May 26, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၃)







အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၃)




အမေသားကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သားလည်း အမေ့ကို လုပ်ဖြစ်အောင်တော့ ဖိအားမပေးနဲ့ပေါ့။ အမေရိကန်တွေ လပေါ်ခြေချတဲ့ နှစ်မှာ သားကိုမွေးတာ။ လပေါ်ကအပြန် မှာ လူတွေအတွက် အပိုလိုလို့ခေါ်တဲ့ ထူးဆန်းတဲ့ မျက်စိနာ ရောဂါ ပါလာခဲ့တယ်။ လပေါ်က လူတွေပြန်လာပြီးလို့ သိပ်မကြာခင်မှာဘဲ လူတိုင်းလူတိုင်း မျက်စိတွေ အနီရောင်ပြောင်းလာပြီး မျက်ရည်တွေ ရေပိုက်ခေါင်းက ကျသလို ကျကျနေကြတာ အမေမှတ်မိသေးတယ် သား။ အဲဒါ ကမ္ဘာပေါ်ကလူတွေ လရဲ့ မျက်နှာပြင်ပေါ်မှာ ခြေရာချန်ခဲ့တဲ့အတွက် လူတွေ မထေမဲ့မြင် မပြုရဲအောင် ဘုရားသခင်က ဒဏ်ခတ်တာတဲ့။ အဲလိုထူးထူးခြားခြားနှစ်မှာမွေးတဲ့ သားက အမေရိကန်ကို ပညာသင်သွားမယ်ပြောတဲ့အခါ အမေ မအံ့သြတာပေါ့။ အမေတို့ တွေလေ အဖြူအမည်း တီဗွီ အဟောင်းလေး မှာ အထူးအစီအစဉ်တွေကြည့်တဲ့အခါ သားကတော့ တစ်ပါတ်ကို နာမည်တစ်မျိုးပဲ။ ပထမတစ်ပတ်မှာ ဒန်ဘလော့ကာ၊ ဒုတိယပတ်မှာ ပါနယ်ရောဘတ်၊ နောက် မိုက်ကယ်လန်ဒန်၊ လော်နီဂရင်း အို..... စုံလို့ပါပဲ သားရယ်။ ကောင်းဘွိုင်ဦးထုပ်လေး ဆောင်း၊ သစ်သားဆေးတံလေးကိုက်ပြီး၊ ဆေးလိပ်သမားကြီးလို ဟန်ဆောင်၊ အမ်မယ် ခပ်ထေ့ထေ့နှုတ်ခမ်းနဲ့ တီဗွီထဲက မင်းသားကြီးလို နှာခေါင်းသံကြီးနဲ့ ပြောပြောနေတတ်သေး။ တကယ်ပါ သားလေး အမေရိက ကို ပညာသင် သွာမယ်ပြောတော့ အမေ့အတွက် အံ့သြစရာ မဟုတ်တော့ပါဘူး။ သားက အမေရိကန်တွေလပေါ် မှာ အလံစိုက်နိုင်တဲ့နှစ်မှာ မွေးခဲ့တာပဲ။ လပြည့်ည သားတို့ တစ်တွေ ကစားကြပြီဆိုရင် တခြားကလေးတွေ လပေါ်က လူကိုမြင်ကြတဲ့အခါ သားကတော့ အမေ့ဆီ ပြေးပြေးလာပြီး လပေါ်ကလူက သားကို အမေရိကန် အလံကြီး ယမ်းပြနေတယ်လို့ လာလာပြောတတ်တာပဲ။

အမေတို့မိသားစုရဲ့  အတွင်းရေးကိစ္စတွေ သားကို ပြောပြချင်တယ်။ ၁၉၄၀ ပြည့်နှစ်ဦးပိုင်းတုန်းက သားဖေဖေ ဟိုဝပ်တက္ကသိုလ်မှာ လုပ်သေးတယ်။ အမေတို့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်တုန်းက ကြီးကျယ်မြင့်မြတ်တဲ့၊ ဖြောင့်မှတ်မှန်ကန်တဲ့ နမ်ဒီအဇီကီဝှီးတို့လို အာဖရိကန် ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်မှာပေါ့။ သားဖေဖေလေ အဲဒါးလ် ဒမ်းစတာ နယ်စပ်ကို လှေနဲ့ဖြတ်ဖို့ အတွက် ငွေလိုတာနဲ့ သားရဲ့  အဖိုးကတော့ သူ့ရာဘာခြံကြီး တစ်ခုလုံးကို ယူနိုက်တက်အာဖရိကန် ကုမ္ပဏီ ကို ရောင်းပစ်ခဲ့တယ်သားရဲ့ ။ သားရဲ့ ဖွားဖွားလည်း သူ့လက်ဝတ်လက်စားတွေ ရောင်းပြီးပေးလိုက်တာပဲ။ သားဖေဖေ လားဂို့(စ်) ဆိပ်ကမ်းကိုရောက်တော့ လူလိမ်တွေနဲ့ တွေ့တော့တာပဲ။ လူလိမ်တွေက သားဖေဖေရဲ့  ငွေကို နှစ်ဆဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ပြောသတဲ့။ လူလိမ်တွေက စစ်ပြန်တွေတဲ့။ အနောက်အာဖရိကမှာ အခြေချနေကြတဲ့ သူတွေပေါ့။ သူတို့တွေက သားအဖေလို တောသားလူအလေးတွေကို အဲဒီ ဆိပ်ကမ်းနားတစ်လျှောက် အမဲလိုက်ဖမ်း နေသူတွေပေါ့။ သားဖေဖေ အကြောင်းပြတာကတော့ သူတို့တွေ ပိုက်ဆံ နှစ်ဆဖြစ်အောင်လုပ်ပေးရင် တစ်ဝက်ကို အိမ်ပြန်ပို့မယ်၊ ကျန်တဲ့ တစ်ဝက်နဲ့ အမေရိကဆက် သွားမယ်ပေါ့။ လူလိမ်တွေက သားဖေဖေရဲ့  ပိုက်ဆံတွေကို ယူပြီး သစ်သားသေတ္တာနက် တစ်လုံးကို လက်ထဲ ထိုးထဲ့ ပေးသတဲ့။ နောက်နေ့ မရောက်မချင်း ဖွင့်မကြည့်ရဘူးလို့ ပြောတယ်တဲ့ သားရယ်။ သားဖေဖေလည်း နောက်တစ်နေ့ရောက်လို့ ဖွင့်ကြည့်ရော ပိုက်ဆံ အရွယ် သတင်းစာဖြတ်စတွေချည်း တွေ့ရတယ်ဆိုပဲ သားရယ်။ သားဖေဖေလည်း စိတ်ကယောင်ခြောက်ခြားဖြစ် ပြီး အတ္တလန္တိတ် သမုဒ္ဒသရာထဲ ဆင်းပြီး သေဖို့ ကြံမိသေးသတဲ့။ ဆိပ်ကမ်းမှာ ပဲကိတ်လာရောင်းတဲ့ မိန်းမကြီး တစ်ယောက်ကတွေ့ပြီး တားလို့ မသေတာတဲ့။ ပြီးတော့ သူက သားဖေဖေ ကို သူ့အိမ်ကို ခေါ်သွာတယ်ဆိုပဲ။ သားဖေဖေက အဲဒီက ကိုယ်ပိုင်ကျောင်းလေး တစ်ခုမှာ စာသင်တဲ့ အလုပ်ရတယ်။ နောက်တော့ ပိုကောင်းတဲ့ အခွင့်အရေးရနိုင်မယ့် ဆိုင်ရာလီဝမ်ကို သွားဖို့ ငွေစုပြီးသွာခဲ့တယ်။ အိမ်ကတော့ သားဖေဖေ ကို အမေရိကမှာ ပညာသင်နေတယ်လို့ ယူဆထားတာပေါ့။ သားအဖိုး နေမကောင်းဖြစ်တော့ သားဖေဖေက ဆိုင်ရာလီဝမ် မှာလေ။ သားဖေဖေက သားအကြီိးဆုံးဖြစ်လေတော့ သားအဖိုးရဲ့  နောက်ဆုံးထွက်သက်ကို သားဖေဖေ ရဲ့  ရင်ခွင်ထဲ၊ သားဖေဖေရဲ့  လက်ထဲမှာပဲ အဆုံးသတ်ချင်တာပေါ့။ ဒါကြောင့်မို့ လူကြီးတွေက ဆေးဆရာနဲ့ တိုင်ပင်ပြီး မန္တန်အတတ်နဲ့ သားဖေဖေကို ပြန်လာဖို့ခေါ်ကြတော့တာပေါ့။ မန္တန်က သားဖေဖေကို ဆိုင်ရာလီဝမ်ကနေ အိမ်ပြန်ရောက် လာအောင် တကယ်ပဲခေါ်နိုင်ခဲ့တယ်။ ဒါပေမယ့်ကွယ် မင့်အဖိုးကတော့ သူ့အသဲကို ခွဲခဲ့တဲ့ သူ့သားအပေါ် ဆူပူဆဲဆိုတာလေးတောင် မလုပ်နိုင်ရှာတော့ပါဘူး။ သားဖေဖေ ရောက်လာတော့ သားဖိုးဖိုး ဆုံးနှင့် ရှာပြီလေ။ သားအဖိုး ကတော့ ပြောတယ် သားဖေဖေ က သူ့ကို စိတ်ပျက်အောင်လုပ်တယ်လို့ပေါ့။ သားဖေဖေကိုယ်တိုင်လည်း သားအလှည့် ကျတော့ ၀ဋ်ပြန်လည်တာပါပဲ။

သားမှတ်မိသေးလား။ သြစတြေးလျကနေ အမေတို့ရွာကို ပျံပျံလာပြီး လယ်တောထဲမှာ အသိုက်လာလုပ်ပြီး နေတဲ့ ငှက်ကြီးတွေကိုလေ။ မဲလ်ဘုန်း တိရိစ္ဆာန်ဥယျာဉ် ဆိုတဲ့ ရွှေရောင်တောက်တောက်ခြေပတ်လေး သူတို့ခြေချင်းဝတ်မှာပါတယ်လေ။ သားမှတ်မိဦးမှာပါ စပါးကွင်းတွေထဲမှာ ရေကန်လေးထဲရေကူလိုက်၊ စပါးစေ့လေးတွေ စားလိုက်၊ ကစားလိုက်၊ သီချင်းဆိုလိုက်နဲ့ ငှက်တွေပျော်မြူးနေကြပုံကို။ သူတို့ အတောင်တွေကလည်း အရောင်အသွေးစုံလိုက်တာ။ လက်နဲ့ရေးထားတဲ့ အတိုင်းပဲနော် ။ လယ်သမားတွေကလည်း သူတို့တွေကို ဒုက္ခမပေးကြဘူးလေ။ ဒေသခံ ကွေလာငှက်တွေနဲ့ မတူဘူး။ သူတို့တွေက မြေပေါ်ကျနေတဲ့ စပါးစေ့တွေလောက်ပဲစားတာ။ သီးနှံတွေကိုလည်း ဖျက်လိုဖျက်ဆီး မရှိတော့ အလည်လာတဲ့တော်ဝင် ငှက်ကြီတွေလို့မှတ်ကြတာ။ သီးနှံသိမ်းချိန်ရောက်ပြီဆို ငှက်ကြီးတွေက စုစုစည်းစည်းနဲ့ အချိန်အတော်ကြာ ဆွေးနွေးတိုင်ပင်ကြပြီး ခရီးရှည်ကြီးကို ဦးတည်ပျံကြတော့တာပဲ။

ဒါပေမယ့်သားရေ တစ်နှစ်မှာတော့ အလည်လာတဲ့ ငှက်ကြီးတွေထဲက တစ်ကောင်ဟာ ပြန်လိုက်မသွားဘဲ နေရစ်ခဲ့ပါရော။ တစ်ခြားအဖော်ငှက်ကြီးတွေ ပြန်ဖို့ စုဝေးကြတော့ သူမပါဘူး။ ပျံသန်းကြဖို့ လှုပ်လှုပ်ရှားရှား ဖြစ်တော့လည်း သူကတော့ တုံဏှိဘာဝေပဲ။ ခွဲခွာတော့မယ့်ငှက်တွေက တကြော်ကြော်လာဖို့ ငှက်တို့ဘာဝ အော်ကြခေါ်ကြတော့လည်း ဂရုမစိုက်တော့ဘူး။ ဒါနဲ့ တစ်ခြားငှက်အဖော်တွေလည်း သူကို ချန်ထားခဲ့ပြီးပြန် ကြတော့တာပေါ့။ နောက်တစ်နေ့ လယ်သမားတွေလာတော့ သူ့ဌာနေကို ပြန်သွားဖို့ ခြောက်လှန့်မောင်း လွတ်ကြတာပေါ့။ ငှက်ကြီးကတော့ စပါးစေ့လေးတွေ ကောက်စားမြဲပါပဲ။ တခါတလေ ဒေသခံ ကွေလာငှက်တွေဆီ ဖြေးဖြေးလေးလေး ပျံပျံသွားပြီး အတူတူ ပေါင်းပေါင်းနေတာပေါ့။ နောက်တော့ မရိတ်ရသေးတဲ့ သီးနှံတွေကို လည်း ဖျက်လို ဖျက်ဆီး လုပ်လာတယ်။ ငှက်ကြီးဟာ အလည်လာတဲ့ ငှက်တွေလို မဖျက်မဆီး ရေရှည် မနေနိုင်ဘူး လို့ လယ်သမားတွေ အချင်းချင်းပြောလာကြတယ်။ ဒါကြောင့် ဒေသခံငှက်တွေကို လုပ်သလိုပဲ လုပ်လိုက်ကြဖို့ ဆုံးဖြတ်လိုက်တော့တယ်။ နောက်ဆုံးမြှားနဲ့ပစ်ပြီး ဟင်းလုပ်လိုက်တော့တာပေါ့။ သားလေးရေ အမေကတော့ အမေ့ သားလေးဟာ ကိုယ့်မွေးရပ်မြေလေးကို မေ့သွားတဲ့ ထူးဆန်းတဲ့ သြစတြီးလျ ငှက်ကြီးလို ဖြစ်လာလိမ့်မယ်မဟုတ်ဘူးလို့ ထင်တာပဲ သားရယ်။


ပြီးပါပြီ။
သူငယ်ချင်းရောင်းရင်းတွေရော ဘာတွေများပြောချင်ပါသလဲ။ အမေရေးလိုက်တဲ့ စာတစ်စောင် ဖတ်ပြီးတော့ပေါ့ .......

စကားတစ်ခွန်းလောက်တော့ ကျွန်တော်မျှော်လင့်မိပါတယ် ..... အချိန်ရမယ်ဆို ပြောပေးခဲ့ကြပါနော် ...


အမေရေးတဲ့ စာတစ်စောင် အပိုင်း (၂)


အမေရေးတဲ့ စာတစ်စောင်

အပိုင်း (၂)



ငိုဇီးလေးရဲ့ မင်္ဂလာအိပ်ခန်းအတွက် အမေ့ပိုက်ဆံတော်တော်များများကို အမေသုံးလိုက်တယ်သား။ အမေ့ ကိုယ်ပိုင်ငွေလေးနဲ့ သူ့ကို အဲဒီကိုပို့လိုက်တာ။ အဲဒီက အမျိုးသမီးတွေက သူ့ကို ခင်ပွန်းသည်ကို ဘယ်လို ဂရုစိုက်ရတယ် ဆိုတာ သင်ပေးပါလိမ့်မယ်။ ပြီးတော့ လှလှပပ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်ရာမိန်းကလေး ဖြစ်လာအောင် ကျွေးကြမွေးကြပါလိမ့်မယ်။ မျိုးကောင်းရိုးကောင်းလေးက ပေါက်ဖွားလာတဲ့ ငိုဇီးလို လိမ္မာတဲ့ မိန်းကလေးကို လက်ထပ်တဲ့ နေ့ကျရင် အစွမ်းကုန်လှနေအောင် ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်ကွယ်။ သတို့သမီးကို မင်္ဂလာအိပ်ခန်းကို ပို့တဲ့အခါ ပိုက်ဆံတွေသိပ်ကုန်တယ် မဟုတ်လား။ သူတို့ကိုသင်ပေးတဲ့ အမျိုးသမီးတွေက သေလောက်အောင် ကြိုးစားသင်ရတာလေ။ ကုန်တာမဆန်းပါဘူး။ နောက်ပေါက် ကောင်မလေးတွေကတော့ ပုံတုံးတုံး အမှိုက်ထုပ်ကြီးတွေလို့ ပြောမှာပေါ့။ သူတို့တစ်တွေက ပိန်ခြောက်ခြောက် တံမြက်စည်းရိုးတံလို ကိုယ်လုံးမျိုးကို ပိုကြိုက်မပေါ့။ ယောက်ျားတွေက ညရောက်ရင် ပြည့်ပြည့်ဖြိုးဖြိုးလေးကို ဖက်အိပ်ရတာကို ပိုကြိုက်တယ်ဆိုတာ သိဟန်မတူကြရှာဘူး။

သားရေ အမေ့ကို လူရယ်စရာဖြစ်အောင်တော့ မလုပ်နဲ့နော်။ သွားဖွေးဖွေးလေးဖြစ်လာဖို့ အသက်ကလေး ဖြောင့်ဖြောင့် ရှူနိုင်ဖို့ အမေ့ဆီကနေ သွားတိုက်ဆေးတွေ ငှားငှားနေရတဲ့ ရှူနာရှိုက်ကုန်း မျိုးတော့ ယူမလာပါနဲ့ သားရယ်၊ အမေခွင့်မပြုနိုင်ဘူး။ သားရဲ့  မူလတန်းတုန်းက ကျောင်းနေဖက် အိုးဒလိရဲ့  သားလေးကိုတော့ သားအမှတ်ရဦးမယ်ဆိုတာ အမေသေချာပေါက် ပြောရဲတယ်သား။ သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးခြောက်ရှူ မိန်းကလေးတွေကို ထိကပါးရိကပါးနဲ့ လူရှုပ်ကလေးပါသားရယ်။ လူပျင်းလေးလေ။ တစ်နေ့တော့ စိတ်ကူးပေါက်ပြီး ဥရောပကို ကားစီးပြီးထွက်သွားပါလေရော။ နောက်ဆုံး ဆေးခြောက်ကပဲ သူ့ကို ဖျက်ဆီးပြစ်လိုက်မယ်ထင်ထားတာ။ အမေတို့ထင်တာ မှားတယ်သားရေ။ သူက မြောက်ပိုင်ဘက် ခရမ်းချဉ်သီးသယ်တဲ့ ထရပ်ကားတွေနဲ့ လိုက်သွား၊ ပြီးတော့ မလိကိုသွားတဲ့ ဘတ်(စ်)ကားနဲ့ ဆက်လိုက်သွားသတဲ့။ နောက် ကုလားအုတ်ကုန်သည်တွေနဲ့ ဆက်မိပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကြသတဲ့ကွယ်။ သူတို့ထဲက တစ်ချို့ တွေက ကန္တာရထဲမှာ ရေငတ်ပြီးသေကြသတဲ့။ သူကတော့ သေကံမရောက် သက်မပျောက်ပဲ သဲကန္တာရကြီးထဲကနေ လွတ်မြောက်သွားတယ်ဆိုပဲ။ မော်ရိုကို ကို ရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ရသတဲ့။ စပိန်ကို လှေနဲ့ဖြတ်တော့ သူ့ကို ကူညီခဲ့တဲ့ ဘာဘာလူမျိုးတွေကိုတောင် ပိုက်ဆံ ပို့ပေးလိုက်သေးသတဲ့တော့။ သူက အလုပ်လုပ်ခွင့် ပါမစ်ရအောင် စပိန်အာဏာပိုင်တွေကို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံကပါလို့ ပြောသတဲ့။ ၆ နှစ်ပြည့်ပြီးသူပြန်လာတော့ သားကို မြင်စေချင်စမ်းတယ်။ သူမှာ တယ်လီဗေရှင်းတွေ၊ ရွှေတွေ၊ လက်ဝတ်လက်စားတွေ၊ အ၀တ်အစားတွေ ပါလာတာ အများကြီးပဲ။ ငွေဆို ရေလိုသုံးရလောက်အောင်ကို ပါလာတာသားရေ။ သူနေတဲ့ သူ့အဖေ အိမ်နေရာလေးမှာ ရက်တော်တော်ကြာ လူတွေ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြနဲ့ တရုံးရုံးပါပဲ သားရယ်။ အမေစိတ်ထဲမှာတော့ အဲဒီနေရာကို ကျိတ်ကျိတ်တိုးမသွားချင်ပါဘူး။ အဲဒီကောင်လေးကိုလည်း အပြစ်မြင်ဝေဖန် မနေချင်ဘူး။ ဒါကြောင့် သူများတွေလိုပဲ စားလိုက်၊ သောက်လိုက်၊ ရင်းရင်းနှီးနှီး ပဲပေါ့သားရယ်။ အဲဒီအိမ် အလည်လာကြတဲ့ လူတွေရဲ့  မျက်လုံးကတော့ အမေ့အပေါ်မှာ ပဲပေါ့သားရယ်။ ပြီးတော့ မေးကြ၊ ပြောကြတယ်။ “မင့်သားရော ဘယ်လိုလဲ။ ဘယ်တော့များ လက်ဆောင်ကောင်းကောင်းတွေနဲ့ ပြန်လာမလဲပေါ့။ အိုးဒလိရဲ့  သားလေးလို စားဖို့သောက်ဖို့ ဘယ်တော့ ဖိတ်မလဲ။ ခြေကျင်ထွက်သွားတဲ့ အိုးဒလိရဲ့  သားလေးတော့ လက်ဆောင်ကောင်းတွေနဲ့ အောင်အောင်မြင်မြင် ပြန်လာပြီ။ လေယာဉ်နဲ့သွားတဲ့ မင့်သားကဘယ်လိုလဲ။ ဘာညာပေါ့။” အဲဒီလိုတော့ မပြောကြရှာပါဘူး။ ဒါပေမယ့် သူတို့ မျက်လုံးတွေက ဘာကိုပြောချင်တယ် ဆိုတာအမေ သိတာပေါ့သားရယ်။ သူတို့ မျက်လုံးတွေက အမေ ကိုကာကိုလာ သောက်တဲ့အခါ၊ ဂျိုးလော့(ဖ်) ထမင်း စားတဲ့အခါ၊ အမဲသားကြော်ကိုက်တဲ့အခါ၊ လည်ပင်းဖြတ်ခံလိုက်ရတဲ့ ကြက်ကလေးလို ကမူးရှူးထိုးကတဲ့အခါတောင် အလွတ်ပေးကြတာမဟုတ်ဘူး။ အဲဒီကောင်လေးလည်း လေယာဉ်နဲ့ပြန်သွားပြီ၊ နောက်တစ်ခါ သူပြန်လာရင် သူ့ အဖေရဲ့  အိမ်အိုကြီးကို ဖျက်ပြီး အိမ်ကြီးရခိုင်ဆောက်ပေးမယ်လို့ ကတိပေးသွားလေရဲ့ ။

တစ်ခါက အမေ့တွက် အမေ့ဒူးတွေမတုန်ခင်လေး မြေးလေးတစ်ယောက်ရအောင်လို သားရဲ့  ဇနီးလောင်းလေး ငိုဇီးကို သားရဲ့ ညီဝမ်းကွဲ အဇူကာနဲ့ စပ်မိပါတယ်။ ငိုဇီးလေရဲ့  အမေက မခံမရပ်နိုင်ဖြစ်လိုက်ပုံများ မြွေတစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့။ သူ့သမီးကို အမဲသားရောင်းသလို ဟိုလူ့ပစ်ပေးလိုက် သည်လူ့ပစ်ပေးလိုက် လုပ်လို့တဲ့လေ။ အမေ့ကိုတောင် တံထွေးနဲ့ ထွေးသွားသေးတယ်သားရဲ့ ။ သူ့သမီးလေးသာ နောက်တစ် ယောက်ကို လက်ထပ်ရဦးမယ်ဆိုရင် အမေတို့ထက်သာတဲ့ အသိုင်းအ၀ိုင်းကောင်းကောင်းကိုပဲ ရှာတော့ မပေါ့တဲ့။ အဲဒီလို ကတောက်ကဆ ဖြစ်ပြီးကတည်းက သူလည်း ဘုရားကျောင်းကို မလာတော့ဘူး။ လမ်းမှာ အမေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှူးရှူးရှဲရှဲနဲ့ မျက်နှာလွဲပြီး လမ်းတစ်ဖက်ကို ကူးကူးသွားတာ။

သားပိုက်ဆံမပို့တဲ့ အတွက်တော့ ဆင်ခြေပေးနေစရာမလိုပါဘူး။ ခုဆို အနောက်နိုင်ငံများအသင်းက အမေတို့လမ်းပေါ်မှာ ရုံးလာစိုက်တယ်။ ခန့်ညားထည်ဝါတဲ့ သူတို့ရုံးကြီးထဲကို ကလေးတွေကို ခေါ်ခေါ်သွားကြတာ နေ့စဉ်တွေ့နေရတာပဲ။ ပြီးရင် စက္ကူထုပ်ကြီးငယ်တွေဆွဲလို့ ကားကား ကားကားနဲ့ ထွက်လာကြတော့ တာပဲ။ သူတို့တစ်တွေ အားတဲ့လက်တစ်ဖက်နဲ့တော့ အမေ့ကို လက်ပြနှုတ်ဆက်ကြပါတယ်။ အမေချေးမှာ စိုးလို့ထင်ပါရဲ့  လက်တစ်ဖက်ကတော့ သူတို့ပိုက်ဆံထုပ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့သားရေ။

လူတွေပေးပေးနေတဲ့ အကြံတွေနဲ့ အမေ့နားမပြည့်လောက်ဘူး မထင်နဲ့။ နောက်ဆုံးတော့ လူတွေပြောပြော နေသလိုပဲ အချိန်က စကားပြောပါလိမ့်မယ်။ တစ်ခါကတော့ အမေတို့တိုင်းရင်းဆေးဆရာကြီးက ပြောတယ် အမေရိကမှာ ရောက်နေတဲ့ အမေ့သားကို သားလေးအမေရိကမှာ ဘာပဲဖြစ်နေနေ ပြန်လာစေရမယ်။ သူ့မန္တန်နဲ့ လုပ်လိုက်ရင် နောက်တစ်ပါတ်လေယာဉ်နဲ့ သားရောက်လာမှာပဲတဲ့။ ဒါပေမယ့် သားက အမေ့ရင်သွေးလေ၊ အမေ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာ။ သားအပေါ်ဘယ်လို အန္တရာယ်မျိုးမှ မကျရောက်စေချင်ဘူး။ အိုကိုလိုစီရဲ့  သားလေးတော့ မန္တန် အစွမ်းနဲ့ အမေရိက ကနေ အတင်းပြန်လာရတာပဲ။ သူအခု အိမ်ပြန် ရောက်နေပြီ။ ဂျာကင်အစုတ်ကြီးဝတ်လို့သားရယ်။ ကြောက်စရာကောင်းတဲ့ ဟိုင်လီနားငှက်ဆိုးသံကြီး နဲ့ရယ်ရယ်ပြီး လမ်းပေါ်မှာ ဟိုလျှောက် ဒီလျှောက်လုပ်နေတော့ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့ ကလေးတွေခမျာ သူ့ကို ကြောက်ကြရှာတာပေါ့။ သူနာမည်ကိုလည်း အမေရိကန်က မြို့ကြီးတွေရဲ့  နာမည်တွေ အကျယ်ကြီး ရွတ်ရွတ်နေလေရဲ့ ကွယ်။

ဆက်ရန် .......

May 24, 2008

အပျင်းပြေ လေးတွေ

သိပ်ပျင်းနေ ငြီးငွေ့နေပါသလား။ ကျွန်တော်ပျော် အောင်လုပ်ပေးမယ်လေ။


Tempo (1) Click the Gray Face



Tempo (2) Click the Yellow Face




Tempo (3) Click the Orange Face



May 22, 2008

အမေရေးတဲ့ စာတစ်စောင် အပိုင်း (၁)

အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၁)
သားရေ

အမေရိကမှာ အလုပ်လုပ်နေကြတဲ့ တခြားနိုင်ဂျီးရီးယားလူငယ်တွေလို အနောက်နိုင်ငံများအသင်းကနေတဆင့် အိမ်ကိုပိုက်ဆံ မပို့တာ ဘာ့ကြောင့်လဲ။ အိမ်ကိုလည်းပြန်မလာဘူး။ လူဖြူမလေး တစ်ယောက်နဲ့များ လက်ထပ်လိုက်တာလား။ သားအတွက်မေမေ အမျိုးကောင်းသမီးလေး တစ်ယောက်ကို တွေ့ထားပြီ ဆိုတာ မမေ့ပါနဲ့။ သူ့နာမည်က ငိုဇီး။ သူ့မိဘတွေကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေပါ။ သူ့မေမေဟာ အမေ့လိုပဲ။ ငိုဇီးတို့မိသားစုနဲ့ အမေတို့ကြားမှာရှိတဲ့ ခင်မင်ရင်းနှီးမှုတွေ ပျက်အောင် မလုပ်နဲ့နော်သား။

ကာကာရဲ့ သားလိုတော့ မလုပ်ပါနဲ့ လို့ အမေပြောပါရစေ။ သူ့ကို တို့နိုင်ဂျီးရီးယားလူမျိုးစု တိုးတက်ရေး ရံပုံငွေနဲ့ ပို့လိုက်တာ။ သူကတော့ လူဖြူမလေး တစ်ယောက်နဲ့ လက်ထပ်ပြီးပြန်လာတယ်။ လူဖြူတွေချည်း သီးသန့်နေတဲ့ ရပ်ကွက်ထဲ သွားနေတော့။ သူ့မိဘတွေကိုတောင် လာလည်ခွင့် မပေးဘူး။ သူ့မှာ ခွေးကြီးတစ်ကောင် ရှိတယ်။ သူမိန်းမကဆို အဲဒီခွေးကြီးကို သူ့သွေးသားတစ်ယောက်လို ပြုစုကျွေးမွေးတာ။ သူမိဘတွေဆီ တစ်ခေါက်တော့ လာလည်ပါတယ်။ သူက သူအဖေရဲ့  အိမ်အိုအိမ်ဟောင်းကြီးမှာ ညမအိပ်ဘူးတဲ့။ ညစ်ပတ်ရှုပ်ပွနေလို့တဲ့လေ။ သူ့မိန်းမကို ခေါ်ပြီး ဟိုတယ်မှာ သွားတည်းကြတယ်ဆိုပဲ။ တို့နိုင်ဂျီးရီးယားလူမျိုးစု သက်ကြီးဝါကြီးတွေနဲ့ တွေ့  တော့ သူငယ်ငယ်ကလို မြေပေါ် ၀ပ်တွားပြီး ဂါရ၀မပြုဘဲ လက်ကြီးဆန့်ပေးသတဲ့။

အမေသားဆီပို့ပေးလိုက်တဲ့ဓာတ်ပုံထဲက ခေါင်ရမ်းပန်းလေးကိုင်ထားတဲ့ ဂါဝန်ရှည်လေးနဲ့ ငိုဇီးလေးဟာ လှရဲ့  မဟုတ်လား။ သူအခု ခရစ်ယာန်အမျိုးသမီးများအသင်းရဲ့  ဆရာများကောလိပ်မှာ ကျောင်းတက်နေတယ်။ သူကလေးက သားကောင်းတွေ မွေးဖွာပေးနိုင်တဲ့ မျိုးကောင်းရိုးကောင်းလေးသားရဲ့ ။

ဂျာမနီကို သွားတဲ့ အိုဂါဂါရဲ့  သားကတော့ ဟိုတစ်နှစ်က ဗောက်ဝက်ဂွန်းလို့ခေါ်တဲ့ ကားအကောင်းစားကြီး တစ်စီး ပို့လိုက်တယ်။ အိပ်ခန်းပေါင်း ၂၀ ပါတဲ့ စံအိမ်ကြီးလည်းဆောက်ပြီး သွားပြီတဲ့။ ခု ဟိုတယ်ကြီး တစ်ခုဆောက်ဖို့တောင် အုတ်မြစ်ချပြီးသွားပြီ။ အမေလည်း အသက်ကြီးလာပြီဆိုတော့ အမေမသေခင်လေး အမေ့မြေးတွေနဲ့ ပျော်ပျော်ကြီးနေချင်သေးတယ်။ အမေလည်းရွာမှာ လူရယ်စရာအဘွားကြီးဖြစ်နေပြီ။ ဘာလို့လည်းဆိုတော့ အိုရင်ဘိုဈေးမှာရှိတဲ့ အမေ့ရဲ့  စည်းစိမ်ကုန် ဈေးဆိုင်လေးကို ရောင်းလိုက်လို့လေ။ ဒါကလည်း အမေရိကကိုသွားတဲ့ အမေ့ရဲ့  တစ်ဦးတည်းသော သားလေး မင့် အတွက် ပိုက်ဆံပိုပို့ပေးဖို့ အတွက်ပါကွယ်။ ခု အမေ့မှာ ဈေးဆိုင်လေး မရှိတော့ဘူးသားရဲ့ ။ အဲဒါကြောင့် ခု အမေလေ မလုပ်ချင်ပေမယ့် ခေါင်းရွက်ဗျတ်ထိုးဈေးသည် လုပ်နေရပြီသားရေ။
သားသတိရသေးလား အမေ့အတွက် ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက်ထားပေးမယ်ဆိုတာလေ။ အမေကတော့ ငါ့သားပို့လိုက်တဲ့ ကားကြီးရဲ့  နောက်ခန်းမှာ ၀န်ကြီးချုပ်ကတော်ကြီးလို ထိုင်ပြီးတော့ ဒရိုင်ဘာကို နောက်ကနေ အမိန့်တွေပေးမယ်။ အမေ့ မိတ်ဆွေတွေဆီသွားလည်မယ်။ သူတို့တွေ အားကျနေကြမှာ မြင်ယောင်သေးတယ် သားရယ်။ အမေကတော့ အမေသားလေးဟာ ဘုရားသခင်ဟောခဲ့တဲ့ ၀ိုင်နဲ့မိန်းမအတွက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖွာဖွာနဲ့ အရမ်းသုံးဖြုန်းပစ်တဲ့သူ ဖြစ်မလာပါစေနဲ့လိုပဲ ဆုတောင်း နေမိတယ်။

သားလေး အိုဘီရဲ့  သမီးလေးကိုတော့ မှတ်မိဦးမယ်ဆိုတာ အမေ အတပ်ပြောရဲတယ်။ သား အမေရိကကို ထွက်သွားပြီးလို့ သိပ်မကြာခင်ပဲ သူလည်း အီတလီကို ပြည့်တန်ဆာလုပ်ဖို့ထွက်သွားတယ်။ မနှစ်ကမှ သူလည်း သူ့မိဘတွေဆီ လက်ဆောင်တွေ အများကြီးနဲ့ ပြန်လာတာ။ သင့်တော်တဲ့ ကောင်လေးတစ်ယောက်နဲ့တောင် လက်ထပ်သွားပြီးသွားပြီ။ သူတို့လက်ထပ်ပွဲကို ဘုရားကျောင်းမှာ လုပ်တာ။ ဘုရားကျောင်းပြင်ဖို့ အလှူကြီးပေးပြီးတဲ့နောက် သူဟာ ရှက်ဖွယ်ကောင်းတဲ့ ပြစ်မှုတွေ လုပ်ခဲ့ပေမယ့်။ ယေရှုခရစ်တော်ရဲ့ သွေးနဲ့ သန့်ရှင်းစေခဲ့ပြီလို့ ဘုန်းတော်ကြီးကပြောတယ်။ ခုဆို သားလေးတစ်ယောက်တောင်မွေးပြီးပြီတဲ့။ လူတွေလည်း သူအီတလီမှာ တစ်ခါတုန်းက ပြည့်တန်ဆာလုပ်ခဲ့တာကို သတိမရကြတော့ပါဘူး။

သားလေး တခြား လူမည်းတွေနဲ့ရော ပေါင်းသင်းဖြစ်လား။ သားရဲ့ မျိုးရိုးဇစ်မြစ်ကိုရော သတိရတုန်းပဲလား။ လူမည်းတွေရဲ့  ရိုးရာအစားအသောက်တွေကို ရှာရှာဖွေဖွေ စားတုန်းပဲလား။ ဘာလို့လဲဆိုတော့ လူဖြူတွေရဲ့  အစားအသောက်က သားကို လူဖြူတွေရဲ့  လမ်းကိုလိုက်ဖို့ ခေါ်သွားမှာ အမေစိုးရိမ်တယ် သား။ သားရေ … သားလျှောက်မယ့်လမ်းကို သားစဉ်းစားပါ။ လက်ဖွာဖွာနဲ့သုံးဖြစ်နေသလားဆိုတာ ကိုယ်ဟာကို ဆင်ခြင်ပါ။ အမေ မသေခင်တော့ သားအတွက် နေ့စဉ် ဆုတောင်းပေးပါတယ်သားရယ်။
ဆက်ရန် ....

May 15, 2008

အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါသည်


ကျွန်တော်တို့အလှူ အောင်မြင်ခဲ့ပါပြီ။
အသေးစိတ်ရေးပါဦးမည်။
(၁) ၀ါးကောက်တော၊
(၂) ထန်းပင်ကုန်း၊
(၃) တော်ခရမ်းလေး၊
(၄) အင်္ဂပူ၊
(၅) ဒေးဒရဲ
ကို ရောက်တယ်လို့ ပြောပါတယ်။
မြန်မာပြည်ထဲက သူငယ်ချင်းတွေရော ပေါင်းလိုက်တော့ သိန်း ၂၀ ကျော်လှူနိုင်ခဲ့ပါတယ်။

May 10, 2008

အမျှဝေပါသည်


အမျှဝေပါသည်

မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစ်စု လေဘေးဒုက္ခသည်တွေအတွက် ဆန်၊ရေ၊ဆေး ၀ယ်ပြီးလှူဖို့ ရန်ကုန်ကို အလှူငွေပို့နိုင်ခဲ့ပါတယ်။ စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ဆီလွဲပြီး လိုအပ်နေတဲ့ နေရာတွေ သွားလှူဖို့ ပြောထားပါတယ်။

စုစုပေါင်း ၁၀ သိန်း ၂ သောင်းကျပ် လှူဒါန်းမျှဝေနိုင်ခဲ့ပါတယ်။

ကိုတင်မျိုးနိုင် (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုဖြိုးဝေမောင် (ရန်ကုန်စက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုခွန်ကျော်စိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုဇော်လတ်တင် (မန္တလေးစက်မှုတက္ကသိုလ်) = ၃၀၀၀၀ ကျပ်
ကိုကျော်စိုးလွင် (မန္တလေးစက်မှုတက္ကသိုလ်) = ၈၃၅၀၀ ကျပ်
ကိုခင်မောင်ညွန့် (ရန်ကုန်စက်မှုတက္ကသိုလ်) = ၁၀၀၀၀၀ ကျပ်
ကိုနိုင်ဝင်း (မန္တလေးစက်မှုတက္ကသိုလ်) = ၈၃၅၀၀ ကျပ်
ကိုဇင်မင်းထွန်း (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
ကိုစိုးသက်ကျော် (မန္တလေးစက်မှုတက္ကသိုလ်) = ၄၁၇၅၀ ကျပ်
မအေးနန်းစိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၁၆၇၀၀ ကျပ်
မစိမ့်စိမ့်စိုး (မန္တလေးစက်မှုတက္ကသိုလ်) = ၂၅၀၅၀ ကျပ်
မနန်းရွှေလီဝင်း (ပညာသင်ဆဲ) = ၄၁၇၅၀ ကျပ်
ကိုစိုင်းခမ်းထွန်း (မန္တလေးစက်မှုတက္ကသိုလ်) = ၄၃၀၇၅၀ ကျပ်

ဤကောင်းမှုကို လှူဒါန်းခွင့် မကြုံသေးသူများအားလည်း ကောင်းမှု မျိုးစေ့ အမျှရစေခြင်းငှာ ဖော်ပြ အမျှဝေအပ်ပါသည်။

May 6, 2008

ကျွန်တော်တို့ဟာ သဘာဝရဲ့  ရင်သွေးငယ်တွေလေ



သဘာဝရဲ့  ရင်သွေးငယ်တွေ



ကျွန်တော်တို့ မြန်မာ ဘလော့ဂ်ဂါတွေ တာဝန်ကျေခဲ့ပါသည်။ နာဂစ်လေပြင်းမုန်တိုင်းကြီး မြန်မာပြည်မရောက်မီ နီးစပ်ရာ မြန်မာများကို သတင်းပေးကြရန်ကြိုတင် သတိပေးခဲ့ကြပါသည်။ မေ ၁ ရက် လောက်ကတည်းက အော်နေကြပါသည်။
“နာဂစ်လေပြင်းမုန်တိုင်းကြီးလာတော့မည်”
“နီးစပ်ရာ အမြန်သတိပေးကြပါ”
အဘယ်မျှပြင်းထန်ကာ၊ အဘယ်မျှ ထိခိုက်မည်ကိုကား မကြုံဘူးခဲ့သည့် အတွက် မခန့်မှန်းနိုင်ခဲ့ကြပါ။ ကျွန်တော့် ဘလော့ဂ်တွင်ပင်လျှင် မေ ၂ ရက်နေ့၌ ဖော်ပြသတိပေးခဲ့ပါသေးသည်။
ယခုတော့ မုန်တိုင်းကြီးလည်း တိုက်ခတ်ပြီးသွားခဲ့ပါပြီ။ သေသူတွေလည်း သေကုန်ကြပါပြီ။ ကျန်ခဲ့သူတွေမှာလည်း ဒုက္ခများစွာဖြင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

ကျွန်တော် မြင်ယောင်နေမိသည်မှာ
မိဘမဲ့သွားသော ကလေးငယ်များ (ဘယ်သွားပြီး ဘာစားရမည်မှန်း မသိ၊ သူတောင်းစားဖြစ်မည်လား သူခိုးလေးဖြစ်လာမည်လား) မိမိ၏ ညီလေး၊ မောင်လေး၊ သားငယ်လေး၊ သမီးငယ်လေးအဖြစ် ခံစားကြည့်ပါ။

အိုးအိမ်မဲ့သွားပြီး နေ့ဖို့ညစာ မရှိရှာသော မိသားစု (ထမင်းနပ်မှန်အောင်ပင် မလွယ်သော တစ်နေ့စာ လုပ်ခ၊ ညအခါ မိုးလုံလေလုံ အိပ်ဖို့ပင် မလွယ်တော့ပါ။) ကိုယ်ချင်းစာတတ်ရန် ပြောပြလိုပါသည်။ သင်အိပ်နေစဉ် သင့်တစ်ကိုယ်လုံး ရေစိုအောင် လောင်းပစ်လိုက်မည်။ အ၀တ်မလဲရ၊ ရေစို အ၀တ်ဖြင့် မနက်ထိနေရမည်။ အဘယ်လောက်ဆင်းရဲ ပင်ပမ်းမည်ကို ဆင်ခြင်ကြည့်ပါ။

ရေမလာ၊ မီးမလာ။ သွားလာရမလွယ်။
ယခု ရေဈေးကြီးနေပြီ။
ဆီဈေးကြီးနေပြီ။
ဆန်ဈေးကြီးနေပြီ။
အိုးအိမ်မပြို မပျက်သူတို့ပင် စားရေး၊ သောက်ရေး ခက်မည်ဖြစ်သည်။
ရွာလုံးကျွတ်ပျောက်သူများ (သတင်း၌ ဖတ်ရသည်။) သေသူက သေပြီ ထားတော့။ ကျန်ခဲ့သူတွေ ငတ်၍ သေကုန်၊ ရောဂါဖြစ်၍ သေကုန်တော့မည်။ အ၀တ်မလုံလောက်။ အစားမလုံလောက်။ ဆေးဝါးမလုံလောက်။ မုန်တိုင်းအပြီး၌ ပတ်ဝန်းကျင် ညစ်ညမ်းနေမှုကြောင့် ၀မ်းရောဂါ၊ မိုးမိ၊ လေမိ၍ အဖျားရောဂါ လာဦးမည်။ ခြုံစရာ စောင်မရှိ။ ခြင်ထောင်မရှိ။ ထွန်းစရာမီးခွက်မရှိ။ မှောင်ထဲ မည်းမည်း။

ထိုထို သို့သော သနားစရာ ဒုက္ခရောက်နေသူများကို မိမိ စားနေ ၀တ်နေသည့် အထဲမှ လူသားဆန်စွာ ဝေငှပေးရန် မသင့်ပါလား။
ဘလော့ဂ်ဂါညီအစ်ကို မောင်နှမ အပေါင်းတို့ခင်ဗျား …। အားလုံး တညီတညာတည်း အကူအညီပေးကြ အော်ကြရအောင်ဗျာ …
ကျွန်တော်လည်း သူတို့ အတွက် မျှဝေမယ် ကျွန်တော်တစ်ယောက်တည်း မစားရက်ပါဘူး။ သူတို့တစ်တွေဟာ ကျွန်တော်တို့ သွေးချင်းတွေလေ။ ငတ်နေ ... ဒုက္ခရောက်နေကြရှာတယ်လေ ... မိတ်ဆွေစစ်ဆိုတာ ဒုက္ခရောက်ချိန်မှာမှ သိရတာတဲ့ ....
ကျွန်တော်တို့ဟာ သဘာဝရဲ့  ရင်သွေးငယ်တွေလေ …


May 4, 2008

သတိပေးပါရစေဗျာ ...


မမေ့ပါနဲ့

ဤ၀တ္ထုလေးကို ပေးပို့လိုက်သူအား အထူးကျေးဇူးတင်ပါသည်။ သူငယ်ချင်းတို့ရေ … တို့တစ်တွေကို သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေကို လက်လွတ်စပယ် ပစ်မထားကြပါနဲ့။ သူတို့အတွက်အချိန်ပေးပါ။ မင့်ဘ၀ရဲ့  အချိန်တွေအားလုံးကို အလုပ်မှာပဲ မကုန်ဆုံးလိုက်ပါစေနဲ့။
သည်ဝတ္ထုလေးကို ပြီးအောင်ဖတ်ကြည့်ပါ။



လူတစ်ယောက် အလုပ်မှ နောက်ကျစွာပြန်လာသည်။ အလွန်ပင်ပမ်းလာသည့်အတွက် စိတ်လည်းတိုနေသည်။ ထိုစဉ် အိမ်တံခါးဝ၌ သူ့အားစောင့်နေသော ၅ နှစ်သားအရွယ် သူ့သားငယ်လေးကို တွေ့ သည်။
“ဖေဖေ မေးခွန်းတစ်ခုလောက်မေးချင်လို့”
“ဟာ ဟုတ်လှချည်လား။ ဘာများလဲသားရဲ့ ”
“ဟိုလေ … ဖေဖေ အလုပ်လုပ်တာ ၁ နာရီကို ဘယ်လောက်ရလဲဟင်”
“ဒါ မင်းကိစ္စမဟုတ်ပါဘူး။ ဘာကိစ္စ ဒါကိုမေးရတာလဲ”
“သား သိချင်လို့ပါဖေဖေရယ်။ ၁ နာရီကို ဖေဖေ ဘယ်လောက်ရလဲဟင်၊ ပြောပေးပါနော် ဖေဖေ နော်.. ”
“ဟာကွာ ဒီကောင်… ကဲ ဒေါ်လာ ၂၀ ရတယ်ဟေ့ ဒေါ်လာ ၂၀”
“အော်”
ကလေးငယ် စိတ်ဓာတ်ကျသွားရှာသည်။ သူ့ ဖခင်ကို မရဲတရဲမော့ကြည့်ပြီး
“သားကို ၁၀ ဒေါ်လာလောက် ချေးပေးပါလားဖေဖေရယ်”

“ဟေ့ကောင် မင်း ဘာမဟုတ်တဲ့ ကစားစရာဝယ်ဖို့အတွက်နဲ့များ ဒီလိုမေးရသလား။ မင့်အခန်းထဲတန်းတန်းမတ်မတ်ဝင်ပြီ သွားအိပ်နေစမ်းကွာ။ ပြီးတော့ မင်းဘယ်လောက် အလိုက်မသိ၊ တစ်ကိုယ်ကောင်းဆန်သလဲဆိုတာ နဖူးပေါ် လက်တင်ပြီးစဉ်းစား။ ငါ့မှာတော့ မင့်ရဲ့  ဒီလိုကလေးကလားလုပ်ရပ်တွေ အတွက် လုပ်လိုက်ရတာ သေတော့မယ်”
ကလေးငယ်သည် ဘာမျှ မပြောနိုင်ရှာတော့ဘဲ အိပ်ခန်းထဲ အမြန်ပြေးဝင်ကာ တံခါးပိတ်လိုက်လေတော့သည်။
စိတ်ဆိုးနေသော ဖခင်ဖြစ်သူမှာ ခဏထိုင်ကာ အမောဖြေပြီးသောအခါ သူ့သားလေး၏ မေးခွန်းကို ပြန်သုံးသပ်နေမိသည်။
“ဘာကြောင့်များ ဒီလိုမေးရဲပါလိမ့်”
တစ်နာရီခန့် အမောဖြေ စဉ်းစားပြီးနောက် သူ့သားငယ် ၁၀ ဒေါ်လာတန် ပစ္စည်း တစ်ခုကို အမှန်တကယ်လိုအပ်နှေနိုင်သည် ဟု စဉ်းစားမိလေသည်။ သူ့သားငယ်သည် ပိုက်ဆံ တောင်းလေ့ရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူ့သားငယ်၏ အခန်းထဲသို လိုက်ဝင်သွားပြီး
“သားရေ .. အိပ်နေပြီလားဟေ့”
“အော် ဖေဖေလား၊ သားမအိပ်သေးပါဘူး ဖေဖေ”
“ဖေဖေ ပြန်စဉ်းစားပြီးပြီ စောစောက သားကို မာမာထန်ထန်ပြောမိတာ။ တစ်နေ့လုံး အလုပ်လုပ်ခဲ့ရတော့ကွာ တအားပင်ပန်းနေတာကိုး။ သားအပေါ် စိတ်မရှည်နိုင်ဘူးဖြစ်သွားတယ်။ ဒီမှာ လာယူ သားလိုတဲ့ ၁၀ ဒေါ်လာ ”

သားငယ်က အပြုံးနဲ့ ထယူတယ်။
“ဖေဖေ ကျေးဇူးပဲ ဖေဖေရယ်”

ပြီးတော့ သူက သူ့ခေါင်းအုံးလေးကို မပြီး။ သူဝှက်ထားသည့် ပိုက်ဆံများအားထုတ်ယူနေလေသည်။ ပိုက်ဆံများကို ဖြည်းဖြည်းချင်းရေတွက်နေသော ကလေးအားကြည့်ရင်း ဒေါသ ထပ်ထွက်လာပြန်လေသည်။
“မင်းကွာ …. ပိုက်ဆံတွေရှိပြီးသားများ ဘာလို့ထပ်လိုချင်ရတာလဲကွ”
“သားပိုက်ဆံ မလောက်လို့ ပါဖေဖေရယ်။ ခုတော့ ပြည့်သွားပြီ။ ဖေဖေ သားမှာ ဒေါ်လာ ၂၀ ရှိတယ်။ ဖေဖေ့ အချိန် ၁ နာရီကို သားဝယ်နိုင်ပြီ။ မနက်ဖြန်စောစော ပြန်ခဲ့နော် ဖေဖေ။ သားဖေဖေနဲ့ တူတူ ညနေစာစားချင်တယ်”

မှတ်သားစရာ


ဒီဝတ္ထု လေးကို သူငယ်ချင်းတို့ရဲ့  ချစ်သူ ခင်သူတွေကို မျှဝေပါ။ ပိုကောင်းတာကတော့ ဒေါ်လာ ၂၀ တန်တဲ့ သင့်အချိန်ကို သင်သိပ်ချစ်တဲ့လူနဲ့ မျှဝေ ခံစားပါ။

ဘ၀ရဲ့  အချိန်တွေကို အလုပ်မှာပဲ နစ်မြုပ်နေတဲ့ သင့်အတွက် သတိပေးရုံလေးသက်သက်ပါ။ အလုပ်အတွက်ကြောင့် တို့တစ်တွေရဲ့  နှလုံးသားအတွက် ဘ၀ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို လက်မလွတ်လိုက်ရဖို့ပါပဲ။ တို့တစ်တွေ မနက်ဖြန် မှာ သေသွားမယ်ဆိုရင် …. တို့ကုမ္ပဏီက လစ်လပ်သွားတဲ့ တို့နေရာမှာ တစ်ယောက်ယောက်ကို အမြန်အစားထိုးလိုက်မှာပါ။ ဒါပေမယ့် တို့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကတော့ တို့တစ်တွေ သေးဆုံးသွားပြီးတဲ့နောက် သူတို့ရဲ့  ကျန်နေသေးတဲ့ဘ၀ တစ်လျှောက်လုံး တို့တစ်တွေအတွက် ခံစားသတိရနေကြမှာလေ။ ပြီးတော့ တို့တစ်တွေဟာ တို့ရဲ့  အချိန်တွေကို အမှန်တကယ် ရင်နှီးမြုပ်နှံပေးဆပ်ရမယ့် မိသားစုအရေးထက် အလုပ်မှာပဲ ပေးဆပ်ပစ်ကြတာကို ဆင်ခြင်ကြည့်ဖို့လိုပါတယ်။

ဘ၀က သိပ်ကို တိုတောင်းပါတယ်။ ဒီနေ့ဟာ မင့်အတွက် အကောင်းဆုံး အချိန်ပါပဲ။ ကဲ မင်း အထူးဂရုစိုက် ချစ်ခင်ရမယ့် လူ တစ်ဦးကို ပြောပြပါဦး ဘယ်သူဆိုတာ။

ပန်းချီ (၁)


မျှော်လင့်ငှက်







May 3, 2008

Genius Drawing Pad


ပုံဆွဲရန် လက်နက်စုခြင်း

ကျွန်တော် ဒီနေ့ ကွန်ပျုတာမှာ ပန်းချီဆွဲချင်တာနဲ့ Drawing Pad သွားဝယ်တယ်။ ၅၅ ဒေါ်လာပေးရတယ်ဗျ။ တစ်ခါမှ မသုံးဖူးဘူး။ ပုံလေးပြမယ်လေ။ ဒီမှာ ထုပ်ပိုးထားတာက ဒီလို

ပါကင်ကို ဖွင့်လိုက်တော့ အထဲမှာ ..


စက္ကူလေးတွေဖယ်လိုက်တော့ ....

ဝိုင်ယာလက် လိုက်ပင်တစ်ချောင်းရယ်။ Drawing Pad လေးရယ်တွေ့တယ်ဗျ။
DVD တစ်ချပ်ပါတယ်။ ဆော့ဝဲလ်တွေပါတယ်။
(၁) Driver Setup
(၂) Pensuite Pro Setup
(၃) Adobe Photoshop CS3 Extended (Trial)
(၄) Corel Painter X (Trial)
(၅) Table Flash Demo
ဆော့ဝဲလ်တွေပေါ့ဗျာ။
အားရင်တော့ ကာတွန်းလျှောက်ရေး၊ ပုံလျှောက်ဆွဲ လို့ရပြီ ဘော်ဒါတွေရေ။



May 2, 2008

သူတို့ဆီကဟာသ အပိုင်း (၉)


ဒေးဗစ်ရဲ့ ကြက်တူရွေး



တစ်ခါတုန်းက ဒေးဗစ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့မွေးနေ့ပွဲမှာ ကြက်တူရွေးလေး တစ်ကောင် လက်ဆောင်ရတယ်။ ကြက်တူရွေးလေးက အသက်အတော်ကြီးနေပါပြီ။ မကောင်းတဲ့ စကားလုံးတွေ အကျင့်ဆိုးတွေ စွဲနေပြီ။ ထွက်လာတဲ့စကားတွေဟာ ယုတ်ရင်းရိုင်းပြတာတွေချည်းပဲ။ အညစ်အပတ်တွေ ပါမလာရင်တောင် အနည်းဆုံး ခပ်ကြမ်းကြမ်းတော့ ထွက်လာတာပဲ။

ဒါကြောင့်မို့ ဒေဗစ်က သူကြက်တူရွေးလေးကို ယဉ်ကျေးလာအောင် တော်တော်ကြိုးစာနေတယ်။ ယဉ်ကျေးတဲ့ စကားလုံးတွေ၊ သာယာနာပျော်ဖွယ်သီချင်းလေးတွေကို ကြက်တူရွေးလေး အတုယူ ပြောတတ်လာအောင် အမြဲတမ်းလို ရွတ်နေတော့တာပဲ။

အလုပ်အားတဲ့ တစ်ရက်မှာတော့ ဒေဗစ်ကအော်လိုက် ကြက်တူရွေးက ပြန်အော်လိုက်နဲ့စကားသင်ပေးနေတယ်။ ဒေးဗစ်ကကြိုးစားပြီးသင်လေလေ ကြက်တူရွေးက ဒေါသပိုထွက်လေ ပိုရိုင်းရိုင်းလာလေပဲ။
နောက်ဆုံး ဒေးဗစ်လည်း စိတ်ဆိုး စိတ်ပျက်လာတာနဲ့ ကြက်တူရွေးကို ရေခဲသေတ္တာထဲ ထည့်ပြီးပိတ်ထားလိုက်တယ်။ ခဏလောက်ကြာတော့ ကန်ကျောက်ပြေးလွှားတဲ့အသံ၊ သေလုမြောပါး စူးစူးဝါးဝါး အော်သံ၊ ဟစ်သံတွေ ရေခဲသေတ္တာထဲကနေ ထွက်လာတယ်။ ပြီးတော့ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်။ မိနစ်ဝက်လောက်ဘာအသံမှ မကြားရတော့ဘူး။

ဒေးဗစ်ဟာ သူ့အချစ်တော်ငှက်ကလေး ဒုက္ခရောက်ပြီ ထင်ပြီး ချက်ချင်းပဲ ရေခဲသေတ္တာ တံခါးကို ဆွဲဖွင့်လိုက်တော့ ကြက်တူရွေးလေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဒေးဗစ်ရဲ့  လက်မောင်းပေါ်တက်လာတယ်။
"ကျွန်တော် သခင့်အပေါ် ရိုင်းရိုင်းပျပျ ပြောဆို ဆက်ဆံခဲ့မိပါတယ်။ ခုက စပြီးတော့ ကျွန်တော်မျိုးဟာ လိမ္မာယဉ်ကျေးတဲ့ ကြက်တူရွေးလေးတစ်ကောင်ဖြစ်လာအောင် ပြုပြင်နေထိုင်ပါတော့မယ်။ ကျွန်တော်မျိုးရဲ့ အမှားတွေကို ခွင့်လွတ်ပေးပို့ အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ။"
လို့ ယဉ်ယဉ်ကျေးကျေးပဲပြောတယ်။

ဒေးဗစ်ဟာ ပြောင်လဲသွားတဲ့ ကြက်တူရွေးလေးရဲ့  အပြုအမှု အတွက် အံ့သြတကြီးဖြစ်သွားတယ်။ ဘာကြောင့် ဒီလို ချက်ချင်းကြီးပြောင်းလဲ သွားရတာလဲလို့ သူချစ်တဲ့ ကြက်တူးရွေးလေးကို မေးကြည့်တဲ့အခါ ...
"ရေခဲသေတ္တာထဲက ကြက်တွေကို သခင်တို့ ဘာလုပ်ပြစ်ခဲ့လဲဆိုတာ သိပါရစေလား ခင်ဗျာ။"



တော်တော်တုံးတဲ့ခွေး


ခွေးတစ်ကောင် အသားရောင်းတဲ့ဆိုင်တစ်ဆိုင်ထဲ ၀င်လာတယ်။ သူ့လည်ပင်းမှာ ပိုက်ဆံထည့်ထားတဲ့ ခွေးလည်ပတ်ကလေးပါတယ်။ ခွေးဟာ အသားရောင်းတဲ့ ဆိုင်ခန်းထဲ တည်တည်ငြိမ်ငြိမ်နဲ့ဝင်လာပြီး သူ့အလှည့်ရောက်သည်အထိ တန်းစီရင်း ထိုင်စောင့်နေတယ်။ အသားလာဝယ်တဲ့ လူတစ်ဦးက ဒီခွေးရဲ့  အပြုအမူတွေကို သတိထားမိလာတယ်။ အသားရောင်းသူက ကောင်တာကို ကျော်ကြည့်ပြီး ခွေးကို မေးလိုက်တယ် "ဒီနေ့ ဘာများဝယ်ချင်ပါသလဲ။" ခွေးက သူ့ရှေ့ လက်နဲ့ မှန်ဘီဒိုထဲက အမဲသား အသားကောင်းကောင်းလေး တွေကို ညွှန်ပြတယ်။ "ဘယ်နှပေါင်ယူမှာလဲဗျာ" လို အသားရောင်းသူက မေးတဲ့အခါ
"၀ုတ် ... ၀ုတ်" လို့ ဟောင်ပြတော့ ဆိုင်ရှင်က အမဲသား ၂ ပေါင် ချိန်ပေးလိုက်ပြီး အထုပ် တစ်ထုပ် ထုပ်လိုက်တယ်။
"နောက်ဘာလိုသေးလဲဗျာ။"
ဒီတစ်ခါခွေးက စဉ်းထားတဲ့ ၀က်သားတုံးတွေကို ပြတယ်။
အသားရောင်းသူက
"ဒါရော ဘယ်နှပေါင်လဲဗျ။"


"၀ုတ် ... ၀ုတ်...၀ုတ် ... ၀ုတ်"
၎ ခါဟောင်တဲ့ အတွက် ၄ ပေါင်ချိန်ပေးပြီး ထုပ်လိုက်တယ်။

ခွေးက ကောင်တာနောက်ဘက်လျှောက်သွားပြီး ပိုက်ဆံသွားရှင်းတယ်။ အသားရောင်းသူက ကျသင့်ငွေကို ယူပြီး အသားနှစ်ထုတ်ကို ခွေးလည်ပင်းမှာ ဆွဲပေးလိုက်တယ်။

ဒါကို အစအဆုံးစောင့်ကြည့်နေတဲ့ အသားလာဝယ်သူဟာ ဒီခွေးနောက် လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခွေးနောက်လိုက်လာရင်း တိုက်ခန်းပေါင်းများစွာကိုကျော်လာပြီးတဲ့အခါ ခွေးဟာ အိမ်တစ်အိမ်ထဲဝင်သွားပြီး အိမ်ထဲကို ၀င်ဖို့အတွက် တံခါးဝကို ရှေ့ လက်နဲ့ သွားကုတ်တယ်။ ခွေးမွေးသူအိမ်ရှင် ထွက်လာပြီး တံခါးဖွင့်တော့ ခွေးကို လိုက်ကြည့်တဲ့ သူက
"တော်လိုက်တဲ့ခွေးဗျာ။" လို့ တအံ့တသြ ချီးကျူးစကားဆိုတယ်။
အဲဒီအခါအိမ်ရှင်က
"ဘယ်ကလာ တော်ရမှာလဲ။ ဒီခွေး ဒီတစ်ပတ်အတွင်း သော့မေ့ မေ့ပြီးသွားတာ ဒါနဲ့ဆို ၂ ခါရှိပြီ။"



မုန်တိုင်းသတိပေးချက်


နာဂစ်မုန်တိုင်း


အင်အားအလွန်ပြင်းထန်းသော နာဂစ်လေပြင်းမုန်တိုင်းကြီးသည် မြန်မာနိုင်ငံအတွင်းသို့ ၃၆ နာရီ အတွင်း ၀င်ရောက်တိုက်ခတ် တော့မည်ဖြစ်ကြောင်း ၂၀၀၈ မေ ၁ ရက် နေ့တွင် တိုင်ဖွန်မုန်တိုင်းသတိပေးဌာန Joint Typhoon Warning Centre (JTWC) က ကြေညာခဲ့ပါသည်။ ကြေညာချိန်တွင် မုန်တိုင်းကြီး၏ လေတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၈၀ ကျော်ရှိနေပြီး၊ မြန်မာနိုင်ငံ၏ အနောက်ဖက် ကမ်းရိုးတန်းကို ၀င်ရောက်ချိန်၌ ၁ နာရီ မိုင် ၉၀ ကျော်ရှိမည်ဟု ခန့်မှန်းထားပါသည်။



ဘင်္ဂလားပင်လယ်ကမ်းခြေ တစ်လျှောက်သည် ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံး အပူပိုင်းမုန်တိုင်းတိုက်ခတ်ရာနေရာဖြစ်ပါသည်။ မနှစ်က နိုဝင်ဘာလတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၂၀၀၀ ကျော်သေဆုံးခဲ့သည်။


မြန်မာ့ပင်လယ်ကမ်းခြေတွင်လူအခြေချနေထိုင်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင်မှုထက် နည်းပါးပါသည်။ သို့သော် စီးပွားရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားမှုမရှိသည့်အတွက် ထိခိုက်မှု နည်းပါးစေရန် သတိပေးပြောကြားပေးရန်လိုအပ်ပါသည်။ ဖုန်းဖြင့်ဆက်သွယ်အသိပေးကြပါရန်။

May 1, 2008

မျက်မမြင်လေး



တစ်ခါက မျက်မမြင်ဘ၀ကို သိပ်ကို နာကျည်း ရွံမုန်းမိနေတဲ့ မျက်မမြင်မလေးတစ်ယောက်ရှိတယ်။
သူချစ်တဲ့ ကောင်လေးမှတစ်ပါး လူတွေအားလုံးကို သူမုန်းတယ်။ သူ့ကောင်လေးကတော့ အမြဲ သူ့အတွက်၊ သူ့အနားပါပဲ။
မျက်မမြင်မလေးကပြောတယ် သူသာ ကမ္ဘာလောကကြီးကို မြင်ခွင့်ရှိမယ်ဆို သူ့ချစ်သူကောင်လေးကို လက်ထပ်မယ်ပေါ့။
တစ်နေ့မှာ တစ်စုံတစ်ယောက်က မျက်လုံးပေးလှူတာရတော့ သူကမ္ဘာလောကကြီးကို မြင်ခွင့်ရတယ်။ သူ့ချစ်သူကောင်လေး အပါအ၀င်ပေါ့။
သူချစ်တဲ့ကောင်လေးကမေးတယ်။
"အချစ်ရေ ခုလောကကြီး တစ်ခုလုံးကို မြင်ခွင့်ရှိပြီ၊ ကိုယ့်ကို လက်ထပ်တော့မလားဟင်"။
ကောင်မလေးက သူ့ချစ်သူကောင်လေးဟာလည်း မျက်မမြင်တစ်ဦးပဲဆိုတာ သိလိုက်ရတော့ ထိတ်လန့်တကြားဖြစ်သွားတယ်။ လက်ထပ်ဖို့ ကိုလည်း အကြောက်အကန် ငြင်းဆိုခဲ့တယ်။
ချစ်သူကောင်လေးဟာ မျက်ရည်တွေနဲ့အတူ အဝေးကို ထွက်သွားရှာတယ်။ ပြီးတော့ သူချစ်တဲ့ ကောင်မလေးကို စာတစ်စောင်ရေးထားခဲ့တယ်။
"အချစ်ရေ ကိုယ့် မျက်လုံးလေးတွေကို ဂရုစိုက်ပါနော်"


မှတ်သားစရာလေးကတော့
အခြေအနေပြောင်းတဲ့အခါ လူတွေ ပြောင်းလဲတတ်ကြပါတယ်။ နာကျည်းကြေကွဲစက်ဆုပ်ဖွယ် အခြေအနေမှာ ကိုယ်နဲ့ အတူတူရှိနေပေးတဲ့လူကို အမှတ်ရရ ရှိတဲ့ လူကတော့ အတော်ကို နည်းတာ မဟုတ်လား။

မေဒေး


အလုပ်သမားများကို လေးစားစွာ ဂုဏ်ပြုပါကြောင်း ......

သူမသိတော့ပါ


သင်္ခါရ သဘောကို မြင်စေနိုင်ပါသည်။ လူတစ်ဦးသေဆုံးရန် မခက်လှပါ။ အကြောင်းအရာတိုက်ဆိုင်သွားလျှင် ချက်ချင်းသေဆုံးသွားပါသည်။ လူသည် သက်ရှိများထဲတွင် မိမိကို.ယ် မိမိဂရုစိုက်နေထိုင်နိုင်သည့် အသိဥာဏ်မြင့်သောသတ္တ၀ါ ဖြစ်သောကြောင့် မိမိတို့ထက် သက်တမ်းတိုသော သတ္တ၀ါများကြာတွင် လူသည် တော်တော်နှင့် မသေနိုင်၊ အသက် ၆၀ ၊ ၇၀ တော့ နေရမည်ဟု ထင်မြင်မှတ်ယူထားကြပါသည်။ အမှန်မှာ ဆန့်သောလက်မကွေးမီ ကွေးသောလက်မဆန့်မီ သေဆုံးသွားနိုင်သည်ပင်။

ပုံတွင်ပါသော တွင်ခုံလုပ်သားသည် သူ၏နံနက်ခင်းအလုပ်လာချိန်မှာ သာမန်နေ့များလိုပင်ဖြစ်မည်။ လက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်၊ မုန့်စား လုပ်ငန်းခွင်ထဲဝင်ပေမည်။ အလုပ်လုပ်နေရင်း မျှော်လင့်မထားသော မတော်တဆလေးမှ သူ့အသက် ထိခိုက်သည် အထိဖြစ်ပွားခဲ့ပေမည်။ သူရင်းနှီး ကျွမ်းဝင်စွာ ကိုင်တွယ် လုပ်ကိုင် အသုံးချနေသော တွင်ခုံသည် သူ့ကို အသက်အန္တရာယ် ဖြစ်စေလိမ်မည်ဟု သူမျှော်လင့်ခဲ့မည်မဟုတ်ချေ။



ကျွန်တော်တို့ သူ၏ ဓာတ်ပုံများကို ကြည့်၍ ထိတ်လန့် တုန်လှုပ်နေမည်မှန်း သူမသိတော့ပါ။


လူတစ်ဦး၏ အသက်သည် ရောဂါကြီးဖြစ်မှ သေသည်မဟုတ်။ ဆေးကုခွင့်ရပြီးမှ သေသည်မဟုတ်။ အချိန်မရွေး၊ နေရာမရွေးကြောင်း ...


ထိုသို့ ထိခိုက် သေဆုံးမည့် အချိန်လေးတွင် သူနာကျင်မှုကို အခိုက်အတန့်တော့ ခံစားရမည်မှာ အမှန်ဖြစ်သည်။


တွင်ခုံ ချပ်ခေါင်း၏ ထိုးဖြတ် ရိုက်ခတ်မှုများကြောင့် သူ့ဦးနှောက်များ ထိခိုက်အပြီး သူ သေဆုံးပေမည်။ ဘာမျှ သိတော့မည်မဟုတ်ပါ။ သူ့ခန္ဓာသည် တစ်တုံးစီ တစ်စစီ ဖြစ်ကာ သားတစ်များ ဖြစ်ကုန်ကြောင်းလည်း သူမသိတော့ပါ။


ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ထားကြောင်းလည်း သူမသိတော့ပါ။ ကျွန်တော့် ဘလော့ဂ်တွင် ဖော်ပြနေကြောင်းလည်းသူမသိတော့ပါ။


သူငယ်ချင်းတစ်ဦး၏ ဖော်ဝပ်မေးလ်မှ ကျွန်တော့်ထံရောက်ရှိ လာကြောင်းလည်း သူမသိတော့ပါ။