မန်ကျည်းပင်အကြောင်း ဆက်ဦးမည်။ မန်ကျည်းတစ်ညှိုလူတစ်ခို ဟူသော စကားကို ကြားဖူးကြမည်ထင်သည်။ ဆိုလိုသည်မှာ မန်ကျည်းကိုင်းကလေး လက်တစ်ညှိုးစာရှိလျှင် လူတစ်ယောက် တွဲလွဲခိုစီးနိုင်သည်။ ထိုမန်ကျည်းကိုင်း မကျိုးကျဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစကား အားကိုးဖြင့် ကျွန်တော်တို့ သူငယ်ချင်း မျောက်လောင်းတစ်သိုက် မန်ကျည်းပင်ပေါ်တွင် စိတ်ထင်သလို ပြေးလိုက်၊ လွှားလိုက် လက်လှမ်းမီရာ မန်ကျည်းကိုင်း ဆွဲလိုက်၊ လွှဲလိုက်၊ ခိုလိုက် ကစားချင်သလို ကစားကြခြင်း ဖြစ်သည်။
မန်ကျည်းသီး သီးစအချိန်မှစ၍ မန်ကျည်းသီးမှည့်ချိန်ထိ တစ်ချိန်လုံး မန်ကျည်းပင်ပေါ် စားစရာမရှား။ စားလို့မကုန်အောင်ပင် မန်ကျည်းသီးကလည်း များသည်။ မန်ကျည်းသီး သီးစတွင် ဆား၊ ငါးပိဖုတ်၊ ငရုတ်သီး တို့ကို ဖက်တွင် ထည့်၍ ထုတ်ကာ မန်ကျည်းပင်ပေါ်တက်။ လက်လှမ်းမှီရာ မန်ကျည်းသီးကိုခူး၊ ဆားငါးပိငရုတ်ရောရာ တို့စရာနှင့် လွေးတော့သည်။ ချဉ်ခနဲ၊ ပူခနဲ၊ စပ်ခနဲ တရှူးရှူး တရှဲရှဲ ပါးတွေ နားရွက်တွေလည်းရဲ၊ နှာရည်တွေလည်း ရွဲကုန်သည်။ ဆွေတွေ မျိုးတွေလည်း မေ့ကုန်သည်။ ခေါင်းထဲရှိသည်မှာ စားကောင်းတာနှင့် နောက် မန်ကျည်းသီး တစ်တောင့် အမြန်ရရေး။
မန်ကျည်းသီး မှည့်ခါနီး အချိန် ကြက်ဆူ လား ကြက်ချူ လား ကျွန်တော် သေချာမကွဲပါ။ ထိုအချိန် မန်ကျည်းသီးကို ခေါ်သည်။ မန်ကျည်းသီး အသားက ချိုလာသည်။ မန်ကျည်းသီး အခွံက အသားနှင့် သိပ်မကပ်တော့။ လက်နှင့် ခွာလို့ရသည်။ မန်ကျည်းသီးတောင့်လေးများကို လက်သည်းခွံလေးဖြင့် လိုက်ခြစ်ကာ ကြက်ဆူ ဖြစ်မဖြစ်ရွေးရသည်။ ကြက်ဆူ မဟုတ်သေးလျှင် လက်သည်းဖြင့် မန်ကျည်းသီး ခွံကို ခြစ်လိုက်လျှင် စိမ်းနေပြီး၊ ကြက်ဆူဖြစ်ပြီးဆိုလျှင် သိပ်မစိမ်းတော့။ မန်ကျည်းသီး အပြင် အခွံအရောင် နီးပါ အရောင်ရင့်လာသည်။ ၀ါညိုရောင်ဖက်လုလာသည်။ ထို အချိန် မန်ကျည်းသီးက စားလို့ အလွန်ကောင်းသည်။ ဆား၊ငရုတ်သီးတို့ မလိုတော့။ ချဉ်ချိုလေးဖြစ်သည်။ မန်ကျည်းစေ့မှာလည်း အတော်ရင့်နေပြီ ဖြစ်သည်။ နီညိုရောင်သို့ ပြောင်းစပြုနေပြီ။ ရင့်စ မန်ကျည်းစေ့လေးများကို သွားဖြင့်ကိုက်ကာ အခွံခွာပြီး အတွင်းမှ မန်ကျည်းစေ့သားလေးကို စားရသည်ကလည်း အတော်ဆိမ့်သည်။ အခွံခွာစဉ်တော့ အတော်ဖန်သည်။
မန်ကျည်းသီး မှည့်ချိန်ရောက်လျှင် အခြား ရှဥ့်တို့ ဘာတို့ကလည်း အနည်းငယ်လာစားကြပြီ။ ချိုလာပြီးကိုး။
ကျွန်တော်တို့ဖက်တွင်တော့ မန်ကျည်းသီးကို မုန်ညှင်း အချဉ်ရေကျိုရာတွင် အသုံးများသည်။ အလွန်လိုက်ဖက်သည့် အတွဲ။ မိုးရာသီ ဖြစ်သည့် အတွက် တောင်သူတို့ သဘာဝ လယ်တောထဲက ရသည့် ပုစွန်လုံးကလည်းပေါသည်။ မုန့်ညှင် အချဉ်ရေကျိုတွင် ပုစွန်လုံးခတ်ပြီးစားလျှင် မလွန်ချိုသည်။ သင်္ဘောသီး အချဉ်ရေကျို ဆို ပိုတောင် ကောင်းသေးသည်။ ပုစွန်လုံးများများနှင့်။ မန်ကျည်းသီးများများ။ ပုစွန်ဆီများက သင်္ဘောသီး အချဉ်ရည် ဟင်ရည်ပေါ်တွင် ဝေ့နေသည်။ မန်ကျည်စေ့ ရင့်စတို့က ပြုတ်ထားသောကြောင့် အခွံတို့ ကွာလျက် အတွင်းသား မန်ကျည်းစေ့ကို စားရုံ။ ထမင်းစားပြီးလျှင်။ ဟင်းအိုးထဲ၍ ကျန်နေသော မန်ကျည်းစေ့ များကို အကုန်စုကာ သွားရည်စာ အဖြစ်စားနိုင်သည်။ ဆား၊ ငါးပိ အရည်တို့ကလည်း စိမ့်ဝင်လျက် အလွန် ဆိမ့်သက်သည့် သွားရည်စာ။
မန်ကျည်းသီး အစိမ်းဘ၀တွင် လုပ်စားသည့် မန်ကျည်းသီး အပိန်ချက်။ မန်ကျည်းသီးထောင်း များမှာ အလွန်ကောင်းသည်။ မန်ကျည်းသီးထောင်းနှင့် ပုစွန်ဆီချက်ကတော့ ထမင်းစားလျှင် ထောင်းသိပ်သလို ၀င်သည်။
မန်ကျည်းသီးထောင်းပုံကတော့လွယ်ပါသည်။ မန်ကျည်းသီးကို ရေဆေး၊ အစေ့ထည့်ပြီးဆိုလျှင် အစေ့ကို ထွင်ရသည်။ အစေ့ပါက အလွန်ဖန်သည်။ ငရုတ်သီးထည့်သည်။ ဆားကိုတော့ နောက်ဆုံးမှ ထည့်သည်ထင်သည်။ စောစောထည့်လျှင် မန်ကျည်းသီးထောင်းမှာ ရဲပဒေါင်းထနေပြီး ဘယ်လိုမှ ကြည့်မကောင်းတော့။ အချိုမှုန့်ထည့်လား မထည့်လား မမှတ်မိတော့ပါ။ ထောင်ပြီးလျှင် အသင့်စားရုံပင်။ ကြော်ပြီးမှ စားလိုလျှင်လည်း ကြော်လိုက်ရုံပင်။ ချက်၍ စားလိုသည်ဆိုပါကလည်း ချက်ရုံပင်။
ပုစွန်ဆီဖြင့် ချက်ရန်ကတော့ ပုစွန်ဆီရရန် ပုစွန်လုံး အတော်များများကိုအစိမ်းရမှ ဖြစ်မည်။ ပုစွန် အခွံကို ခွာလိုက်လျှင် ပုစွန်အဆီ ၀ါဝါလေးများကို တွေ့ရမည်။ ထို ပုစွန်ဆီများကို ပုစွန်လက်မလေးဖြင့် ခြစ်ချရသည်။ တော်တော်များများ စုမိတော့မှာ မန်ကျည်းသီးထောင်းဖြင့်ရောပြီးချက်သည်။
ပုစွန်းလုံးနှင့် ရောပြီး ညက်အောင်ထောင်းကာ ပုစွန် မန်ကျည်းထောင်းကလည်း အတော်ကြီးကို စားကောင်းသည်။ ဤဟင်းလျာများကား တောင်သူများ၏ နတ်သုဒ္ဓါများတည်။

6 comments:
ဖတ်ရင်းနဲ့ သွားရည်ကျလာတယ်ဗျ။ အချဉ်ဆိုတာက ကြားတာနဲ့တင် သွားရည်ယိုလာတာ။ ကျွန်တော်ငယ်ငယ်တုန်းကလည်း မန်ကျည်းပင်ပေါ်တက်တက်ဆော့တာပေါ့။ မန်ကျည်းသီးအစိမ်းကို ဆားနည့်တို့စားတာကို ပိုကြိုက် တယ်ဗျ။ ကျွန်တော်က အသီးတော်တော်များကို အစိမ်းကိုပိုကြိုက်တယ်။ ချဉ်ပါအုံး အဲ ဆက်ပါအုံး ကို စိုင်း
မန်ကျည်းသီးအကြောင်းလေး ဖတ်ရင်းနဲ့ ဗိုက်ဆာလာပြီ ကိုစိုင်းထွန်းမှာ တာဝန်ရှိတယ်။ ဘာကျွေးမလဲ။ :PPP
ညခင်း
ကိုစိုင်းရေ -
အရီးတောင်းလက်ဖက်ကြော်ငြာသီချင်း ပြောင်းလိုက်မယ် -
စားကောင်းတဲ့မန်ကျည်ထောင်း----မန်ကျည်းထောင်းဆိုအတော်ကောင်း---အကောင်းတကာ့ထိပ်ခေါင်နာမယ်ကျော်--
မန်ကျည်းထောင်းပါနော်---ပဲာ
ဖတ်သွားတယ်--
စားချင်တယ်---
မျက်စေ့ ထဲ ကွက်ကွက် ကွင်းကွင်း မြင်အောင် ရေးတတ် တယ် .. မြှောက်ပြောတာ မဟုတ်ဘူးနော်..။ ဖတ်ရင်းနဲ့ စားချင်လာတာ ..။ တကယ် ကြီးဗျ..။
michael kors outlet
supra shoes sale
cheap jordans
nike outlet
toms outlet
gucci sito ufficiale
michael kors handbags
louis vuitton pas cher
cheap michael kors handbags
oakley sunglasses
Post a Comment