက်နေသည်။ အင်းတော် အောင်မေတ္တာ တစ်ရပ်ကွက်လုံးနီးနီး ရေမြုပ်သည်။ အိမ်အောက်မှာ ရေတွေချည်း။ လှေလှော်သွား၍ပင်ရသည်။ သို့သော် မရှိပါ။ ရေက တစ်ရက်လောက်ဆို ကျသွားသည်။
ရေကြီးနေချိန်တွင် လမ်းလျှောက်ရန်ခင်းထားသော တစ်တုံးတံတားများ ရေထဲ ပါမသွားအောင် ကြိုးနှင့်ချည်ထားရသည်။ ရေကျချိန်တွင် နေရာတစ်ကျဖြစ်အောင်လည်း ပြန်စီရသည်။ ရေကျချိန် သတိထားပြီး မစီပါက။ လူအားများများနှင့် သူ့နေရာ သူရောက်အောင် တုံးကို ကုတ်နှင့်ကော်ကာ ရွေ့ရတော့သည်။
ရေကြီးပြီဆိုလျှင် ရေနီများ၊ ရေပုပ်တော့မဟုတ်ပါ။ အရောင်မကောင်း၊ အနံ့တော့ မနံပါ။ အိမ်ကြိုအိမ်ကြားမှ ဖြတ်စီးလာသည့် အတွက် ညစ်ပတ်သည်။ သောက်ရေ၊ သုံးရေ ပြဿနာဖြစ်သည်. ထို့ကြောင့် အင်းတော် မိုးဦးကျ မိုးတအားရွာတော့မည်ထင်လျှင် သောက်ရေ အသင့်၊ ချက်ရေ အသင့် စဥ့်အိုးနှင့် လှောင်ထားဖို့လိုသည်။ မနက်စောစောအထ၊ ရေတွင်းသာ ရေအောက်မြုပ်နေလျှင် သောက်ရေရော၊ သုံးရေရောပါ မရှိတော့။
No comments:
Post a Comment