May 26, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၂)


အမေရေးတဲ့ စာတစ်စောင်

အပိုင်း (၂)



ငိုဇီးလေးရဲ့ မင်္ဂလာအိပ်ခန်းအတွက် အမေ့ပိုက်ဆံတော်တော်များများကို အမေသုံးလိုက်တယ်သား။ အမေ့ ကိုယ်ပိုင်ငွေလေးနဲ့ သူ့ကို အဲဒီကိုပို့လိုက်တာ။ အဲဒီက အမျိုးသမီးတွေက သူ့ကို ခင်ပွန်းသည်ကို ဘယ်လို ဂရုစိုက်ရတယ် ဆိုတာ သင်ပေးပါလိမ့်မယ်။ ပြီးတော့ လှလှပပ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်ရာမိန်းကလေး ဖြစ်လာအောင် ကျွေးကြမွေးကြပါလိမ့်မယ်။ မျိုးကောင်းရိုးကောင်းလေးက ပေါက်ဖွားလာတဲ့ ငိုဇီးလို လိမ္မာတဲ့ မိန်းကလေးကို လက်ထပ်တဲ့ နေ့ကျရင် အစွမ်းကုန်လှနေအောင် ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်ကွယ်။ သတို့သမီးကို မင်္ဂလာအိပ်ခန်းကို ပို့တဲ့အခါ ပိုက်ဆံတွေသိပ်ကုန်တယ် မဟုတ်လား။ သူတို့ကိုသင်ပေးတဲ့ အမျိုးသမီးတွေက သေလောက်အောင် ကြိုးစားသင်ရတာလေ။ ကုန်တာမဆန်းပါဘူး။ နောက်ပေါက် ကောင်မလေးတွေကတော့ ပုံတုံးတုံး အမှိုက်ထုပ်ကြီးတွေလို့ ပြောမှာပေါ့။ သူတို့တစ်တွေက ပိန်ခြောက်ခြောက် တံမြက်စည်းရိုးတံလို ကိုယ်လုံးမျိုးကို ပိုကြိုက်မပေါ့။ ယောက်ျားတွေက ညရောက်ရင် ပြည့်ပြည့်ဖြိုးဖြိုးလေးကို ဖက်အိပ်ရတာကို ပိုကြိုက်တယ်ဆိုတာ သိဟန်မတူကြရှာဘူး။

သားရေ အမေ့ကို လူရယ်စရာဖြစ်အောင်တော့ မလုပ်နဲ့နော်။ သွားဖွေးဖွေးလေးဖြစ်လာဖို့ အသက်ကလေး ဖြောင့်ဖြောင့် ရှူနိုင်ဖို့ အမေ့ဆီကနေ သွားတိုက်ဆေးတွေ ငှားငှားနေရတဲ့ ရှူနာရှိုက်ကုန်း မျိုးတော့ ယူမလာပါနဲ့ သားရယ်၊ အမေခွင့်မပြုနိုင်ဘူး။ သားရဲ့  မူလတန်းတုန်းက ကျောင်းနေဖက် အိုးဒလိရဲ့  သားလေးကိုတော့ သားအမှတ်ရဦးမယ်ဆိုတာ အမေသေချာပေါက် ပြောရဲတယ်သား။ သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးခြောက်ရှူ မိန်းကလေးတွေကို ထိကပါးရိကပါးနဲ့ လူရှုပ်ကလေးပါသားရယ်။ လူပျင်းလေးလေ။ တစ်နေ့တော့ စိတ်ကူးပေါက်ပြီး ဥရောပကို ကားစီးပြီးထွက်သွားပါလေရော။ နောက်ဆုံး ဆေးခြောက်ကပဲ သူ့ကို ဖျက်ဆီးပြစ်လိုက်မယ်ထင်ထားတာ။ အမေတို့ထင်တာ မှားတယ်သားရေ။ သူက မြောက်ပိုင်ဘက် ခရမ်းချဉ်သီးသယ်တဲ့ ထရပ်ကားတွေနဲ့ လိုက်သွား၊ ပြီးတော့ မလိကိုသွားတဲ့ ဘတ်(စ်)ကားနဲ့ ဆက်လိုက်သွားသတဲ့။ နောက် ကုလားအုတ်ကုန်သည်တွေနဲ့ ဆက်မိပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကြသတဲ့ကွယ်။ သူတို့ထဲက တစ်ချို့ တွေက ကန္တာရထဲမှာ ရေငတ်ပြီးသေကြသတဲ့။ သူကတော့ သေကံမရောက် သက်မပျောက်ပဲ သဲကန္တာရကြီးထဲကနေ လွတ်မြောက်သွားတယ်ဆိုပဲ။ မော်ရိုကို ကို ရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ရသတဲ့။ စပိန်ကို လှေနဲ့ဖြတ်တော့ သူ့ကို ကူညီခဲ့တဲ့ ဘာဘာလူမျိုးတွေကိုတောင် ပိုက်ဆံ ပို့ပေးလိုက်သေးသတဲ့တော့။ သူက အလုပ်လုပ်ခွင့် ပါမစ်ရအောင် စပိန်အာဏာပိုင်တွေကို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံကပါလို့ ပြောသတဲ့။ ၆ နှစ်ပြည့်ပြီးသူပြန်လာတော့ သားကို မြင်စေချင်စမ်းတယ်။ သူမှာ တယ်လီဗေရှင်းတွေ၊ ရွှေတွေ၊ လက်ဝတ်လက်စားတွေ၊ အ၀တ်အစားတွေ ပါလာတာ အများကြီးပဲ။ ငွေဆို ရေလိုသုံးရလောက်အောင်ကို ပါလာတာသားရေ။ သူနေတဲ့ သူ့အဖေ အိမ်နေရာလေးမှာ ရက်တော်တော်ကြာ လူတွေ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြနဲ့ တရုံးရုံးပါပဲ သားရယ်။ အမေစိတ်ထဲမှာတော့ အဲဒီနေရာကို ကျိတ်ကျိတ်တိုးမသွားချင်ပါဘူး။ အဲဒီကောင်လေးကိုလည်း အပြစ်မြင်ဝေဖန် မနေချင်ဘူး။ ဒါကြောင့် သူများတွေလိုပဲ စားလိုက်၊ သောက်လိုက်၊ ရင်းရင်းနှီးနှီး ပဲပေါ့သားရယ်။ အဲဒီအိမ် အလည်လာကြတဲ့ လူတွေရဲ့  မျက်လုံးကတော့ အမေ့အပေါ်မှာ ပဲပေါ့သားရယ်။ ပြီးတော့ မေးကြ၊ ပြောကြတယ်။ “မင့်သားရော ဘယ်လိုလဲ။ ဘယ်တော့များ လက်ဆောင်ကောင်းကောင်းတွေနဲ့ ပြန်လာမလဲပေါ့။ အိုးဒလိရဲ့  သားလေးလို စားဖို့သောက်ဖို့ ဘယ်တော့ ဖိတ်မလဲ။ ခြေကျင်ထွက်သွားတဲ့ အိုးဒလိရဲ့  သားလေးတော့ လက်ဆောင်ကောင်းတွေနဲ့ အောင်အောင်မြင်မြင် ပြန်လာပြီ။ လေယာဉ်နဲ့သွားတဲ့ မင့်သားကဘယ်လိုလဲ။ ဘာညာပေါ့။” အဲဒီလိုတော့ မပြောကြရှာပါဘူး။ ဒါပေမယ့် သူတို့ မျက်လုံးတွေက ဘာကိုပြောချင်တယ် ဆိုတာအမေ သိတာပေါ့သားရယ်။ သူတို့ မျက်လုံးတွေက အမေ ကိုကာကိုလာ သောက်တဲ့အခါ၊ ဂျိုးလော့(ဖ်) ထမင်း စားတဲ့အခါ၊ အမဲသားကြော်ကိုက်တဲ့အခါ၊ လည်ပင်းဖြတ်ခံလိုက်ရတဲ့ ကြက်ကလေးလို ကမူးရှူးထိုးကတဲ့အခါတောင် အလွတ်ပေးကြတာမဟုတ်ဘူး။ အဲဒီကောင်လေးလည်း လေယာဉ်နဲ့ပြန်သွားပြီ၊ နောက်တစ်ခါ သူပြန်လာရင် သူ့ အဖေရဲ့  အိမ်အိုကြီးကို ဖျက်ပြီး အိမ်ကြီးရခိုင်ဆောက်ပေးမယ်လို့ ကတိပေးသွားလေရဲ့ ။

တစ်ခါက အမေ့တွက် အမေ့ဒူးတွေမတုန်ခင်လေး မြေးလေးတစ်ယောက်ရအောင်လို သားရဲ့  ဇနီးလောင်းလေး ငိုဇီးကို သားရဲ့ ညီဝမ်းကွဲ အဇူကာနဲ့ စပ်မိပါတယ်။ ငိုဇီးလေရဲ့  အမေက မခံမရပ်နိုင်ဖြစ်လိုက်ပုံများ မြွေတစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့။ သူ့သမီးကို အမဲသားရောင်းသလို ဟိုလူ့ပစ်ပေးလိုက် သည်လူ့ပစ်ပေးလိုက် လုပ်လို့တဲ့လေ။ အမေ့ကိုတောင် တံထွေးနဲ့ ထွေးသွားသေးတယ်သားရဲ့ ။ သူ့သမီးလေးသာ နောက်တစ် ယောက်ကို လက်ထပ်ရဦးမယ်ဆိုရင် အမေတို့ထက်သာတဲ့ အသိုင်းအ၀ိုင်းကောင်းကောင်းကိုပဲ ရှာတော့ မပေါ့တဲ့။ အဲဒီလို ကတောက်ကဆ ဖြစ်ပြီးကတည်းက သူလည်း ဘုရားကျောင်းကို မလာတော့ဘူး။ လမ်းမှာ အမေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှူးရှူးရှဲရှဲနဲ့ မျက်နှာလွဲပြီး လမ်းတစ်ဖက်ကို ကူးကူးသွားတာ။

သားပိုက်ဆံမပို့တဲ့ အတွက်တော့ ဆင်ခြေပေးနေစရာမလိုပါဘူး။ ခုဆို အနောက်နိုင်ငံများအသင်းက အမေတို့လမ်းပေါ်မှာ ရုံးလာစိုက်တယ်။ ခန့်ညားထည်ဝါတဲ့ သူတို့ရုံးကြီးထဲကို ကလေးတွေကို ခေါ်ခေါ်သွားကြတာ နေ့စဉ်တွေ့နေရတာပဲ။ ပြီးရင် စက္ကူထုပ်ကြီးငယ်တွေဆွဲလို့ ကားကား ကားကားနဲ့ ထွက်လာကြတော့ တာပဲ။ သူတို့တစ်တွေ အားတဲ့လက်တစ်ဖက်နဲ့တော့ အမေ့ကို လက်ပြနှုတ်ဆက်ကြပါတယ်။ အမေချေးမှာ စိုးလို့ထင်ပါရဲ့  လက်တစ်ဖက်ကတော့ သူတို့ပိုက်ဆံထုပ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့သားရေ။

လူတွေပေးပေးနေတဲ့ အကြံတွေနဲ့ အမေ့နားမပြည့်လောက်ဘူး မထင်နဲ့။ နောက်ဆုံးတော့ လူတွေပြောပြော နေသလိုပဲ အချိန်က စကားပြောပါလိမ့်မယ်။ တစ်ခါကတော့ အမေတို့တိုင်းရင်းဆေးဆရာကြီးက ပြောတယ် အမေရိကမှာ ရောက်နေတဲ့ အမေ့သားကို သားလေးအမေရိကမှာ ဘာပဲဖြစ်နေနေ ပြန်လာစေရမယ်။ သူ့မန္တန်နဲ့ လုပ်လိုက်ရင် နောက်တစ်ပါတ်လေယာဉ်နဲ့ သားရောက်လာမှာပဲတဲ့။ ဒါပေမယ့် သားက အမေ့ရင်သွေးလေ၊ အမေ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာ။ သားအပေါ်ဘယ်လို အန္တရာယ်မျိုးမှ မကျရောက်စေချင်ဘူး။ အိုကိုလိုစီရဲ့  သားလေးတော့ မန္တန် အစွမ်းနဲ့ အမေရိက ကနေ အတင်းပြန်လာရတာပဲ။ သူအခု အိမ်ပြန် ရောက်နေပြီ။ ဂျာကင်အစုတ်ကြီးဝတ်လို့သားရယ်။ ကြောက်စရာကောင်းတဲ့ ဟိုင်လီနားငှက်ဆိုးသံကြီး နဲ့ရယ်ရယ်ပြီး လမ်းပေါ်မှာ ဟိုလျှောက် ဒီလျှောက်လုပ်နေတော့ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့ ကလေးတွေခမျာ သူ့ကို ကြောက်ကြရှာတာပေါ့။ သူနာမည်ကိုလည်း အမေရိကန်က မြို့ကြီးတွေရဲ့  နာမည်တွေ အကျယ်ကြီး ရွတ်ရွတ်နေလေရဲ့ ကွယ်။

ဆက်ရန် .......

1 comment:

Unknown said...

အပိုင်း ၃ ကိုဆက်ဖတ်လိုက်ပါဦးမယ်ခင်ဗျာ.... အရှိန်ပါနေလို့...း)