April 26, 2008

ဧပြီလ ဗေဒင်ဟောစာတမ်း

(ကျွန်တော်၏ ဗေဒင်ဆရာကြီး အသည်းကွဲနေပါသောကြောင့် ဗေဒင်အဟောနောက်ကျသည်ကို ခွင့်လွတ်ပေးကြပါရန်။)

ဤလအတွင်း၌


တနင်္ဂနွေသားသမီးများ
(၁) စီးပွားရေး
ရေခဲရေရောင်းကာ စီးပွားရှာရမည့်အချိန်ဖြစ်သည်။ နွေရာသီ၌ ကုသိုလ်လည်းရ ၀မ်းလည်းဝမည်။ ရေကုသိုလ် ရေကုသိုလ်ဟု လိမ်မရောင်းပါနှင့် စေတနာပျက်ခြင်းခံရမည်။
(၂) အချစ်ရေး
မင်္ဂလာဆောင်မှ ရသောယပ်တောင် တစ်ချောင်းကို အမှတ်မထင်ကြည့်ရင်း နွေလေပူပူတွင် စိတ်ကူယဉ် အိမ်ထောင်ကျမည်။ လက်ညောင်း၍ ပန်ကာပြေးအဖွင့်တွင် မီးမလာ၍ စိတ်ကူယဉ် ဇာတ်လမ်းပျက်ကာ အသည်းကွဲမည်။
(၃) လူမှုရေး
ချွေးစော်နံသော ဘတ်စ်ကားပေါ်တွင် လေလည်မိ၍ ရုံးရောက် ဂတ်ရောက်ဖြစ်နိုင်သည်။
(၄) ယတြာ
သက်ကြီးရွယ်အိုများကို ပဲကြီးလှော်ဒါနပြုပါ။ ပြီးလျှင် "ဖင်မနိုင်ဘဲ ပဲဟင်းမစားနှင့်" ဟူသောစကားပုံကို နားလေးသော အဖွားကြီးအား သေသေချာချာကြားသည်အထိ အော်ပြောပါ။

တနင်္လာသားသမီးများ
(၁) စီးပွားရေး
မမျှော်လင့်သော စီးပွားရေးပျက်ကိန်းရှိသည်။ ရေခဲဈေးတက်မည်ကြားက ၀ယ်မလှောင်ပါနှင့်။ မီးပျက်၍ အဆုံးအရှုံးကြီးနိုင်သည်။
(၂) အချစ်ရေး
စွပ်ကျယ်ဝတ်လာသူ တစ်ယောက်အား လမ်းတွင် အမှတ်မထင်တွေ့ရင်း ရင်ခုန်မည်။ ရင်ခုန်နေစဉ် ပွေးကွက်တွေ့၍ "ဟယ်"ပွေးကွက်ကြီး ဟု လွတ်ခနဲ ပြောမိရာမှ အချစ်စတင်ပေါက်ဖွားမည်။
(၃) လူမှုရေး
နေပူခြင်းကို အပြစ်ပြောမိရာမှ နေမင်းကြီးနှင့် တရားဆိုင်ရနိုင်သည်။ နေမင်းကြီးကို ဖဲလိမ်ရိုက်ပါ။ သေချာပေါက်နိုင်မည်။ နေမင်းကြီး ဖဲကြွေးမဆပ်နိုင်၍တောင်းပန်သောအခါ အမှုတွင် သူမှားကြောင်းဝန်ခံပါစေ။
(၄) ယတြာ
ညစဉ် ရေ အခွက် ၁၀၀ သောက်ကာအိပ်ပါ။ သတိ ရှူရှူးမပေါက်ရ။

အင်္ဂါသားသမီးများ
(၁) စီးပွားရေး
ချွေးမှ ဓာတ်ဆီ ထုတ်သော နည်းပညာ အသစ်ကြောင့် ချွေးဈေးကောင်မည်။ အင်္ဂါသား၊ သမီးများသာ လုပ်ကိုင်ရောင်းဝယ် နိုင်သော အလုပ်ဖြစ်၍ ၀င်ငွေ အဆမတန် တိုးမည်။
(၂) အချစ်ရေး
ချစ်သူကို တကယ်ချစ်ကြောင်း သက်သေပြနေရာမှ ပြဿနာတက်နိုင်သည်။
(၃) လူမှုရေး
သင့်ကြောင်မီးမလောင်ပါစေနှင့်ဟူသော ဆိုင်းဘုတ်ကို အကျယ်ကြီးအော်ဖတ်မိရာမှ ရဲစခန်းရောက်ကိန်းရှိသည်။ မယုံ၍ မစမ်းလေနှင့် အခါ ၂၀ အော်မိလျှင် သေချာပေါက် အဖမ်းခံရမည်။
(၄) ယတြာ
မဖြစ်နိုင်သော ယုတ္တိမတန်သည့် စကားပြောခြင်းရှောင်ပါ။ "ငွေပင်လယ် လက်ပစ်ကူးမည်" ဘာညာ စသဖြင့် မပြောပါနှင့်။ လမ်းလျှောက်လျှင် ခေါင်းငုံ့လျှောက်ပါ။ စကားပြောလျှင်တိုးတိုးပြောပါ။ လမ်းလျှောက်လိုက် တိုးတိုးပြောလိုက်ဖြင့် အခါ ၅၀ ပြည့်အောင် ယတြာချေပါ။

ဗုဒ္ဓဟူးသားသမီးများ
(၁) စီးပွားရေး
မဟာဇနက မင်းဖြစ်ကိန်းဆိုက်သော အချိန်ဖြစ်သည်။ သင်နှင့်မဆိုင်ပါ။ လျှောက်မလုပ်ပါနှင့်။ ငွေကို စုလျှင်ရှုံးမည်။ သုံးလျှင်ကုန်မည်။
(၂) အချစ်ရေး
ဟိုးအဝေးကြီမှ ဖူးစာရှင်၏ စာရောက်လာမည်။ ရင်ခုန်စွာဖွင့်ဖတ်ပါ။ အကြွေးတောင်းစာဖြစ်မည်။ စိတ်မပျက်ပါနှင့် အရောက်သွား၍ ဖြေရှင်းပါ။ အချစ်သည် အကြွေးများကို ဆပ်ရခြင်းဟု နားလည်သဘောပေါက်ရာမှ အချစ်စစ် ပေါ်ပေါက်မည်။
(၃) လူမှုရေး
လမ်းတွင် "No" "No" ဟု အော်နေသော အရူးတစ်ယောက်တွေ့မည်။ လိုက်မအော်ပါနှင့်။ ပြဿနာတက်နိုင်သည်။ အရူးနှင့် နောင်ဂျိန် ချရနိုင်သည်။
(၄) ယတြာ
လူအယောက် ၁၀၀၀ ကို လျက်ဆား ဒါနပြုပါ။ လေပုပ်ထုတ်ဆေးနှင့် မမှားပါစေနှင့်။ လေလည်စဉ် "No" ဟု အသံထွက်ကုန်ပါက ရှင်းမရတော့ပါ။

ကြာသပတေးသားသမီးများ
(၁) စီးပွားရေး
"ဝေလေလေ" ကစားနည်း သင်တန်းဖွင့်ကာ စီးပွားရှာပါ။ ဝေလေလေများ လာကြမည်ဖြစ်၍ တစ်လ အတွင် ဘီလျှံနာဖြစ်မည်။ လက်ဦးမှုရယူပါ။ သင်တန်းနာမည်ကို ကြာသပတေးနံဖြင့်စသော မျောက်မောင်မောင်ဝေလေလေ၊ ပွေးမမဝေလေလေ၊ ဖားဝေလေလေ၊ ဖွတ်ဝေလေလေ စသည်ဖြင့် ပေးပါလေ။
(၂) အချစ်ရေး
"အချစ်ရေ နေလို့မှ ကောင်းရဲ့လားအချစ် အိပ်လို့ပျော်ပါစေ" ဟူသော သီချင်းကို ခဏခဏ မဆိုပါနှင့်။
(၃) လူမှုရေး
မျက်လုံးကို တွေ့ရာလူအား ပြူးမပြပါနှင့်။ နှုတ်ခမ်းမွေးကြီးနှင့် လူအားတွေမှ ပြူးပြပါ။ ပြီးလျှင်ခေါင်းခေါက်ပြီးပြေပါ။ တကယ့် သူငယ်ချင်းကောင်းရမည်။
(၄) ယတြာ
လမ်းပေါ်ထွက်ပါ။ ရုပ်အတော်ချောသော လူကြီးတွေလျှင် "နှာဘူးကြီး" ဟု ကပ်ပြောလိုက်ပါ။ လှည့်ကြည့်လျှင် "နှာဘူးကြီး" ဟု ထပ်ခေါ်ပြီး ဂျိုကြည့်ကြည့်ပါ။

သောကြာသားသမီးများ
(၁) စီးပွားရေး
ဆီးသီးယိုရောင်းပါ။ ကံစမ်းမဲထဲ့ပါ။ ဗလာမပါစေရ။ (အရူးများသား စားသည်ဟု ရေးထားသော စာကို ကျေးဇူးတင်ပါသည် ဆိုသောစာသားနေရာတွင်ထည်ပါ။) ပထမဆု ရသူအား အရူးဘုံမြောက်ပေးပါ။
(၂) အချစ်ရေး
"သေသေချာချာ စဉ်းစားပါ ချစ်သူ" ဟု ချစ်သူထံစာပို့ပါ။ "ဘာကိုလဲ" ဟု စာပြန်လာလျှင် မဖြေပါနှင့်။ ၃ ရက်ခြားတစ်ခါ ပို့ပါ။ အချစ်စစ်ဆိုတာကို နားလည်ရမည်။
(၃) လူမှုရေး
"မီးဘေးရှောင် မလောင်ခင်တားကြပါ" ဟူသော သီချင်းသံကြာလျှင် သတိထားပါ။ ထိုအချိန်တွင် "အချစ်ဟာ မီးလား" ဟူသော သီချင်း ကို ပြိုင်၍သွားမဖွင့်ပါနှင့်။
(၄) ယတြာ
မီးချိတ်၊ မီးကပ်ဆောင်ပါ။ သင်မချစ်နိုင်သူက ချဉ်းကပ်လာလျှင် လက်နက်အဖြစ်သုံးရန် မမေ့ပါနှင့်။

စနေသားသမီးများ
(၁) စီးပွားရေး
စနေသား၊ သမီးများ အဖို့ကား လာဘ်ကြီး ၀င်မည့် အချိန်ဖြစ်သည်။ ထို့ကြောင့် လာဘ်ကြီးထည့်ရန် အိပ်ကြီးဝယ်ပါ။ အိပ်ကြီးလေ လာဘ်ကြီးလေဖြစ်သည်။ အဲ အဲ အိတ်ကြီးလေ လာဘ်ကြီးလေ။
(၂) အချစ်ရေး
အချစ်ကို နားလည်ချိန်ဖြစ်သည်။ အချစ်သည် ရောဂါဟု သဘောပေါက်စပြုချိန်၌ ရောဂါရင့်နေချေပြီ။ ဆေးအမြန်သောက်ရန်လို၏။ ဆေးမမှီ ပါက အချစ်ရူးဖြစ်မည်။
(၃) လူမှုရေး
တောအကြောင်း၊ တောင်အကြောင်း မပြောပါနှင့်။ တောအကြောင်းပြောစဉ် တာဇံကို အားကျပြီး တောစိတ်ပေါက်ကာ တောမျောက်ဖြစ်သွားနိုင်သည်။ တောင်အကြောင်းလည်း မဆွေးနွေးပါနှင့်။ ရှင်းမရသော ဇာတ်ရှုပ်ကြီးသည် သင့်ကြောင့်ဖြစ်သွားနိုင်သည်။
(၄) ယတြာ
ကလေးတစ်ယောက်ကို ခေါ်ပါ။ ကတုံး တုံးပေးပါ။ ပုဆိုးကို ကျစ်၍ အမြီးတပ်ပေးပါ။ သူ့ဖေဖေ၊ မေမေရှေ့ "မျောက်သားလေးဟေ့ မျောက်သားလေး" ဟု လက်ခုတ်တီးကာ အကကျင့်ပေးပါ။