March 23, 2008

အဖေပြောပြတဲ့ အဖေ့ပုံပြင်

အပိုင်း (၂)

အဲဒီအချိန်တုန်းက ..


အမေ့မောင် ဦးကျော် (ကျွန်တော်ခေါ်တဲ့အတိုင်းရေးလိုက်တာပါ) က အဖွားကို ကျောပိုးပြီး တောင်အောက်မှာ ရှိတဲ့ ကျွန်တော်တို့ ငှားနေတဲ့ ကြီးချော (ကျွန်တော်ခေါ်တဲ့အတိုင်းရေးလိုက်တာပါ) အိမ်ကို ခေါ်လာခဲ့တယ်။ အိမ်းငှားနေရတာနဲ့ ပတ်သက်လို့လည်း အဖေပြောပြတာတွေရှိသေးတယ်။ နောက်တော့ရေးမယ်။ အိမ်ရောက်တော့လည်း အဖွားက သတိမရတော့ပါဘူး။ ဆေးကုဖို့ အဖိုးဇော် (ကျွန်တော်ခေါ်တဲ့အတိုင်းရေးလိုက်တာပါ) ကျွန်တော်တို့ မိသားစုရဲ့ မိသားစု ဆရာဝန်လို ဖြစ်နေတဲ့ ဆေးမှူးကို ခေါ်ပြီး ဆေးထိုး ကုသေးတယ်။ မရတော့ဘူး။ အဲဒီနေ့ပဲ အဖွားဆုံးတယ်။ အဖွာဆုံးတော့ အဖေက ယူကျုံးမရဖြစ်ပြီး စုန်းကိုက်သတ်တာပါဆိုပြီး စုန်းမလို့ သူထင်တဲ့ သူကို ဓားနဲ့ခုတ်ပါမယ်လုပ်လို့ မနည်းဆွဲကြရတယ်ဆိုပဲ။

နယ်ဘက်ဆိုတော့ ရှေးရိုးအစွဲတွေ မပျောက်သေးဘူးလေ။ တကယ်တော့ အဖွားက သွေးတိုးနဲ့ဆုံးတာပါ။ အဖေက သွေးပူတုန်း ထင်ချင်ရာထင်ပြီး။ လျှောက်ရမ်းကုန်တာ။ ငယ်သေးတာကိုး။ အဖေ့အသက် ၂၉ ၊ ၃၀ လောက် အရွယ်ပဲ ရှိမယ်။ ကျွန်တော်က ၆ နှစ်သားလောက်ပဲ ရှိသေးတာကိုး။ အဖေက ကျောင်းပညာလည်းဆုံးအောင်မသင်ခဲ့ရဘူးလေ။ ၆ တန်းလောက်ပဲနေခဲ့ရတယ်။ ၆ တန်းမှာ မိသားစု တာဝန်ယူဖို့ ၁၂ နှစ်၊ ၁၃ နှစ် သားလောက်မှာ အရွယ်လေးမှာ ကျောင်းထွက်ခဲ့ရတယ်။ ကျွန်တော်တို့ ဗန်းမောက်မြို့  ၀င်ခါနီနားက ကျွဲကောရွာလေးမှာ ကျွဲကော တံတားတည်ဆောက်ဆဲမို့ အဲဒီပရောဂျက်မှာ အဖေ အလုပ်ကြမ်းသမားဝင်လုပ်ရတယ်။ အဲဒီတံတားက အင်းတော်-ဗန်းမောက်ကားလမ်းဆက်သွယ်ရေးမှာ အဓိကကျတယ်။ သစ်ထုတ်လုပ်ရေးမှာ အဓိက လမ်းကြောမှာ ပါဝင်တယ်။
၁၃ နှစ်သားအရွယ် ကျွန်တော်တို့ အဖေအလောင်းအလျာ မောင်ကျော်ညွန့်လေးဟာ တံတားကြီးတည်ဆောက်ရာမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်တဲ့အပြင် အားလပ်ချိန်တွေမှာပါ အပိုဝင်ငွေရအောင် ကုန်ထမ်းပြီး အပိုဝင်ငွေရှာ။ စားသောက်ရေးအတွက်ဖန်တီးခဲ့တယ်။ ရတဲ့လစာကို သူ့အစ်ကိုကြီး ဘကြီးကံ (ဦးကံညွန့်)ဆီမှာ အနာဂါတ် အရေးအတွက် စုဆောင်းအပ်နှံခဲ့တယ်။ ၁၃ နှစ်သား ကောင်လေးရဲ့  ကြိုတင်စီမံမှုတွေ ဘယ်လောက်ကောင်းတယ်ဆို တာ နောက်ပိုင်း အောင်မြင်မှုတွေက သက်သေပြပါလိမ့်မယ်။
အဲဒီ ကျွဲကောကြီးတံတားစီမံကိန်းမှာ အဖေ စက်ပညာတွေပါ လေ့လာခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ မျိုးဆက် အတွက် စက်မှုပညာကို အစပျိုး အခြေပြုစေခဲ့တာလည်း ဖြစ်ပါတယ်။
(အဖေ့ဆီ ဖုန်းဆက်ပြီး သိချင်တာလေးတွေမေးမေးပြီး ဆက်ရေးသွားပါမည်။ ဝေဖန်ပေးကြပါ။ သိလိုသော အချက် ကလေးများကို မေးနိုင်ပါသည်။ ပွင့်လင်းစွာ ဝေဖန် အကြံပေးနိုင်ပါသည်။ saingkhantun@gmail.com )