March 21, 2011

ကျွန်တော်နှင့် ဘိုးလင်း (2)

ရုံးဆင်းသော်လည်း အထက်အရာရှိက မပြန်သေးသည့်အတွက် ပြန်ရ အခက်၊ မပြန်ရအခက်။ ခါတိုင်း ဆိုရင်တော့ ပြန်နေကျ ပါ။  ခုနောက်ပိုင်း သူက ကျွန်တော်သုံးသည့် လက်တော့ပ်လေးကို ကျွန်တော် အိမ်ပြန်သည့်အခါ သူ့ရုံးခန်းထဲ သိမ်းထားခဲ့လို့ တခုပ်တရ မှားထားသည်။ သူများသုံးမှာ၊ ပျောက်မှာ စိုးသည့်အတွက် ဖြစ်သည်။ လက်တော့ပ်က ကျွန်တော့်ကို လွှဲထားပေးပြီးသား ဆိုတော့ ကျွန်တော့် တာဝန် ဖြစ်နေတာကိုး။ ကျွန်တော်ကတာ့ စင်ကာပူတွင် သူခိုးမရှိဟု ထင်သည့် အတွက်လည်းကောင်း၊ ခိုးကြမှာလည်း မဟုတ်ဟု ထင်၍ တကြောင်း၊ ပြီးတော့ စင်ကာပူရဲများသည် အကူအညီ လို၍ ခေါ်လျှင် အချိန် မရွေး မိနစ်ပိုင်းအတွင်း ရောက်လာမည်ကို သိသောကြောင့် လည်းကောင်း သိပ်စိုးရိမ်စိတ်မရှိပါ။ ကိုယ်ပိုင် ပစ္စည်း မဟုတ်၍လည်း ဖြစ်နိုင်ပါသည်။ သိပ်မပူပန်လှ။ ပျောက်လျှင် ပျောက်သည်ဟု ပြောလိုက်ရုံသာ ဟု စိတ်ထဲ နှလုံးသွင်းထား မိသည်ကိုး။
ညနေ ၇ နာရီ ထိုးတော့ လက်တော့ပ် ဝင်ထား။ ခွင့်တောင်းပြီး၊ ဘိုးလင်းဆီ လစ်ရတော့သည်။ သူ့ဆီတစ်ခါမှလည်း မရောက်ဖူးတော့ နေ့လည်ကတည်းက လိပ်စာကို မှတ်ထားခဲ့သည်။ အရင်ကလို မြေပုံရှာ ပရင့်ထုတ်တော့ မလုပ်ရတော့။ ဟမ်းဖုန်းတွင် ကင်မရာပါသည့်အတွက် ဟိုဘက် ဘူတာရောက်လျှင် မြေပုံရှာပြီး ဓာတ်ပုံရိုက်။ ဓာတ်ပုံထဲ လမ်းရှာကြည့်ပြီး သွားမည်ဟု စိတ်ပိုင်း ဖြတ်ထားသောကြောင့် ဖြစ်သည်။ 
သွားရမည့်နေရာက CSC (Civil Service Club)။ ပြောခဲ့ပြီးသည့်အတိုင်း ဘူဂစ်ဘတုတ် (Bukit Batok) ဘူတာ။ ၃၅ မိနစ်လောက် ရထားစီးပြီးတော့။ ဘူဂစ်ဘတုတ်ရောက်သည်။


 ကြုံတုန်း ရိုက်ထားဖြစ်သော စင်ကာပူရထားဘူတာ ပုံရိပ်အချို့ကို မြန်မာပြည်မှ ဘော်ဒါများ မြင်ဖူးအောင် ပြလိုက်ပါဦးမည်။ နောက်များ မကြာမီ မြန်မာပြည်တွင် လည်း ဖြစ်လာတော့မည်ဟုကား ရေးနေပြောနေကြပါလေပြီ။ စင်ကာပူတွင် ယခုမြင်နေရသော ရထားစနစ်သည် ၁၉၈၇ ခုနှစ်တွင် စတင် ပြေးဆွဲခဲ့သည်။ ဤကား စကားချပ်)
အထက်မှ ပုံကတော့ ရထားအတွင်း ထိုင်ခုံနေရာများကို လူမရှိတုန်း ရိုက်ထားခြင်း ဖြစ်ပါသည်။ မနက် အလုပ်သွားချိန် ဆိုလျှင်တော့ ရထားတစ်စီးလုံး လူများ ပြည့်လျှံနေသည်။ ပြောင်လက်နေသော ထိုင်ခုံများ။ အမှိုက်စ မရှိသော ကြမ်းခင်းကို ပုံထဲမှာပင် သေချာမြင်ရမည် ထင်ပါသည်။ ဤလို ပြောင်လက်နေတာ ဒီနေရာ၊ ဒီရထားလေးပဲလား ဟုမေးစရာရှိသည်။ မဟုတ်ပါ။ တစ်နိုင်ငံလုံးရှိ ရထားနှင့် တစ်နိုင်ငံလုံးတွင် အမှိုက်မရှိခြင်းဖြစ်သည်။ အဘယ့်ကြောင့်ပါနည်း။ စင်ကာပူနိုင်ငံသည် အမှိုက်ကောက်သူချည်း နေသော နိုင်ငံဖြစ်နေလေရော့သလား။ အားအားရှိ အမှိုက်ပဲ ကောက်နေသလား။ ဒါမှ မဟုတ်။ နတ်တို့ ဖန်တီးသောရွာလား။ လူချင်းအတူတူ ဘာလို့ ရန်ကုန်တွင် ညစ်ပတ်ပြီး စင်ကာပူတွင် သပ်ရပ်နေရပါသနည်း။ ကျွန်တော်ကား ဉာဏ်မီသူ မဟုတ်၍ မစဉ်းစားတတ်အောင်ရှိချေသည်။ ထို့ကြောင့် ဉာဏ်မိသူတို့ တာဝန်ဟု သဘောပိုက်ကာ အဆင့်မမှီသော ကျွန်တော့ ခေါင်းမှ ဖယ်ထုတ်လိုက်ပါသည်။
ဘူဂစ်ဘတုတ်ရောက်တော့ ၈ နာရီ ထိုးလုပြီ။ ရထားက ဆင်းပြီး မြေပုံရှိရာ လိုက်ရှာရသည်။ ပြီးတော့ မြေပုံမှာ CSC ကိုရှာ ဓာတ်ပုံရိုက်ယူသည်။ အောက်ကပုံ ဖြစ်သည်။

ဓာတ်ပုံတွင် အထက်ဖက်နားလေး၌ Civil Service Club ဆိုတာ မြင်မိမည် ထင်ပါသည်။ ထိုနေရာကို ကျွန်တော် သွားရမည်။ ဘိုးလင်းသည် ထိုနေရာ၌ ရှိဘိ၏။

ကဲ ည ၁၀ နာရီလည်းထိုးပြီး စာဖတ်ချင်သေးသည် ... နောက်မှ ဆက်ရေးတော့မည်။