August 29, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၈) ရုပ်တုကို ကိုးကွယ်နေကြတာလား?

ဤကဲ့သို့သော စွပ်စွဲမှုပေါ်ပေါက်လာခြင်းမှာ စွပ်စွဲသူတို့၏ နားလည်မှု လွှဲမှားခြင်းကြောင့် ဖြစ်သည်။ ဆင်းတုတော်ကို နတ်ရုပ်တုများကဲ့သို့ အရိုအသေပေးစရာရုပ်တု အဖြစ် အမှတ်မှား၊ အမြင်မှားဖြစ်နေကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓကို နတ်ဘုရား အဖြစ် ယုံကြည်ကိုးကွယ်ကြခြင်း မဟုတ်ပါ။ သတ္ထု၊ သစ်သား၊ ကျောက်တုံး တို့ကို ကိုးကွယ်နေခြင်း မဟုတ်ပါ။ ဘာသာတိုင်းတွင် မိမိတို့ယုံကြည်ရာ ဘာသာရေး၏ အမှတ်လက္ခဏာရှိကြစမြဲ ဖြစ်သည်။ တာအိုဘာသာဝင်များ (Taoism) သည် ယင်နှင့်ယန် ကားချပ် (Ying-Yang Diagram) ကို ဆန်ကျင်ဖက် ၂ ခုကြားရှိ မျှတနေမှုသဘောအဖြစ် မှတ်ယူကြသည်။ ဆခ်ဘာသာဝင် (Sikhism) များသည် ဓားမြှောင်ကို ရုန်းကန်လှုပ်ရှားခြင်း ဟု မှတ်ယူထားကြသည်။ ခရစ်ယာန်ဘာသာဝင် (Christian) များကမူ ငါး (Fish) ပုံကို ခရစ်တော်၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။ လက်ဝါးကားတိုင်း (Cross) ကို စွန့်လွှတ်အနစ်နာခံခြင်း၏ သင်္ကေတ အဖြစ် မှတ်ယူထားကြသည်။ ဗုဒ္ဓဘာသာဝင်များတွင်မူ ဗုဒ္ဓ၏ ဆင်းတုတော်များသည် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို အမှတ်ရနေရန် ကိုယ်စားပြုကြသည်။ အမှတ်လက္ခဏာရှိနေခြင်းက၊ ရှိခြဲ့ခင်းကို သက်သေအဖြစ် တည်စေမှန်း လူတိုင်း အသိပင်ဖြစ်သည်။ အမှန်စင်စစ်တွင် ဗုဒ္ဓဘာသာသည် နတ်ဘုရားကို ဗဟိုပြုသည့်ဝါဒ မဟုတ်ဘဲ၊ လူဗဟိုပြုအယူဝါဒ ဖြစ်သည်။ အရာရာပြီးပြည့်စုံခြင်း၊ သဘောပေါက်နားလည်ခြင်းကို ရရှိရန် မိမိကိုယ်တိုင်၌သာ ရှာရမည်ဖြစ်ကြောင်း၊ ပြင်ပ၌ ရှာဖွေ မတွေ့ရှိနိုင်ကြောင်း သင်ကြားဆုံးမသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ ဆင်းတုတော်၊ စေတီပုထိုး စသည်တို့ကို ကိုးကွယ်ကြခြင်းကို အပြစ်တင်ပြောဆိုနေမည်ဆိုပါက၊ ယင်-ယန်သင်္ကေတကို ကိုးကွယ်ခြင်း၊ ဓားမြှောင်ကို ကိုးကွယ်ခြင်း၊ ငါးရုပ်သင်္ကေတနှင့် ကားစင်တိုင် တို့ကို ကိုးကွယ်ခြင်းတို့ကိုလည်း အဆင်အခြင်မရှိ ဦးနှောက်မဲ့ ကိုးကွယ်နေကြခြင်းဟု ပြောသလို ရှိပေတော့မည်။

August 16, 2009

ဆွေးနွေးခန်း (၂)

ဒီနေ့တော့ အခန်းထဲရှိတဲ့ ပန်ကာနဲ့ ထိုင်စကားပြောဖြစ်တယ်။ သူက အဖြူရောင် မတ်တပ်ပန်ကာတစ်ခု။ ပန်ကာရွက် ၅ ခုပါတယ်။ သုံးစွဲသူ အထိအခိုက်မရှိအောင် ဇကာနဲ့ ကာထားတယ်။


ဒီပန်ကာလေးက စုတ်နေပါပြီ။ အိမ်ရှင်ပေးထားတဲ့ပန်ကာ။ စဖွင့်ဖွင့်ချင်း လည်တာမဟုတ်ဘူး။ ဂျစ်ဂျစ် ...... ဂျစ်ဂျစ် ...... နဲ့ ထစ်နေတာ။ တစ်ပတ်ချင်း တစ်ပတ်ချင်း တဖြည်းဖြည်းလည်ပြီး နောက်မှ ပုံမှန် Speed ကိုရောက်တာ။ ညည အိုက်လို့များ ဖွင့်ချင်ရင် အိပ်နေတဲ့ သူငယ်ချင်းရှိရင် အားနာရတယ်။ ညဆို အသံက ကျယ်တော့ နှိုးကုန်တာပေါ့။
တံဆိပ်က Aerogaz ဂျပန်စာလုံးတွေ မြင်နေရတော့ ဂျပန်နိုင်ငံလုပ်လိုပဲ ယူဆပါတယ်။ ဂျပန်စာလုံးတွေမြင်မှ ဂျပန်က ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ် နှစ်ဦးကို သွားသတိရတယ်။ အဲ ကုမ္ပဏီ ၂ ခုဆို ပိုမှန်မယ်။ TOYOTA နဲ့ HONDA ။ တကယ်လေးစားစရာကောင်းတဲ့ ဂျပန်လူမျိုးတွေ။ ကမ္ဘာကို ယှဉ်ပြိုင်နိုင်သည် အထိ နည်းပညာအရရော စီးပွားရေး အရပါ ဂျပန်နိုင်ငံကို တိုးမြှင့်စေခဲ့သူတွေ။

စတစ်ကာမှာ 16" STAND FAN လို့တွေ့တယ်။ အ၀န်း ၁၆ လက်မရှိတဲ့ မတ်တပ်ပန်ကာပေါ့။ ရီမုဒ်ကွန်ထရိုးပါတယ်ဆိုပါလား။ ကျွန်တော်ဖြင့် ဒီလောက် စုတ်နေတဲ့ပန်ကာ တစ်ခါမှတောင် သတိထားမကြည့်မိခဲ့ဘူး။ ခုစာရေးမှ သွားဖတ်ကြည့်မိတာ။ ဓာတ်ပုံလည်း ခုတင်ရိုက်လိုက်တာလေ။ မော်ဒယ်နံပါတ်ပါတယ်။ ၂၃၀ ဗို့၊ ၅၀ ဟဇ်၊ ၆၀ ၀ပ်။ ဒါက ဒီပန်ကာလေးလိုအပ်တဲ့ Power Supply ပေါ့။ AC ပါဝါဆပ်ပလိုင်းအတွက်ဆို ပါဝါအီကွေးရှင်းက ...
P = VI cos θ
P ဆိုတာက Power (W)
V ဆိုတာက Voltage (V)
I ဆိုတာက electric current (A)
θ ဆိုတာက the phase angle between the voltage and the current (°)
cosθ ဆိုတာက Power Factor
သူ့တံဆိပ်က ဒီပုံပေါ့

စင်ကာပူရောက်တော့ဗျာ မမြင်ဘူးတဲ့၊ မရင်းနှီးတဲ့ လျှပ်စစ်ပစ္စည်းတွေ အများကြီးတွေ့သဗျာ။ VFD ဆိုတာတွေ၊
Capacitor Bank ဆိုတာတွေ၊ Switchgear ဆိုတာတွေ၊ ကျွန်တော်က Breaker တောင် ကောင်းကောင်း မြင်ခဲ့ဘူးတဲ့ကောင် မဟုတ်ဘူး။ Timer ဆိုတာ ဟိုတစ်နေ့က ရုံးမှာ worker တစ်ယောက်က လာလုပ်ခိုင်းလို့ လုပ်ပေးလိုက်ရသေးတယ်။ ဘယ်တုန်းကမှ မမြင်ဘူးတဲ့ Timer။ ခဏနေဦး ဆိုပြီး Website ထဲ ရှာဖတ်ပြီး လုပ်ပေးလိုက်တယ် အိုကေသွားတယ်။ ဘယ်ရမလဲ တောသားပဲဥစ္စာ။
VFD ဆိုတာတွေ၊ Switchgear ဆိုတာတွေ မြန်မာလူငယ်တွေ နည်းနည်း နားယဉ်ဖို့တော့ ပြောပြမှ ဖြစ်မယ်ထင်တယ်။ နောင်တစ်ချိန် ကျွန်တော်တို့ နိုင်ငံမှာလည်း မဖြစ်မနေ သုံးကြရမှာဗျ။ Timer တွေ၊ Fire Alarm System တွေ၊ PLC ကွန်ထရိုးတွေ၊ SCADA အကြောင်းတွေ၊ Vibration Monitoring System အကြောင်းတွေ၊ အရည် အငွေ့တွေကိုရဲ့ Flow တိုင်းတဲ့ Instrument တွေ အကြောင်း၊ Level တိုင်းတဲ့ Instrument တွေ အကြောင်း၊ ပြောရရင်တော့ အများကြီးပဲ။
အားလုံးကြီး ရှင်းမပြနိုင်တောင် ဗဟုသုတအဖြစ်တော့ ပြောပြသင့်တယ် ထင်ပါတယ်။ အဲဗျ ... ပန်ကာလေးနဲ့တောင် စကားပြောဖို့မေ့နေတယ်။
ဒီပန်ကာလေးက စကားမပြောတတ်ပါဘူး။ ကျွန်တော်လိုအပ်လို့ ခလုတ်နှိပ်လိုက်ရင် လည်လာပြီး လေမှုတ်ပေးတာပါပဲ။ ပန်ကာလေးအကြောင်းပြောနေရင်း .... ငယ်ငယ်က ၀ါးယပ်တောင်လေးတွေ သတိရသဗျာ။ ကျွန်တော့် အဖိုးယက်တတ်တာပေါ့။ သြော် အဖိုးဆုံးတာတောင် ၂ နှစ်ပြည့်တော့မှာပဲ။
တချိန်က ဒီကမ္ဘာပေါ်မှာ ရ၈ နှစ်ကျော်ကြာကြာ အသက်ရှင်နေထိုင်ခဲ့တာ ကျွန်တော့် အဖိုးပေါ့။ ဦးအိုက်ရွှေလို့ခေါ်တယ်။ လယ်လုပ်တယ်။ စာမတတ်ဘူး။ အဖိုးရဲ့ လယ်က အကျယ်ကြီးပဲ။ ငယ်ငယ်က အဖိုးလယ်ကို သွား၊ မြေပဲတွေကောက်လိုက်၊ မာလကာသီးတွေ စားလိုက်နဲ့။ ခုပြန်ပြီး လယ်တောရောက်ရင်တောင် အဖိုးကို တွေ့တော့မှာ မဟုတ်ဘူး။ ကျွန်တော် မွေးရပ်မြေကို ရောက်ခဲ့စဉ်က အဖိုးကို လိမ္မော်သီး ခွံကျွေးခဲ့တယ်။ အဲတာ နောက်ဆုံး ကျွေးခဲ့ရတာပဲ။ အဖိုးက လမ်းတောင် မလျှောက်နိုင်တော့ဘူးလေ။ တစ်ချိန်က လယ်တွေတည်ခဲ့၊ ပျိုးတွေကြဲ၊ စပါးတွေစိုက် သြော် ... အဖိုးတောင် ... သူ့မြေးလေး ဒီစာတွေ ရေးနေတယ်ဆိုတာ သိပါစ ....

August 9, 2009

ဆွေးနွေးခန်း (၁)


လူတွေနဲ့ မဆွေးနွေးပဲ အရာဝတ္ထုတွေနဲ့ ဆွေးနွေးပွဲ လုပ်ကြည့်ဖို့စိတ်ကူးရတယ်။ နီးနီးနားနား အခန်းထဲရှိတဲ့ အရာဝတ္ထုတွေနဲ့ ဆွေးနွေးကြည့်ဖို့ စိတ်ကူးတယ်။ ဆွေးနွေးတယ်ဆိုတာ အပြန်အလှန်ဆက်သွယ်ကြဖို့လိုတယ်။ သူတော့က ဘာမှ ပြောမှာ မဟုတ်တော့ ကျွန်တော်ကပဲပြောပြီး ကျွန်တော်ကပဲ သူတို့ကိုယ်စား ပြန်စဉ်းစားဖြေရမှာဖြစ်တယ်။ အမှန်တော့ သူတို့နေရာ ခဏ၀င်ပြီး ကိုယ်မေးတာ ကိုယ်ဖြေခြင်းပါပဲ။ ကျွန်တော်မသိနားမလည်းသေတာတွေလည်း သူတို့ပြောပြမယ်။ သူတို့မှာ ရှိနေတာတွေကို ကျွန်တော်သိလာဖို့ အကြောင်းတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ စိတ်ဆိုတာ တစ်ခုတော့ လုပ်နေတတ်တဲ့ အတွက် ကျွန်တော်လည်း တစ်ခုတော့ လုပ်ကြည့်မယ်။


စကြည့်မိပြီး စကားပြောမိတာက ကျွန်တော့ အမြင်အာရုံကို ဖြစ်စေတဲ့ မီးချောင်းဖြစ်တယ်။

(၁)မီးချောင်းကအလင်းရယ်၊

(၂) မြင်စရာအရာဝတ္ထုရယ်၊

(၃) အလင်းကို အာရုံခံနိုင်တဲ့ ကျွန်တော့်မျက်စိရယ်၊

(၄) ကျွန်တော့်စိတ်ရယ် ပေါင်းမှ

မြင်တာဖြစ်တယ်လို့ဆိုတယ်။

ဒီမီးချောင်းလေးသာ အလင်းထွက်မနေရင် ကျွန်တော်မမြင်ဘူးပေါ့။